မာတိကာသို့ ခုန်သွားရန်

မြန်မာပြည်ဖွား တရုတ်လူမျိုးများ

ဝီကီပီးဒီးယား မှ
(မြန်မာပြည်ရှိ တရုတ်လူမျိုး မှ ပြန်ညွှန်းထားသည်)
မြန်မာပြည်ဖွား တရုတ်လူမျိုးများ
緬甸華人
မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးနှင့် ၎င်း၏ဇနီး
လူဦးရေ စုစုပေါင်း
၃ သန်းကျော်ခန့် (၂၀၂၆ ခုနှစ် မြေပြင်အခြေအနေအရ ခန့်မှန်း)
အများစု နေထိုင်သည့် နေရာ
ရန်ကုန်မြို့မန္တလေးမြို့လားရှိုးမြို့တောင်ကြီးမြို့မူဆယ်မြို့ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းလား (အထူးဒေသ ၄)
ဘာသာစကား
မြန်မာဘာသာစကားတရုတ်ဘာသာစကား (မန်ဒရင်၊ ဟောက်ကျန့်၊ ကွမ်းတုန်၊ ယူနန်နီ)
ကိုးကွယ်မှု
ဗုဒ္ဓဘာသာ (မဟာယာနနှင့် ထေရဝါဒ)၊ နတ်ကိုးကွယ်မှု (တရုတ်ရိုးရာ)၊ ခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာ (ပန်းသေး)
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဟန်တရုတ်လူမျိုးကိုးကန့်လူမျိုးပန်းသေးလူမျိုး၊ အခြားတရုတ်-တိဗက်နွယ်လူမျိုးများ

မြန်မာပြည်ဖွား တရုတ်လူမျိုးများ (အင်္ဂလိပ်: Burmese Chinese)သည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပြင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်ကြသည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃% ခန့်ရှိသည်ဟု သိရသော်လည်း လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ အရေအတွက်ကွဲလွဲရခြင်းမှာ မိမိကိုယ်ကို ရှမ်းတရုတ်၊ ရှမ်းဗမာ စသည်ဖြင့် ပြောဆိုနေထိုင်သူများ ရှိခြင်းကြောင့်လည်းကောင်း၊[] ကပြားများနှင့် ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် ပြောင်းရွှေ့လာသူများသည် တရားဝင်သန်းခေါင်စာရင်းတွင် ပါဝင်ခြင်း မရှိခြင်းကြောင့်လည်းကောင်း ဖြစ်သည်ဟု ခန့်မှန်းရသည်။[]မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မြောက်ပိုင်း/ကုန်းတွင်းပိုင်း ဟန်တရုတ်အသိုက်အဝန်း အကြီးမားဆုံး တည်ရှိရာနိုင်ငံ ဖြစ်သည်။[]

မြန်မာနိုင်ငံ၏ ပင်မလူမျိုးစုကြီးများ နှင့် တရုတ်လူမျိုးများသည် မျိုးရိုးဗီဇဆိုင်ရာ နောက်ခံသမိုင်းကြောင်းအရလည်းကောင်း၊ တရုတ်-တိဗက် အုပ်စု အရလည်းကောင်း နက်ရှိုင်းစွာ နှီးနွှယ် ဆက်စပ်လျက်ရှိသည်။[]အဆိုပါ တရုတ်-တိဗက်နွယ် အုပ်စုချင်း အချင်းချင်းအကြား ရုပ်သွင်ဗေဒ၊ ယဉ်ကျေးမှု နှင့် ဘာသာဗေဒဆိုင်ရာ ဆင်တူနီးစပ်မှုများ ရှိနေခြင်းသည် သမိုင်းအစဉ်အဆက်တစ်လျှောက် ယူနန်နယ်စပ်ဒေသမှတစ်ဆင့် တရုတ်လူမျိုးများ မြန်မာ့မြေပေါ်သို့ အလုံးအရင်းဖြင့်သော်လည်းကောင်း၊ တဖြည်းဖြည်းချင်းသော်လည်းကောင်း ရွှေ့ပြောင်းအခြေချ လာရာတွင် အဓိက အထောက်အပံ့ဖြစ်စေခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသော တရုတ်နွယ်ဖွားများသည် ဒေသခံတိုင်းရင်းသား လူထုအတွင်းသို့ လူမှုစီးပွားနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် လွယ်ကူချောမွေ့စွာ ပေါင်းစည်းဝင်ဆံ့ နိုင်ခဲ့ကြသည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံအတွင်းသို့ တရုတ်လူမျိုးများ ရွှေ့ပြောင်းအခြေချမှု သမိုင်းကြောင်းသည် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အေဒီ ၁၃ ရာစု ပုဂံခေတ်နှောင်းပိုင်း တရုတ်-မြန်မာ စစ်ပွဲများကတည်းက အစပြုခဲ့သည်ဟု ဆိုနိုင်သည်။

