ပခုက္ကူမြို့

ဝီကီပီးဒီးယား မှ
ပခုက္ကူမြို့
ဧရာအနောက် မြို့တော်
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ပခုက္ကူမြို့
ပခုက္ကူမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပခုက္ကူမြို့
ပခုက္ကူမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°20′N 95°05′E / 21.333°N 95.083°E / 21.333; 95.083ကိုဩဒိနိတ်: 21°20′N 95°05′E / 21.333°N 95.083°E / 21.333; 95.083
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်ပခုက္ကူ
လတ္တီကျု(၂၁)ဒီဂရီ၊ (၂၀)မိနစ်
လောင်ဂျီကျူ(၉၅)ဒီဂရီ၊ (၄)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ပခုက္ကူမြို့
လူဦးရေ ၃၂၀၀၀၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး၊ တိုင်းဒေသကြီး၏ အကြီးမားဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ ပခုက္ကူမြို့မှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်၏။ ပခုက္ကူခရိုင် ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး ဧရာအနောက်မြို့တော် ဟုလည်း ထင်ရှားသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက်တွင် တည်ရှိပြီး၊ ၁၁၅ မိုင်ခန့် ကွာဝေးသည်။ မြန်မာနိုင်ငံ၌ အရှည်ဆုံးတံတားဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) တည်ရှိရာမြို့လည်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် မကျရောက်မီ တံငါရွာကလေး တစ်ရွာသာ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ မြစ်ကမ်းပေါ်၌လည်း မတည်ရှိခဲ့ပေ။ ၁၈၈၅-ခုနှစ်တွင် ပခုက္ကူရွာကလေးနှင့် ဧရာဝတီမြစ်ကြီး အကြားရှိ ကျယ်ပြန့်သော သဲသောင်ကြီး ပျောက်ကွယ်သွားသည်။ မြစ်ကြောင်းသည် ပခုက္ကူရွာ ကလေးအနီး စီးဆင်းသွားပြီး ဆိပ်ကမ်းဖြစ်လာသည်။ ပခုက္ကူရွာကလေးကို အစွဲပြု၍ ပခုက္ကူမြို့ ဖြစ်လာသည်။[၁] ၁၈၈၇ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်တွင်ပခုက္ကူမြို့ကိုစတင်တည်ထောင်သည်။ ၁၈၈၈ခုနှစ်ဇူလိုင်လ (၂၁) ရက်တွင်ဗြိတိသျှအိန္ဒိယအစိုးရ၏အမိန့်ဒီဂရီ (၂၀၁) ကိုထုတ်ပြန်ကာ ပုဂံခရိုင်နှင့် ပုခန်းကြီးခရိုင်အားဖျက်သိမ်း၍ ပခုက္ကူခရိုင်ကိုတည်ထောင်စေခဲ့သည်။ ပခုက္ကူမြို့ကိုခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ပုခန်းကြီးမြို့ကို ခရိုင်မြို့အဖြစ်မှ ပုခန်းကြီးဆပ်ဒီဝီဇံ (ခရိုင်ခွဲမြို့) အဖြစ်သတ်မှတ်လိုက်သည်။ ပခုက္ကူခရိုင်လက်အောက်တွင် ပခုက္ကူခရိုင်ခွဲနှင့် ပုခန်းကြီးခရိုင်ခွဲဟူ၍ ခရိုင်ခွဲနှစ်ခုပါရှိသည်။

