မန္တလေးတောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ မန္တလေးတောင်ထိပ်သည် ပင်လယ်ပြင်မှအထက် ပေပေါင်း ၇၇၆-ပေ၊ တောင်ခြေမြေပြင်မှ ပေပေါင်း ၅၀၀ ကျော်မြင့်သည်။ [၁]

မန္တလေးတောင်ကို အဝေးမှ မြင်ရပုံ

စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကို အပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တစ်ကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ တောင်ထိပ်တွင် ဆုတောင်းပြည့် မြတ်စွာဘုရား တည်ရှိသည်။ တောင်ပေါ်သို့ လှေကား (၄) ဆင်းမှ တက်ရောက်ဖူးမျှော်နိုင်သည်။ လှေကားများမှ တောင်ဘက်၊ အရှေ့တောင်ဘက်၊ အနောက်ဘက် နှင့် မြောက်ဘက် တွင်ရှိသည်။ ကားလမ်းလည်း ဖောက်ထားသလို ကားရပ်ထားသောနေရာမှာ ဘုရားပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား၊ စက်လှေကား များတပ်ဆင်ထားသည်။

မန္တလေးတောင်ခြေရှိ ဘိုးဘိုးကြီးနတ်နန်း

နာမည်ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ကကုသံဘုရားရှင် လက်ထက်က ခီဏာသဝပူရတောင် ဟုခေါ်သည်။ ကောဏာဂုံဘုရားရှင် လက်ထက်က ဝေလာမပူရတောင် ဟုခေါ်သည်။ ကဿပဘုရားရှင်လက်ထက်တော်က ပါဒဿပူရတောင် ဟုခေါ်သည်။ ဂေါတမဘုရားရှင်တော် လက်ထက်၌ မဏ္ဍလတောင် ဟုခေါ်ကြသည်။ မန္တလေးတောင်သမိုင်းတွင်လည်း ထိုတောင်ကို ဘီလူးမတောင်ဟု အဆိုရှိသည်။ [၂]

ဂေါတမ ဘုရားအလောင်းတော်သည် ပါရမီမရင့်မီ အတိတ်ဘဝနုစဉ်အခါက ဆင်မင်းဘဝ၊ ခြင်္သေ့မင်းဘဝ၊ ဆတ်မင်ဘဝ၊ ဖွတ်မင်းဘဝ၊ ကြက်မင်းဘဝ၊ ငုံးမင်းဘဝ၊ မုဆိုးသားဘဝ အားဖြင့် ဤမန္တလေးတောင်အနားတစ်ဝိုက်တွင် ဖြစ်ခဲ့ဘူးသည်။

ဘုရားဖြစ်တော်မူသောအခါ ညီတော်အာနန္ဒာနှင့် ဤမန္တလေးတောင်ထိပ်သို့ ကြွရောက်တော် မူလာရာ၌ ထိုအခါ- စန္ဒမုခိ အမည်ရှိသော နတ်ဘီလူးမသည် ဘုရားရှင်ကို လွန်စွာ ကြည်ညိုြခင်း သဒ္ဓါတရားရှိလှသဖြင့် ဒါနဥပ ပါရမီထိုက်သော မိမိ၏ ရင်သားမြတ်ကို လှီးဖြတ်၍ လှူဒါန်းလေရာ ဘုရားရှင်က ပြုံးတော်မူ၏။ [၃]

မန္တလေးဟူသော အမည်သည် 'မဏ္ဍလ' ဟူသော ပုဒ်မှ'မဏ္ဍလေး'၊ ထိုမှ 'မန္တလေး'ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ 'ပျံပျူးသာယာသော နယ်မြေ' ဟု ယူဆသော်ရ၏။အချို့က 'မန္ဓရေး' မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ 'ကျက်သရေတို့ကို ဆောင်အရပ်' ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။ ဘုရားအလောင်း ငါးရံ့မင်းသည် ထိုမှ အန္တရာယ်ကင်းရာသို့ မှန်း၍ ကူးခတ်ပြေးခဲ့ရသောတောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။

မန္တလေး ဘိုးတော်ကြီး[ပြင်ဆင်ရန်]

