သာစည်မြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
သာစည်မြို့
Skyline of သာစည်မြို့
သာစည်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သာစည်မြို့
သာစည်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°50′N 95°59′E / 20.833°N 95.983°E / 20.833; 95.983ကိုဩဒိနိတ်: 20°50′N 95°59′E / 20.833°N 95.983°E / 20.833; 95.983
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး
ခရိုင် မိတ္ထီလာခရိုင်
မြို့နယ် သာစည်မြို့နယ်
လူဦးရေ
 • ကိုးကွယ်မှု ဗုဒ္ဓဘာသာ
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

သာစည်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အရေးပါသော မီးရထား လမ်းဆုံမြို့ဖြစ်သည်။ မိတ္ထီလာခရိုင်သာစည်မြို့နယ်တွင် တည်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

သာစည်မြို့သည် ရန်ကုန်–မန္တလေးမီးရထားလမ်း၊ သာစည်–မြင်းခြံမီးရထားလမ်း၊ သာစည်–ရွှေညောင်မီးရထားလမ်းတို့ဆုံရာဖြစ်သည့်ပြင်၊ ရန်ကုန်–မန္တလေး မော်တော်ကားလမ်းမကြီးသည်လည်းကောင်း၊ မိတ္ထီလာမှ ရှမ်းပြည်နယ်တောင်ပိုင်းကိုဖြတ်၍ ထိုင်းနိုင်ငံနယ်စပ်အရောက် သွားနိုင်သော မော်တော်ကားလမ်းမကြီးသည်လည်းကောင်း၊ သာစည်မြို့ကိုဖြတ်သန်းသွားရလေသည်။

သာစည်မြို့သည် မိတ္ထီလာမြို့မှ အရှေ့ဘက် ၁၃ မိုင်ကွာဝေးသည်။ မီးရထားလမ်းအတိုင်း မန္တလေးမြို့မှ မိုင် ၈ဝ ကွာဝေး၍ရန်ကုန်မြို့ မှ ၃ဝ၆ မိုင်ကွာဝေးသည်။ မြို့နယ်၏နယ်နိမိတ်တို့သည် အရှေ့ဘက်တွင် ရှမ်းပြည်မှ သမခန်း နယ်၊ ကျုံးနယ်၊ ပွေးလှနယ်တို့နှင့်လည်းကောင်း၊ အနောက်ဘက်တွင် မိတ္ထီလာမြို့နယ်နှင့်လည်းကောင်း၊ ဆက်စပ် လျက်ရှိသည်။

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

သာစည်မြို့၏ တည်ရာအရပ်သည် ပင်လယ်ရေပြင်မှ ပေ ၆,ဝဝ ကျော်အထက်တွင်တည်ရှိလျက် ရွှေမင်းဝံ တောင်ရိုးတောင်တန်းအဆက်တစ်နေရာတွင်ရှိသည်။ မြို့နယ်၏ အနောက်ဘက်ပိုင်းသည် မြေပြန့်ဖြစ်သော်လည်း အရှေ့ပိုင်းသည် တောင်ခြေရင်းသို့ တစ်ဖြည်းဖြည်းမြင့်တက်သွားလေသည်။ မြို့နယ်၏အကျယ်အဝန်းသည် ၇၆၈ စတုရန်းမိုင်ဖြစ်သည်။

လူနေမှု[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ ၂၀,၅၆၁ ယောက်ရှိလေသည်။[၁] သာစည်မြို့နယ်တွင် ကျေးရွာပေါင်း ၁၆၉ ရွာပါဝင်သည်။ မြို့နယ်အတွင်း ၌လည်းကောင်း၊ မြို့ပေါ်၌လည်းကောင်း၊ လူအများစုသည် ဗုဒ္ဓဝါဒီမြန်မာလူမျိုးများဖြစ်ကြသည်။ မြို့နယ်၏အရှေ့ ဘက်ပိုင်းတွင် ဓနုလူမျိုး အဆက်အနွယ်များ ကိုတွေ့ရသည်။ ထို့ပြင် မင်းတုန်းမင်းလက်ထက်ကရှိခဲ့သော မွတ်စလင် တပ်စုတစ်စု၏ အဆက်အနွယ်များမှ ဆင်းသက်ပေါက်ပွားခဲ့သော မြန်မာ မွတ်စလင်အများအပြားကိုလည်း မြို့နယ် အတွင်း၌ တွေ့ရှိ ရလေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

