မိုးညှင်းမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မိုးညှင်းမြို့
မြန်မာနိုင်ငံရှိ မြို့များ
မိုးညှင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုးညှင်းမြို့
မိုးညှင်းမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 24°47′N 96°22′E / 24.783°N 96.367°E / 24.783; 96.367
နိုင်ငံအမည်  မြန်မာ
ပြည်နယ် Flag of Kachin State.svg ကချင်
ခရိုင် မိုးညှင်း
လတ္တီကျု (၂၄)ဒီဂရီ၊ (၄၇)မိနစ်
လောင်ဂျီကျု (၉၆)ဒီဂရီ၊ (၂၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ မိုးညှင်းမြို့
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


မိုးညှင်းမြို့သည် ယခင်က မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်၊ မိုးကောင်းနယ်တွင် ပါဝင်၍ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က တိုက်နယ်ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုးညှင်းမြို့နယ် ဖွဲ့စည်းသည်တွင် မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လာသည်။ ၂၀၀၄-ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့ပြီး မိုးကောင်းမြို့နယ်ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ကာမိုင်းမြို့နယ်ခွဲ၊ ဟိုပင်မြို့နယ်ခွဲဟူ၍ မြို့နယ်ခွဲ ၂ ခုပါရှိသည်။

မိုးညှင်းမြို့(ခေါ်) မိုင်းယန်းသည် မွန်ဂိုတို့ လက်ထက် ၁၂၈၉-ခုနှစ်မှစ၍ ရှိနေကြောင်း သိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာ ဖော်ပြထား၏။ ဧရာဝတီနှင့် ချင်းတွင်းမြစ် နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီး တစ်ခုဖြစ်ခဲ့သည်။ အေဒီ ၁၄၁၆-ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာစော်ကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ [၁]

မိုးညှင်းမြို့သည် ယခုအခါ မြို့ကလေးသာဖြစ်သော်လည်း ရှေးအခါ ရှမ်းစော်ဘွားများ တန်ခိုးထွားစဉ်က မိုးကောင်းမြို့နှင့် တလှည့်စီဆိုသလို ရှမ်းမြို့ တော်ဖြစ်ခဲ့သည်။ မိုးညှင်းတရားမိုးညှင်းစလုံ တို့၏ နယ်မြေဒေသ ဖြစ်သည့်အလျောက် သမိုင်းဝင်သောမြို့ဖြစ်ပေသည်။ မိုးညှင်းမြို့သည် မန္တလေးမြစ်ကြီးနား မီးရထားလမ်းဘေးတွင် တည်ရှိ၍ မြစ်ကြီးနားနှင့် (၆၉)မိုင်မျှ ကွာဝေးသည်။ မိုးညှင်းမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ၁၉၆-စတုရန်းမိုင်၊ သူကြီးပိုင် ကျေးရွာအုပ်စု (၂၄)နှင့် လူဦးရေ ၅၅,၈၁၉ ယောက်ခန့်ရှိသည်။

မိုးညှင်းမြို့သည် တစ်ဖက်တစ်ချက်တွင်ရှိသော တောင် တန်းများအကြားရှိ မြေပြန့်တွင်တည်ရှိသည်။ မြစ်ကြီးနားခရိုင်၏ တောင်ဘက်အစွန်းလောက်တွင် ဂန့်ဂေါတောင်တန်းမှ ချောင်းဖျားခံကာ အရှေ့မြောက်ဘက်သို့ စီးဆင်းလာသော နမ့်ယင်းချောင်းသည် မိုးညှင်းမြို့တွင်းသို့ ဖြတ်သန်းစီးဆင်းလျက် မြို့ကို နှစ်ပိုင်းခြားလိုက်လေသည်။ မီးရထားလမ်းနှင့် စပါးစက်များမှာ ချောင်း၏ လက်ဝဲဘက်တွင်ရှိ၍ ရုံးများ၊ အထက်တန်းကျောင်း၊ ဆေးရုံနှင့် ဘုရား စသည်တို့မှာ ချောင်း၏ လက်ယာဘက်ဖြစ်သော မိုးညှင်းမြို့မတွင် တည်ရှိသည်။