ပခုက္ကူခရိုင်ခွဲလက်အောက်၌ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့ပါဝင်ပြီး ပုခန်းကြီးခရိုင်ခွဲလက်အောက်၌ ပုခန်းကြီးမြို့နယ်နှင့် လင်းကတောမြို့နယ်တို့ ပါဝင်သည်။ ၁၈၉၆ခုနှစ်တွင် ပခုက္ကူဒေသ၊ ပုံတောင်ပုံညာတောင်တန်း၊ ချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ နာဂတောင်တန်း၊ ကချာနှင့်ဂျိန်းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းဒေသတို့ကို စုပေါင်း၍ ပခုက္ကူတောင်တန်းဒေသခရိုင်များပြည်နယ်အဖြစ် ဖွဲ့စည်း၍ ပခုက္ကူမြို့ကို ပြည်နယ်မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၀၁ခုနှစ်၊ သန်းခေါင်စာရင်းအရ ပခုက္ကူမြို့၏လူဦးရေ မှာ (၁၉,၄၅၆) ယောက်ဖြစ်သည်။ ၁၉၁၈ခုနှစ်တွင် အင်္ဂလိပ်အစိုးရ၏ ဝတ်စလီခရစ်ယာန်သာသနာပြုအထက်တန်းကျောင်း (ယခု-အလက-၃) နှင့်အပြိုင် ဗုဒ္ဓသာသနာ့ရက္ခိတအမျိုးသားအထက်တန်းကျောင်း (ယခု-အထက-၁) ကိုစတင်ဖွင့်လှစ်ခဲ့သည်။ ၁၂၈၁ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက်နေ့တွင် မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး)ကို စတင်တည်ထောင်ခဲ့သည်။ ၁၉၃၀ခုနှစ်အစောပိုင်းလများတွင် ဗြိတိသျှအိန္ဒိယနိုင်ငံနှင့် တွဲရေးခွဲရေးဆွေးနွေးပွဲများကို လော့ဒ်ဒါလဟိုဇီလမ်း (ယခု-ဗိုလ်ချုပ်လမ်း) ပေါ်ရှိ ရွှေကူဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။ ဆန္ဒခံယူပွဲကျင်းပရာတွင် အိန္ဒိယနှင့်တွဲရေးဘက်က ဆန္ဒမဲအများအပြားရရှိခဲ့သည်။

ပခုက္ကူမြူနီစပါယ်ရွေးကောက်ပွဲကို ၁၉၃၀ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက်နေ့တွင်ကျင်းပခဲ့သည်။ ၁၉၃၁ခုနှစ်၊ မတ်လ၂၂ရက်နေ့တွင် ပခုက္ကူမြို့တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာလူပေါင်း (၃၀၀၀) ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ နောက်နေ့မနက်တွင်လည်း ဖလန်းမင်းလမ်း (ယခု-ကျောင်းတော်ရာလမ်း) တွင်မီးလောင်ကျွမ်းပြန်သည်။ ထို့ကြောင့်ပခုက္ကူမီးသတ်တပ်ဖွဲ့ကို ၁၉၃၁ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။၁၉၄၃ခုနှစ်တွင် ပခုက္ကူမြို့တွင်ကမ်းပါးပြိုကျမှုများအကြီးအကျယ်ဖြစ်ပွားခဲ့ရာ ရွှေချောင်းချောင်းအရှေ့ဘက်တွင် မဟာဝန်ရှင်တော်မင်းကြီးရုံးနှင့်နေအိမ်အပါအဝင် ရွှေမုဌောဘုရားတောင်ဘက်ရှိလမ်း(၄)လမ်းအနက်(၂)လမ်းမှာပြိုကျသွားပြီး ချောင်းအနောက်ဘက်ခြမ်းတွင်လည်း ပခုက္ကူမြို့ကမ်းနားလမ်းနှင့်သားထုပ်ဂူရွာဟောင်းရပ်ကွက်မှာဧရာဝတီမြစ်ကမ်းပါးပြိုရာတွင်ပါဝင်သွားခဲ့သည်။၁၉၄၇ခုနှစ် ဩဂုတ်လ (၁၅) ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ လွတ်လပ်ရေးရလာခြင်းနှင့်အတူ ဗြိတိသျှအိန္ဒိယ-ပါကစ္စတန်နယ်နိမိတ်မျဉ်းဖြစ်သော မက်မဟွန်းမျဉ်းအရ ပခုက္ကူတောင်တန်းဒေသပြည်နယ်ကို ဖျက်သိမ်း၍ ပခုက္ကူ တောင်တန်းဒေသပြည်နယ်၏ ၃ပုံ၂ပုံမှာ ဗြိတိသျှဗမာနိုင်ငံမှဆွဲထုတ်ကာ အိန္ဒိယဓနသဟာယနိုင်ငံတွင် ပြောင်းလဲပါဝင်လာခဲ့၍ မဏိပူရပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ တြိပူရပြည်နယ်၊ နာဂလန်းပြည်နယ်နှင့်မီဂါလာယာပြည်နယ်တို့ဖြစ်လာခဲ့သည်။