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တရုတ်တန်း (Chinatown) တွင် ကျင်းပသည့် ရိုးရာတရုတ်နှစ်သစ်ကူးပွဲတော် မြင်ကွင်း ဖြစ်သည်။ ပွဲတော်ရက်များအတွင်း လမ်းမတစ်လျှောက် အနီရောင်မီးအိမ်များ ဆွဲချိတ်ကာ ခြင်္သေ့အက၊ နဂါးအကများနှင့်အတူ အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ထို့နောက် အေဒီ ၁၅ ရာစုအစောပိုင်းတွင် မင်မင်းဆက် ၏ တတိယမြောက် ဧကရာဇ်ဖြစ်သူ ယုံလဲ့မင်းကြီး သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် နယ်စပ်ဒေသများအား ၎င်း၏ အာဏာစက်အောက်သို့ သွတ်သွင်းရန် ယူနန်ဒေသသို့ စစ်ချီခဲ့ရာမှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရှမ်းပြည်နယ်နယ်စပ်တခွင်သို့ တရုတ်လူမျိုးများ ပထမဆုံးအကြိမ်အဖြစ် တရားဝင် အခြေစိုက် စီးဝင်လာခဲ့ကြသည်[]။ အထူးသဖြင့် မင်မင်းဆက် ပျက်သုဉ်းခါနီး (အေဒီ ၁၇ ရာစု) တွင် မင်မင်းဆက်၏ နောက်ဆုံးဧကရာဇ် ယုံလီ (Yongli Emperor — ယုံလဲ့မင်းကြီး၏ နဝမမြောက် မြေးတော်) သည် မန်ချူး (ချင်းမင်းဆက်) တပ်များ၏ ဘေးရန်မှ တိမ်းရှောင်ရန် ၎င်း၏ နောက်လိုက်ဗိုလ်ပါ သောင်းချီနှင့်အတူ မြန်မာနိုင်ငံ (ကုန်းဘောင်ခေတ်အကြို အင်းဝခေတ်နှောင်းပိုင်း) ထဲသို့ ခိုလှုံဝင်ရောက်လာခဲ့သည်[]။ နောက်ပိုင်းတွင် မန်ချူးတို့၏ ဖိအားကြောင့် မြန်မာဘုရင်က ယုံလီမင်းကြီးအား ပြန်လည်အပ်နှံခဲ့ရသော်လည်း ၎င်း၏ နန်းတွင်းအမှုထမ်းများနှင့် စစ်သည်တော် အမြောက်အမြားမှာ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများတွင် ဆက်လက်ကျန်ရစ်ကာ ခိုလှုံအခြေချခဲ့ကြပြီး၊ ၎င်းတို့သည် ယနေ့ခေတ် တရားဝင် တိုင်းရင်းသားအုပ်စုဖြစ်သောကိုးကန့်လူမျိုး များ၏ ကနဦး ဘိုးဘွားဘီဘင်များ ဖြစ်လာခဲ့ကြသည်[]

သို့သော် အစုအဝေးလိုက် အခြေချနေထိုင်မှုမှာ ကုန်းဘောင်ခေတ်တွင် ပိုမိုထင်ရှားလာခဲ့ပြီး ယူနန်ပြည်နယ်မှတစ်ဆင့် ကုန်းလမ်းဖြင့် ဝင်ရောက်လာသော "ယူနန်နွယ်ဖွား တရုတ်လူမျိုးများ" သည် အထက်မြန်မာပြည်ရှိ ဗန်းမော်၊ အမရပူရနှင့် မန္တလေးမြို့များတွင် ကုန်သွယ်ရေးဗဟိုဌာနများ ထူထောင်ကာ အခြေချခဲ့ကြသည်။[]

