ဘန်ကောက်မြို့
ဘန်ကောက်မြို့ ကရုန်ဒေဝမဟာနဂိုရ် Krung Thep Maha Nakhon | |||
---|---|---|---|
အထူးအုပ်ချုပ်ရေးဧရိယာ | |||
![]() ဘန်ကောက်မြို့မြင်ကွင်း | |||
| |||
![]() ထိုင်းနိုင်ငံတွင်း ဘန်ကောက်မြို့တည်နေရာ | |||
ကိုဩဒိနိတ်: 13°45′N 100°28′E / 13.750°N 100.467°E[၁] | |||
နိုင်ငံ | ![]() | ||
ဒေသ | အလယ်ပိုင်းထိုင်းနိုင်ငံ | ||
တည်ထောင် | c ၁၅ ရာစု | ||
မြို့တော်အဆင့် | ၂၁ ဧပြီ ၁၇၈၂ | ||
Re-incorporated | ၁၃ ဒီဇင်ဘာ ၁၉၇၂ | ||
တည်ထောင်သူ | ရာမ ၁ | ||
အုပ်ချုပ်ရေးအဖွဲ့ | ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ | ||
အစိုးရ | |||
• အမျိုးအစား | အထူးအုပ်ချုပ်ရေးဧရိယာ | ||
• အုပ်ချုပ်ရေးမှူး | Chadchart Sittipunt (တစ်သီးပုဂ္ဂလ) | ||
ဧရိယာ[၁] | |||
• မြို့တော် | ၁၅၆၈.၇၃၇ စတုရန်းကီလိုမီတာ (၆၀၅.၆၉၃ စတုရန်းမိုင်) | ||
• မြို့ပြကြီး[၂] | ၇၇၆၁.၆ စတုရန်းကီလိုမီတာ (၂၉၉၆.၈ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၃] | ၁.၅ မီတာ (၄.၉ ပေ) | ||
လူဦးရေ (၂၀၁၀ သန်းခေါင်စာရင်း)[၄] | |||
• မြို့တော် | ၈၂၈၀၉၂၅ | ||
• သိပ်သည်းမှု | ၅၃၀၀/km၂ (၁၄၀၀၀/sq mi) | ||
• မြို့ပြကြီး | ၁၄၅၆၅၅၄၇ | ||
• မြို့ပြကြီး သိပ်သည်းမှု | ၁၉၀၀/km၂ (၄၉၀၀/sq mi) | ||
Demonym(s) | Bangkokian | ||
အချိန်ဇုန် | TST (UTC+7) | ||
စာပို့သင်္ကေတ | 10### | ||
ဧရိယာကုဒ် | ၀၂ | ||
ISO 3166 ကုဒ် | TH-10 | ||
ဝက်ဘ်ဆိုဒ် | bangkok.go.th |
ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သကဲ့သို့ မြို့တော်လည်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သော မဲနမ်မြစ်(ကျောက်ဖယားမြစ်) ၏ မြစ်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်ကွေ့မှ ၁၅ မိုင်ခန့် ကွာဝေးသည်။ မဲနမ်မြစ်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအတွက် ပင်မသွေးကြောသဖွယ် ဖြစ်ပေရာ နိုင်ငံ၏အလယ်ပိုင်းဒေသများနှင့် ထိုမြစ်ကြောင်းတလျှောက်မှ ရောက်လာကြသော ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သစ်စေ့၊ ငြုပ်ကောင်းစသည့် နိုင်ငံ၏ ထွက်ကုန်များကို ဘန်ကောက်မြို့၏ တဖက်ကမ်းရှိ ပင်လယ်သင်္ဘောဆိပ်ကမ်းမှတဆင့် နိုင်ငံခြားသို့ ပို့ရသည်။ ပိုး၊ ခြည်ထည်၊ စက်ကိရိယာ၊ ကုန်မာပစ္စည်းစသော သွင်းကုန်များကိုလည်း ဘန်ကောက်မြို့မှတဆင့် နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်အတွက် ဘန်ကောက်မြို့မှတဆင့် ဆောင်ရွက်ပေးရလေသည်။
ဘန်ကောက်မြို့ကို အနောက်ဘက်မှ ဖြတ်သန်းစီးဆင်းသွားသော မဲနမ်မြစ်၏ တဖက်တချက်မှနေ၍ သွယ်တန်းဖောက်လုပ်ထားသော တူးမြောင်းများစွာတို့သည် မြို့ကိုဖြတ်သန်း စီးဆင်းလျက် ရှိကြရာ၊ ထိုတူးမြောင်းများကို မြို့တွင်း ကူးသန်းသွားလာရေးအတွက်လည်း အသုံးပြုကြသည်။ မြို့တွင်း၌ ယင်းသို့သော တူးမြောင်းများ ရှိကြသဖြင့်လည်း ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ ဗင်းနစ်မြို့” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုတူးမြောင်းများထဲတွင် ဆင်းရဲသားများ နေထိုင်ကြသော လှေအိမ်များနှင့် ရေပေါ်ဆိုင်များလည်း ရှိကြသည်။
မြို့တော်နာမည် အပြည့်အစုံ
