မြင်းခြံမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြင်းခြံမြို့
မြင်းခြံဘူတာ
မြင်းခြံဘူတာ
မြင်းခြံမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြင်းခြံမြို့
မြင်းခြံမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°27′36″N 95°23′18″E / 21.46000°N 95.38833°E / 21.46000; 95.38833ကိုဩဒိနိတ်: 21°27′36″N 95°23′18″E / 21.46000°N 95.38833°E / 21.46000; 95.38833
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် မြင်းခြံခရိုင်
မြို့နယ် မြင်းခြံမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၄၉၆၂ ပေ (၁၅၁၂ မီတာ)
လူဦးရေ (၂၀၁၄) ၂၇၆,၀၉၆
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

မြင်းခြံမြို့သည် မန္တလေးတိုင်း အတွင်းရှိ မြင်းခြံမြို့နယ်၏ ခရိုင်ရုံးစိုက်ရာမြို့ တစ်မြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မျဉ်းကျန်မှ မြင်းခြံ ဖြစ်လာသည်ဟု ဆိုသည်။ ကုန်းဘောင်ခေတ်၊ ရွှေဘိုမင်း လက်ထက်တွင် လူကြီး လေးဦးတို့၏ ပိုင်နက်နယ်နိမိတ် လူသတ်မှု ဖြစ်များသည်။ သတ်သူမပေါ်လျှင် သက်ဆိုင်ရာ နတ်ရှင်သူကြီးသည် ငွေသုံးပိဿာ ပေးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် မည်သူ့နယ်ဖြစ်သည်ဟု သိရှိနိုင်ရန် မျဉ်းကြောင်းဆွဲလျက် သတ်မှတ်ကြသည်။ လူသေအလောင်း တွေ့ရှိရာနေရာသည် မျဉ်းဆွဲရာတွင် လွတ်ကျန်နေခဲ့သည်။ သူကြီးပိုင်နက်သတ်မှတ် မျဉ်းဆွဲရာတွင် ကျန်ရစ်သောကြောင့် မျဉ်းကျန်၊ ထိုမှတဆင့် မြင်းခြံ ဖြစ်လာသည်ဟု ဆိုသည်။[၁]

