ရှင်စောပု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီး၌ ယနေ့တိုင် ပြသထားသော ဘုရင်မကြီးရှင်စောပု၏ ရွှေခေါင်းဆောင်းပုံ။

ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ရွှေတိဂုံစေတီ မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာများတွင် ဂြီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ဝိဟာရဒေဝီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇဝင်တွင် ဝိဟာရဒေဝီ၊ ဝိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့် သေဝ်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။

ရှင်စောပုသည် မွန်ရာဇဝင်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား ဒလသုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၅၅-ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ဝိဟာရဒေဝီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညာရာံ/ဗညားရာမ်) ဖြစ်လေသည်။

သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကဴထဝ်) နှင့် မိပကောသင်(မိပ္ကဴဩန်)၊ သားကို ဗညားဗရူး (ဗညာဗရောဝ်) ဟူ၍ အမည်ပေးလေ၏။

သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်း(၄)ဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် (၇)နှစ် ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလားမှန်နန်း နှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ/ဗညားရာမ)နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။(ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်မူ ညီနောင် သုံးပါးဟုမဆိုပဲ ညီနောင် နှစ်ပါးသာပြကာဗညားဓမ္မရာဇာ သည် ဗညားကျန်းဟုဆိုပါသည်။)ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တစ်လခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူ လေသည်။

သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား ဖူးမြော်ရန် ဥပုသ်နေ့တစ်နေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီးတောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာတကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။ ထို အကြောင်းအရာနှစ်ရပ်တွင် ပထမအကြောင်းအရာမှာ ပိုမိုခိုင်လုံပြီးလက်ခံနိုင်ဖွယ်ရှိပေသည်။

မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးကျေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း (၇)နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောကြ်ပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။)ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှုးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။(မွန်မူတွင် ခုနှစ်လဟုဆိုသည်။)

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။

နောက်ဆက်တွဲ[ပြင်ဆင်ရန်]

ရှင်စောပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် များစွာစိတ်အားထက်သန်လှသူမဟုတ်ချေ။ ရွှေတိဂုံ စေတီတော်အား ဉာဏ်တော်တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ဘဝ၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဇူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကိုလေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ထိုမင်းသည်လည်း မြန်မာ့သမိုင်းတွင် သာဿနာတော်သန့်ရှင်းရေးအတွက် ပြုပြင်ရေးများကို အင်တိုက်အားတိုက်ပြုလုပ်ခဲ့သည့်အတွက် အလွန်ထင်ရှားသည်။

ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း။ ဘုရင်မကြီးရှင်စောပု (၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်၊ ၁၈၅၅ တွင် ရွှေတိဂုံဘုရားမှ ရရှိသည်ဟု ဖော်ပြထားသည်။

အပိုင်း(၂)[ပြင်ဆင်ရန်]

ဘုရင်မကြီးသည် ဇရာလည်းထောင်းလာပြီဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရန် စိတ်မထက်သန်ချေ။ ထို့ပြင် ပင်ကိုယ်ကပင် တရားဓမ္မ အလှူဒါနတို့၌သာ မွေ့လျော်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဟံဟာဝတီ ထီးနန်းအား သင့်တော်သူ တဦးကို လွှဲအပ်လိုသည်။ လွှဲအပ်ခံနိုင်မည့်သူကို ဆင်ခြင်ရွေးချယ်သောအခါ ပိဋကဓရ ရဟန်းသည် ဉာဏ်ပညာ အလိမ္မာနှင့် ပြည့်စုံသည်။ ထို့ကြောင့်သာလျှင် အခြားသူတပါးတို့ မပြုဝံ့သော အမှုကို ပြုကာ မိမိအား အင်းဝမှ ဟံသာဝတီအရောက် ဆောင်ကြဉ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပိဋကဓရ၏ ကျေးဇူးသည် မိမိအပေါ်၌ ကြီးမားခဲ့ခြင်းတို့ကို ထောက်ထား၍ ပိဋကဓရအား ထီးနန်းလွှဲအပ်ရန် မှူးမတ်တို့နှင့် တိုင်ပင်သည်။ မှူးမတ်တို့က သဘောမကြိုက်ညီ ရှိကြလျှင် လူအများ ကျော်နင်းသည့် တံတားသစ်သားတိုင်ကို ထုထားသည့် ဗုဒ္ဓရုပ်ပွားတော်အား ရုပ်ပွားတော်ဖြစ်လာသည့်အခါ ယုတ်ညံ့သည့်အသားဖြင့် ထုထားသည့်အပြစ်ကို ပမာဏမထားကြံဘဲ ရှိခိုးပူဇော်သည့် ပုံပမာကိုဆောင်၍ ထိုနည်းတူစွာ ဆင်းရဲသား မုဆိုးမသားဖြစ်သော်လည်း ဘုန်းပညာ လက္ခဏာနှင့် ပြည့်စုံသူ ပိဋကဓရ ဘိက္ခုအား မိမိက ဘုရင်အဖြစ် ချီးမြှင့်ခြင်းကို မှူးမတ်တို့ ကြည်ဖြူလေအောင် ဘုရင်မကြီး ဆောင်ရွက်သည်ဟု ဆိုလေသည်။

ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။

မင်းအိုဘွဲ့ခံ ဘုရင်မကြီးသည် ကုသိုလ်ဒါနပြုရေး၌ စိတ်ဆန္ဒပြင်းပြခဲ့သည့်အတိုင်း တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေစဉ်တွင်လည်း ကုသိုလ်ဒါနများ ပြုခဲ့သည်။ ထိုကုသိုလ်တော်များအနက် ကျိုက်မရော(ကျာက်မရဟ်) ဆုတောင်းပြည့် ဘုရားကြီး၌ အလှူဒါန ပြုခဲ့ကြောင်းကို ထိုဘုရားကြီး၌ မွန်ဘာသာဖြင့် ကျောက်စာနှစ်ချပ် ကမ္ဗည်းထိုးစေခဲ့သည်။ ထိုကျောက်စာလာ အရေးပါသော အချက်များကား ဆင်ဖြူရှင် ဗညားဦး၏ မြေးတော် သူ့ရှင်ဗညာထာဝ်သည် သက္ကရာဇ် ၈၁၇ ခုနှစ်တွင် ကျိုက်မရောဘုရား၌ ကုသိုလ်ကောင်းမှုများပြုကြောင်း၊ မိမိ၏ အလှူဒါန၌ ဝိုင်းဝန်းကူပံ့သူများအား ကြီးပွားချမ်းသာကြစေရန် လေးနက်စွာမေတ္တာပို့၍ ဆုတောင်းပြီးလျှင် မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ဖျက်ဆီးသူများအား ကျိန်ထားသည်ကို တွေ့ရလေသည်။

ကျိုက်မရောဘုရားတွင်သာမက အနီးအနားရှိ ကော့ဗိန်း(အိုးသည်ကုန်း) ကျောက်တောင်ဂူ၊ ဓမ္မသတ်ဂူ ၊ ခရုံဂူ၊ ကော့ဂွမ်းဂူနှင့် ဖားကပ်ဂူ အစရှိသည့် ဂူဘုရားများတွင် ခရစ် ၁၅ ရာစုနှစ် အတွင်း ထုလုပ်ထားသော ရှေးဟောင်းပန်းပုလက်ရာများ ပါရှိသည်ကို ထောက်ရှု၍ ကျိုက်မရောအနီးတဝိုက်ရှိ အထက်ပါဘုရားများသို့လည်း ရှင်စောပု ရောက်ရှိပြီးလျှင် ကောင်းမှုကုသိုလ်များ ပြုခဲ့သေးသည်ဟု ယူဆနိုင်လေသည်။