ကမ်းနှစ်ဖက်ကို ကြိုးတံတားဖြင့် ဆက်သွယ်ထား၍ ထိုကြိုးတံတားပေါ်၌ ဂျစ်ကားနှင့်ဝန်တင်လှည်းများ ဖြတ်သန်းသွားလာနိုင်သည်။ မြို့၏အစွန် နောင်စွန်းရွာအနီးတွင်လည်း ရွာသူရွာသားများ ဦးစီးဆောက်လုပ်ထားသော သစ်သားတံတားတစ်ခု ရှိသေးသည်။


မိုးညှင်းမြို့သည် မကြီးလှသော်လည်း စပါးထွက်ရာ ဒေသ၏ အချက်အချာဖြစ်သည်။ နမ့်ယင်းချောင်း တစ်ဝိုက်တွင် မျိုးကောင်းစပါးထွက်သောကြောင့် မိုးညှင်းမြို့ပေါ်တွင် ဆန်စက် ကြီးငယ် ၈ လုံးရှိသည်။ ထိုပြင် မိုးညှင်းမြို့နယ်သည် ကျွန်းသစ်နှင့် အခြားသစ်ဝါးများ ပေါသောကြောင့် ယခင် စတီးဘရားသား၏ သစ်အလုပ်ဌာနခွဲ ရှိသည်။ ယခုအခါ လွှစက်တစ်ခုရှိသည်။ ကြံပင်များကိုလည်း စိုက်ပျိုး၍ သကြားစက်သို့ တင်ပို့သည်။ မီးရထားလမ်းပေါ်တွင် တည်ရှိသည့်အလျောက် လမ်းပန်းဆက်သွယ်ရေးတွင် မီးရထားကို အားထားရသည်။

မိုးညှင်းမြို့တွင်နေသူ အများစုမှာ ရှမ်းကပြားများနှင့် တရုတ်ကပြားများဖြစ်ကြပြီး ထေရဝါဒဗုဒ္ဓဝါဒီများ ဖြစ်ကြသည်။ ကချင်တို့မူ ကချင်တောင်ပေါ်တွင် အနေများသည်။ မြေပြန့်နေကချင်များတွင် ခရစ်ယာန် အယူဝါဒီများသည်။ အိန္ဒိယအမျိုးသား များလည်း အနည်းအကျဉ်းရှိသည်။ မိုးညှင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားမှာ ဦးရာဇိန် ဆရာတော် ကမကထပြု၍ တည်သည့် မြသိန်းတန် ဘုရားကြီးဖြစ်၍ ကြေးဆင်းတု ရုပ်ပွားတော်ဖြစ်သည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။ မိုးညှင်းမြို့ အပိုင်ဖြစ်၍ မိုးညှင်းမြို့နှင့် ၅ မိုင်ကွာလှမ်းသော ဘီလူးမြို့တွင် စောင်းတန်း ၄ သွယ်ရှိသော ရွှေဘုံသာစေတီရှိသည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။

ရာဇဝင်[ပြင်ဆင်ရန်]