[ပြင်ဆင်ရန်]အမည်တွင် ထိုင်းသာသာအရ ကရုန် ဒေဝမဟာနဂရ အမရရတနကောသိန္ဒြ မဟိန္ဒြာယုဓျာ မဟာအတိလောကဘဝ နဝရတန ရာဇဌာနီ ပုရီရမ္မ ဥတ္တမရာဇနိဝေသန မဟာဌာန အမရဝိမာန အဝတာရဌိတ သက္ကဒတ္တိယ ဗိဿနိုးကြမ္မာ ပြသိဒ္ဓိ ဖြစ်သည်။ အများအားဖြင့် ကရုန်ဒေဝ (ဝါ) ကရုန်ထပ် ဟုခေါ်လေ့ရှိသည်။
အဓိပ္ပါယ်မှာ - "နတ်မြို့တော်၊ ကြီးမြတ်သော အမရမြို့ (မသေသူတို့၏ မြို့ကြီး)၊ တင့်တယ်သော ရတနာကိုးပါး မြို့တော်၊ ရှင်ဘုရင်၏ နန်းစံရာ၊ ဘုရင့်နန်းတော်များ တည်ရှိရာ၊ လူ့အသွင်ဖြင့် ရောက်ရှိစံမြန်းသော နတ်ဘုရားတို့၏ နေရာ၊ သိကြားမင်း၏ အလိုတော်အရ ဝိသုကမ္မ နတ်သား တည်ဆောက်အပ်သော မြို့တော်။" ဟူ၏
ရာသီဥတု
[ပြင်ဆင်ရန်]ဘန်ကောက်မြို့၏ ရာသီဥတုသည် အပူပိုင်းဇုန် ရာသီဥတုမျိုးဖြစ်၍ ပူပြင်းစိုစွတ် ထိုင်းမှိုင်းသည်။ မိုးရာသီသည် ဇူလိုင်လမှ အောက်တိုဘာလအထိ ဖြစ်၍ ဆောင်းရာသီသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီးလျှင် နွေရာသီသည် မတ်လမှ ဇွန်လအထိ ဖြစ်သည်။ ဆောင်းရာသီအခါ၌ပင် ချမ်းအေးလွန်းလှသည်ဟူ၍ မရှိပေ။
လူဦးရေနှင့် လူမျိုးများ
[ပြင်ဆင်ရန်]ဘန်ကောက်မြို့သည် ၁၀ စတုရန်းမိုင်ကျယ်ဝန်း၍ လူဦးရေ( ၁၉၅၈ ခုနှစ် ခန့်မှန်းချက်အရ) ၁.၇ သန်းခန့် ရှိသည်။ ထိုင်းဘုရင်မင်းမြတ် စံမြန်းရာ နန်းတော်ကြီးရှိသော နန်းမြို့သည် စတုရန်း ၁ မိုင်ခန့် ကျယ်ဝန်း၍ မြို့ရိုးပတ်လည် ဝိုင်းရံထားသည်။ ဘန်ကောက်မြို့သည် မူလက ခံတပ်မြို့ဟောင်းနေရာဖြစ်၍ ၁၇၈၂ ခုတွင်မှ ထိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ထားရှိပြီးလျှင် တိုးချဲ့ဆောက်လုပ် စည်ကားလာလေသည်။ ၁၇၉၂ ခုနှစ်မတိုင်မီက နန်းမြို့နေရာတွင် တရုတ်ကုန်သည်များ နေထိုင်ခဲ့သည်။
ပထမရာမဘုရင်မင်းမြတ်လက်ထက်တွင် ထိုနေရာ၌ နန်းတော်ဆောင်များ ဆောက်လုပ်ခဲ့ရာ နန်းတော် ၂ ဆောင်သာ ရှိတော့သည်။ နန်းမြို့အတွင်း မြောက်ဘက်၌ ယိုးဒယားမင်း အဆက်ဆက်တို့ ကိုးကွယ်သော ထင်ရှားကျော်ကြားသည့် မြသားဆင်းတုတော် တည်ရှိရာ မြဘုရားတန်ဆောင်း ရှိသည်။ မြဘုရား၏ တန်ဆောင်းနံရံတို့တွင် နိပါတ်တော်လာ ပန်းချီများနှင့် ရာမဇာတ်တော်လာ ပန်းချီခန်းများကို ယိုးဒယား အနုပညာဖြင့် ရှုမငြီးစရာ သရုပ်ဖော်ထားသည်။ ထိုနန်းမြို့တွင်း၌ပင် အမျိုးသားပြတိုက်၊ အမျိုးသားပိဋကတ်တိုက်၊ နန်းတွင်းသူ နန်းတွင်းသားတို့ နေထိုင်ရာအဆောက်အဦးများ ရှိလေသည်။
မြို့၏ ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဘန်ကောက်မြို့ပေါ်တွင် ဘုရားတန်ဆောင်းနှင့် ဘုန်းကြီးကျောင်းပေါင်း (၄၀၀) ကျော် ရှိပေရာ၊ ယင်းတို့မှ ပြောင်လက်သော စဉ့်အုတ်ကြွပ်မိုးများနှင့် သေးသွယ်ရှည်လျားပြီးလျှင် ဝင်းဝင်းလက်လက် ရှိနေသော စုလစ်မွန်းချွန်တို့ကို လေယာဉ်ပေါ်မှ မြင်ရလျှင် လှံကိုင်တပ်တတပ် ရပ်တည်နေသကဲ့သို့ ထင်ရသည်။ ယိုးဒယား ဗိသုကာလက်ရာတို့ဖြင့်ပြီးသော ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းနှင့် နန်တော်အဆောက်အအုံများကား တမျိုးတဖုံ တင်တယ်လှပေကြသည်။ မြန်မာဘုရား၊ ကျောင်းတန်ဆောင်းတို့တွင် ခြင်္သေ့ရုပ်နှင့် မကင်းသကဲ့သို့ ဘန်ကောက်မြို့မှ ဘုရားကျောင်း တန်ဆောင်းတို့၌ ခန့်ညားသော ဘီလူးရုပ်ကြီးများကို တွေ့ရတတ်သည်။