ရှင်စောပုသည် သမက်တော်အား ထီးနန်းလွှဲအပ်ပြီး နောက်တွင် ကောင်းမှုကုသိုလ် ပြုရေးကိုသာ လုံးလုံးလျားလျား ဆောင်ရွက်ခဲ့ဟန် တူပေသည် ပဲခူး(ဗဂိုး) ဘုရားခုနစ်ဆူ မွန်ကျောက်စာအရ ရှေးဟံသာဝတီပြည့်ရှင် မဟာတိဿမင်းကြီး၏ မိဖုရား သုဘဒ္ဒါဒေဝီ (ဘဒြဒေဝီ) တည်ထားခဲ့သော ဘုရားခုနစ်ဆူတို့ ပျက်စီးယို ယွင်းနေသည်ကို ဒါန သီလ၊ သမာဓိပညာနှင့် ပြည့် စုံသော ရှင်စောပုမင်းသမီးသည် မင်းကျင့်တရား ၁ဝ ပါးကို စောင့်ထိန်းသော သမက်တော် ရာမာဓိပတိမင်းနှင့် အတူတကွ ထိုပျက်စီးယိုယွင်းသော ဘုရားခုနစ်ဆူတို့ကို ခိုင်ခံ့စွာ ပြန်လည်မွမ်းမံသည်။ သက္ကရာဇ် ၈၃၂ ခုနှစ် တပို့တွဲလဆန်း ၁ ရက်နေ့တွင် ဓာတ်တော်ဟောင်းသစ်များနှင့် တကွ ရတနာခုနစ်ပါးတို့ကို ဌာပနာသည်။ ပြုသောကုသိုလ်အဖို့ကို သတ္တဝါပေါင်းအား အမျှပေးဝေ၍ ထိုကုသိုလ်ကောင်းမှုကြောင့် သံသရာမှ လွတ်မြောက်ပြီးလျှင် ထိုကောင်းမှုသည် သဗ္ဗညုတဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းထားလေသည်။ ရှင်စောပု၏ ဘွဲဲ့တော်ကို ယင်းကျောက်စာတွင် “ြ၈ီတြိဘုဝနာဒိတျ ပြဝရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မရာဇာဓိရာဇာဒေဝီ’’ ဟု ကမ္ဗည်းထိုးထားလေရာ အခြားကျောက်စာများတွင် ပါရှိသည့်ဘွဲဲ့ထက် ပြဝရ ပို၍ပါသည်။

ထို့ပြင် ပဲခူး (ဗဂိုး) ခရိုင် ဘုရားကြီးရွာရှိ ဘုရားကြီးကို ရှင်စောပုနှင့် သမက်တော်တို့ ပြုပြင်မွမ်းမွံခဲ့ကြောင်းကို ရှင်စောပုလွန်ပြီးသည့်နောက် ၈၄၈ ခုနှစ် တော်သလင်းလဆုတ် ၃ရက် တနင်္ဂနွေနေ့၌ ရေးထိုးခဲ့သော ဘုရားကြီးကျောက်စာများအနက် ဘုရားကြီးကျောက်စာသည် အစုံလင်ဆုံးနှင့် အရှည်လျားဆုံးဖြစ်သည်။ ကျောက်စာကိုစီကုံးရေးသားသူအမည်နှင့် ကျောက်စာထုသူ ကျောက်ဆစ်သမား၏ အမည်ကိုပါ ဖော်ပြထားသည်။ ကျောက်စာပါ အခြားအကြောင်းအရာများမှာ ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ဂဝံမတိထေရ်သည် ရှေးဘဝက ညီတော်ဖြစ်ခဲ့သော သထုံဘုရင် သီရိမာသောက (သီဟရာဇာ) မင်းထံ ကြွရောက်ကြောင်း၊ သီရိမာသောကမင်း၏ လျှောက်တောင်းပန်ချက်အရ ဂဝံပတိထေရ်က မြတ်စွာဘုရားအား သထုံပြည်သို့ ပင့်ဆောင်၍ မြတ်စွာဘုရား ကြွလာသည်။ သထုံ (သုဓမ္မဝတီ> သုဓမ္မ>သုဓမ်> သုဓိုမ်> သဓီု> သထုံ)ပြည်ရှိ ရသေ့ခြောက်ပါးတို့အား ဆံတော် ဓာတ်တဆူစီ ပေးသနားခဲ့၍ သီရိမာသောကမင်းကိုမူ ဆံတော်မပေး၊ နောက် ၃၇ နှစ်ကြာ၍ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့် အခါ၌သာ သွားတော်ဓာတ်တဆူကို ဂဝံပတိထေရ်က သီရိမာသောကမင်းထံ ဆောင်ကျဉ်းပေးလိမ့်မည်။ ထိုသွားတော်ဓာတ်တဆူမှ ၃၃ ဆူပွားမည်ဖြစ်ကြောင်း ဗျာဒိတ်တော် (သက္ကတ-ဝျာဒေဝ>ဗျာဒေသ်> ပါဠိတွင် ဗျာဒိတ္တဟူ၍လုံးဝမရှိပါ) ပေးခဲ့လေသည်။

