မိုးကုတ်မြို့

ဝီကီပီးဒီးယား မှ


မိုးကုတ်မြို့
မြို့
Skyline of မိုးကုတ်မြို့
မိုးကုတ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုးကုတ်မြို့
မိုးကုတ်မြို့
မိုးကုတ်မြို့တည်နေရာ
ကိုဩဒိနိတ်: 22°55′N 96°30′E / 22.917°N 96.500°E / 22.917; 96.500ကိုဩဒိနိတ်: 22°55′N 96°30′E / 22.917°N 96.500°E / 22.917; 96.500
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်သပိတ်ကျင်းခရိုင်
မြို့နယ်မိုးကုတ်မြို့နယ်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၇၇,၆၀၉[၁]
Demographics
 • လူမျိုးများဗမာလီဆူရှမ်းတရုတ်ဂေါ်ရခါးပလောင်
 • ကိုးကွယ်မှုဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု တွင်သည်။

ပထဝီဝင်[ပြင်ဆင်ရန်]

တည်နေရာ[ပြင်ဆင်ရန်]

မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတု ရှိသည်။ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်သည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိသည်။ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ကွာတွင်ရှိသော ဗားနဒ်မြို့မှာ ပို၍ မြင့်သောကြောင့် ပို၍ပင် အေးသေးသည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း[ပြင်ဆင်ရန်]

ဘူမိဗေဒပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ မိုးကုတ်ဒေသ အောက်ခံကျောက်ဖျာထုသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ကျောက်ဖျာထုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မိုးကုတ်ဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပြီး မြေပြန့်လွင်ပြင်များ နည်းပါးသည်။ ရေနီချောင်းသည် ကျေးနီတောင်မှ စိမ့်ရေ၊ စမ်းရေများကို အခြေပြု၍ မြို့လယ်ရှိ ရပ်ကွက်များကို ဖြတ်သန်းစီးဆင်းလာပြီး တပ်သားတောင်မှ စိမ့်ရေ၊ စမ်းရေတို့ကို အခြေပြု၍ စီးဆင်းလာသော ရေပူချောင်းနှင့် တောင်ကချင်ရပ်ကွက်အနီးတွင် ပေါင်းဆုံကာ နမ့်ပယ်ချောင်းအတွင်းသို့ စီးဝင်သည်။ မိုးကုတ်ဒေသတစ်ဝိုက်ရှိ အမြင့်ဆုံးတောင်များမှာ

  • တောင်မင်းတောင်(တောင်မဲတောင်) - ၇၅၄၄ ပေ
  • ကျေးနီတောင် - ၆၇၃၃ ပေ
  • တောင်တော် - ၆၂၂၃ ပေ
  • မြို့မြင်တောင် - ၅၉၅၅ ပေ
  • ထင်းရှူးတောင် - ၅၆၀၆ ပေ
  • ပင့်ကူတောင် - ၅၃၄၅ ပေ
  • ဒေါ်နန်းကြည့်တောင် - ၅၂၇၇ ပေ တို့ဖြစ်သည်။ ထိုတောင်များ၏အကြားရှိ ချိုင့်ဝှမ်းတွင် ခပ်ခွက်ခွက်တည်ရှိပေသောကြောင့် မိုးကုတ်မြို့၏ ပုံသဏ္ဌာန်သည် ဒယ်အိုးသဖွယ်ဖြစ်၏။

လူဦးရေ[ပြင်ဆင်ရန်]

မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု (၅)အုပ်စု၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၂)ရွာရှိ၍ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့ရှိ လူဦးရေမှာ ၇၇,၆၀၉ ယောက်[၁] ဖြစ်သည်။ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်တွင် (၃၉၈)ဦး ရှိသည်။ မြို့ပြနှင့် ကျေးလက်လူဦးရေ အချိုးမှာ(၁:၁.၈၁)ဖြစ်သည်။ ကျား-မ လူဦးရေ အချိုးမှာ (၁:၀.၉၁)ဖြစ်သည်။ အများဆုံး နေထိုင်ကြသော လူမျိုးမှာ ဗမာ၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါးနှင့် တရုတ်တို့ ဖြစ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည် ကျောက်တွင်းများကို အမှီသဟဲပြု၍ နေသူများဖြစ်ရကား ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့် အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ်ခြင်းတို့မှာ အဓိကလုပ်ငန်းဖြစ်၏။ ကုန်းမြင့်ဒေသတွင် ဖြစ်သောကြောင့် တောင်ယာများကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။ အစားအသောက်များစွာ မထွက်ဘဲ အခြားနယ်များမှ တင်သွင်း ရသည်။ မိုးကုတ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ လယ်ယာမြေကွက်များ ပြောပလောက်အောင် မရှိခြင်းကြောင့် ဆန်စပါးများ မထွက်လှပေ။ မြို့နေလူထုစားသုံးရန်အတွက် မိုးမိတ်နယ်နှင့် အောက်အရပ်ဒေသမှ ဆန်များကို မှီခိုအားထားရသည်။ လက်ဖက်စိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ်ရှိသည်။ မိုးကုတ်တွင် ၅ ရက်တစ်ဈေးရှိသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈)မိုင်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး ဒုတိယကမ္ဘာစစ် မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။ မိုးကုတ်-သပိတ်ကျင်းလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည် အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေသည်။ ယခုအခါ မိုးမိတ်လမ်းမှာ ဗန်းမော်သို့ပင် ပေါက်ပြီဖြစ်၍ ဗန်းမော်မှတစ်ဆင့် မြစ်ကြီးနားသို့တိုင်အောင် မော်တော်ကားဖြင့် သွားနိုင်သည်။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော ကျောက်မဲမြို့သို့လည်း ကားလမ်းပေါက်သည်။