လွတ်လပ်ရေးခေတ် - ပခုက္ကူတောင်တန်းဒေသကိုပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ကန်ပက်လက်၊ မင်းတပ် ဟူ၍မြို့နယ် (၁၀) ခုဖြင့် ဖဆပလအစိုးရကအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်ဟူ၍ ခရိုင်နှစ်ခုနှင့် ပခုက္ကူစီရင်စု၊ ဆိပ်ဖြူစီရင်စု၊ ဂန့်ဂေါစီရင်စုနှင့် မင်းတပ်စီရင်စုဟူ၍စီရင်စု (၄) ခုရှိခဲ့သည်။ ထို့ကြောင့်ပင် ပခုက္ကူတောင်တန်းဒေသ၏မြို့တော်ဖြစ်သော ပခုက္ကူမြို့ကိုချင်းဝိသေသတိုင်း၏မြို့တော်အဖြစ်ထည့်သွင်းပေးရေး ချင်းတိုင်းရင်းသားပါလီမန်ကိုယ်စားလှယ်များက အစဉ်တစိုက်တောင်းဆိုခဲ့ကြသည်။ ၂၂.၃.၁၉၄၉တွင် မတူပီမြို့နယ်ကို ကန်ပက်လက်ခရိုင်တွင် ဖွဲ့စည်းလိုက်ရာ မြို့နယ်(၁၁)ခုဖြစ်လာခဲ့သည်။ ပခုက္ကူမြို့ကို ၁၉၄၉ နှစ်ကုန် တွင်ကွန်မြူနစ်များက သိမ်းပိုက်ခဲ့ပြီး ၁၉၅၅ ခုနှစ်အထိအစိုးရတပ်များမှလက်လွှတ်ပေးခဲ့ရသည်။၁၉၅၈ ခုနှစ်တွင်ကန်ပက်လက်ခရိုင်ကိုဖျက်သိမ်းပြီးမင်းတပ်ခရိုင်ကိုဖွဲ့စည်းခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ပခုက္ကူမြို့တွင်ကမ်းနားလမ်းပြန်လည်ဖော်ဆောင်ရေးအတွက်မြစ်ကမ်းတလျှောက်ရှိ နေအိမ်များကိုအစိုးရမှ မြို့မြောက်ဘက်အပိုင်းတွင်မြေနေရာအစားပေး၍နစ်နာကြေးပေးကာပြောင်းရွှေ့စေခဲ့သော်လည်း နှစ်အတော်ကြာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများမရှိသောကြောင့် ကမ်းနားတလျှောက်တွင်ပြန်လည်အခြေချနေထိုင်မှုများရှိလာခဲ့သည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက်၁၉၇၄တွင် ပခုက္ကူတောင်တန်းဒေသကို ဖျက်သိမ်းပြီးပခုက္ကူခရိုင်ကို မကွေးတိုင်းအတွင်း ပေါင်းထည့်ခဲ့သည်။၂၀၀၃ ခုနှစ်အထိပခုက္ကူခရိုင်ကိုမြို့နယ် ၈ ခုဖြင့်ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်ဂန့်ဂေါခရိုင်ကိုမြို့နယ် ၃ မြို့နယ်ဖြင့်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့်ယနေ့ပခုက္ကူခရိုင်ကိုမြို့နယ် ၅ ခုသာဖွဲ့စည်းထားသည်။

ထင်ရှားကျော်ကြားသော ဘုရားများ[ပြင်ဆင်ရန်]

သီဟိုဠ်ရှင်ဘုရား[ပြင်ဆင်ရန်]