နန်းမြို့ရိုး၏ အပြင်ဘက်တွင်ကား ခေတ်မီတိုက်တာ အဆောက်အအုံများ၊ လမ်းကျယ်ကြီးများ၊ ပန်းဥယျာဉ်များနှင့် ခန်းနားသိုက်မြိုက် သပ်ရပ်လှပေသည်။ မြို့၏ အစည်ကားဆုံးနေရာမှာ နယူးရုဒ်လမ်းမကြီး ဖြစ်သည်။ နယူးရုဒ်လမ်းမကြီးအပြင် ယောဝရတ် လမ်းမကြီးနှင့် တရုတ်လူမျိုးများ အများအပြားနေထိုင်ရာ တရုတ်ရပ်ကွက် ဖြစ်သော ဆမ်ပင်းရပ်ကွက်တို့သည် အရောင်းအဝယ် အစည်ကားဆုံးဖြစ်သည်။ နိုင်ငံခြားထွက်ပစ္စည်း၊ နိုင်ငံခြားပစ္စည်းမျိုးစုံကို ရရှိနိုင်သည်။ တရုတ်၊ အိန္ဒိယ၊ ဥရောပ၊ အမေရိကန် စသော နိုင်ငံခြားဆိုင်ကြီး ကန္နားကြီးများလည်း ရှိသည်။ ဘန်ကောက်မြို့၏ ခေတ်အမှီဆုံး အလှအပ အသပ်အရပ်ဆုံး လမ်းမကြီးမှာ ရာဇဒမ္မာန်ရိပ်သာဖြစ်၍ ပါရီမြို့မှ လမ်းမကြီး တစ်ခုသဖွယ် ပြုပြင်ဖန်တီးထားသည်။ ထိုလမ်းမကြီး၏ အဆုံးတဖက်တွင် မြဘုရားတန်ဆောင်းရှိ၍ အခြားတဖက်ဆုံးတွင် သမကုန်း နန်းတော်ကြီး ရှိသည်။ ထိုနန်းတော်ကြီးကို ချူလာလောင်ကွန်းဘုရင် စတင်ခဲ့၍ ဝဇီရာ ဝုဓ(ဆဌရာမ) မင်းမြတ်က ၁၉၁၇ ခုနှစ်တွင် အပြီးသတ်သည်။ ကျောက်ဖြူသားဖြင့် အီတာလျံနေဆွန်း ပုံစံအတိုင်း ဆောက်လုပ်ထား၍ ခန့်ညားလှပသည်။ ယခုအခါ ပါလီမန် လွှတ်တော်အဖြစ် ပြုလုပ်ထားသည်။ ရာဇဒမ္မာန် ရိပ်သာကို မျက်နှာပြုလျက်ရှိသော အဆောက်အအုံများမှာ အစိုးရရုံးကြီးများ၊ ပထမတန်းစား ဟိုတယ်များနှင့် ရုပ်ရှင်ရုံများသာ ဖြစ်လေသည်။
မြို့နယ်များ
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တွင် မြို့နယ်အပေါင်း ၅၀ ခု ပါဝင်သည်။
ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ အုပ်ချုပ်ရေးနယ်မြေများအဖြစ် မြို့နယ်ပေါင်း (၅၀) ဖွဲ့စည်းထားပြီး၊ ၃၅ မြို့နယ်သည် ကျောက်ဖယားမြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိကြပြီး၊ ကျန်မြို့နယ် ၁၅ ခုသည် မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။
စဥ် | ထိုင်း | အင်္ဂလိပ် | မြန်မာ |
---|---|---|---|
1 | พระนคร | Phra Nakhon | ဖရားနခွန် |
2 | ดุสิต | Dusit | ဒူဆစ် |
3 | หนองจอก | Nong Chok | နောင်ကျောက် |
4 | บางรัก | Bang Rak | ဘန်ရက် |
5 | บางเขน | Bang Khen | ဘန်ခင် |
6 | บางกะปิ | Bang Kapi | ဘန်ကပီ |
7 | ปทุมวัน | Pathum Wan | ပထုမ်ဝန် |
8 | ป้อมปราบศัตรูพ่าย | Pom Prap Sattru Phai | ပေါမ်ပရာဖ်ဆတ္တရူဖိုင်း |
9 | พญาไท | Phaya Thai | ဖယာထိုင်း |
10 | ธนบุรี | Thon Buri | ထွန်ဘူရီ |
11 | บางกอกใหญ่ | Bangkok Yai | ဘန်ကောက်ယိုင် |
12 | ห้วยขวาง | Huai Khwang | ဟွေခွါန် |
13 | คลองสาน | Khlong San | ခလောင်းဆန် |
14 | คลองเตย | Khlong Toei | ခလောင်းသွယ် |
15 | บางกอกน้อย | Bangkok Noi | ဘန်ကောက်နွိုင် |
16 | บางขุนเทียน | Bang Khun Thian | ဘန်ခွန်ထီယန် |
17 | ภาษีเจริญ | Phasi Charoen | ဖာစီကျရွန်း |
18 | หนองแขม | Nong Khaem | နောင်ခဲမ် |
19 | ราษฎร์บูรณะ | Rat Burana | ရတ်ဘူရာဏ |
20 | ลาดกระบัง | Lat Krabang | လတ်ကရာဘန် |
21 | บางพลัด | Bang Phlat | ဘန်ဖလတ် |
22 | ดินแดง | Din Daeng | ဒင်းဒန် |
23 | บึงกุ่ม | Bueng Kum | ဘွန်းကွမ် |
24 | สวนหลวง | Suan Luang | ဆွမ်လွမ် |
25 | จตุจักร | Chatuchak | ကျသူကျက် |
26 | ดอนเมือง | Don Mueang | ဒွန်မောင်း |
27 | ราชเทวี | Ratchathewi | ရာချာထေဝီ |
28 | สาทร | Sathon | ဆာသွန် |
29 | พระโขนง | Phra Khanong | ဖရားခနောင် |