ဧရာဝတီမြစ်သည် ယခုတည်ရှိသည့် နေရာမှ အနောက်ဖက် ၆ မိုင် ကွာတွင် ကျ၍ ယခုပခုက္ကူခရိုင် ရေစကြိုမြို့နယ်အထိ ရောက်၏။ လက်ရှိမြင်းခြံမြို့ တည်ရှိသကဲ့သို့ပင် တောင်ဖက် စွန်းလွန်းချောင်း၊ မြောက်ဖက် ပြောင်းပြာချောင်းတို့၏ အကြားတွင် ရေလဲရွာ တည်ရှိ၏။ မြစ်၏ တစ်ဖက်တွင် ဆင်တဲရွာရှိ၏။ သက္ကရာဇ် ၁၁၉၉ ခုနှစ်(ခရစ် ၁၈၃၇)ကုန်းဘောင်ခေတ်မင်းခေတ်ရွှေဘိုမင်းလက်ထက်တွင် ရေလဲရွာအရှေ့ဖက် ကိုက် ၅ဝဝ ခန့် အကွာရှိ တောစပ်၌ လူတစ်ယောက်အား လူဆိုးတို့သတ်ဖြတ်ထားသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းရာ၊ သက်ဆိုင်ရာတို့က လာရောက်ကြည့်ရှုပြီးလျှင် လက်သည် ရှာသော်လည်းမတွေ့ဘဲရှိ၏။ လူသတ်ထားသော နေရာမှာ သူကြီး ၄ ဦးတို့၏ ပိုင်နက် နယ်နိမိတ်တွင် တည်ရှိ၏။ အကယ်၍ သတ်သူမပေါ်က သက်ဆိုင်ရာ နယ်ရှင်သူကြီးသည် ငွေ ၃ ပိသာ ပေးဆောင်ရမည် ဖြစ်သောကြောင့် သူကြီးအားလုံးကပင် ထိုလူသတ်မှု ဖြစ်ပွားသောနေရာမှာ မိမိတို့ ပိုင်နက်တွင် မကျရောက်ကြောင်း ငြင်းဆိုကြ၏။ သို့ဖြင့် သူကြီး ၄ ဦးတို့အား မိမိတို့ပိုင်သော နယ်ကို မျဉ်းဆွဲ သတ်မှတ်စေခဲ့ရာတွင် လူသတ်ထားသောနေရာသည် မျဉ်းဆွဲရာမှ လွတ်ကျန်နေခဲ့၏။ ရေလဲရွာတွင် သီလသမာဓိ သိက္ခာတို့နှင့် ပြည့်စုံသဖြင့် ရပ်သူရွာသားများ ယုံကြည်လေးစားခြင်းကို ခံရသော ပွဲစားကြီး ဦးပေဆိုသူ ပုဂ္ဂိုလ်တစ်ဦးရှိ၏။ ဦးပေသည် ထိုလူသေ အလောင်းရှိခဲ့ရာအရပ်တွင် ရွာတည်ခွင့်ပြုပါက မိမိကပင် ငွေ ၃ ပိသာ အလျော်ပေးဆောင်မည့် အကြောင်း လျှောက်ထားသောကြောင့် ထိုမြေကွက်ကို ဦးပေ ရရှိလိုက်၏။ ကာလအတန်ကြာသော် ဧရာဝတီ မြစ်ကမ်း ပြိုလေရာ၊ ရေလဲရွာသည် ကမ်းပြိုသည့် အထဲ ပါသွား၏။ သို့ဖြင့်မြစ်သည် အရှေ့ဖက် ယခု မြင်းခြံမြို့တည်ရှိရာသို့ ရောက်လာ၏။ ယခင် သူကြီးပိုင်နက် သတ်မှတ်မျဉ်းဆွဲရာတွင် ကျန်ရစ်သောကြောင့် ထိုနေရာရှိ မျဉ်းကျန်ဟု ခေါ်ဝေါ်သမုတ်ခဲ့၏။ မျဉ်းကျန် မှသည် ကာလရွေ့လျောလတ်သော် မြင်းခြံဖြစ်လာသည်ဟု ဆိုလေသည်။[၂]

တည်နေရာ[ပြင်ဆင်ရန်]

မြင်းခြံမြို့သည် မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော မြင်းခြံခရိုင်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိသော သင်္ဘောဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ ရန်ကုန်မြို့မှ ရေလမ်းအားဖြင့် ၅၁၅ မိုင်ခန့် ကွာလှမ်းလျက်၊ အထက် မန္တလေးမြို့နှင့် မိုင် ၈ဝ ခန့် ကွာဝေးသည်။ နွေအခါတွင် သင်္ဘောများသည် ဆိပ်ကမ်းနှင့် လှမ်းသောနေရာတွင်သာ ဆိုက်ကပ်နိုင်သည်။ မြင်းခြံမြို့သည် မိတ္ထီလာခရိုင် သာစည်မြို့မှ ခွဲထွက်လာသော သာစည် မြင်းခြံ မီးရထားလမ်း၏ အဆုံးဘူတာလည်း ဖြစ်သည်။ ထိုအပြင် ယခင်က မြင်းခြံမှ နွားထိုးကြီးမြို့ကို ဖြတ်လျက် ပလိပ်ဘူတာအထိ သွားသော မီးရထားလမ်း တစ်ခုရှိသည်။ မြင်းခြံ - နွားထိုးကြီး ကတ္တရာခင်းလမ်းသည် မိုင် ၂ဝ ရှိ၍၊ ကျောက်ဆည် ခရိုင်အထိ ၄၂ မိုင်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မြင်းခြံ ကျောက်ပန်းတောင်း ကတ္တရာခင်းလမ်းသည် ၅၉ မိုင်ရှိ၏။ မြင်းခြံမှ ညောင်ဦးသို့ ကတ္တရာခင်းလမ်းသည် ၅၉ မိုင်နှင့် ကျောက်ပန်းတောင်းမြို့မှ လမ်းခွဲ၍ ၃၄ မိုင်ရှိသည်။ မြင်းခြံမှ ကျောက်ပန်းတောင်းကို ဖြတ်လျက် မိတ္ထီလာနယ် စပ်အထိ ၈၁မိုင်ခန့်ရှည်သည်။ မြင်းခြံမှ မကွေးနယ်စပ် ပင်းချောင်းအထိ ၇၅ မိုင်ရှိသည်။ ကျောက်ပန်းတောင်းအနောက် မကွေးနယ်စပ်အထိ ဂွေးချိုလမ်းအတိုင် ၆၅ မိုင် ခန့်ရှိ၏။ မြင်းခြံမှ ဆီမီးခုံအထိ ကားလမ်း ၂၂ မိုင် ရှိသည်။ သို့ဖြင့် မြင်းခြံမြို့သည် ရေလမ်း၊ မော်တော်ကားလမ်း၊ မီးရထားလမ်းတို့၏ အချက်အခြာဒေသတစ်ခုဖြစ်သောကြောင့် လူနေများပြား၍ စည်ကားသော မြို့တစ်မြို့ ဖြစ်သည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