သာစည်မြို့သည် ခရီးလမ်းဆုံကျသဖြင့် အရောင်းအဝယ်ကောင်းသည်။ နေ့စဉ်ဈေးရှိသည့်ပြင် မြို့နယ်၏ အရပ်ရပ်မှ ဈေးသည်ကုန်သည်တို့ ကုန်မျိုးစုံလာရောက် ရောင်းချသော ငါးရက်တစ်ဈေးလည်းရှိသည်။ ထို့ကြောင့် မြို့ပေါ်ရှိလူအများစုသည် ကုန်သွယ်စီးပွားရေးသမားများဖြစ်ကြ သည်။ ထို့ပြင် မီးရထားလမ်းဆုံဖြစ်သဖြင့် မီးရထား အလုပ်သမား ၁ဝဝဝ ကျော်မှီတင်းနေထိုင်သော အလုပ်သမား မြို့တစ်မြို့လည်းဖြစ်ပေသည်။

မြို့နယ်အတွင်း၌မူ လယ်ယာစိုက်ပျိုးရေးသည် အဓိက လုပ်ငန်းဖြစ်၍ ဆန်စပါးအပြင် နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ်စသော မိုးပါးရေရှားရပ်ဝန်း၏ အသီးအနှံများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ စိုက်ပျိုးလုပ်ကိုင်ရန် မိုးရေ ရှားပါးသဖြင့် မိတ္ထီလာကန်တော်ကြီး၊ မင်းလှကန်နှင့်ညောင်ရမ်းကန်ကြီးတို့ကို အားကိုးအားထားပြုကြရသည်။ ရှမ်းပြည်ဘက်မှလည်းကောင်း၊ အောက်ဘက်မှလည်းကောင်း လာသောသစ်များနှင့် ဆက်သွယ် လုပ်ကိုင်သော သစ် လုပ်ငန်းများလည်းရှိ၍ သာစည်မြို့နှင့် အနီးအနားတွင်သစ်စက်များရှိလေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သာစည်မြို့သည် မြန်မာမင်းများလက်ထက်အခါက အိမ်ခြေ ၁၅ အိမ်ခန့်မျှသာရှိသောမထင်မရှားသည့် ရွာငယ် တစ်ရွာမျှသာဖြစ်သည်။ သို့တိုင်အောင်ထိုခေတ်အခါကပင် ရှမ်းပြည်တောင်ပိုင်းနှင့် မြေပြန့်ဒေသတို့ အရောင်းအဝယ် ကူးလူးဆက်ဆံရေးတွင် ကွန်းခို၊ ကွန်းထောက်စခန်း ဖြစ်ခဲ့လေသည်။

ဗြိတိသျှတို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက်သည့် အချိန်တွင် သာစည်မြို့ဖြစ်လာမည့်အရပ်တွင် အိမ်ခြေစု သုံးစုကွဲလျက်ရှိသည်။ ယခုသာစည်မြို့၏အရှေ့ပိုင်းရပ်ကွက်သည် ထိုစဉ်ကအိမ်ခြေ ၁၅ အိမ်မျှသာရှိသော ကျွဲလည် ပင်းအရပ်ဟုခေါ်၍ တဝ ဂူဟုခေါ်ကြသော စေတီငယ် ဟောင်းတစ်ဆူရှိသည်။ ထိုအရပ်မှ အနောက်ဘက်နှစ်ဖာလုံခန့် အကွာ ယခုသာစည်ဈေး၏အရှေ့ဘက် မိတ္ထိီလာသွား မီးရထားလမ်းတစ်ဝိုက်တွင်အိမ်ခြေ ၁၅၂ဝ ခန့်ရှိ၍ သာစည် ရွာလေးဟုခေါ်သော အိမ်ခြေစုတစ်စုရှိသည်။ ယခုမြို့၏ အနောက်ပိုင်းထိန်ကန်ရပ်ကွက်တွင်အိမ်ခြေ ၁ဝ အိမ်ခန့်ဖြင့် အစုကလေးတစု ရှိပြန်လေသည်။

