ရန်ကင်းတောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရန်ကင်းတောင် သည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့၏ အရှေ့ဘက်၊ (၅)မိုင်ခန့်အရပ်၊ မန္တလေးမြို့ရိုး၊ ဦးထိပ်တံတားမှသည် အရှေ့ဘက် (၄)မိုင်အကွာ ပုသိမ်ကြီးမြို့နယ် ၏ အလယ်တွင် တည်ရှိသော တောင်တစ်တောင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀-ကျော်အခါကပင် (ငါးရံ့မင်းတောင်) (ရန်ကင်းတောင်)ဟူသော အမည်ထူး (၂)ရပ် တွဲစပ်၍ ရရှိခဲ့လေသည်။

အမည်ထူး နှစ်ရပ်[ပြင်ဆင်ရန်]

ဤအမည်ထူး နှစ်ရပ် တွဲစပ်ဖြစ်ပေါ်လာရခြင်းမှာ ဂေါတမ ဘုရားအလောင်းဘဝ နုစဉ်ကာလ ပါရမီတော်များ ဖြည့်ကျင့်တော်မူစဉ် (ငါးရံ့မင်းဘဝ) ဧရာဝတီမြစ်ရိုး၌ ဆွေတော်မျိုးတော် ငါးအပေါင်းနှင့် စံပျော်နေစဉ် တံငါသည်၏ ကွန်ချက်အတွင်း သက်ဆင်းခဲ့ရသည်။

တံငါသည်သည် ငါးမင်းခန္ဓာကိုယ်အား ဓားနှင့်မွှန်း၍ ဆားသိပ်နယ်ခြင်းကို ခံရသဖြင့် နာကျင်ခံ ခက်လှသော ဝေဒနာကို ခံစားရပြီး ငါးမင်းသေပြီအထင်နှင့် တောင်ကမူတစ်ခုပေါ်တွင် နေလှမ်း၍ အခြောက်ခံထားစဉ် ခုန်ချထွက်ပြေး ကူးခတ်လာရပြီး ဤတောင်တော်ရောက်မှ ဘေးရန်များ ကင်းဝေးခဲ့သဖြင့် ရန်ကင်းတောင်ဟု အမည်တွင်ခဲ့ပြီး ငါးရံ့မင်းဘဝ၌ ခိုလှုံရသောကြောင့် ငါးရံ့မင်းတောင်ဟုလည်း ခေါ်ဝေါ်ကြလေသည်။

အလောင်းတော် ငါးမင်းဖြစ်စဉ်က ဓားနှင့်မွှန်းသောနေရာအနီး တောင်ငယ်ကို ဓားမွှန်းတောင်ဟု ယခုတိုင် တွင်ပါသည်။ (မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တည်ရှိသည်။) ငါးမင်းခုန်ချခဲ့သော တောင်ကမူကို ငါးခုန်ချမှ ယခုအခါ ဝသုန္ဒရဟု အမည်တွင်သည်။ ခန္ဓာကိုယ်မှ ဆားများခါချသော တောင်ကို ဆားခါတောင်အဖြစ် ယနေ့တိုင် တည်ရှိပါသည်။ (ကောင်းမွန်ကျေးရွာ အရှေ့ဘက်တွင် တည်ရှိသည်။)

ငါးရံ့မင်းသည် ထိုမှ အန္တရာယ်ကင်းရာသို့ မှန်း၍ ကူးခတ်ပြေးခဲ့ရသောတောင်ကို ထိုစဉ်က မှန်းပြေးတောင်ဟု တွင်ခဲ့ပြီး ယခုအခါ မန္တလေးတောင်ဟု ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။ မန္တလေးတောင် နေရာတွင် ရေနဂါးများ ရန်မကင်းနိုင်သေးသဖြင့် အရှေ့ဆီသို့ ရေပြင်ကို ကန့်လန့်ဖြတ်၍ ကူးခတ်လာပြန်ရာ ရေနဂါးများ ရန်မှ ပုန်းလျှင်လုံမည်ဟု ယူဆ၍ ခေတ္တပုန်းအောင်းခဲ့ရသော တောင်ငယ်ကို တောင်ပုံးလုံဟု ယနေ့တိုင် ခေါ်ဝေါ်လျက် ရှိသည်။ (ပုသိမ်ကြီးမြို့နယ်၊ အမှတ်(၄) ခြေလျင်တပ်ရင်း အရှေ့တောင်ဘက် ချောင်းဝန်းဆည် မြောင်းစခန်း အနီးတွင် တည်ရှိသည်။)[၁]

ပထဝီဝင်တည်နေရာ[ပြင်ဆင်ရန်]

