မြစ်သားမြို့

ဝီကီပီးဒီးယား မှ
မြစ်သားမြို့
မြို့
မြစ်သားမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြစ်သားမြို့
မြစ်သားမြို့
မြစ်သားမြို့တည်နေရာ
ကိုဩဒိနိတ်: 21°25′N 96°8′E / 21.417°N 96.133°E / 21.417; 96.133ကိုဩဒိနိတ်: 21°25′N 96°8′E / 21.417°N 96.133°E / 21.417; 96.133
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး
ခရိုင်ကျောက်ဆည်ခရိုင်
မြို့နယ်မြစ်သားမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၀၅ ပေ (၉၃ မီတာ)
လူဦးရေ (မတ် ၂၀၁၇)[၁]၁၈,၂၇၈
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မြစ်သားမြို့သည် မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ကျောက်ဆည်မြို့၏ တောင်ဘက် ၁၂ မိုင်အကွာတွင် ရန်ကုန် - မန္တလေး ကားလမ်းတို့ဆုံရာ ပန်းလောင်မြစ်၏ အထက်ဆုံးဆည်ဖြစ်သော ကင်းတားဆည်မှ ခွဲထွက်လာသော ပြောင်းပြာ မြောင်းမတော် အဆုံး၌ တည်ရှိသည်။ ထိုမြောင်းမတော်ကြောင့် တောင်သူလယ်သမားများ စိုက်ပျိုး လုပ်ကိုင် စားသောက်နိုင်ကြသည်။

ရန်ကုန် - မန္တလေး မီးရထားလမ်းသည် မြစ်သားမြို့ကို ဖြတ်သွားသဖြင့် မြို့နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ပိုင်း ခြားထားသကဲ့သို့ရှိနေ၏။ မြစ်သားမြို့တွင် အိမ်ခြေ ၃၉၃၃ ရှိပြီး လူဦးရေမှာ ၁၈,၂၇၈ ဖြစ်သည်။[၁]

မီးရထားလမ်း အရှေ့ဘက်ရှိ မြစ်သားမြို့နယ်မှာ မိုးအလွန်ပါးသော အရပ်ဖြစ်သော်လည်း ပန်းလောင်မြစ်မှ ရေသွယ်မြောင်းများဖြင့် ကောက်ပဲသီးနှံပင်များကို စိုက်ပျိုးနိုင်ကြသည်။ ထိုအပိုင်းမှာ မြေညီရပ်ဖြစ်၍ အရှေ့ဘက်တွင် ရှမ်းကုန်းပြင်မြင့်ရှိသည်။ မီးရထားလမ်း အနောက်ဘက် အပိုင်းတွင်ကား စမုန်မြစ်နှင့် စမာတူးမြောင်းတို့မှ ရေရသည်။

မြစ်သားမြို့၏ အကျယ်အဝန်းမှာ တောင်နှင့်မြောက် ၁ မိုင် ၂ ဖာလုံခန့်၊ အရှေ့နှင့် အနောက် ၆ ဖာလုံခန့်ရှိ၍မြေပြန့်အရပ်ဖြစ်၏။ ပန်းလောင်မြစ်သည် ပတ်ဝိုက်ကာ အရှေ့တောင်မှ အနောက်မြောက်သို့ စီးဆင်းသွားသည်။ မြို့နယ်ရုံးစိုက်မြို့ ဖြစ်သည်အလျောက် အစိုးရရုံးများ၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ ဆန်စက်များ စသည်တို့ ရှိသည်။ မြို့လယ် အရှေ့ဖျား၌ သီရိဓမ္မာသောကမင်းကြီး တည်ခဲ့သည်ဟုဆိုသော ရွှေမုဋ္ဌောစေတီတော်ကြီး တည်ရှိ၏။ နှစ်စဉ် တပို့တွဲ လဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၂ ရက်နေ့အထိ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိလေသည်။ မြစ်သားမှ မြင်းခြံသို့ မော်တော်ကားလမ်းရှိ၍ ၅၃ မိုင်ဝေးသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြစ်သားမြို့တည်နေရာဒေသသည် အနော်ရထာမင်းမတိုင်မီကတည်းက လူနေထိုင်မှု ရှိခဲ့ပြီး လယ်တွင်း ၁၁ ခရိုင်ဟု ခေါ်ဆိုခဲ့သည်။ ပုဂံခေတ် ရှေးမင်းများလက်ထက်က မြို့အမည်ကို မ္လစ်သာ ဟု ခေါ်ဆိုခဲ့သည်။ တငြိမ့်ငြိမ့် စီးဆင်းလျက်ရှိသော ပန်းလောင်မြစ်ကမ်းကို အမှီပြု၍ တည်ထားခြင်းကြောင့် "သာယာသည့် မြို့ဆိပ်ကမ်း" အနေဖြင့် ရည်ညွှန်းခဲ့သည်။[၁]

အနော်ရထာမင်းသည် ပန်းလောင်မြစ်နှင့် ဇော်ဂျီမြစ်ကို အခြေခံ၍ ဆည်များ တည်ဆောက်ခဲ့ရာ ပန်းလောင်မြစ်တွင် ကျီးမည်းဆည်တည်ဆောက်မည့် နေရာကို လက်ဆန့်တန်းညွှန်ပြ၍ မြစ်ကိုသားပြသည်ကို အစွဲပြု၍ "မြစ်သား" ဟု အမည်တွင်ခဲ့သည်ဟု ဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မြစ်သားမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ (PDF)။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့။ အောက်တိုဘာ ၂၀၁၇။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး[လင့်ခ်သေ]
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)