ဗြိတိသျှအစိုးရသည် ၁၈၈၆-၈၇ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်းသွားလမ်းကိုလည်းကောင်း၊ ၁၈၈၈ ခုနှစ် တွင်တောင်ငူမှ မန္တလေးသို့မီးရထားလမ်းကိုဖောက်လုပ်ရာ သာစည်မြို့တည်မည့်နေရာသည် လမ်းဆုံကျ၍နေလေ သည်။ ထို့ကြောင့် ထိုစဉ်က မိတ္ထီလာခရိုင်ဝန် မစ္စတာဂေယာသည် အိမ်ခြေသုံးစုကွဲနေသော သာစည်မြို့ဖြစ်လာ မည့်အရပ်ကို စုစည်း၍ မြို့တည်ရန် မြန်မာမင်းလက်ထက်တွင် အမှုတော်ထမ်းရွက်ခဲ့ကြသော မြန်မာမှူးကြီးမတ်ကြီး များနှင့် တိုင်ပင်ဆောင်ရွက်သည်။

မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်တွင် ဆိုခဲ့သောရွာသုံးရွာကိုစုပေါင်းပြီးလျှင် သီပေါမင်း၏ ဖိနပ်တော်ကိုင် ဖြစ်ခဲ့သူ ဦးသာဒွန်းကိုမြို့ပိုင်ခန့်၍ အုပ်ချုပ် စေသည်။ ဗြိတိသျှအစိုးရအား ထောင်ထားခြားနားခဲ့သော်လည်း နောင် တွင်လက်နက်ချခဲ့သူ ဆံမြိတ်ရှည်မောင်ကြီးသည် ပုလိပ်အင်စပတ်တော် အဖြစ်အမှုထမ်းရသည်။ ၁၂၅၄ ခုနှစ်တွင် မစ္စတာဂေယာသည် မြန်မာတပ်မတော်သားဟောင်းတစ်ဦးဖြစ်သူ ဦးမြိုင်အား မြို့သူကြီးခန့်၍ လမ်းများ၊ ရပ်ကွက် များကို စံနစ်တကျအကွက်ရိုက်စေသည်။

မူလရွာသုံးရွာအနက်မှ သာစည်ရွာကလေးသည် မိတ္တီလာ–မြင်းခြံ မီးရထားလမ်းဖောက်မည့်နေ ရာနှင့်မလွတ်သဖြင့် ရွာ၏အိမ်ခြေစုကို မြို့တောင်ပိုင်းကုန်း နေရာသို့ ရွှေ့ပြောင်းပေး၍ ထိုနေရာကို သာယာကုန်း ဟုခေါ်တွင်စေသည်။ မြို့ကွက်ရိုက်ပြီးနောက် လမ်းဖေါက်ပြီးသော် မြို့အမည်မှည့်ရန် တိုင်ပင်ကြသည်။ မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်ခန့်ကပင် ကျွဲလည်ပင်းရပ်ရှိတဝဂူစေတီငယ်နှင့် စပ်လျဉ်း၍ တပေါင်တစ်ရပ်ပေါ်ခဲ့လေသည်။ ထိုတပေါင်မှာ နှံပဲရွှေထီး ထွန်တုံးလောက်ကြီး၊ သာစည်မြို့ကြီးစည်လတ္တံဟူသတည်း။ ထိုစဉ်က တဝဂူစေတီတွင်သံထီးတော်မရှိ၊ စေတီတော်၏ ပိန္နဲတိုင်နေရာမှ နှံပဲပင်ပေါက်ရောက်နေရာ နှံပဲပင်၏အကိုင်း အခက်များသည် စေတီတော်အား ထီးသဖွယ်ဖြန့်မိုးလျက်ရှိသည်။ ထိုနှံပဲပင်၏ ပင်စည်ပင်လုံးသည်ထွန်တုံးခန့်ရှိလာလျှင် ထိုအရပ်ရှိ မြို့သည်သာယာ ဖွံ့ဖြိုးလာမည်ဟု ရှေးလူကြီးသူမတို့ ယူဆခဲ့ကြလေသည်။