30 | มีนบุรี | Min Buri | မင်းဘူရီ |
31 | ลาดพร้าว | Lat Phrao | လတ်ဖရောင် |
32 | วัฒนา | Watthana | ဝတ်ထနာ |
33 | บางแค | Bang Khae | ဘန်ခဲ |
34 | หลักสี่ | Lak Si | လက်စီ |
35 | สายไหม | Sai Mai | ဆိုင်မိုင် |
36 | คันนายาว | Khan Na Yao | ခန်နာယော |
37 | สะพานสูง | Saphan Sung | စဖန်ဆုန် |
38 | วังทองหลาง | Wang Thonglang | ဝန်ထောင်လန် |
39 | คลองสามวา | Khlong Sam Wa | ခလောင်းဆမ်ဝါ |
40 | บางนา | Bang Na | ဘန်နာ |
41 | บางซื่อ | Bang Sue | ဘန်စိုး |
42 | ทุ่งครุ | Thung Khru | ထုံခရူ |
43 | บางบอน | Bang Bon | ဘန်ဘွန် |
44 | บางคอแหลม | Bang Kho Laem | ဘန်ခိုလဲမ် |
45 | ประเวศ | Prawet | ပရာဝတ် |
46 | ยานนาวา | Yan Nawa | ယန်နာဝါ |
47 | สัมพันธวงศ์ | Samphanthawong | ဆမ်ဖန်ထဝေါင် |
48 | ตลิ่งชัน | Taling Chan | သလိန်းချန် |
49 | ทวีวัฒนา | Thawi Watthana | ထဝီဝတ်ထနာ |
50 | จอมทอง | Chom Thong | ကျွမ်ထောင် |

အားကစား
[ပြင်ဆင်ရန်]
ဘောလုံးနှင့် မွှေထိုင်းလက်ဝှေ့တို့မှာ ဘန်ကောက်မှာ လူကြိုက်အများဆုံး အားကစားများ ဖြစ်ကြသည်။[၅] ဘန်ကောက်မြို့တွင် ထိုင်းလိဂ်တွင်ကစားလျက်ရှိသောမြောင်ထောင်ယူနိုက်တက်၊ ဘန်ကောက်ယူနိုက်တက်၊ ပေါ့ နှင့် ပုလိတယ်ရို အစရှိသော နာမည်ကြီး ဘောလုံးအသင်းများ အခြေစိုက်သည်။[၆][၇]
ပိုက်ကျော်ခြင်း ကစားခြင်းကို မြို့အနှံ့ကွင်းပြင်များတွင် ကစားကြသည်ကို တွေ့ရလေ့ရှိသည်။ ဘုရင် ချူလာလောင်ကွန်း လက်ထက်တွင် အနောက်တိုင်းကစားနည်းများ ခေတ်စားလာခဲ့သည်။ ဂေါက်သီးကစားနည်း ကို လူကုံထံ အသိုင်းအဝိုင်းများက အဓိက ကစားကြပြီး ဂေါက်ကွင်းများကိုလည်း ဘန်ကောက်မြို့တွင် အများအပြားတွေ့ရသည်။ ၂၀ ရာစုအလယ်ပိုင်းတွင် မြင်းပြိုင်ပွဲများ ခေတ်စားခဲ့သည်။
အားကစားကွင်းများ အများအပြားရှိသော်လည်း အမျိုးသားအားကစားကွင်းနှင့် ဟွာမက် အားကစားကွန်းပလက်စ်တို့မှာ အဓိကဖြစ်သည်။ ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈ နှင့် ၁၉၉၈ အာရှအားကစားပွဲများကို လက်ခံကျင်းပခဲ့သည်။ ၁၉၅၉ ခုနှစ်မှ စတင်၍ အရှေ့တောင်အာရှအားကစားပွဲတော် ကို အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံကျင်းပခဲ့သည်။
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]ဘန်ကောက်မြို့ရှိ မြစ်ချောင်းများကို ရှေးယခင်က အဓိကသယ်ယူပို့ဆောင်ရေးအဖြစ် အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ကားလမ်းများကို အသုံးပြုလာကြခြင်းကြောင့် တံတားများတည်ဆောက်လာခဲ့ကြသည်။ ချာရွမ်ခရမ်လမ်းရှိ တံတားသည် အနောက်တိုင်းနည်းပညာကို ပထမဆုံးအသုံးပြုပြီးတည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ၁၈၆၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထို့နောက် လမ်းကွန်ယက်ကို တဖြေးဖြေးချဲ့ထွင်လာခဲ့သည်။ အမြန်လမ်းများကြီးများမှ မြို့လည်ခေါင်မှ မြို့ပြင်သို့ ယာဉ်ကျောပိတ်ဆို့မှုကို ကျော်လွှားပြီး အလွယ်တကူရောက်ရှိနိုင်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်များတွင် ယာဉ်ကျောပိတ်ဆို့မှုများ စတင်ခဲ့သည်။