တောင်မြောက်အလျား (၆၆၀၆)ပေ၊ အရှေ့အနောက် (၁၂၅၀)ပေ၊ တောင်ခြေမှ (၇၀၆)ပေ မြင့်သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် (၈၈၄)ပေ မြင့်သည်။ မည်သည့်တောင်ကျောနှင့်မျှ ဆက်စပ်မှုမရှိဘဲ တစ်တောင်တည်း ဧကစာ သီးခြားစွာ တည်ရှိသော တောင်တစ်တောင် ဖြစ်သည်။ တောင်တော်၏ အရှေ့ဘက် (၂)မိုင်အကွာတွင် ရှမ်းရိုးမတောင်တန်းအခြေနှင့် အစိုးရ နည်းပညာ တက္ကသိုလ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း သင်တန်းကျောင်း၊ ချောင်းဝန်းဆည်မြောင်းစခန်း၊ အမှတ်(၄)ခြေလျင်တပ်ရင်း၊ ရေတံခွန်တောင်တော်နှင့် ရေတံခွန်ဂေါက်ကွင်းတို့ တည်ရှိသည်။ တောင်တော်၏ အနောက်ဘက် ကပ်လျက် ဥယျာဉ်ပရိယတ္တိ စာသင်တိုက်၊ မန္တလေး သမဝါယမ ဒေသကောလိပ်၊ ဘုန်းတော်ကြီးကျောင်း များစွာနှင့် စိုက်ခင်းများအဖြစ် တိမ်ကောပြောင်းလဲ သွားခဲ့သော မင်းရှင်စော ဆည်ဖို့တော်မူခဲ့သော အောင်ပင်လယ် ကန်တော်ဟောင်း၊ မန္တလေးမြို့ ကျက်သရေဆောင် မန္တလေးတောင်တော်နှင့် ရတနာပုံ ရွှေမြို့တော်ဟောင်းတို့ တည်ရှိသည်။

မြောက်ဘက်အရပ်တွင် တချိန်က ဘုရင့်မောင်းမများ စုပေါင်း၍ ကန်ဖို့စဉ်က ပါဝင်ဆောင်ရွက်စေခဲ့၍ မောင်းမကန်ဟု အမည်တွင်ခဲ့ပြီး ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်တွင် မဟာနန္ဒာကန်တော် အမည်တွင်ခဲ့သည်။ ထို မဟာနန္ဒာကန်တော်မှ ရွှေဝါရောင် စပါးစိုက်ခင်းများအဖြစ် တိမ်ကောပြောင်းလဲ ခဲ့ရသော ဘိုးတော်ကန်တော်ဟောင်းနှင့် ရတနာပုံ ရွှေမြို့တော်မှ အိမ်ရှေ့စံ ကနောင်မင်းသားကြီး စိုက်ပျိုးတော်မူခဲ့သော အင်ကျယ်ရွာ အနီးရှိ အိမ်ရှေ့မင်းထန်းတော ဥယျာဉ်ကို ရှုမြင်နိုင်ပြီး သခင်မ မရွှေဥတောင်တော်နှင့် ရွှေတောင်တို့ ဝန်းရံလျက်ရှိသည်။

တောင်ဘက်တခွင်၌ မင်းရှင်စော၏ နန်းတော်ရာ ပူတက်မြို့တော်ဟောင်း (ယခု) ဘိုတက်ကုန်းကျေးရွာ နှင့် အောင်ပင်လယ်ကန်တော်ဟောင်း ၊ အနော်ရထာမင်း၏ မိဖုရား ရှမ်းမင်းသမီး စောမွန်လှ အဓိဋ္ဌာန်ပြု တည်ထားတော်မူသော ရွှေစာရံ စေတီတော်ဒုဋ္ဌဝတီမြစ်ရေစီးဆင်းရာ ကျွဲနဖားတောင်တို့ကို တွေ့မြင်နိုင်သည်။

၁၁၅၁-ခုနှစ်တွင် ဘိုးတော်ဘုရား (ဗဒုံမင်း)သည် ရန်ကင်းတောင်ကို ဗဟိုပြု၍ အရှေ့တွင် ရေတံခွန်တောင်ခြေအနီး ဆိတ်သည်းတောင်ခြေ၊ တောင်ဘက်တွင် အောင်ပင်လယ်ကန်ဘောင်ရိုး သမ္မတောရွာအနီး၊ အနောက်တွင် မန္တလေး- မတ္တရာ ကားလမ်းအနီး ဘိုးတော်ညောင်ပင်၊ မြောက်- အရှေ့- မြောက်အရပ် စမ်းကျရှင် မဟိန္ဒတောင်ခြေတွင် အောင်ပင်လယ် ဘေးမဲ့အဖြစ် သတ်မှတ်သော ကျောက်စာချပ်များ ရေးထိုးခဲ့သည့် ဒေသဖြစ်၍ ထူးခြားသော အဘယဂီရိ ဘေးမဲ့တောင်လည်း ဖြစ်သည်။