သမိုင်းကြောင်းအရ အလောင်းစည်သူမင်းကို သီဟိုဠ်ဘုရင်(သီရိလင်္ကာနိုင်ငံ)က ဆက်သခဲ့သော ရုပ်ပွားတော်မြတ်ဖြစ်သည်။ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်ဘုရားကို မြို့ခံများက ဘုရားကြီးဟုလည်း ခေါ်ဆိုပြီး အထူးထင်ရှားသည်။ အမှတ် ၁၅ မြစ်ကိုင်း (ခေါ်) မြစ်မကိုင်းအရပ်တွင် တည်ရှိသည်။ နှစ်စဉ်နှစ်တိုင်း နယုန်လတွင် ဘုရားပွဲတော် ကျင်းပလေ့ရှိပြီး အနယ်နယ် အရပ်ရပ်မှ (၁၂)ပွဲဈေးသည်များ၊ ဘုရားဖူးဧည့်သည်များဖြင့် ဘုရားပွဲတော်မှာ အလွန်စည်ကားလှပါသည်။ နာမည်ကျော် ဇာတ်အဖွဲ့များ၊ ဆပ်ကပ်အဖွဲ့များလည်း လာရောက် ဖြေဖျော်ကြသည်။

ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်[ပြင်ဆင်ရန်]

ဗိုလ်ချုပ်လမ်းမပေါ်တွင် တည်ရှိသည်။ ဘုရားဝန်းထဲတွင် ရုပ်ပွားတော်အနီးနားရှိ ရှေးဟောင်းအဖိုးတန် တံကဲတော်ကြီးကို စိတ်ဝင်စားဖွယ် တွေ့မြင်လေ့လာနိုင်သည်။ တံကဲတော်ဘုရား၏ နောက်ခံပလ္လင်တော်မှ သစ်ထွင်း ပန်းသားများအတွင်းတွင် ဇာတ်နိပါတ်အရုပ်များ တဆက်တည်း ထွင်းထုထားသော ပန်းပုလက်ရာမျိုး ဖြစ်သည်။ တံကဲတော်ကြီးကို ဆရာကံကြီးနှင့် သားဖြစ်သူမောင်တေတို့က ၁၂၆၉ ခုနှစ်မှာ လက်ခ ငွေဒင်္ဂါးပြား ၄၀၀၀ (ရွှေ ၂ ပိဿာတန်ဖိုးနှင့်ညီမျှ) ဖြင့် ၄ နှစ်ကျော်ထုလုပ်ခဲ့သည်။

ဖောင်တော်ဦးမြတ်စွာဘုရား[ပြင်ဆင်ရန်]

ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ပေါင်လောင်ရှင်ရ ဖောင်တော်ဦးလမ်း နှင့် သီတာလမ်း လမ်းဆုံတွင် တည်ရှိသည်။ သမိုင်းကြောင်းအရ ဖောင်တော်ဦးစေတီတော်ကို နရပတိစည်သူမင်းက တည်ထားခဲ့သည်။ ဖခမည်းတော် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာတွင် သုံးခဲ့သော သင်္ကနက်သား ဖောင်တော်မှ ဦးတုံး စကားတိုင်ကိုဖြတ်ကာ ဘုရားထုလုပ် ပူဇော်ရာမှ ဖောင်တော်ဦးဘုရားအဖြစ် ဘွဲ့နာမတော် ရရှိခဲ့သည်။ မူလတည်ရှိရာနေရာမှာ ငါ့သရောက်ကျေးရွာမှ ဘုန်းကြီး နှစ်ပါးထံတွင် ဖြစ်သည်။ တိုင်းပြည်မငြိမ်သက်၍ ပခုက္ကူသို့ ပင့်ဆောင်ကာ ယခုနေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် တန်ဆောင်မုန်း လဆန်း ၈၊ ၉၊ ၁၀ ရက်များတွင် ဘုရားပွဲကျင်းပလေ့ရှိသည်။

ရွှေမုဋ္ဌောစေတီတော်[ပြင်ဆင်ရန်]

ပခုက္ကူမြို့နယ်၊ ကျွဲတဲအုပ်စု၊ရွှေချောင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိသည်။ စေတီတော်ကြီး၏ဂန္ဓာကုဋီတိုက်အတွင်းဘက်တွင် ဘုရားဒါယိကာ အသောက မင်းကြီး၏ ရွှေမုဋ္ဌောစေတီတော်ကို ဖူးတွေ့နိုင်သည်။

သံဃာစာသင်တိုက်များ[ပြင်ဆင်ရန်]