၁၈၉၃ခုနှစ်တွင် မြို့ပတ်ရထားလမ်းများ စတင်ခဲ့သော်လည်း ၁၈၉၄ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ လမ်းအလယ်ခေါင်သွား ဓာတ်ရထားများကိုသာ အသုံးပြုခဲ့သည်။ ၁၉၉၉ ခုနှစ်မှသာ ခေတ်မှီ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် စတင်နိုင်ခဲ့သည်။ ကျောက်ဖယားမြစ်နှင့် ချောင်း ၂ ခုမှ စက်လှေများဖြင့်လည်းကောင်း၊ အငှားကားများ၊ မော်တော်ဆိုင်ကယ်များနှင့် တုတ်-တုတ်ဟုခေါ်သော သုံးဘီးဆိုင်ကယ်များမှာ အသုံးပြုသူများပြားသည်။
ဘန်ကောက်မြို့ကို အခြားသောမြို့များနှင့် အဝေးပြေးလမ်းများ၊ မီးရထားလမ်းများနှင့်သာမက လေကြောင်းများနှင့် သွားလာနိုင်သည်။ ဘန်ကောက်တွင် နိုင်ငံတကာလေဆိပ် ၂ ခု တည်ရှိသည်။ ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင် ခွန်လုံထုံ ဆိပ်ကမ်းမှာ အရေးပါသည်။
ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့သည် သယ်ယူပို့ဆောင်ရေးအတွက် လမ်းများတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများအတွက် စီမံခန့်ခွဲရန် တာဝန်ရှိသည်။ အချို့သော သယ်ယူပို့ဆောင်ရေးစနစ်များအတွက် စီမံခန့်ခွဲရန်အတွက် သီးခြားအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။ ပြည်ထောင်စုအစိုးအရအဖွဲ့ကသာ ရန်ပုံငွေချထားခြင်းနှင့် မူဝါဒချမှတ်ခြင်းများ ပြုလုပ်သည်။
ကားလမ်းများ
[ပြင်ဆင်ရန်]
ကားလမ်းသည် ဘန်ကောက်မြို့၏ အသုံးအများဆုံး ဆက်သွယ်ရေးဖြစ်သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုကြောင့် မြို့မှာ သမရိုးကျလေးထောင့်စပ် မြို့တည်ဆောက်ပုံမဟုတ်တော့ပေ။ အဓိကလမ်းမကြီး ၄၈ လမ်းက မြို့၏ မတူညီသော နေရာများကို ချိတ်ဆက်ပေးထားသည်။ ကျောက်ဖယားမြစ်ကို တံတားများထိုး၍ မြို့ ၂ ဖက်ကို ချိတ်ဆက်မှုများ ပြုလုပ်ထားသည်။ ကားလမ်းကျပ်မှုများကြောင့် အမြန်လမ်းများ တည်ဆောက်ထားပြီး မြို့လယ်ခေါင်နှင့် မြို့ပြင် သွားလာရာတွင် ကားကျပ်တည်းမှုပြဿနာကို ရှောင်ရှားနိုင်ရန် ပြုလုပ်ပေးထားသည်။
၁၉၈၀ပြည့်နှစ်များတွင် ဘန်ကောက်မြို့ အလျှင်အမြန်တိုးတက်လာပြီး မော်တော်ကားပိုင်ဆိုင်မှု တိုးတက်လာကာ ၂၀၀၆ ခုနှစ်ထိ ယာဉ်ကျောပိတ်ဆို့မှု ပိုမိုများပြားခဲ့သည်။ ဘန်ကောက်မြို့တွင် ယာဉ်အစီးရေ ၄ သန်းနီးပါး ရှိသည်။ အဆိုပါ ယာဉ်ကျော်ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ မိုးပျံ အမြန်လမ်းများ တည်ဆောက်ခြင်း၊ အများပြည်သူသုံး ပို့ဆောင်ရေးစနစ် စတင်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယာဉ်ကျောကျပ်တည်းမှု ပြဿနာသည် အခုတိုင် တည်ရှိနေဆဲဖြစ်သည်။
ယာဉ်ကျောကျပ်တည်းမှုကြောင့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှု မြင့်တက်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်များတွင် စိုးရိမ်ရသောအခြေအနေထိ ရောက်ခဲ့သည်။ သို့သော် လောင်စာဆီအရည်အသွေး မြှင့်တင်ခြင်း၊ ကားမီးခိုးထုတ်လွှင့်မှု ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၀၀ခုနှစ်များတွင် လေထုညစ်ညမ်းမှုပြဿနာ အတော်အတန် ပြေလည်ခဲ့ရသည်။
ဘတ်စ်ကားများနှင့် အငှားကားများ
[ပြင်ဆင်ရန်]အောင်နိုင်မှုအထိမ်းအမှတ်ကျောက်တိုင် (Victory Monument)သည် ဘန်ကောက်မြို့၏ အဓိက သယ်ယူပို့ဆောင်ရေး အခြေစိုက်ရာဖြစ်သည်။ အဆိုပါနေရာတွင် ဘတ်စ်ကားများ၊ အငှားကားများ အများအပြားကိုတွေ့မြင်နိုင်သည်။