တောင်ငူမြို့ရှိတရုတ်ဘုံကျောင်း

၁၉ ရာစုတွင် ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ရွှေ့ပြောင်းမှု ပုံစံသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး တရုတ်ပြည်တောင်ပိုင်းရှိ ဖူကျန့်နှင့် ကွမ်းတုန်းပြည်နယ်များမှ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများသည် ရေကြောင်းခရီးဖြင့် ရန်ကုန်နှင့် မော်လမြိုင်ကဲ့သို့သော ဆိပ်ကမ်းမြို့များသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။ ဤရေကြောင်းခရီးဖြင့် လာသူများကို "ပင်လယ်ရပ်ခြားတရုတ်" ဟု ခေါ်ဆိုကြပြီး ၎င်းတို့သည် ဆန်စပါး၊ သစ်နှင့် လက်လီကုန်သွယ်မှု လုပ်ငန်းများတွင် အဓိကကျသူများ ဖြစ်လာခဲ့ကြသည်။[]

ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးခေတ်ကာလများတွင် တရုတ်ပြည်တွင်းစစ်ကြောင့် ကွန်မြူနစ်ရန်မှ တိမ်းရှောင်လာသော တရုတ်ဖြူ (KMT) တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ရာ ၎င်းသည် ယူနန်နွယ်ဖွား တရုတ်လူမျိုးဦးရေကို ပိုမိုတိုးပွားစေခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၁၆၀ ပြည့်လွန်နှစ်များတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းယူခြင်းနှင့် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ အဓိကရုဏ်းများကြောင့် မြန်မာပြည်ဖွား တရုတ်လူမျိုး အများအပြားသည် စီးပွားရေးနှင့် လုံခြုံရေးအရ အခက်အခဲများ ကြုံတွေ့ခဲ့ရကာ အမေရိကန်၊ ထိုင်ဝမ်နှင့် ဩစတြေးလျနိုင်ငံများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ထွက်ခွာခဲ့ကြသည်။[၁၀]

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာခြင်းနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပွင့်လင်းလာမှုကြောင့် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးသစ် (New Migrants) များသည် အထက်မြန်မာပြည်သို့ တရားဝင်ရော တရားမဝင်ပါ ထပ်မံစီးဝင်လာခဲ့ကြပြန်သည်။ ဤလှိုင်းသစ်တွင် ပါဝင်သူများသည် မန္တလေးမြို့၏ စီးပွားရေးနှင့် အိမ်ခြံမြေကဏ္ဍတွင် ဩဇာလွှမ်းမိုးမှု ရရှိလာခဲ့ပြီး မြန်မာလူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှုနှင့် စီးပွားရေးအရ ပေါင်းစည်းနေထိုင်လာခဲ့ကြသည်။ ယနေ့ခေတ်တွင် မြန်မာပြည်ဖွား တရုတ်လူမျိုးများသည် ၎င်းတို့၏ မူလဇစ်မြစ်အလိုက် ဟောက်ကျန့်၊ ကွမ်တုံး၊ ဟတ်ကာ နှင့် ယူနန်နွယ်ဖွားဟူ၍ ကွဲပြားလျက်ရှိသော်လည်း မြန်မာ့လူမှုဘဝတွင် ပညာရေး၊ စီးပွားရေးနှင့် နည်းပညာကဏ္ဍများ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။[၁၁]

စီးပွားရေးနှင့် ပညာရေး

[ပြင်ဆင်ရန်]

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများစုကို မြန်မာပြည်ဖွား တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ်လုပ်ကိုင်ခြင်းများ ရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍတွင်လည်း အဓိကနေရာမှ ပါဝင်နေသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးအများစုသည် ပညာရေးကို အလွန်အလေးထားသဖြင့် အဆင့်မြင့်ပညာရေး (တက္ကသိုလ်ပညာရေး) အထိ ဆည်းပူးသင်ယူကြသောကြောင့် မြန်မာနိုင်ငံ၏ ပညာတတ်လူတန်းစားတွင် တရုတ်လူမျိုး အချိုးအစား များပြားလျက်ရှိသည်။

လူဦးရေ

[ပြင်ဆင်ရန်]

ယေဘုယျအားဖြင့် အောက်မြန်မာပြည်တွင် တရုတ်လူမျိုး အုပ်စု (၃)စုနေထိုင်ကြသည်။

  1. ဖူကျန့်ပြည်နယ် မှ ဟော့ကင်း လူမျိုး (အင်္ကျီရှည်၊ လက်ရှည်)
  2. ကွမ်တုန်းပြည်နယ် မှ ကွမ်တုံးလူမျိုး (အင်္ကျီတို၊ လက်တို)
  3. ဖူကျန့်နှင့် ကွမ်တုန်းပြည်နယ်မှ ဟတ်ကာလူမျိုး

မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများအနက် ဟော့ကင်း နှင့် ကွမ်တုံး တို့မှာ ၄၅ % ခန့်ရှိသည်။ [၁၂] ဟတ်ကာလူမျိုးများကိုမူ ၎င်းတို့၏ မူလဌာနေကို အစွဲပြု၍ ဖူကျန့် (福建省) မှလာသူကို အင်္ကျီရှည် ဟတ်ကာနှင့် ကွမ်တုံး (廣東省) မှလာသူကို အင်္ကျီတို ဟတ်ကာဟု ထပ်မံခွဲခြားထားသည်။ လူမှုစီးပွားရေး နောက်ခံအရ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးအစောပိုင်း ကာလများတွင် ဟော့ကင်း နွယ်ဖွားများသည် ကုန်သွယ်ရေးနှင့် ဆန်စပါးလုပ်ငန်းကြီးများတွင်လည်းကောင်း၊ ကွမ်းတုန်နွယ်ဖွားများသည် လက်မှုပညာနှင့် အသေးစားစက်မှုလုပ်ငန်းများတွင်လည်းကောင်း အဓိကပါဝင်လှုပ်ရှားခဲ့ကြသည်။[၁၂]

အထက်မြန်မာပြည်နှင့် ရှမ်းကုန်းပြင်မြင့်ဒေသတွင် အခြေချသည့် တရုတ်လူမျိုးအများစုမှာ ယူနန်ပြည်နယ်ဘက်မှ လာသည့် ယူနန်လူမျိုး၊ ပန်းသေးများ (ဟွေလူမျိုး) နှင့် ကိုးကန့်လူမျိုးများ အဓိကဖြစ်သည်။ တောင်တန်းဒေသများတွင် တောင်ယာလုပ်ငန်းနှင့် အသက်မွေးသည့် ကိုးကန့်လူမျိုးများမှာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည်။ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်ကတည်းကပင် ကာလရှည်ကြာစွာ အခြေစိုက်နေထိုင်ခဲ့ကြသည့် အစ္စလာမ်ဘာသာဝင် ပန်းသေး (ဟွေလူမျိုး) များကိုလည်း ဒေသခံများအဖြစ် ယူဆထားကြသည်။ ကိုးကန့်နှင့် ပန်းသေးများမှာ မြန်မာရှိ တရုတ်လူဦးရေ၏ ၂၁ % ခန့်ရှိသည်။[၁၂] ကျန်တရုတ်လူမျိုးများမှာ တရုတ်-မြန်မာ 'ကပြား'များ ဖြစ်ကြသည်။

တရုတ်ဘာသာစကားမျိုးကွဲများ

[ပြင်ဆင်ရန်]

နိုင်ငံတကာတွင် ပြောဆိုသော တရုတ်စကားကို မန်ဒရင် တရုတ်ဘာသာစကားဟု ခေါ်ဆိုလေ့ ရှိကြသည်။ ဟော့ကင်းစကား (Hokkien)၊ ကန်တုံစကား (Cantonese)၊ တီယိုချူးစကား (Teochew)၊ ဟတ်ကာစကား (Hakka)အပြင် အခြား ဒေသသုံး တရုတ်စကား အများအပြား ရှိသည်။

ကိုလိုနီခေတ်ကာလမှစ၍ အလုပ်အကိုင်နှင့် မြန်မာပြည်၌ နေထိုင်ရာဒေသကို အခြေပြု၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည် -

  1. လက်တို (ကွမ်တုန်းပြည်နယ်)
  2. ဟတ်ကာ - မေသျှမ်း (ကွမ်တုန်းပြည်နယ်)
  3. လက်ရှည် (ဖူကျန့်ပြည်နယ်)
  4. ဟုတ်ကျူး (ဖူကျိုးမြို့)
  5. ဟတ်ကာ (ဖူကျန့်ပြည်နယ်)
  6. ဟိုင်နန် (ဟိုင်နန်ကျွန်း)
  7. တရုတ်ဖြူ (တရုတ်သမ္မတနိုင်ငံ/KMT နွယ်ဖွား)
  8. ရှမ်းတရုတ် (ယူနန်ပြည်နယ်မှ တိုင်းရင်းသားစပ်)
  9. ပန်းသေး (ဟွေလူမျိုး မွတ်စလင်)