မြန်မာပြည်တွင် သံဃာထု ဒုတိယအများဆုံး သီတင်းသုံးရာ ပခုက္ကူတွင် မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်(အရှေ့တိုက်)၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်)၊ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) ဟူ၍ စာသင်တိုက်ကြီး ၃ တိုက်ရှိရာ ဗောဓိမဏ္ဍိုင်၊ မြတိုက်၊ မတ္တထောင် စသည့် စာသင်တိုက်ငယ်များ ရှိပြီး အခြား ကျောင်းတိုက်ငယ်များနှင့် ဆိုပါက သံဃာတော်ပေါင်း ၄ဝဝဝ ကျော်ရှိသည်။ [၂]

တက္ကသိုလ်များ၊ အခြေခံပညာသင်ကျောင်းများ[ပြင်ဆင်ရန်]

တက္ကသိုလ်၊ကောလိပ်များ[ပြင်ဆင်ရန်]

အခြေခံပညာကျောင်းများ[ပြင်ဆင်ရန်]

  • အခြေခံမူလတန်းကျောင်းများစွာ
  • အလယ်တန်းကျောင်း ၃ ကျောင်း
  • အထက်တန်းကျောင်း ၅ ကျောင်း


လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ပခုက္ကူမြို့သို့ ခရီးသွားနိုင်ရန် လေကြောင်း ရေကြောင်း ကုန်းကြောင်းများဖြင့် သွားလာနိုင်သည်။ လက်ရှိတွင် လေကြောင်းမှာ အသုံးပြုမှု နည်းပါးသဖြင့် ယာယီပိတ်ထားပါသည်။

ရေကြောင်း[ပြင်ဆင်ရန်]

ပခုက္ကူမြို့သည် ဧရာဝတီမြစ်​၏ အနောက်ဘက်ကမ်းတွင်တည်ရှိသောကြောင့် စက်လှေ၊သင်္ဘော များဖြင့် ခရီးသွားလာခြင်း၊ ကုန်စည်စီးဆင်းရေးများ လုပ်နိုင်သည်။ ပခုက္ကူဆိပ်ကမ်းသည်မြန်မာနိုင်ငံ၏တတိယမြောက်အရေးပါသောကုန်းတွင်းဆိပ်ကမ်းဖြစ်ပြီး အထက်မြန်မာနိုင်ငံ၏အကြီးဆုံးဆန်တင်ပို့ရောင်းချရာဆိပ်ကမ်းလည်းဖြစ်သည်။ ပခုက္ကူ သင်္ဘောဆိပ်သည် ဧရာဝတီတံတား (ပခုက္ကူ) အနီးတွင် တည်ရှိသည်။ NLD အစိုးရလက်ထက်တွင် မြန်မာပြည် ဧရာ၀တီမြစ် အတွင်း ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် စေရန် အလို့ငှါ အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ဖို့ မြို့ ၄ မြို့ လျာထားရာ ပခုက္ကူမြို့ လည်း အပါအဝင် ဖြစ်ခဲ့ပါသည်။ စစ်တပ်မှ အာဏာသိမ်းသဖြင့် စီမံကိန်း ရပ်တန့်ထားပါသည်။

လေကြောင်း[ပြင်ဆင်ရန်]

ပခုက္ကူလေဆိပ်အား ၂၀၀၅ ခုနစ်တွင် ဖွင့်လှစ်ခဲ့သည်။ လေယာဉ်ကွင်းရှိသော်လည်း ဖွင့်ပွဲလုပ်ပြီးနောက် အသုံးမပြုတော့ဘဲ ပစ်ထားခဲ့သောကြောင့် ပျက်စီးယိုယွင်းလျက်ရှိသည်။ ထို့ကြောင့် လေကြောင်းဖြင့် ခရီးသွားလိုပါက အနီးဆုံးလေဆိပ်ဖြစ်သော ညောင်ဦးလေဆိပ်ကို အသုံးပြုနိုင်သည်။

ကုန်းကြောင်း[ပြင်ဆင်ရန်]