မိုးညှင်းမြို့ကို သက္ကရာဇ် ၃ဝ၂(ခရစ် ၉၄ဝ) ခန့်က တည်သည်ဆို၏။ တည်သူမှာတရုတ် ဥတည်ဘွားနှင့် ကိန္နရာ ဒေဝီတို့၏မျက်မြင် သမီးတော်စောလှမှဖွားမြင်သော တတိယ သား ဖြစ်သည်။ သမီးတော် အရွယ်ရောက်ခါစတွင် ဖောင်နှင့် မျှောလိုက်ရာ ရှေးကခင်ပွန်းဖြစ်ခဲ့သော ကျားတစ်ကောင်နှင့် တွေ့ရှိသည်တွင် ကျားနှင့်သင့်၍ သား ၄ ယောက် ဖွားမြင်၏။ သားတော်များ အရွယ်ရောက်သောအခါ အဖိုးဖြစ်သူဥတည်ဘွား ထံ စေလွှတ်၏။ ဘိုးတော်က မြေးတော်အကြီးဆုံးအား မောင်း တစ်လုံး၊ ဒုတိယမြေးတော်အား ဓားမြှောင်၊ တတိယမြေးတော် အား ဗျိုင်းတစ်ကောင်ပေး၍ တိုင်းပြည်တည်ထောင်ရန် မှာကြား ၏။ မြေးတော် အငယ်ဆုံးကိုမူ အဖကျားထံသို့ ပြန်စေ၏။

တတိယမြေးတော် မင်းသားသည် ဘိုးတော် မှာသည့်အတိုင်း တိုင်းပြည်ထူထောင် မင်းပြုရန်လာသည်တွင် ယခု မိုးညှင်းမြို့ တည်ရာဒေသသို့ ရောက်ရှိသောအခါ ဗျိုင်းသည်ကျယ်လောင်စွာ အော်၏။ ယင်းဒေသတွင် မြို့တည်ထောင်၍ မိုင်းယန်းဟု အမည်ပေးသည်။ ဥဗျိုင်းမြို့ဟု အဓိပ္ပာယ်ရ၏။ နောင်သော် မိုင်းယန်းမှ မိုးညှင်းဖြစ်လာသည်ဟု ဆိုလေသည်။[၂]

ပုဂံနိုင်ငံတော်ပျက်သုန်းပြီးနောက်တွင် မောရှမ်းတို့အင်အားကောင်းလာချိန်တွင် မိုးညှင်း၊ မိုးကောင်းတို့အရေးပါလာသည်။ အင်အားကောင်းသည့်အခါ တောင်ဖက်သို့ဆင်းလာပြီး ပြည်မ(အင်းဝ)ကိုထိပါးသည်။ ထိုအချိန်တွင် အင်းဝတွင်စိုးစံနေသည့်မင်းများမှာလည်းရှမ်းမင်းများ(သို့မဟုတ်)ရှမ်းဗမာကပြားမင်းများဖြစ်ကြသည်။ မင်းကြီးစွာလက်ထက်တွင် မိုးညှင်းနှင့်ကလေးစစ်ဖြစ်ရာနှစ်ဖက်လုံးက အင်းဝဘုရင်ထံစစ်ကူတောင်းကြသည်။ အင်းဝမင်းက စစ်ကူမပေးဘဲထားပြီး စစ်ပန်းလာချိန်တွင် နှစ်နိုင်ငံလုံးကိုသိမ်းယူလေသည်။ ထို့နောက်ရှမ်းလူမျိုးတစ်ဦးကိုကျေးစားခန့်သည်။ မိုးညှင်းပုန်ကန်ပြန်သဖြင့် 'ငါသည်ရှမ်းကိုပင်ကျေးစားခန့်မိချေသဖြင့် မိုးညှင်းပုန်စားသည်' ဟု မင်းကြီစွာက မိုးညှင်းနှင့်အင်းဝနှစ်နိုင်ငံကြား နယ်ခြားမှတ်တိုင်များစိုက်ရန်စီစဉ်သည်။ အမတ်ကြီးဝန်ဇင်းမင်းရာဇာက မိုးညှင်းအင်အားနည်းနေသည်ကိုသိသဖြင့် နောင်တွင်သိမ်းပိုက်နိုင်ရန်အတွက် မှတ်တိုင်မစိုက်ပဲပြန်လာသည်။ သားဖြစ်သူ မင်းခေါင်လက်ထက်တွင် မိုးညှင်းကိုပြန်လည်သိမ်းယူခဲ့သည်။