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

ဘာသာစကား

[ပြင်ဆင်ရန်]

မြန်မာရှိ တရုတ်များသည် များသောအားဖြင့် ဗမာစကားအား မိခင်ဘာသာစကားအဖြစ် ပြောဆို အသုံးပြုကြသည်။ တရုတ်ကျောင်းတက်သူများလည်း ရှိသောကြောင့် တရုတ်လို အလောတော် သို့မဟုတ် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း မနည်းပါ။ ဖူထုန်းဟွ (Mandarin) ခေါ် ရုံးသုံး တရုတ်စကားအပြင် အခြား ဒေသန္တရ ဘာသာစကားများ ဖြစ်သည့် ဟုတ်ကင် (မင်နန်) စကားကို အောက်မြန်မာပြည်တွင်လည်းကောင်း၊ ကန်တုန်စကားနှင့် ယူနန်စကားကို အထက်မြန်မာပြည်တွင်လည်းကောင်း ပြောဆို အသုံးပြုကြသည်ကိုလည်း တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် မန်ဒရင် အနွယ်ဝင်စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသည့် မြောက်ပိုင်း/ကုန်းတွင်းပိုင်း ဟန်တရုတ်အသိုက်အဝန်း အကြီးမားဆုံး တည်ရှိရာနိုင်ငံ ဖြစ်သည်[][၁၃]။ အရှေ့တောင်အာရှရှိ အခြားနိုင်ငံများ (ဥပမာ - ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်) တွင် ရှိသော တရုတ်နွယ်ဖွားအများစုသည် တရုတ်ပြည်အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသများမှ ပင်လယ်ရေကြောင်းဖြင့် ရွှေ့ပြောင်းလာကြသူများဖြစ်၍ ဟော့ကင်းကွမ်တုံးတီယိုချူး စသည့် တောင်ပိုင်းဒေသိယစကားများကိုသာ အစဉ်အလာအရ ပြောဆိုကြသော်လည်း၊ မြန်မာနိုင်ငံသည် တရုတ်ပြည်မကြီး နှင့် ကုန်းချင်းတိုက်ရိုက်ထိစပ်နေသဖြင့် ကုန်းလမ်းမှတစ်ဆင့် စီးဝင်လာသော ယူနန်နွယ်ဖွားများနှင့် ကိုးကန့်လူမျိုးများကဲ့သို့ အနောက်တောင်ပိုင်း မန်ဒရင် ပြောဆိုသည့် အသိုက်အဝန်းက အထက်မြန်မာပြည်တွင် ပိုမိုအားကောင်းလာခဲ့ခြင်း ဖြစ်သည်[၁၃][]

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈)အကြားတွင် တရုတ်ကျောင်းများအား ပိတ်ပင်ခဲ့သောကြောင့် တရုတ်စကား ပြောတတ်သူ လျော့နည်းခဲ့သည်။ သို့သော်လည်း ယနေ့ခေတ် ကမ္ဘာအဝှမ်းတွင် တရုတ်စာ၊ တရုတ်စကား အရေးပါလာသောကြောင့် မြန်မာနိုင်ငံတွင်လည်း တရုတ်ကျောင်း အရေအတွက် တိုးပွားလျက်ရှိသည်။ ယင်း တရုတ်ကျောင်းများတွင် တရုတ်လူမျိုးများသာမက ဗမာနှင့် အခြားတိုင်းရင်းသား လူမျိုးများပင် တက်ရောက်သင်ယူကြောင်း တွေ့ရှိရသည်။

ကိုးကွယ်ယုံကြည်မှု

[ပြင်ဆင်ရန်]
ပဲခူးမြို့ရှိ ကွမ်ယင်မယ်တော် ဘုရားကျောင်း
မန္တလေးမြို့ရှိ ယူနန်ဘုံကျောင်း

မြန်မာရှိ တရုတ်အများစုမှာ တာအိုဘာသာမဟာယာနဗုဒ္ဓဘာသာ ရောယှက်လျက် ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ ကွမ်ယင်မယ်တော်အား ကိုးကွယ်ခြင်းမှာ သိသာထင်ရှားသည့် သာဓက တစ်ခုဖြစ်သည်။ တရုတ်နှစ်ကူး ကဲ့သို့သော တရုတ်ရိုးရာ ပွဲတော်များကိုလည်း ဘုံကျောင်းများတွင် ကျင်းပလေ့ရှိသည်။ ဘုံကျောင်းများသည်လည်း မြန်မာရှိ တရုတ်များ စုဝေးရာ၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအား ထိန်းရှိမ်းရာ နေရာ ဖြစ်သည်။ ပန်းသေးများမှာမူ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