သစ်တော[ပြင်ဆင်ရန်]

တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။

ဘာသာရေး[ပြင်ဆင်ရန်]

မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ ဂေါ်ရခါးလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ များကို ကိုးကွယ်ကြသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။ တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်သည်။ မိုးကုတ်မြို့တွင်ရှိသော ဘုရားများအနက် ပုဂံပြည် အလောင်းစည်သူမင်း တည်ခဲ့သော ဖောင်တော်ဦးဘုရား ရွှေဆင်းတုရုပ်ပွားတော်ကြီးသည် ထင်ရှားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

"ကိတ်၊ နဂါး၊ ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်"ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၎င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသော တောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့သည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ကြသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။[၂]

မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပြီးသည့် နောက်တွင် ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို ဖျက်လိုက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ဖြစ်လာသည်။ စစ်ပြီးခေတ်ဖြစ်သော ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို ရှမ်းပြည်နယ် တောင်တန်းဒေသနှင့်ပူးပေါင်းရန် ကြံစည်သေး သည်။ မအောင်မြင်ပေ။ ၁၉၄၇ ခုနှစ်မှစ၍ ပြင်ဦးလွင်ခရိုင်တွင် နယ်တစ်ခုအဖြစ်ပါဝင်သွားလေသည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

မိုးကုတ်ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရ သော ရှမ်းစကား မိူင်းၵုတ်ႈ မိုင်းကုတ်မှ ရွေ့လျောလာသည်ဟူ၍ လည်းကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်းစကား မိုင်းကွတ်မှ ရွေ့လျောလာသည်ဟူ၍လည်းကောင်း ယူဆကြသည်။

မိန်းကု[ပြင်ဆင်ရန်]

ရှမ်းဘာသာစကားဖြစ်သည်။ မိန်း မှာ မြို့၊ ကု မှာခမောက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ခမောက်နှင့်တူသောမြို့ ဟူ၍ ဖြစ်သည်။ မိုးကုတ်မြို့မှာ တောင်များကာရံထားသည့် ချိုင့်ဝှမ်းကြီးအတွင်းတွင်ရှိပြီး ခမောက်တစ်ခုကို ပက်လက်လှန်ထားသည့် ပုံနှင့်တူသောကြောင့် ယခုကဲ့သို့ခေါ်ခြင်းဖြစ်သည်ဟုသိရသည်။

မိန်းကွတ်[ပြင်ဆင်ရန်]

ရှမ်းဘာသာစကားပင်ဖြစ်သည်။ မိန်း မှာ မြို့၊ ကွတ် မှာကောက်ကွေ့ခြင်း ဟုအဓိပ္ပာယ်ရသည်။ ကောက်ကွေ့သောမြို့ဟုဆိုလိုသည်။ မိုးကုတ်သို့သွားရာလမ်းမှာ ကောက်ကွေ့သည့် တောင်ပတ်လမ်းများဖြစ်သည်ကတစ်ကြောင်း၊ မြို့၏တည်နေပုံကလည်း ကောက်ကွေ့သည့်အနေအထားတွင်ရှိသည်ကြောင့်တစ်ကြောင်း ဤကဲ့သို့ ခေါ်ခြင်းဖြစ်သည်။

မိန်းကတ်[ပြင်ဆင်ရန်]

ရှမ်းဘာသာစကားပင်ဖြစ်သည်။ မိန်းမှာ မြို့၊ကတ်မှာ ချမ်းအေးသည်ဟုအဓိပ္ပာယ်ရသည်။ အလွန်ချမ်းအေးသည့်မြို့ဟုဆိုလိုသည်။ အမှန်လဲရေခဲသည်အထိအေးဖူးသည့် နှစ်များရှိသည်။

မိုးချုပ်[ပြင်ဆင်ရန်]