မြင်ခြံမြို့သည် အကျယ်အဝန်းအားဖြင့် ၃. ၇ စတုရန်းမိုင်ခန့်ရှိ၍၊ ၁၉၆၃ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၃၇,၈၅ဝ ယောက်ခန့်ရှိသည်။ မြို့ပေါ်တွင် ပြောင်းပြာ၊ ကွေ့ကြီး၊ ကန်ဦး၊ ကျည်တော်ရပ်၊ အေးကျင်းစသည်ဖြင့် ရပ်ကွက်ပေါင်း ၁၈ ခုရှိ၍ အိမ်ခြေပေါင်း၇,၅၆ဝ ခန့်ရှိသည် ။ ခရိုင်ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၊ ဆေးရုံများ၊ ထောင်၊ မျူနီစပယ်ရုံးနှင့် တိုက်တာ အဆောက်အအုံမျာ၊ ဆီစက်၊ သစ်စက်၊ ဝါစက်စသည်တို့ဖြင့် စည်ကားလှပေသည် ။ မြင်းခြံနယ်နှင့် မြို့ပေါ်တွင်ပါ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ဖြစ်၏။ ထိုကြောင့် ဘုရားကျောင်းကန်များပေါများသည်။ ထင်ရှားသော စေတီပုထိုးတို့မှာ ဆန္ဒတော်ပြည့်စေတီသံသရာအေးစေတီ၊ ရန်အောင်မြင်ဘုရား၊ ရွှေမြင်တင်စေတီတော်၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရှင်ပင်ရေပေါ်၊ ဘုရားသုံးဆူ စသည်တို့ဖြစ်၍၊ နှစ်စဉ်ဘုရားပွဲတော်များ အချိန်အခါအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ထိုပြင် ကိုးဆောင်ကျောင်းတိုက်၊ သုဓမ္မာကျောင်း၊ ဆုတောင်းပြည့် စာသင်တိုက် စသည့် ပရိယတ္တိ စာသင်တိုက်များနှင့် စွန်းလွန်းဂူကျောင်း၊ ရွှေမြင်တင် ကျောင်း၊ မဟာစည်သတိပဋ္ဌာန်ကျောင်းစသည့် ကမ္မဋ္ဌာန်းရိပ်သာများလည်း ရှိသည်။မြင်းခြံမြို့တွင် ဝါအမျိုးမျိုး၊ ပဲအမျိုးမျိုးရောင်းဝယ်ဖောက်ကားသည်။ ထိုပြင် ခြည်ကြမ်းထည်းများနှင့် ဆပ်ပြာများလည်းထွက်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်သန့်. မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)