တန်စောင်းများ ဆောက်လုပ်ထားသည်။ သို့သော် မန္တလေးတောင်လောက် ကြီးကျယ်ခမ်းနားခြင်း မရှိလှပေ။[၂]

တောင်တော် သမိုင်း[ပြင်ဆင်ရန်]

ရန်ကင်းတောင်အမည်သည် မြန်မာသက္ကရာဇ် ၄၅၄-ခုနှစ်၊ ၁၂-ရာစုနှစ်တွင် ပုဂံခေတ်၊ မင်းဆက် (၄၅)ဆက်မြောက် အလောင်းစည်သူမင်းကြီး၏ သားတော်ကြီး ဖြစ်သော မင်းရှင်စောလက်ထက်အခါမှ စတင်ပေါ်ပေါက်လာကြောင်း သိရသည်။ မင်းရှင်စောသည် ထွန်တုံးပူတက်အရပ်၌ အောင်ပင်လယ်ကန်ကို ဆည်၍ ရေမြောင်းများသွယ်ပြီး လယ်ပယ် သုံးသောင်းဖြစ်စေရာ၊ တစ်ရံရောအခါ မိုးခေါင်၍ ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ ကျောက်ငါးရံ့မင်း ပုံသဏ္ဌာန်ထုလုပ်ပြီး "ပုန ပရံ ယဒါဟောမိ" ချီ ငါးမင်းပရိတ်ကို ရဟန်းတော်တို့အား ရွတ်စေသည်။ ထိုအခါ မိုးရွာကြောင်း ဆိုသည်။ ထိုမှစ၍ ငါးမင်းအရုပ်ကို ဗိုလ်တက်မြို့ နန်းတော်မှာ ထား၍ ရဟန်းသံဃာတော်တို့ ငါးမင်းပရိတ်ကို မပြတ်ရွတ်ကြသည်။ တစ်ဖန်မိုးရွာများ၍ တောင်ရိပ်ကန်းရိပ် မိုးရေညွှန်တို့ ပြည့်လျှံရာ ပြည်သူတို့သည် အနာရောဂါ များပြားသောကြောင့် ငါးမင်းရုပ်ကို (ရန်ကင်း) တောင်ပေါ်သို့ ပို့ပြီး ကျောက်ဂူမှာ သွင်းထားကိုးကွယ် ပူဇော်မှ အနာရောဂါ ပျောက်ကြောင်း သိရသည်။ ငါးမင်းအရုပ်များထားရာ တောင်ကို ငါးမင်းတောင်၊ ငါးရံ့တောင်ဟု ခေါ်တွင်ကြပြီး နောင်တွင် ငါးရံ့တောင်သည် ဘေးအန္တရာယ်ကင်းသည်ကို အကြောင်းပြု၍ ရန်ကင်းတောင်ဟု ခေါ်လာကြသည်။ ရှေးမင်းအစဉ်အဆက်တို့သည် ရန်ကင်းတောင်မှ ငါးရံ့မင်းရုပ်ကို ယူ၍ နန်းတော်တွင်း ပင့်ကာ ရဟန်းသံဃာများက ပရိတ်ရွတ်ကြသည်။ နှစ်စဉ် နယုန်လတွင် ပူဇော်မြဲဖြစ်သည်။ မူလထုလုပ်ရင်း ငါးရံ့မင်း၏ ပမာဏသည် တစ်တောင်ခန့်သာ ရှိသည်ဟု ဆိုသည်။ ယခုရှိသော ငါးရုပ်များသည် ထုလုပ်ရင်း ငါးမဟုတ်တော့ချေ။

ခေတ်အဆက်ဆက်မှ ရသေ့ကြီး ဦးခန္တီ လက်ထက်တိုင် စောင်းတန်းအတက်စမှ လမ်းတစ်လျှောက်နှင့် ငါးရံ့တွင်းထိ ငါးရုပ်ကြီးများစွာ တွေ့ရပေသည်။ ဤသို့ဖြင့် ရန်ကင်းတောင်သို့ ငါးမင်းရုပ် ပူဇော်ရာ မွှေးနံ့သာရည်။ ပေါက်ပေါက်တို့ဖြင့် ပသပူဇော်ကြရာ အန္တရာယ် ဘေးရန်ကင်းသည်ဟု ယူဆကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ရန်ရှင်း(ရန်ကင်းတောင်)၊ ရန်ကင်းတောင်တော်သမိုင်း၊ ၂၀၁၁၊ ဩဂုတ်လ
  2. လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃၊ ဇွန်လ
  3. ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) (၁၉၉၀-ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ). "မြန်မာမင်းလက်ထက် အသုံးစာရင်း". မန္တလေးမဂ္ဂဇင်း.