ဘန်ကောက်မြို့တွင် တစ်မြို့လုံးကိုလွှမ်းခြုံနိုင်သော ဘတ်စ်ကားကွန်ယက်ရှိသည်။ ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) သည် ဘတ်စ်ကားဝန်ဆောင်မှုကို တစ်ဦးတည်းလုပ်ကိုင်သည်။ ဘတ်စ်ကားလမ်းကြောင်းပေါင်း ၄၇၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် သီးသန့်ဘတ်စ်ကားလိုင်းကို စတင်ခဲ့သည်။ အဆိုပါလိုင်းသည် စီးပွားရေးအချက်အချာကျရာ စတွန် မှ မြို့အနောက်ဘက် ရာချာဖရက် အထိ ပြေးဆွဲသည်။
အငှားယာဉ်များကို ဘန်ကောက်မြို့၏ နေရာတိုင်းတွင် တွေ့ရသည်။ ၂၀၁၂ခုနှစ် ဩဂုတ်လထိ အငှားကား ၁သိန်းကျော်၊ အငှားမော်တော်ဆိုင်ကယ် ၆သောင်းနီးပါးနှင့် တုတ်-တုတ် (ခေါ်) သုံးဘီးဆိုင်ကယ် ၉ ထောင်နီးပါး ရှိသည်။ အငှားကားများကို မီတာဖြင့်လည်းကောင်း ညှိနှိုင်းဈေးဖြင့်လည်းကောင်း ငှားရမ်းနိုင်သည်။ သို့သော် လမ်းကြောင်းမသင့်လျှင် ကားဆရာမှ ငှားရန်ငြင်းဆန်မှုကြောင့် ရှိနိုင်သည်။ အငှားမော်တော်ဆိုင်ကယ်များကို ခရီးအကွာအဝေးအလိုက် ဆိုင်ကယ်သမားနှင့် ညှိနှိုင်းဈေးဖြင့် ငှားနိုင်သည်။ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် အငှားမော်တော်ဆိုင်ကယ်များကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်မှ အငှားမော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ခြင်းဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။
မီးရထားလမ်း
[ပြင်ဆင်ရန်]ဘန်ကောက်မြို့တော်သည် ထိုင်းနိုင်ငံတော် မီးရထားလုပ်ငန်း (State Railway of Thailand - SRT) က ပြေးဆွဲသည့် နိုင်ငံတော် မီးရထားကွန်ရက်၏ ဗဟိုအဆုံမှတ်အသစ်ဖြစ်သော ကရုန်ထေ့ပ် အဖီဝပ် ဗဟိုဘူတာရုံ (Krung Thep Aphiwat Central Terminal) တည်ရှိရာမြို့ ဖြစ်ပါသည်။ ရာစုနှစ်တစ်ခုကျော်ကြာ ဘန်ကောက်၏ ပင်မဘူတာရုံအဖြစ် တည်ရှိခဲ့သော ဟွာလမ်ဖုန် မီးရထားဘူတာရုံဟောင်း (Bangkok (Hua Lamphong)) ကိုလည်း ဆက်လက်အသုံးပြုလျက်ရှိပါသည်။ SRT သည် ကရုန်ထေ့ပ်အဖီဝပ်ဘူတာမှနေ၍ မြို့ချင်းဆက် ခရီးဝေးရထားများကို ပြေးဆွဲပြီး၊ အလုပ်ချိန်များအတွင်း မြို့ဆင်ခြေဖုံးဒေသများမှ မြို့တွင်းသို့ ပြေးဆွဲသော မြို့ပတ်ရထားများကိုမူ ဟွာလမ်းဖုံးဂ်ဘူတာမှ ဆက်လက်ပြေးဆွဲပါသည်။

ဘန်ကောက်မြို့တွင် အမြန်ပို့ဆောင်ရေးစနစ် လေးမျိုးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ၎င်းတို့မှာ ဘီတီအက်စ်မိုးပျံရထားလိုင်း (BTS Skytrain)၊ မြေအောက်/မြေပေါ် ရထားလိုင်း (MRT)၊ SRT ရထားနီလိုင်းများ (SRT Red Lines) နှင့် မြေပေါ်ပြေးဆွဲသော လေဆိပ်ရထားလိုင်း (Airport Rail Link) တို့ ဖြစ်ကြပါသည်။ ဘန်ကောက်၌ အမြန်ပို့ဆောင်ရေးစနစ်များ တည်ဆောက်ရန် ၁၉၇၅ ခုနှစ်မှစ၍ အဆိုပြုချက်များ ရှိခဲ့သော်လည်း [၁၄၈] ၁၉၉၉ ခုနှစ်တွင်မှ ဘီတီအက်စ်ကို စတင်လည်ပတ်နိုင်ခဲ့ပါသည်။
ဘီတီအက်စ်တွင် ဆူခူဗစ်နှင့် စီလုမ် ဟူ၍ လိုင်းနှစ်လိုင်း ပါဝင်ပြီး ဘူတာပေါင်း ၅၉ ခုနှင့် စုစုပေါင်းအရှည် ၆၈.၂၅ ကီလိုမီတာ (၄၂.၄၁ မိုင်) ရှိပါသည်။ [၁၄၉] MRT ကို ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် စတင်အသုံးပြုနိုင်ခဲ့ပြီး လက်ရှိတွင် မြေအောက်ရထားလိုင်းနှစ်လိုင်းဖြစ်သည့် အပြာရောင်လိုင်း (Blue Line) နှင့် ခရမ်းရောင်လိုင်း (Purple Line) တို့ ပါဝင်ရာ ဘူတာ ၅၃ ခုနှင့် အရှည်အားဖြင့် ၇၀.၆ ကီလိုမီတာ (၄၃.