ရာဇာဓိရာဇ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Razadarit
ရာဇာဓိရာဇ်
Rajadhirat.jpg
ဟံသာဝတီဘုရင်
နန်းသက်2 January 1384 – c. February 1421
နန်းတက်ချိန်4 January 1384
ရှေ့မင်းဆက်ဗညားဦး
ဆက်ခံဗညားဓမ္မရာဇာ
မွေးဖွား28 January 1368
Friday, 8th waxing of တပို့တွဲလ 729 ME[၁]
ဒုန်ဝန်းမြို့ (မုတ္တမမြို့ အနီး)
ကွယ်လွန်c. December 1421 (aged 53)
c. တပို့တွဲလ 783 ME
Kamathameinpaik, north of Pegu
ထာဝရ အိပ်စက်ရာ နေရာပဲခူး
ကြင်ရာတော်ပီယရာဇာဒေဝီ<br/ တလမေဒေါ
Thuddhamaya
Yaza Dewi I
Lawka Dewi
Thiri Maya Dewi II
သားသမီးများဗောလောကျန်းထော
ဗညားဓမ္မရာဇာ
ပထမဗညားရံ
ဗညားကျန်း
ရှင်စောပု
အမည် အပြည့်အစုံ
ဗညားနွဲ့
စံအိမ်Wareru
ခမည်းတော်ဗညားဦး
မယ်တော်မွေ့ဒေါ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရာဇာဓိရာဇ် သည် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၃ ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်ပြီး လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။ ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။ ဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။ ငယ်စဉ်ကလေးဘဝမှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲတိုက်ပွဲများနှင့် မကင်းခဲ့ချေ။

ရာဇာဓိရာဇ် (မြန်မာ ၇၂၉-၇၈၃)[ပြင်ဆင်ရန်]

ရာဇာဓိရာဇ်သည် ပဲခူးမြို့တွင် နန်းစိုက်သော မုတ္တမဘုရင် ဗညားဦး နှင့် သီရိမာမိဖုရားတို့မှ ဖွားမြင်သော သားတော် ဖြစ် သည်။ သက္ကရာဇ် ၇၂၉ ခုနှစ် တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်ကပင် မယ်တော်ကွယ်လွန်သဖြင့် ခမည်း တော် ဗညားဦး၏နှစ်မတော်မဟာဒေဝီမင်းသမီးက ရာဇာဓိရာဇ် ကို ဆက်လက်မွေးမြူသည်။ရာဇာဓိရာဇ်၏ ငယ်မည်ကား ဗသုန်ဗန်စက် (ခံတွင်း၌ လျှာတွင် စက်ပါသူ) ဖြစ်၏။ နောင် တွင် ခမည်းတော်က ဗညားနွဲ့ဟူ၍ ဘွဲ့ချီတော်မူသည်။

အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင် တွင် အင်းဝမင်းခေါင်၏ သားတော် မင်းရဲကျော်စွာသည် ဤ ဗောလောကျန်းတော သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။


ဗညားဦး လက်ထက်တွင် ရာဇာဓိရာဇ်သည် အရီးတော် မဟာဒေဝီ အကောက်ကြံ၍ ပဲခူးနေပြည်တော်တွင် မနေသာဘဲ ဒဂုန်သို့ ထွက်သွား၍ ခြားနားသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် တွင် ခမည်းတော်ဗညားဦး နတ်ရွာစံလျှင် ပဲခူးမြို့ကို အလွယ် တကူ သိမ်းယူ၍ မင်းပြုလေသည်။

ရာဇာဓိရာဇ်သည်ကား ဝါရီရူးဘုရင်များတွင် အထင်ရှားဆုံး ဘုရင် ဖြစ်သည်။ ရာဇာဓိရာဇ် မင်းဖြစ်စတွင်ပင် ဦးရီးတော် မြောင်းမြမြို့စား လောက်ဖျားက အင်းဝမင်းကြီးစွာစော်ကဲကို ချီပင့်သဖြင့် အင်းဝနှင့် စစ်ဖြစ် ရသည်။


ထိုအချိန်မှစ၍ မြန်မာရာဇဝင်တွင် ကျော်ကြား သော အနှစ် ၄ဝ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး စတင်လေ သည်။ ဤစစ်သည် ရာဇာဓိရာဇ်နှင့် မင်းကြီးစွာစော်ကဲတို့ လက်ထက်တွင် စတင်ဖြစ်ပွားခဲ့လျက်၊ မင်းကြီးစွာစော်ကဲ နတ်ရွာစံလွန်သွားသောအခါ သားတော်မင်းခေါင်သည် စစ်ကို ဆက်လက်ဆင်နွဲပြန်၏။ ရာဇာဓိရာဇ်နှင့် မင်းခေါင် နတ်ရွာစံ ပြီးနောက် တိုက်ခိုက်မှုများ ခေတ္တရပ်စဲခဲ့သည်။ ထို့နောက် ရာဇာဓိရာဇ်သားတော် ဆင်ဖြူရှင်သီဟသူတို့ လက်ထက်တွင် ဆက်လက်ဖြစ်ပွားသည်။ နောက်ဆုံးတွင် ဗညားဓမ္မရာဇ်၏ ညီတော် ဒဂုန်ကိုစားရသော ဗညားရံက ဆင်ဖြူရှင်သီဟသူအား နှစ်မတော် ရှင်စောပုကို ဆက်၍ မဟာမိတ်ပြုကာ စစ်ပြေငြိမ်း လိုက်ရာတွင်မှ အပြီးတိုင်ခဲ့သည်။