မြန်မာစကားဖြစ်သည်။ မိုးစောစောချုပ်သည့်အတွက် မိုးချုပ်ဟုခေါ်ကြရာမှ မိုးကုတ်ဟုဖြစ်လာသည်ဟုဆိုကြပြန်သည်။


မြန်မာ့သမိုင်းအစမှ ၁၈၈၅ ခုနှစ်အထိ[ပြင်ဆင်ရန်]

တစ်ဆယ့်ငါးရာစုနှစ်ခန့်က ဖြစ်ခဲ့သည်။ မြန်မာ့ပတ္တမြားကျောက် ရောင်းဝယ်ရန်အတွက် ပထမဦးဆုံး ပဲခူးသို့ ရောက်ရှိလာသူ အီတလီလူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက်ပေါင်း(၃၀)ခရီးအကွာတွင်ရှိသည့် ကပ္ပလန်အရပ်တွင် ထွက်သည်ဟု ဖော်ပြထားသည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင် ဖော်ပြထားသည့် အင်းဝနေပြည်တော်၌ အလွန်ကြွယ်ဝသော ကပ္ပလန်ဆိုသည်မှာလည်း နိုင်ငံခြားသားများ ကျပ်ပြင်ကို နားကြားလွဲဲ၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။ ပတ္တမြားမြေသည် မြန်မာမင်းတို့လက်အောက်မရောက်မှီက မိုးမိတ်စော်ဘွားပိုင်နက်ဖြစ်သည်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် မြန်မာမင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်သည်။ ညောင်ဦးရွှေစည်းခုံရှိ ခေါင်းလောင်းအတွင်း ဘုရင့်နောင်မင်းတရားကြီးအား မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်း၏ အရှင်သခင်အဖြစ် ဖော်ပြထားသည်။ ဘုရင့်နောင်၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် မိုးကုတ်အား မိုးမိတ်စော်ဘွားထံမှ တကောင်းနှင့် အလှဲအလှယ်လုပ်ခဲ့သည်။၁၅၉၇-ခုနှစ်တွင်မူ မိုးမိတ်နယ်အား အဝမြို့တော် စီရင်စုလုပ်သည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ အမိန့်တော်ပါရက်စွဲအရ ယင်းအမိန့်တော်သည် အင်းဝမှ ထုတ်ပြန်သော ညောင်ရမ်းမင်း၏ အမိန့်တော်ဖြစ်သည်။ ပဒုံမင်းလက်ထက်တွင် ပတ္တမြားမြေ၏ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း ၁၇၈၃-ခုနှစ် စစ်တမ်းများအရ သိရှိရသည်။ ပတ္တမြားမြေ၏ နယ်နိမိတ်သည် ညောင်ရမ်းမင်းလက်ထက်တွင် သတ်မှတ်ခဲ့သော မူလနယ်နိမိတ်ထက် ပို၍ ကျယ်လာသည်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွွတ်ခန့်ထားသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စို့သူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စို့သူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကသည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စို့သူကြီး တစ်ဦး ထပ်မံခန့်ထားလျှက် သီးခြားအုပ်ချုပ်စေရာမှ စို့သူကြီးသုံးဦး ဖြစ်လာသည်။ စို့သူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။ ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)နှင့် ထုပ် ခေါ် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မြို့းစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင်ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော် ပတ္တမြား ငမောက်မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၎င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉-ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် အင်္ဂလိပ်မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။

၁၈၈၅-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ[ပြင်ဆင်ရန်]

ပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ်လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆-ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇-ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မိုင်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မိုင်းမန်နေဂျာဖြစ်သည်။ ၁၈၈၇-ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေ သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထိုနောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့် လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။ ၁၈၈၆-ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈-ခုနှစ်တွင် ဘားမားရူးဘီမိုင်း ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇-ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။ ၁၈၈၉-ခုနှစ်မှ ၁၈၉၆-ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇-ခုနှစ်မှ ၁၉၀၃-ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄-ခုနှစ်မှ ၁၉၁၂-ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မြို့င်ခန့်အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈-ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅-ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅-ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁-ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂-နှစ်တာကာလတွင် ဗြုံးတန်ချိန် သန်း(၃၀) ဆေးခဲ့ပြီး စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄-ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁-ခုနှစ်တွင် ပျက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈-ခုနှစ်အထိ ၎င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၎င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုများလည်း အထိုက်အလျောက် ရှိလာသည်။

(မိုးကုတ်ဖော်တော်ဦးမြတ်စွာဘုရား သမိုင်းကျောက်စာမှ ကူးယူဖော်ပြပါသည်။)


ဓာတ်ပုံများ[ပြင်ဆင်ရန်]

၁၉၂၀ ဝန်းကျင်မှ ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ)
  3. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)