ယင်းသို့ မြို့၏အမည်နာမကိုစဉ်းစားကြရာ ထိုအတိတ် တပေါင်ပေါ်ခဲ့ခြင်းကိုအကြာင်းပြု၍မြို့ ကွက်ရိုက် သောအခါက မြို့အလယ်ဗဟိုကျနေသော သာစည်ရွာကလေး၏ အမည်ကို ယူပြီးလျှင် သာစည်မြို့ဟုခေါ်တွင်ခဲ့သည်။

မြို့၏တည်နေရာသည် ကူးလူးသွားလာရေး အဆင်ပြေသဖြင့် မြို့၏အခြေအနေသည် တစ်စတစ်စတိုးတက် လာလေသည်။ သာစည်မှ ရှမ်းပြည်တောင်ပိုင်းသို့ လမ်းကောင်း ပေါက်သည့်ပြင် ၁၈၈၈ ခုနှစ်တွင် တောင်ငူမှမန္တလေး သို့ မီးရထားလမ်းဆက်၍ဖောက်ရာ သာစည်ကိုဖြတ်ကျော် သွားရသည်။ ၁၈၉၃ ခုနှစ်တွင် မီးရထားလမ်းတိုးချဲ့၍ မြင်းခြံသို့ လမ်းဖောက်ပြန်ရာ သာစည်သည်အရေးပါသော မီးရထားလမ်း ဆုံမြို့ဖြစ်လာလေသည်။

မြို့တည်ပြီးသောအခါ တဝဂူစေတီတော်ဟောင်းကို မြို့သူကြီးဦးမြိုင်ကကြီးမှူး၍ ရှိရင်းစွဲဉာဏ်တော် ခုနစ် တောင်မှ သံတောင် ၃ဝ အထိမြှင့်၍ပြုပြင်မွမ်းမံပြီးလျှင် နှံပဲရွှေထီးစေတီတော် ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြရာ ယခုထက် တိုင် သာစည်မြို့ထိပ် ရန်ကုန်–မန္တလေး မီးရထားလမ်း၏အရှေ့ဘက်၊ ရှမ်းပြည်သွားမော်တော်ကားလမ်း၏ တောင်ဘက်တွင် ကြည်ညိုဖွယ်ရာဖူးတွေ့နိုင်ပေသည်။

ထင်ရှားသော နေရာများ[ပြင်ဆင်ရန်]

သာစည်မြို့နယ်အတွင်း အခြားထင်ရှားသော စေတီ တော်တစ်ဆူမှာ သာစည်မြို့၏အနောက်မြောက် ဖက်သုံး မိုင်ကွာတွင်ရှိသော ရွှေယဉ်မြှော်စေတီဖြစ်ပေသည်၊၊ သာစည်မြို့ သည်ခရိုင်ခွဲရုံးစိုက်မြို့ဖြစ် သည်အားလျော်စွာ နယ်ပိုင် မြို့ပိုင်နှင့် တရားမတရားသူကြီးတို့၏တရားရုံးများ၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရုံး၊ သစ်တော ရုံး၊ စိုက်ပျိုးရေးရုံး၊ ပညာအုပ်ရုံး၊ အစိုးရအထက်တန်းကျောင်း၊ အလယ်တန်း ကျောင်းနှင့် မူလတန်းကျောင်းစသည့် အဆောက်အအုံများ ရှိသည့်အပြင် အရေးပါသောရထားလမ်းဆုံမြို့ဖြစ်သဖြင့် မီးရထား ဌာနအဆောက်အအုံများ လည်း အများအပြားရှိ လေသည်။

မော်တော်ကားလမ်းဆုံ၊ မီးရထားလမ်းဆုံဖြစ်သဖြင့် သာစည်မြို့သည် မြို့နယ်အတွင်းနှင့်မြို့နယ်အပသို့ ကူးလူး ဆက်ဆံရေးတွင် အဆင်ပြေပြေသွားလာဆောင်ရွက်နိုင်သော မြို့တစ်မြို့ဖြစ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း . နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန, ၅၈. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)