မန္တလေးတောင်၊ အရှေ့ဘက်စောင်းတန်းတွင် ရှိသော မန္တလေး ဘိုးတော်ကြီးမှာ သာသနာ သက္ကရာဇ် ၁၅၅၈၊ ကောဇာသက္ကရာဇ် ၄၀၆-ခုနှစ်၊ ခရစ်နှစ် ၁၀၄၅ တွင် နန်းတက်သော ပုဂံပြည့်ရှင် အနော်ရထာမင်းသည် တရုပ်ပြည်မှ ပြန်အလာ တောင်ပြုံးအရပ်၌ စေတီတော် တစ်ဆူကို တည်တော်မူရာ အုတ်နှစ်ချပ် လပ်မှုနှင့် ပတ်သက်၍ ရွှေဖျဉ်းညီနောင်တို့ကို စစ်သူကြီး ကျန်စစ်သားမှ ကွပ်မျက်ရာ၌ တာဝန်မကင်းဟု ဆိုပြီး အထိန်းတော် ပရောဟိတ်ပုဏ္ဏားဆရာကြီးကို ဤနေရာ၌ ကွပ်မျက်ခံရသည့်အတွက် နတ်ဖြစ်ရကြောင်း ပုဂံရာဇဝင်၌ ဖတ်ရသည့်အပြင် ဘာသာပြန် ဦးထွေးဟန်၊ သုတေသီ ဦးဘညွန့်တို့၏ မြန်မာ့မိရိုးဖလာဓလေ့နတ်သမိုင်း စာ-၇၄ တွင် ဖေါ်ပြထားသည်။ အတွင်း (၃၇)မင်းတွင် အမှတ်စဉ် (၂၄)၌ ၎င်း၊ တောင်ပြုံးမင်းကြီး၊ မင်းလေးတို့က အမှတ်စဉ် (၂၅)(၂၆)တို့၌ ဖော်ပြထားကြောင်း တွေ့ရသည်။ [၄]

တောင်တော်သခင်မ မရွှေဥ[ပြင်ဆင်ရန်]

မန္တလေးတောင် မြောက်ဘက်စောင်းတန်းတွင် ရှိသော တောင်တော်သခင်မ မရွှေဥမှာ တစ်နေ့သောအခါ မန္တလေးတောင်ထိပ်ရှိ ရသေ့ကြီးထံသို့ ရပ်ရည်ရူပကာယ ချောမောလှပသော အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းများနှင့် ငွေဒင်္ဂါး အမြောက်အများတို့ကို လှူဒါန်းသဖြင့် အမည်၊ နေရပ်၊ လိပ်စာတို့ကို မေးမြန်းသောအခါ တပည့်တော် မဥပါဘုရားဟုသာ လျှောက်ထားပြီး မြောက်ဘက်သို့ ဆင်းသွားသဖြင့် ကျောင်းသားတစ်ယောက်ကို နောက်ယောင်ခံ အကြည့်ခိုင်းလိုက်ရာ ထိုနေရာအရောက်တွင် ပျောက်ကွယ်သွားကြောင်း ကျောင်းသား၏ ပြန်လည်လျှောက်ထားချက်အရ ယခု ဤနေရာ၌ မရွှေဥ၏ပုံ ကိုထားရှိခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်အရ လေ့လာသိရသည်။ [၅]

တောင်ကိုးလုံး[ပြင်ဆင်ရန်]

မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုးကျောင်းဆောင်များ တည်ရှိနေသောကြောင့် တောင်ကုန်းဟုပင် မထင်ရတော့ပေ။ အချို့သောတောင်များမှာ ယနေ့တိုင် လှပစွာ တည်ရှိနေသေးသည်။ မန္တလေးတောင် သမိုင်းအချို့တွင် "'မဏ္ဍလေးတောင်"'ဟု ခေါ်တွင်ကြောင်းနှင့် မန္တလေးတောင်သည်

  1. ရွှေတောင်၊
  2. ငွေတောင်၊
  3. ပတ္တမြားတောင်၊ (ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်သည် ရွှေတောင်ကြားကျောင်း ပတ်ဝန်းကျင်တွင် ရှိသည်။)
  4. ဆေးဒါန်းတောင်၊ (အနောက်စောင်းတန်း၊ မြနန္ဒာကန်တောင်ဘက်တွင် ရှိသည်။)
  5. မြင်းသီလာတောင်၊ (မြောက်ဘက်စောင်းတန်း အရှေ့ဘက် ဖားအောက်တောရကျောင်းအနီးတွင် ရှိသည်။)
  6. ဒုတ္ထာတောင်၊
  7. ရေလှည့်တောင်၊ (တောင်ကျရေ အဟုန်တို့ကို ထိန်းသိမ်းပေးရန် ဗြန့်ကြီး၏ အရှေ့ဘက်တွင် ရှိပါသည်။ မိုးကြီးချိန်တွင် ရေလှည့်ပုံကို တွေ့မြင်ရပါသည်။)
  8. ကြေးနီတောင်၊ (ဓာတ်လှေခါး၏ အရှေ့မြောက်ဘက် ကားလမ်းဘေးတွင် ရှိသည်။)
  9. ဘီလူးမတောင်ဟု အမည်တွင်သော တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားခြင်း မန္တလေးတောင်ကို လာရောက်ကြသူများ ကြည်လင်ရွှင်ပြရာ ဖြစ်သောကြောင့် မဏ္ဍလေးတောင် (မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်း တောင်တော်သမိုင်းတွင် ရေးသားထားသည်။