သုံးဆယ့်ခုနစ်နှစ်ကြာ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုလျှင် သွားတော်ဓာတ်ကို သီရိမာသောကမင်း ရရှိသည်။ ဓာတ်တော် ၃၃ဆူပွား၍ စေတီ၃၃ဆူတည်ပြီးလျှင် ဌာပနာသည်။ ထိုမင်းနတ်ရွာစံ၍ ကာလရှည်ကြာသော် စေတီများပျက်စီးယိုယွင်းသည်။ ထိုစေတီများကို ရာဇာဓိရာဇ်မင်း လက်ထက်ကလည်း ပြုပြင်ခဲ့သည်။ ယခု ရှင်စောပုလက်ထက်တွင် ရှင်စောပုနှင့် သမက်တော်တို့က ပြန်လည်တည်ထားကြောင်းကို စာကြောင်း ၆၃ ကြောင်းဖြင့် ရေးထိုးထားလေသည်။

ထို့ပြင် သထုံခရိုင် တောင်စွန်းကေလာသ တောင်ပေါ်၌ သက္ကရာဇ် ၈၄၈ ခုနှစ် တပို့တွဲလဆန်း(၁)ရက် ဗုဒ္ဓွဟူးနေ့၌ ရေးထိုးသော မွန်ကျောက်စာအရ ကျောက်စာ၌ ငွေတောင်ဟုခေါ်သော ကေလာသတောင်ရှိ စေတီတော်ကို ရှင်စောပုနှင့် သားမက်တော်တို့ ပြုပြင်မွမ်းမံကြောင်း၊ ထိုငွေတောင်ရှိ စေတီသည် သီရိမာသောကမင်းရရှိသည့် သွားတော်ဓာတ်အစစ် ကိန်းဝပ်ရာစေတီဖြစ်ကြောင်း၊ ထိုစေတီတော်ကို ဟံသာဝတီမင်းအဆက်ဆက်တို့ ပြုပြင်မွမး်မံကြောင်း၊ စေတီအနီးတွင် ရှစ်မြှောင့် ပုံသဏ္ဍာန် သိမ်တော်ကြီးတဆောင်ကိုလည်းကောင်း၊ ကေလာသ ဘုရားစေတီအတွက် ဝတ္တက လယ်ယာမြေတို့ကိုလည်းကောင်း၊ သားနှင့်အမိ မင်းနှစ်ပါးက လှူဒါန်းကြောင်းများ ပါရှိလေသည်။

အထက်ဖော်ပြပါ ကျောက်စာများအရ ရာမည ဒေသရှိ ပဲခူး(ဗဂိုး) ခရိုင်နှင့် သထုံခရိုင်အတွင်း၌ ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ရှေးဟောင်စေတီတော်များစွာတို့ကို ပြန်လည်တည်ထား မွမ်းမံခဲ့ကြောင်း သိရှိရလေသည်။

ဘုရင်မကြီး ရှင်စောပု အများဆုံး ပြုပြင်မွမ်းမံ၍ ကုသိုလ်ကောင်းမှု အများဆုံး ပြုခဲ့သည်ဟု ယူဆရသော စေတီတော်မှာ ဒဂုန်(ရန်ကုန်)မြို့ရှိ ဒဂုန်ဆံတော်ရှင် ရွှေတိဂုံ စေတီတော်ကြီးပေတည်း။ ဘုရင်မကြီးသည် ရွှေတိဂုံဆံတော်ရှင် စေတီကြီးအား အလွန်တရာ ကြည်ညိုလှ၍ ထိုစေတီတော်ကြီးတွင် သဒ္ဓွါတရား ထက်သန်လှစွာဖြင့် ကုသိုလ်ကောင်းမှုများ ပြုသည်။ သမက်တော်အား ထီးနန်းလွှဲအပ်ပြီးသည့်နောက်တွင် ဒဂုန်မြို့သို့ ရွှေ့ပြောင်းစံမြန်းသည်။