မြန်မာရှိ တရုတ်အများစုသည် မြန်မာအမည်ရော တရုတ်အမည်ပါ ရှိတတ်ကြသည်။ အချို့မှာ တရုတ်အမည်နှင့် အသံထွက် ဆင်တူသည့် မြန်မာအမည် မည့်တတ်ကြသည်။ တရုတ်တို့၏ ဓလေ့အရ မျိုးဆက်သစ်များအား ကင်မွန်းတပ်ရာတွင် မျိုးရိုးအမည်ကို ပထမဆုံး စာလုံးအဖြစ် ပေးလေ့ရှိသည်။ ရန်ကုန်မြို့ရှိ ဘုံကျောင်းတာဝန်ခံတစ်ဦး၏ အဆိုအရ ရန်ကုန်တွင် အတွေ့များသည့် မျိုးရိုးအမည်များမှာ လီ (李)၊ ဖုန် (彭)၊ ရှီ (時)၊ တုန် (董)၊ မင် (閔)၊ နျို (牛)၊ ပျဲန်း (邊)၊ ရှင်း (辛)၊ ကွမ်း (關)၊ ရွှီ (徐) နှင့် ကွာ (柯) တို့ ဖြစ်ကြသည်။

အစားအစာ

[ပြင်ဆင်ရန်]

မြန်မာပြည်တွင် တွေ့ရှိရသည့် တရုတ်ဟင်းလျာမှာ ဖူကျန့်၊ ကွမ်တုန်းနှင့် ယူနန်ပြည်နယ် ဟင်းလျာများမှ ဆင်းသက်လာသည်။ အောက်ဖော်ပြပါ အစားအစာများသည် မြန်မာ့နေ့စဉ် အစားအစာများဖြစ်လာသည့် တရုတ်အစားအစာများ ဖြစ်သည်။

မြန်မာရှိ ထင်ရှားသူ တရုတ်နွယ်ဖွားများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Hooker၊ Michael Barry (2002)။ Law and the Chinese in Southeast Asia။ Institute of Southeast Asian Studies။ ISBN 981-230-125-9
  2. "China's Ambitions in Myanmar"၊ July 2000။
  3. 1 2 Leo Suryadinata (1997)။ Ethnic Chinese as Southeast Asians။ Institute of Southeast Asian Studies။ pp. 20–25။ ISBN 981-3055-52-9
  4. Lieberman၊ Victor (2003)။ Strange Parallels: Southeast Asia in Global Context, c. 800–18301။ Cambridge University Press။ ISBN 978-0-521-80496-7
  5. Myint-U၊ Thant (2006)။ The River of Lost Footsteps: Histories of Burma။ Farrar, Straus and Giroux။ pp. 120-125။ ISBN 978-0-374-16342-6
  6. "The Luchuan-Pingmian Campaigns (1436–1449) in the Light of Official Ming Historiography" (2003). Oriens Extremus 44: 169–203.
  7. 1 2 3 Myint-U, Thant (2006). The River of Lost Footsteps.
  8. Yang၊ Li (2014)။ The House of Yang: Guardians of an Unknown Frontier။ BookBaby။ ISBN 9781483538440
  9. Hooker, Michael Barry (2002). Law and the Chinese in Southeast Asia.
  10. Fan, Hongwei (2012). The 1967 Anti-Chinese Riots in Burma.
  11. "China's Ambitions in Myanmar", Asia Pacific Media Services, 2000.
  12. 1 2 3 Mya Than (1997)။ Leo Suryadinata (ed.)။ Ethnic Chinese As Southeast AsiansISBN 0-312-17576-0
  13. 1 2 Chang၊ Wen-Chin (2014)။ Beyond Borders: Stories of Yunnanese Chinese Migrants of Burma။ Cornell University Press။ doi:10.7591/cornell/9780801452413.001.0001
  14. Kuppuswamy၊ C.S. (2004-09-11)။ MYANMAR: The shake- up and the fall out South Asia Analysis Group။
  15. Leong၊ S.T. (1997)။ Migration and Ethnicity in Chinese History။ Stanford University Press။
  16. Strachan၊ Paul (1989)။ Pagan - Art and Architecture of Old Burma။ Kiscadale။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]