မြန်မာတို့က ပဲခူးကို ရသည်မရှိသော်လည်း တိုက်ခိုက် ရာဌာနကား မွန်ပြည်တွင်း ဖြစ်သည်။ အနောက်ဘက်ရှိ ရခိုင်နှင့် သံတွဲသို့လည်း စစ်ဦးလှည့်သည့်အခါ စစ်မြေပြင်ဖြစ်ခဲ့ ရလေသည်။ မွန်မြို့တော်သို့ ချီတက်ရာ စစ်ကြောင်းမှာ လှိုင် မြစ်ကြောင်းဖြင့် ဒဂုန်သို့ဝင်ပြီးမှ ပဲခူးကို ပန်းတိုင်အဖြစ် ထားကာ တိုက်ခိုက်ကြသည်။ တစ်ခါတစ်ရံ တောင်ငူမှနေ၍ စစ်တောင်းမြစ်ကြောင်းကို အသုံးပြုသည့်အခါလည်း ရှိလေ သေးသည်။

ရာဇာဓိရာဇ်သည် မွန်သုံးရပ်ဟု တွင်သော ပုသိမ်၊ မုတ္တမ နှင့် ဟံသာဝတီတို့ကို ခိုင်မြဲအောင် စည်းရုံးထားသဖြင့် မြန်မာ တို့ တိုက်ရန်မလွယ်ချေ။ ရာဇာဓိရာဇ်သည် မင်းကြီးစွာစော်ကဲ လက်ထက်၌ ၇၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၇၄၉ ခုနှစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် စစ်မက်ပြုရသည်။ မင်းကြီးစွာ စော်ကဲ လွန်၍ သားတော်မင်းခေါင် နန်းတက်သောအခါ ၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်၏ စစ်တပ်များသည် ဧရာဝတီ မြစ် ကြောင်းအတိုင်း အညာသို့ ချီတက်လာရာ ရွှေကြက်ယက် တိုင်အောင် ရောက်သည်။ အင်းဝမင်းခေါင် စေလွှတ်သော ပင်းယစကြိုသူမြတ် ဟောပြောဆုံးမသဖြင့် ပြန်သည်။


မင်းခေါင်နှင့် ရာဇဓိရာဇ်သည် ရှစ်ကြိမ်တိုင်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ကြသည်။ စစ်ပွဲအစတွင် မည်သို့ရှိစေကာမူ အဆုံး၌ မြန်မာတို့သည် မွန်နယ်ကျေး လက်မှ ထွက်ခွာပြန်လည်ရသည်ချည်း ဖြစ်သည်။ အင်းဝ စစ်သည်တို့ အကြိမ်ကြိမ် တိုက်လာသော်လည်း တွန်းလှန် ဖြိုဖျက်နိုင်သည်သာ များသည်။

သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် သိန္နီနှင့် မဟာမိတ်ပြုကာ သိန္နီစော်ဘွားအား အင်းဝကို တိုက်စေ၏။ အင်းဝစစ်ပန်းသည့်အခါတွင် ရာဇာဓိရာဇ် ချီတက်တိုက်ခိုက်ရာ ပြည်မြို့အထိ သိမ်းပိုက်နိုင်ခဲ့သည်။ အင်းဝဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်အား နှစ်မတော်ကို ဆက်ပြီးလျှင် ပြည်မြို့ ရွှေဆံတော်ဘုရားတွင် သစ္စာဆိုကာ စစ်ပြေငြိမ်းရသည်။ သို့ရာ တွင် မင်းခေါင်သည် ဇင်းမယ်နှင့် မဟာမိတ်ပြုကာ ရာဇာဓိရာဇ် အား လက်စားချေတိုက်ပွဲ ဆင်နွဲပြန်သည်။

စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်းသာသည့် အချိန်၌သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်ပုံ တိုက်နည်းတို့မှာ အခြေအနေအရ သင့်လျော်သလို စီမံသွားကြ သည်။ ပြောက်ကျားတိုက်ခြင်း၊ ချောင်း၍ အလစ်တိုက်ခြင်း၊ ခံတပ်ပြုလုပ်၍ တိုက်ခိုက်ခြင်း၊ မြို့ကြီးများကို ပိတ်ဆို့ဝန်းရံ၍ တိုက်ခိုက်ခြင်း၊ ရံဖန်ရံခါ တစ်ယောက်ချင်း လူစွမ်းပြခြင်း၊ စီးချင်းထိုးခြင်း စသည့် တိုက်ခိုက်နည်းတို့ဖြင့် တိုက်ကြသည်။ ရာဇာဓိရာဇ်၏ မိဖုရားများ ငိုယိုသည်နှင့် မိမိတို့နိုင် လောက်ပြီဆိုရသော စစ်ကို ပြေငြိမ်းလိုက်ခြင်း၊ ရွှေဆံတော် ဘုရားတွင် မင်းနှစ်ပါး သစ္စာပြုပြီးနောက် မကြာမီပင်လျှင် စစ်ဖြစ်ပြန်ခြင်းတို့ကို ထောက်၍ ထိုအခါက စစ်မည်မျှ ဖြစ် လွယ်သည်ကို ထောက်ချင့်နိုင်သည်။ စစ်ပွဲအတွင်း တစ်ဖက်နှင့် တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။ ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာ စောင့်ထိန်း၍ အမှုထမ်းသော သူရဲကောင်းတို့လည်း ရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိနှင့် တိုက်ခိုက်ကြသည်ရှိသော်လည်း မင်းရဲကျော်စွာ လဂွန်းအိမ်ကို လှည့်ဖျားသကဲ့သို့ ဥပါယ်တံမျည်ဖြင့် လိမ်လည်လှည့်ပတ် တိုက်ခိုက်ကြသည်လည်း များလေသည်။ တစ်ဖက်ရန်သူကို အကောက်ကြံ၍ ပြုလုပ်ရာ၌ မင်းတို့ အလိုတူသည်လည်း ရှိသည်။

စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။ ၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။

ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။[၂]

ရာဇာဓိရာဇ်နတ်ရွာစံခြင်း[ပြင်ဆင်ရန်]

မင်းရဲကျော်စွာ ကျဆုံးပြီး ဘုရင်မင်းခေါင် ဒေါသအလျှောက် လက်စားချေရန် တစ်ကြိမ်လာရောက်တိုက်ခိုက်သည်နောက် အင်းဝ နှင့်ဟံသာတီ တို့စစ်အကြီးအကျယ် တိုက်ခိုက်ခြင်းမရှိတော့၍ အခိုက်အတန့်မျှ အေးချမ်းကြသည်။ သက္ကရာဇ် ၇၈၃ တွင် ရာဇာဓိရာဇ် ဆင်ကျော့(ဖမ်း)ထွက်ရာ ဆင်ပေါ်မှ အကျတွင် လွန်ကြိုး နှင့် ပေါင်တွင်ခြစ်မိကာ အနာကြီးစွာရပြီး သွေးလွန်ကာ နတ်ရွာစံလေသည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓာတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။ နောင် သမိုင်းတွင်သည့် အင်းဝ-ဟံသာဝတီ နှစ် ၄၀ စစ်ကို ခင်းသည်။ထင်ရှားသည့်မှူးမတ်များမှာ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်းဝသို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာဝတီသို့ပြန်လာ။)သမိန်အဝနံနိုင်(သမိန်အင်းဝ မင်းကြီး ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက်ထွက်ပေါ်လာသည့်လူစွမ်းကောင်း။)တို့ ဖြစ်ကြသည်။

နောက်ဆက်တွဲ[ပြင်ဆင်ရန်]

ရာဇာဓိရာဇ် ကွယ်လွန်ပြီးနောက် သားတော်များဖြစ်သည့် ဗညားကျန်း(ဗညားဓမ္မရာဇာ)၊ ဗညားရံ(ပထမဗညားရံ)၊ နောက်မြေးတော်သမိန်ဖရူး (ရှင်စောပု၏သားတော်)မင်းပြုသည်။၎င်းအား ဗညားကျန်းထော လုပ်ကြံနန်းချပြီး နန်းတက်သည်။ နောက် လိပ်မွတ်ထောက ဗညားကျန်းထောကို သတ်ကာမင်းပြု၏။ လိပ်မွတ်ထောမှာ အလွန်ဆိုးသွမ်းသည့်အတွက် မှူးမတ်တို့က လုပ်ကြံနန်းချကာ ရာဇာဓိရာဇ်၏ သမီးတော် ရှင်စောပုအား ဗညားထောဝ် ဘွဲ့ဖြင့် နန်းအပ်ကာ ဧကရီ ဘုရင်မကြီးအဖြစ် နန်းတင်ကြသည်။ နောက် ရှင်စောပု၏ သားမက်တော် ရဟန်းလူထွက် ဓမ္မစေတီမင်း၊နောက် ဓမ္မစေတီ၏ သားတော် ဗညားရံ(ဒုတိယဗညားရံ)၊နောက် သုရှင်တကာရွတ်ပိ လက်ထက်တွင် တောင်ငူမှ တပင်ရွှေထီးမှ ဟံသာဝတီကို သိမ်းပိုက်ကာ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ခဲ့လေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Pan Hla 2005: 356
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  • ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
  • မြန်မာမင်းများအရေးတော်ပုံကျမ်း ၆ စောင်တွဲ