၉ မိုင်) ရှိပါသည်။ ထို့ပြင် မိုနိုရထားလိုင်းနှစ်လိုင်းလည်း ပါဝင်ရာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့သော အဝါရောင်လိုင်း (Yellow Line) နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သော ပန်းရောင်လိုင်း (Pink Line) တို့ ဖြစ်ကြပါသည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သော လေဆိပ်ရထားလိုင်းသည် မြို့လယ်ကို အရှေ့ဘက်ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆက်သွယ်ပေးပါသည်။ ယင်းလိုင်းတွင် ဘူတာ ၈ ခု ပါဝင်ပြီး ၂၈.၆ ကီလိုမီတာ (၁၇.၈ မိုင်) အရှည်ရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော SRT ရထားနီလိုင်း မြို့ပတ်ရထားများတွင် လိုင်းနှစ်လိုင်း ပါဝင်ရာ အနီရင့်ရောင်လိုင်း (Dark Red Line) နှင့် အနီနုရောင်လိုင်း (Light Red Line) တို့ ဖြစ်ကြပြီး လက်ရှိတွင် ဘူတာ ၁၄ ခုနှင့် အရှည် ၄၁ ကီလိုမီတာ (၂၅ မိုင်) ရှိပါသည်။
ကနဦးပိုင်း၌ ခရီးသည်အရေအတွက် နည်းပါးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နွန်ထဘူရီဒေသသို့ ပြေးဆွဲသော ခရမ်းရောင်လိုင်း စတင်ဖွင့်လှစ်သည်အထိ မြို့တွင်းပိုင်းကိုသာ ဝန်ဆောင်မှုပေးနိုင်ခဲ့သော်လည်း ယခုအခါ အဆိုပါစနစ်များသည် ခရီးသွားပြည်သူ အများအပြားအတွက် မရှိမဖြစ် လိုအပ်သော အခြေခံအဆောက်အဦများ ဖြစ်လာခဲ့ပါသည်။ ဘီတီအက်စ်၏ ၂၀၁၂ ခုနှစ်ပျမ်းမျှ နေ့စဉ်ခရီးစဉ်သည် ၆၀၀,၀၀၀ ခရီးစဉ် ရှိခဲ့ပြီး MRT တွင်မူ နေ့စဉ်ခရီးသည် ၂၄၀,၀၀၀ ရှိခဲ့ပါသည်။

၂၀၂၄ ခုနှစ် ကိန်းဂဏန်းများအရ ဘန်ကောက်မြို့တော်ဒေသ၏ မြန်နှုန်းမြင့် ရထားပို့ဆောင်ရေး မဟာစီမံကိန်း (Mass Rapid Transit Master Plan in Bangkok Metropolitan Region) အရ မြို့ပြအမြန်ပို့ဆောင်ရေးစနစ်၏ ကွန်ရက်ချဲ့ထွင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းတွင် ပင်မလိုင်းကြီး ရှစ်လိုင်းနှင့် ဆက်သွယ်ရေးလိုင်းခွဲ လေးလိုင်း ပါဝင်ပြီး စုစုပေါင်းအရှည် ၅၀၈ ကီလိုမီတာ (၃၁၆ မိုင်) ခန့် ရှိကာ ၂၀၂၉ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားရှိပါသည်။
ရေလမ်း
[ပြင်ဆင်ရန်]သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည့် အနေအထားမှ လျော့နည်းသွားခဲ့ပြီ ဖြစ်သော်ငြားလည်း၊ ရေကြောင်းပို့ဆောင်ရေးသည် ဘန်ကောက်မြို့နှင့် မြစ်ညာပိုင်းနှင့် မြစ်ကြောင်းအောက်ပိုင်းရှိ ပတ်ဝန်းကျင် ခရိုင်/မြို့နယ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါသည်။ နေ့စဉ် ခရီးသည်များအား ဝန်ဆောင်မှုပေးနေသည့် ရေယာဉ်လိုင်းများစွာ ရှိပါသည်။ ကျောက်ဖယား အမြန်သွားလှေလိုင်း (Chao Phraya Express Boat) သည် မြစ်ကြောင်းတစ်လျှောက် ဆိုက်ကပ်ရာ ၃၄ နေရာတွင် ရပ်နားပြီး ၂၀၁၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ပျမ်းမျှခရီးသည် ၃၅,၅၈၆ ဦးကို တင်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ထို့အတူ ပိုမိုသေးငယ်သော ခလောင်ဆန်ဆဲ့ပ် လှေဝန်ဆောင်မှု (Khlong Saen Saep boat service) သည် ဆန်ဆဲ့ပ် တူးမြောင်း (Saen Saep Canal) ပေါ်ရှိ ဆိုက်ကပ်ရာ ၂၇ နေရာတွင် ရပ်နားပြီး နေ့စဉ်ခရီးသည် ၅၇,၅၅၇ ဦးအား ဝန်ဆောင်မှုပေးပါသည်။ ခလောင်ဖာစီချာရိုအန် လှေဝန်ဆောင်မှု (Khlong Phasi Charoen boat service) သည် ဖာစီချာရိုအန် တူးမြောင်းပေါ်ရှိ ဆိုက်ကပ်ရာ ၂၀ နေရာတွင် ပြေးဆွဲလျက်ရှိပါသည်။ အမြီးရှည်လှေများ (Long-tail boats) သည် ကျောက်ဖယားမြစ်ပေါ်ရှိ ပုံမှန်ပြေးဆွဲသည့် လမ်းကြောင်း ၁၅ ခုတွင် ပြေးဆွဲလျက်ရှိပြီး မြစ်ကူးတို့ ၃၂ နေရာ၌ ပြေးဆွဲသည့် ခရီးသည်တင်ကူးတို့လှေများသည် ၂၀၁၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ပျမ်းမျှခရီးသည် ၁၃၆,၉၂၇ ဦးကို ဝန်ဆောင်မှုပေးခဲ့ပါသည်။