ရှုမျှော်ခင်း[ပြင်ဆင်ရန်]

မန္တလေးတောင်ပေါ်မှ မန္တလေးမြို့ကို မြင်ရပုံ

ဆုတောင်းပြည့်ဘုရားပေါ်မှ ရှုမျှော်ကြည့်လျှင် မန္တလေးမြို့တစ်မြို့လုံးကို ကောင်းမွန်စွာ မြင်ရသည်။ နန်းတော်ဟောင်း၊ ကျုံးနဲ့နန်းမြို့ရိုး၊ သုဓမ္မာဇရပ်တန်းကျောက်တော်ကြီးဘုရားကျောက်စာအချပ်ပေါင်း ၇၂၉ ချပ် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး တည်ရှိရာနှင့်  ကုသိုလ်တော်ဘုရား နှင့် စန္ဒာမုနိဘုရားဧရာဝတီမြစ် နှင့် အနောက်ဘက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီး၊အရှေ့ဘက်ရှိ ရှမ်းရိုးမတောင်တန်းကြီးတို့ကို လှမ်းမြင်ရသည်။ ညနေ နေဝင်ချိန်တွင် လာရောက်ကြည့်ရှုသူ အလွန်များပြားသည်။

မြွေကြီးနှစ်ကောင်[ပြင်ဆင်ရန်]

မြွေကြီးနှစ်ကောင်၏ ရုပ်တု
"'စခန်းမဝေးပေါင်၊ ရွှေမန္တလေးတောင်
မြွေကြီးနှစ်ကောင်၊ သွားလို့ကြည့်ရအောင်"'

မြွေကြီး နှစ်ကောင်နှင့် ပတ်သက်၍ မရေမရာ အမျိုးမျိုးပြောကြ ရေးသားကြသည်မှာ ဤမြွေကြီးနှစ်ကောင်သည် ရှေးအခါက ဆန်တပြည် ငွေတစ်မတ်ဖြင့် အရပ်လည်၍ ပြသော မြောက်ပြင် ထားဝယ်ရပ်က အလမ္ပာယ် ဆရာတစ်ယောက်က သူခိုင်းစားလာသော စာချုပ်နှစ်စေ့သဖြင့် လာရောက်လွှတ်ထားသည့် မြွေကြီးနှစ်ကောင်ဟူ၍၎င်း၊ ဗျာဒိတ်ပေး ဘုရားကြီးထုလုပ်ရန် ယူလာသော ကျွန်းသစ်တုံးကြီး၏ သစ်ခေါင်းသစ်ခွံတို့ အကြားတွင် ကပ်၍ပါလာသော မြွေကြီးနှစ်ကောင် ဟူ၍၎င်း ယနေ့တိုင်အောင် ထင်မြင်ချက်အမျိုးမျိုးတို့ကို ပြောဆိုနေကြကြောင်း လေ့လာတွေ့ရှိရပါသည်။ စာဖြင့် တွေ့ရှိရသည်မှာလည်း ဤမြွေကြီးနှစ်ကောင်သည် မန္တလေးတောင်ကို ပြုပြင်ရန် တောများရှင်းစဉ်က တွေ့ရှိရသော မြွေကြီးနှစ်ကောင်ဟု ဆရာတော် ဦးပဏ္ဍိစ္စ၏ ရသေ့ကြီး ဦးခန္တီ၏ အတ္ထုပ္ပတ္တိ၊ စာ-၄၇ တွင် တွေ့ရှိရသည်။