ကုန်းကြောင်းအား ကားဖြင့်သော်လည်းကောင်း ရထားဖြင့်သော်လည်းကောင်း သွားလာနိုင်သည်။ ပခုက္ကူမြို့ ကားကြီးကွင်းသည် ပခုက္ကူမြို့​၏ ပင်မသွေးကြော လမ်းမကြီးဖြစ်သော မြို့မလမ်းနှင့် မြို့ပတ်လမ်း ဆုံ ရှေ့ဘက် ၁ ဖာလုံခန့်အကွာတွင် တည်ရှိသည်။ NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ပထမဆုံး အဆင့်မြင့်ကားကြီးကွင်း တည်ဆောက်ရန် မြေယာပြုပြင်မှုများ လုပ်နေစဉ် စစ်တပ်မှ အာဏာသိမ်းသဖြင့် စီမံကိန်း ရပ်တန့်ထားပါသည်။ ထို ကားကြီးကွင်းသစ်ဧ။် တည်နေရာမှာ ပခုက္ကူမြို့သစ်ရပ် ဘူတာကြီး အနီးတွင် ရှိပါသည်။ ပခုက္ကူဘူတာကြီးသည်လည်း မြို့သစ်ရပ် မန္တလေးသို့ သွားရာ ပင်မလမ်းကြောင်းဖြစ်သော ရေစကြိုလမ်းမဘေးဖက်ခြမ်းတွင် တည်ရှိသည်။ ပခုက္ကူဘူတာကြီးသည် မြန်မာနိုင်ငံ၏ မီးရထားတိုင်းရုံး(၁၀)ရုံးတွင် တစ်ခုအပါအဝင်ဖြစ်သော တိုင်းအမှတ်(၁၀)တိုင်းရုံး စိုက်ရာ တိုင်းအဆင့်ဘူတာကြီးဖြစ်သည်။

ပို့ဆောင်ရေး[ပြင်ဆင်ရန်]

ပခုက္ကူစာတိုက်ကြီး တည်ရှိသောကြောင့် အစိုးရစာတိုက်မှ တစ်ဆင့် ပို့ဆောင်နိုင်သည်။

ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ[ပြင်ဆင်ရန်]

ပခုက္ကူနယ်မှ အဓိက စိုက်ပျိုးရေး ထွက်ကုန်မှာ ဆေးရွက်ကြီး၊ ဗာဂျီးနီးယာ၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဖြစ်သည်။

စက်မှုလက်မှုထုတ်ကုန်များ[ပြင်ဆင်ရန်]

ပခုက္ကူနယ်တွင် ယက္ကန်းလုပ်ငန်း ထွန်းကားပြီး၊ ပခုက္ကူစောင်(ဝါဒစောင်)၊ ချည်ပုဆိုး၊ တံဘက်များ၊ လွယ်အိတ်များ ယက်လုပ်သည်။ ပခုက္ကူ သားရေဖိနပ်၊ ကတီပါဖိနပ်တို့မှာလည်း အရည်အသွေး ကောင်းမွန်သည်။ အစိုးရပိုင် စီးကရက်စက်ရုံများ၊ စက်ယက္ကန်း စက်ရုံများလည်းရှိသည်။ ယခင်က ပခုက္ကူ စက်မှုဇုံမှ ပခုက္ကူဂျစ်များလည်း ထုတ်လုပ်သည်။ ယခုခေတ် ပခုက္ကူတွင် ချည်မျှင်နှင့် အထည်စက်ရုံ ၊ ရေနံချက်စက်ရုံ ၊ အထည်ချုပ်စက်ရုံ ၊ စစ်တပ်ပိုင် လက်နက်စက်ရုံ အစရှိသဖြင့် စက်ရုံအများအပြား လည်ပတ်လျက်ရှိပါသည်။ ထို့အပြင် မြန်မာတနိုင်ငံလုံး အသုံးပြုလျက်ရှိသော ငွေစက္ကူများကိုလည်း ပခုက္ကူမြို့နယ်အတွင်းရှိ ဝါဇီစက်ရုံမှ ထုတ်လုပ်ပေးလျက်ရှိပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်သန့် ၏ မြန်မာ့ မြို့ရွာဒေသ ဝေါဟာရ(၂၀၀)
  2. http://www.mizzimaburmese.com/component/content/article/196----.html[လင့်ခ်သေ]