ဘန်ကောက်ဆိပ်ကမ်းကို ၎င်းတည်ရှိရာနေရာအမည်ဖြစ်သော ခလောင်ထေး ဆိပ်ကမ်း (Khlong Toei Port) အဖြစ် လူသိများပြီး ၁၉၄၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ချိန်မှစ၍ ၁၉၉၁ ခုနှစ်တွင် ရေနက်ပိုင်း လမ်ချဘန်း ဆိပ်ကမ်း (Laem Chabang Port) က ပင်မဆိပ်ကမ်းနေရာကို လွှဲပြောင်းရယူသည်အထိ ထိုင်းနိုင်ငံ၏ ပင်မနိုင်ငံတကာဆိပ်ကမ်း ဖြစ်ခဲ့ပါသည်။ ယင်းဆိပ်ကမ်းသည် အဓိကအားဖြင့် ကုန်စည်တင်ချဆိပ်ကမ်း ဖြစ်သော်လည်း ကုန်းတွင်းပိုင်းတွင် တည်ရှိသောကြောင့် တန်ချိန် ၁၂,၀၀၀ သို့မဟုတ် ထို့ထက်နည်းသော သင်္ဘောများသာ ဝင်ထွက်သွားလာနိုင်မှုကို ကန့်သတ်ထားပါသည်။ ၂၀၁၀ ဘဏ္ဍာရေးနှစ်၏ ပထမရှစ်လတာကာလအတွင်း အဆိုပါဆိပ်ကမ်းသည် ကုန်စည်တန်ချိန် ၁၁,၉၃၆,၈၅၅ တန် (၁၃,၁၅၈,၁၃၀ တန်) ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ ၎င်းပမာဏသည် နိုင်ငံ၏ နိုင်ငံတကာဆိပ်ကမ်းများအားလုံး၏ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းခန့် ရှိပါသည်။
လေကြောင်းလမ်း
[ပြင်ဆင်ရန်]ဘန်ကောက်မြို့သည် အာရှတိုက်၏ လေကြောင်းဆက်သွယ်ရေးအများဆုံး တည်ရှိနေရာ မြို့လည်း ဖြစ်သည်။ ဘန်ကောက်မြို့တွင် လေဆိပ် ၂ ခုရှိသည်။ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်သည်။ ၂၀၀၆ခုနှစ် သုဝဏ္ဏဘူမိလေဆိပ် စတင်ဖွင့်လှစ်စဉ်က ဒွန်မောင်းလေဆိပ်ဟောင်းကို ပိတ်ခဲ့သော်လည်း လေဆိပ်ခရီးသည် များပြားမှုများကြောင့် ဒွန်မောင်းလေဆိပ်ကို ၂၀၀၇ခုနှစ်တွင် ပြည်တွင်းခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၂ အောက်တိုဘာလတွင် တန်ဖိုးနည်းလေကြောင်းလိုင်းများအတွက် နိုင်ငံတကာခရီးစဉ်များကို သုဝဏ္ဏဘူမိမှ ဒွန်မောင်းသို့ပြန်လည်ပြောင်းရွေ့ခဲ့သည်။ သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၁၉ ခုနှစ်တွင် ခရီးသည် သန်း၆၀ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ၂၀၂၁ခုနှစ်တွင် ခရီးသည် သန်း၉၀ ဝန်ဆောင်မှုပေးနိုင်ရန် တိုးချဲ့လျက်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedBMA geo
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedTangchonlatip
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedSinsakul
- ↑ Table 1 Population by sex, household type and household by type, average size of private household by region and area: 2010။ Statistic tables, NSO website။ National Statistics Office။ 18 September 2012 တွင် ပြန်စစ်ပြီး။
- ↑ ศึกคอนเทนต์ กีฬาฟีเวอร์ สนั่นจอทีวี (in th)။ Positioning Magazine (16 April 2015)။ 14 March 2020 တွင် ပြန်စစ်ပြီး။
- ↑ Post reporters။ "Blemishes in the beautiful game"၊ 23 September 2012။
- ↑ "A year of unfulfilled expectations"၊ Bangkok Post၊ 13 October 2018။