မိုးညှင်းကိုအပိုင်စားရသော မိုးညှင်းသတိုးသည်နောင်အခါအင်းဝရွှေနန်းတွင် မိုးညှင်းမင်းတရားဟူသည့်အမည်ဖြင့်ဘုရင်ဖြစ်လာသည်။

မိုးညှင်းစလုံလက်ထက်တွင်သားဖြစ်သူသိုဟန်ဘွားနှင့်တပ်ကြီးချီလာပြီးအင်းဝကိုတိုက်ခိုက်ရာ အင်းဝမင်း ရွှေနန်းကျော့ရှင်ဆင်ပေါ်တွင်သေနတ်မှန်၍သေဆုံးလေသည်။ (မြန်မာ့သမိုင်းတွင်ပထမဆုံးသေနတ်မှန်၍သေရသောမင်းဖြစ်သည်။ ) စလုံနှင့်သားဖြစ်သူသိုဟန်ဘွားတို့သည်တောင်ဖက်သို့ဆက်လက်ချီတက်ပြီး ပြည်မြို့အထိသိမ်းယူသည်။ စလုံသည် သားဖြစ်သူ သိုဟန်ဘွားအား အင်းဝတွင်နန်းတင်ပြီး မိုးညှင်းသို့ပြန်ရာလမ်းတွင် မှူးမတ်များ၏လုပ်ကြံခံရသည်။ သိုဟန်ဘွားသည်လည်းရက်စက်ကြမ်းကြုတ်သောကြောင့် မင်ကြီးရန်နောင်ကလုပ်ကြံသုတ်သင်ခဲ့သည်။

ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် မိုးညှင်း၊ မိုးကောင်းတို့နှင့်တကွယင်းလက်အောက်ခံများဖြစ်သည့် မိုးဝန်း၊ စန္ဒား၊ လပြည့်ဝန်း၊ ကိုင်းမား တို့ကိုသိမ်းယူခဲ့ပြီး စော်ဘွားသေလျှင်ကျွန်များကိုသတ်၍ထည့်ရသော တရုတ်ထံမှရသည့် ဓလေ့ဆိုးကို တားမြစ်ခဲ့သည်။ အလေးတင်းတောင်းများကို ပြည်မနှင့်တစ်ညီတစ်ညွှတ်တည်းဖြစ်စေပြီး ဗုဒ္ဓဘာသာထွန်းကားရန်စေတီပုထိုးများတည်ခြင်း၊ ပိဋကတ်စာပေကျမ်းဂန်များ၊ သံဃာတော်များစေလွှတ်ခြင်းဖြင့် ရှမ်းနယ်များတွင် ဗုဒ္ဓသာသနာထွန်းကားစေခဲ့သည်။

ညောင်ရမ်းခေတ်နောက်ပိုင်းတွင် အင်းဝအားနည်းလာသဖြင့် မိုးညှင်း၊ မိုးကောင်းနယ်များသို့ တရုတ်ဩဇာသက်ရောက်လာသည်။ အလောင်းမင်းတရားလက်ထက်တွင် မိုးညှင်း၊ မိုးကောင်းတို့ကိုပြန်လည်သိမ်းယူခဲ့သည်။ ဆင်ဖြူရှင်လက်ထက်တရုတ်နှင့်စစ်ဖြစ်ချိန်တွင် မိုးညှင်း၊ မိုးကောင်းတို့သည်စစ်မြေပြင်များဖြစ်ခဲ့ကြသည်။ ဘိုးတော်ဘုရားလက်ထက်တွင်စော်ဘွားအုပ်ချုပ်ရေးကိုဖျက်သိမ်းပြီး မြို့ဝန်များထားရှိခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မိုးညှင်း၊ မိုးကောင်းတို့၏လက်အောက်ခံများဖြစ်သည့် မိုးဝန်း၊ စန္ဒား၊ လပြည့်ဝန်း၊ ကိုင်းမား နယ်များ တရုတ်အောက်ရောက်သွားခဲ့သည်။


ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)၊ ရှမ်းလူမျိုး၊ နှာ-၄၀၆။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)