ရွှေတိဂုံဘုရားကြီး၏ အရှေ့ဘက်စောင်းတန်း အလယ်ပစ္စယာတွင် သက္ကရာဇ် ၁၂၄၁ခုနှစ် (ခရစ်နှစ် ၁၈၈ဝ) တွင် ကျောက်စာဌာနမှ တူးဖော်တွေ့ရှိသော ပါဠိဘာသာ၊ မွန်ဘာသာ မြန်မာဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာတိုင် သုံးတိုင်ရှိသည်။ ထိုကျောက်စာများတွင် ဘုရင်မကြီး ရှင်စောပုနှင့် သမက်တော်တို့သည် ဒဂုန်ဆံတော်ရှင် စေတီအား မည်ကဲ့သို ဉာဏ်တော်မြှင့်တင်၍ မည်ကဲ့သို့ ပြုပြင်မွမ်းမံခဲ့ပုံများကို အကျယ်တဝင့် ဖော်ပြထားသည်။ ထိုမွန်ကျောက်စာတွင် မွန်ကို(ရ္မန်=ရမန်) ဟုရေးထိုးခဲ့ပါသည်။ မွန်တိုင်းဌာန ရာမညဒေသ၏ မင်းအဆက်ဆက်တို့သည် စေတီတော်ကြီးကို အစဉ်အဆက် ပြုပြင်မွမ်းမံခဲ့ကြသည်။ ထိုနောက် ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။ မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။ စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။ ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့် ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည် မွမ်းမံပုံများကို ဖော်ပြထားသည်။

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့် မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတလုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။ စေတီတော်ကြီးအတွက် နယ်မြေလေးရပ် လှူတော်မူရာ ထိုနယ်မြေလေးရပ်မှာ ဤသို့ဖြစ်သည်။

  • စေတီတော်မှ အရှေ့လားသော် ကျိုက်ကနက် ဘုရားအထိ
  • အနောက်လားသော် ကျိုက်မြောင်းဘုရားအထိ
  • မြောက်လားသော် ကျိုက်မိုးရပ်အထိ
  • တောင်လားသော် ကျိုက်နုတ်ဘုရား (အချို့က ကျိုက်သုတ်ဟုလည်း ဆိုသည်) အထိဟူ၍ သတ်မှတ်၍ ဘုရားကြီး၏ ဝတ္တကမြေအဖြစ် လှူတော်မူသည်။ ထို့ပြင် ဘုရားကြီး ရင်ပြင်တော်အပြည့် ကျောက်ပြားခင်းသည်။ ရင်ပြင်တော်အဆုံး ပတ်လည်တွင် မဟာရံတံတိုင်းခုနစ်ထပ် ပြုလုပ်၍ တံတိုင်းများ အကြားတွင် အုန်းပင်၊ ထန်းပင်၊ ပေပင် ၊သရက် ပိန္နဲ၊ ကံ့ကော် စသည့် အပင်အမျိုးမျိုးကို စိုက်စေသည်။ တံတိုင်းအောက်ဆင့် စေတီပတ်ဝန်းကျင်တွင် ဇရပ်ကြီးများကို ဆောက်လုပ်စေလေသည်။

ရွှေတိဂုံစေတီတော်မြတ်တွင် ဘုရင်မကြီး လှူဒါန်းခဲ့သော ကောင်းမှု၊ အလှူဒါနများနှင့် စပ်လျဉ်း၍ စေတီတော်ကြီးများ၏သမိုင်းနှင့် မွန်သမိုင်းတို့၌ ဖော်ပြသည်မှာ ရှင်စောပုသည် စေတီတော်ကြီးတွင် ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင် ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊ ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။) ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊ ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို လှူဒါန်းခဲ့သည်။ ထို့ပြင် စေတီတော်ကြီး၏ ဝေယျာဝစ္စ ဆောင်ရွက်ရန် တံခါးစောင့်၊ တံမြက်လှဲ၊ ပန်းတင်သမား၊ ဆီမီးခွက်ထွန်းသမား စသည်တို့ကိုလည်း လှူထား၍ စေတီတော်ကြီးအား မွမ်းမံပြုပြင်ရန် ပန်းထိမ်ဖိုလေးဖိုနှင့် ပတ်ဝိုင်းလေးဝိုင်းကိုလည်း ထားရှိသည်။ ဘုရင်မကြီးသည် စေတီတော်ကြီးအတွက် ထိုမျှ ပြည့်စုံလုံလောက်စွာ လှူဒါန်းထားပြီးလျှင် နေ့စဉ်နေ့တိုင်းလည်း ဥပုသ်သီတင်း ဆောက်တည်သည်။ အနောက်ဘက် စောင်းတန်းမှ ကုန်းပေါ်သို့တက်၍ ဆံတော်ရှင်စေတီတော်ကြီးကို ကြည်လင်သဒ္ဓါကြီးမားစွာဖြင့် ဖူးမြော် ကြည်ညိုလေ့ ရှိပေသည်။

ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန်သည်။ ပြည်ထောင်စု မြမာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးပေတည်း။ ခမည်းတော်၊ မောင်တော်၊ သားတော်၊ တူတော်နှင့် သမက်တော်တို့သည် မင်းချည်းနှင်နှင်ဖြစ်ကြ၍ ကိုယ်တိုင်လည်း တချိန်က အင်းဝဘုရင်လေးပါး၏ မိဖုရားအဆက်ဆက် တင်မြှောက်ခြင်းခံခဲ့ရသော ထူးခြားသည့် မဟာသွေး မဟာဆီတပါး ဖြစ်ပေသည်။

ဘုရင်မကြီး ဒဂုန်တွင် စံမြန်းစဉ်က ဘုရင်မကြီး၏ စံအိမ်တော်သည် ရွှေတိဂုံအနောက်ဘက်ရှိ စစ်တပ်နေရာဖြစ်မည်ဟု ခန့်မှန်းရကြောင်း ရွှေတိဂုံသမိုင်းတစ်စောင်တွင် ဖော်ပြသည်။

ရွှေတိဂုံဆံတော်ရှင်မြတ်၏ အနောက်တောင်ဘက်၌ မြို့နန်းတည်၍ ဆောက်လုပ်ထားသော စံအိမ်တော်၌ အသက်ထက်ဆုံး နေထိုင်ပြီးလျှင် ဥပုသ်သီလ စောင့်ထိန်းကာ တရားဘာဝနာ စီးဖြန်းလေ့ရှိသည်။ ရွှေတောင်ကြီးပမာ ရွှေရောင်တဝင်းဝင်းနှင့် တင့်တယ်သပ္ပာယ်စွာ ရှိနေသော ဆံတော်ရှင်စေတီကြီးကို ဇရာရောဂါ ဖိစီး၍ ဇိဝိန္ဒြေချုပ်လုဆဲခါနီးအထိ သမာဓိတည်စွာဖြင့် အာရုံပြုကာ လက်အုပ်ချီ၍ ကြည်ညိုမြတ်နိုး ရှိခိုးလျက်ပင် ကံတော်ကုန်သည်ဟု ဆိုကြလေသည်။

ဘုရင်မကြီး နတ်ပြည်စံလွန်သောအခါတွင် အလောင်းတော်ကို ဟံသာဝတီသို့ ပြန်မယူဘဲ ဘုရင်မကြီး ပျော်မွေ့သည့် ဒဂုန်(ရန်ကုန်) တွင် သငြ်္ဂိုဟ်ခဲ့သည်။ ဒဂုန်မြို့ မြေနီကုန်း ရဲတပ်စခန်းနှင့် စမ်းချောင်းအကြားတွင် ရှင်စောပုကုန်းဟု ယနေ့တိုင်ခေါ်ဝေါ်နေကြသော အရပ်ရှိရာ ထိုအရပ်သည် ရှင်စောပု၏ သင်္ချိုင်းတော်ရှိရာအရပ်ဟု ယူဆကြသည်။ ဘုရင်မကြီး အသုံးပြုခဲ့သည်ဟုဆိုသော ရွှေခေါင်းဆောင်းတခုကို လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။


(မူရင်း- ကလျာမဂ္ဂဇင်း) [၁][၂] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံ ကျမ်းအတွဲ(၁) ၁၉၇ဝ ပြည့်နှစ်၊ ပထမနှိပ်ခြင်း
  2. ကလျာမဂ္ဂဇင်း
  3. ဒေါက်တာ နိုင်ပန်းလှ