မတ္တရာမြို့
မတ္တရာမြို့ | |
---|---|
မြို့ | |
မတ္တရာမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 22°13′N 96°7′E / 22.217°N 96.117°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | အောင်မြေသာစံခရိုင် |
မြို့နယ် | မတ္တရာမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မတ္တရာမြို့သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် တွင် ပါဝင်သော မတ္တရာမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ မန္တလေးမြို့၏ မြောက်ဘက် ၁၅ မိုင်အကွာ ရွှေတချောင်းတူးမြောင်း၏ လက်ဝဲဘက်ကမ်းတွင် မန္တလေး မတ္တရာ မီးရထား လမ်းဆုံး ဖြစ်သည်။
ပထဝီဝင်
[ပြင်ဆင်ရန်]မတ္တရာမြို့သည် ပင်လယ်ပြင်ထက် ပေ ၃၃ဝ အမြင့်တွင် တည်ရှိ၍ ဘင်္ဂလားပင်လယ်အော်မှ ၂၇၅ မိုင်၊ မုတ္တမ ပင်လယ်ကွေ့မှ ၄၁၅ မိုင် ကွာဝေးသည်။ မြို့ပေါ်ရှိလူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၄,၂၃၄ ယောက်[၁]ရှိသည်။ မတ္တရာနယ်၏ မြေမျက်နှာပြင်မှာ လှိုင်းတွန့်ထသကဲ့သို့ ဖြစ်လျက် တောင်ကုန်း ထူထပ်သည်။ မတ္တရာနယ်တွင် ဆည်တော်ကြီးရေလှောင်တမံ၊ ဧရာဝတီနှင့် မတ္တရာမြစ်တို့မှ ဆက်သွယ်သော တူးမြောင်းများကြောင့် လယ်ယာစိုက်ပျိုးရေးအတွက် ရေရရှိပေသည်။ မတ္တရာနယ်တွင် လယ်ယာစိုက်ပျိုးရေးအားဖြင့် အသက် မွေးသူမှာ ၅ ပုံ ၃ ပုံရှိ၍ ကျန်ရှိသူတို့က ငါးဖမ်းခြင်းဖြင့် အသက်မွေးကြသည်။ မတ္တရာနယ်တွင်ရှေးမြန်မာမင်း၏ ဥယျာဉ်များရှိ၍ ယခုအခါတွင်လည်း သရက်၊ ငှက်ပျော၊ သံပရာ၊ ရှောက်၊ နာနတ်၊ ကွမ်းပင် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြလေသည်။
အမည်ရင်းမြစ်
[ပြင်ဆင်ရန်]သမိုင်းပညာရှင်များ အဆိုအရ မတ္တရာမြို့ဟု ခေါ်တွင်ရခြင်း အကြောင်းမှာ ပုဂံရာဇဝင်အရ နော်ရထာမင်းစောသည် သက္ကရာဇ် ၃၉၅ ခုနှစ်တွင် ကမ္ဘောဇနှင့် မြန်မာပြည် နှစ်ဖက်စပ်ကြား ရှမ်းယွန်းတို့နှင့် မရောမစပ်စေခြင်းငှာ မှူးမတ် ဗိုလ်ပါတို့ကို တာဝန်ခွဲဝေပေး၍ တည်စေသော မြို့၄၃ မြို့ အနက် မတ္တရာမြို့သည် အပါအဝင် ဖြစ်သည်။ အမတ်ဦးစီး၍ တည်သည်ကို စွဲ၍ (အမတ်တည်ရာ > အမတ်တရာ > မတ်တရာ > မတ္တရာ) မတ္တရာမြို့ဟု တွင်သည်ဟု ဆို၏။ အချို့ကလည်း ရှေးဟောင်း ဟံလင်းကြီးမြို့ ပျူမင်း၊ပြုံးမင်း လက်ထက်တွင် မယ်တော်အား မိဖုရားအဖြစ်သိမ်းပိုက်ရာမှ တိုင်းပြည်ပျက်မည်ကို ကြိုသိသော အမတ်တစ်ရာ(၁၀၀)တို့ ပြောင်းလာပြီးမြို့တည်ရာမှ (အမတ်တစ်ရာ > မတ်တစ်ရာ > မတ်တရာ > မတ္တရာ) မတ္တရာမြို့ဖြစ်လာသည်'ဟု ဆိုကြသည။ တစ်နည်းအားဖြင့် အမတ်ကို ပါဠိဘာသာဖြင့် အမစ္စဟု ခေါ်၍ သင်္သကြိုဋ်ဘာသာအားဖြင့် အမတျာဟု ခေါ်ပေရာ၊ အမတျာမြို့ဟု ခေါ်ဆိုရင်းတွင် အ ကျေပြီးလျှင် မတျာမြို့၊ မတ္တရာမြို့ ဖြစ်လာသည်ဟုလည်းဆိုသည်။
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]မတ္တရာနယ်သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းပေသည်။ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ ရေလမ်းများဖြင့် ခရီးပေါက်သည်။ မတ္တရာမြို့မှ မန္တလေးသို့ မီးရထားလမ်း ဖောက်လုပ်ထားသည်။ ရွှေတချောင်း တူးမြောင်းတစ်လျှောက်မှလည်း မန္တလေးသို့ မော်တော်ကားလမ်းရှိသည်။ ထို့ပြင် ရှမ်းပြည်နယ်သို့လည်း ခရီးပေါက်သည်။ ရေလမ်းအားဖြင့် ရွှေတစ်ချောင်းတစ်လျှောက် မတ္တရာမြစ် (ချောင်းမကြီး) တစ်လျှောက်တွင် လှေများ၊ ဖောင်များ အသွားအလာများသည်။ မတ္တရာနယ်တွင် ထင်ရှားသော ဘုရားများမှာ မတ္တရာမြို့ရှိ ရွှေကူကြီးစေတီ၊မြို့ထောင့်ရွှေဂူဘုရား၊ ရွှေပုထိုးဘုရား၊ ရွှေဒါလီဘုရား၊ ပန်းယျရွာရှိ ရွှေသစ္စာရဘုရား၊ နှစ်ဆယ့်လေးဆူဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရှစ်မျက်နှာစေတီနှင့် ရွှေညောင်တော် စေတီ၊လွန်တောင်းရွာရှိ ရွှေမုဋ္ဌောစေတီနှင့် ရွှေဘုံသာစေတီ၊ တောင်ပြုန်းရွာရှိ ဆုတောင်းပြည့်စေတီ စသည်တို့ဖြစ်၏။ ဝါခေါင်လတွင် တောင်ပြုန်းနတ်ပွဲ ကျင်းပသောအခါ မြန်မာနိုင်ငံအနှံ့အပြားမှ လူအပေါင်းတို့ သွား ရောက်ကြလေသည်။ မတ္တရာမြို့နယ် အတွင်းရှိ စကျင်ရွာသည် ဘုရားဆင်းတုတော်များ သွန်းထု၍ သက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်ကြသည်။ စကျင်ရွာမှ သွန်းထု ထားသော အဘယလာဘမုနိ ဘုရားဆင်းတုတော်အား နေပြည်တော်တွင် ပင့်ဆောင် ကိုးကွယ်ထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)