ဖြစ်ရပ်အမှန်မှာ ရသေ့ကြီး ဦးခန္တီသည် ဗျာဒိတ်ပေးဘုရားကြီး၏ အနောက်ဘက်၌ ထန်းရွက်မိုးသော တဲကျောင်းဖြင့် သီတင်းသုံးလျက် အလှူခံစဉ်အချိန်က တရားအားထုတ်နေသော ညဉ့်အချိန်၌ ကျောင်းအောက်သို့ ရောက်ရှိလာသော မြွေကြီးနှစ်ကောင်ဖြစ်ပါသည်။ မည်သူ့ကိုမျှ ရန်မမူကြပါ။ ရသေ့ကြီးကလည်း ထိုက်သင့်သော အစာရေစာတို့ကို ကျွေးမွေးပြုစု စောင့်ရှောက်ထားပါသည်။ မန္တလေးမြို့နှင့်တကွ မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးများသည် မန္တလေးတောင်သို့ လာရောက်၍ အထူးစည်ကားလျက် အလှူငွေများလည်း တိုးပွားလာသည်နှင့်အမျှ သာသနိက အဆောက်အဦများမှာ လျင်မြန်ကာ ပြီးစီးခြင်းသို့ ရောက်ရှိခဲ့သည်။ ထိုအခါ ရသေ့ကြီးက ဤမြွေနှစ်ကောင်သည် သွယ်ဝိုက်သောနည်းအားဖြင့် မန္တလေးတောင်၏ ဘုရားဒါယကာ၊ ဘုရားဒါယိကာမများ ဖြစ်ကြသည် ဟု ထာဝရမှတ်တမ်းတင် ဂုဏ်ပြုလိုသည့်အတွက် တောင်ပြင်ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အမှတ် ၅၀၀မှ ဒေါင်းတံဆိပ် သံစိမ်းအလုပ်ရုံ ပိုင်ရှင် ရှေးခေတ်သံရည်ကျို နာမည်ကျော် ဖိုထောင်ဆရာကြီး ဦးဝင်းအား တောင်ပေါ်သို့ အရောက်ခေါ်ယူပြီး၊ ကျောင်းအောက်ရှိ မြွေကြီးနှစ်ကောင်တို့ကို ပြသလျက် မြွေနှစ်ကောင်ပုံကို သံရည်ကျို ပုံစံသွန်းလောင်း ပြုလုပ်ပေးရန် တာဝန်ပေးလိုက်ပါသည်။


ပါးပြင်းထောင်နေသည့် ပုံမှာ ရန်မူနေပုံ မဟုတ်ပါ။ မြွေတို့၏ သဘာဝအလှကို ပေါ်လွင်စေရန် ရသေ့ကြီး၏ အကြံပြုစီစဉ်ပေးမှုဖြင့် ဖိုထောင်ဆရာကြီး ဦးဝင်းက ၎င်း၏ နာမည်ကြီး တပည့်များဖြစ်ကြသော (၁) ဦးမောင်ကြီး၊ (၂) ဦးလှဘော်၊ (၃) ဦးအောင်တင်တို့ဖြင့် ဝိုင်းဝန်း၍ သံရည်ကျို ပုံစံကို အနုပညာစွမ်းဖြင့် လက်စွမ်းပြ ပုံဖော်ထားသည့် အတွက် ယနေ့ ကမ္ဘာလည့် ခရီးသည်များနှင့် တကွ ဘုရားဖူးလာသူများ၏ မျက်စိအောက်တွင် ရှု့ကြည့်၍ မဝနိုင်လောက်အောင် ဖြစ်နေပေသည်။ လာရောက် ဖူးမျှော်ကြသူများက မြွေကြီးနှစ်ကောင်၏ ပါးစပ်အတွင်းသို့ ငွေများထည့်သွင်းကာ လှူဒါန်းကြသည်။

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ် မတ်လတွင် ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလိပ်တို့က ဂျပန်တို့ဝင်ရောက်လာသည်ကို မန္တလေးတောင်တွင် ခြေကုတ်ယူ၍ တိုက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၃.၁၂.၂၀၁၇)စာ-၈
  2. နတ်မောက်ထွန်းရှိန် ရေး မန္တလေး ရတနာပုံ ဘုရားစုံ ၊ ဩဂုတ်လ၊ ၂၀၁၇-ခုနှစ်၊ စာ-၁၁
  3. ဒက္ခိဏာရာမ-ဘုရားကြီး၊ ဆရာ စိုးမြတ်လင်း စုဆောင်းရေးသားသည့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရတနာပုံ-မန္တလေးမြို့ နှင့် မြို့ရွာဒေသအသီးသီးတို့၌ ထင်ရှားကျော်စောတော်မူသော တန်ခိုးကြီးဘုရားများသမိုင်း၊ စာ-၅
  4. ဦးခန္တီ၏ ထေရုပ္ပတ္တိ နှင့် ရွှေမန်းတောင် သမိုင်းအကျဉ်း၊ စာရေးဆရာ ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး)၂၀၀၀ပြည့်နှစ်၊ စက်တင်ဘာလ၊ စတုတ္ထအကြိမ်၊ စာ-၄၈
  5. ဦးခန္တီ၏ ထေရုပ္ပတ္တိ နှင့် ရွှေမန်းတောင် သမိုင်းအကျဉ်း၊ စာရေးဆရာ ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး)၂၀၀၀ပြည့်နှစ်၊ စက်တင်ဘာလ၊ စတုတ္ထအကြိမ်၊ စာ-၄၈