သက္ကရာဇ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Thakayit.GIF

သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို တစ်နှစ်ဟု သတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ်တစ်ဟု သတ်မှတ်သည်။

သက္ကရာဇ် ငါးမျိုး[ပြင်ဆင်ရန်]

(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅) ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမဘုရားရှင်၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။


(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သောအခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ သာသနာတော် အနှစ် (၅၀⁠၀၀)ကိုလည်း ထားတော်မူခဲ့သည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။


(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)

(၄) ခရစ်သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်ရသော နှစ်များ ဖြစ်သည်။

(၅) ခရစ်သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေတွက်ရသော နှစ်များ ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)


သက္ကရာဇ် ဖြိုခြင်း အစ[ပြင်ဆင်ရန်]

ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်⁠နှစ်ကို ဘိုးတော်အဉ္ဇဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။

အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ဝါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇- လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁- ခုနှစ်ဟု သတ်မှတ်ခဲ့သည်။

ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ် ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါ⁠ဒေါရသ (ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုမုန္ဒရဇ်(သရေခေတ္တရာ) သက္ကရာဇ်အဖြစ် မှတ်သားသုံးစွဲခဲ့ပြန်သည်။

သုမုန္ဒရဇ်သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခန်းဆပဉ္ဇာ ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ထိုအချိန်မှစ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာပြည် ဘုရင် သုမုန္ဒီရဇ်မင်း ဖြိုသော ၆၂၂ - ကို ပုပ္ပါးစောရဟန်းမင်း လက်ထက် ဖြိုသော ၅၆ဝ နှင့် ပေါင်းလျှင် ၁⁠၁၈၂ နှစ် ရပါသည်။ ယင်း ၁⁠၁၈၂ ကို လက်ရှိရောက်နေသော ကောဇာသက္ကရာဇ်တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင်ချိန်က စခဲ့သော သာသနာသက္ကရာဇ်ကို ရပါသည်။

ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်[ပြင်ဆင်ရန်]

ယခုအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်တို့မှာ ကွဲပြားခြားနားနေပြန်သည်။ ကောဇာသက္ကရာဇ်မှာ ၁၃၀ဝ ကျော်သာ ရှိသေးသော်လည်း သာသနာနှစ်မှာ ၂၅၀ဝ ကျော်နေပြီ ဖြစ်သည်။

ထိုသို့ ကွဲပြားခြားနားနေသည်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ပထမ သင်္ဂါယနာသော နှစ်ကို ပထမမူလ ဗုဒ္ဓသာသနာနှစ် (၁)ခုဟု သုံးစွဲခဲ့လေသည်။ ထိုစဉ်က သက္ကရာဇ် နှစ်မျိုး မရှိသေးချေ။

သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သုမုန္ဒီရဇ်မင်းလက်ထက်တွင် ဒေါ⁠ဒေါရသ (ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုံးစွဲခဲ့သောအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ် ဟူ၍(၂)မျိုး ကွဲပြားလာခြင်း ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကောဇာသက္ကရာဇ်ကို အစဉ်အမြဲသုံးစွဲပြီး သာသနာနှစ်ကိုကား အသိအမှတ်ပြုသည့် အနေဖြင့်သာ သုံးစွဲခဲ့လေသည်။

  • (ထိုင်းနိုင်ငံ ယိုးဒယားတွင် သာသနာနှစ်ကို သက္ကရာဇ်အဖြစ် သုံးစွဲပေသည်။)

သာသနာနှစ် သိလိုပါက ကောဇာသက္ကရာဇ် ကို (၁⁠၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန် ဖြစ်ပေသည်။

သက္ကကောဇာ၊ တည်ပြီးခါဝယ်၊ တစ်တစ်ရှစ်နှစ်(၁⁠၁၈၂)နှောတုံလစ်က၊ တိတ်ဖြစ်သာသနာ၊ မှတ်ကြရာ၏ဟုပညာရှိများ ညွှန်ကြားထား၏။ [၁]

အလွယ်ကူဆုံးမှတ်ရန်[ပြင်ဆင်ရန်]

  1. လက်ရှိ ခရစ်နှစ် က (၆၃၈) ကို နှုတ်လျှင် မြန်မာသက္ကရာဇ် ကို ရမည်။
  2. မြန်မာ ပြက္ခဒိန်နှစ် ကို (၁⁠၁၈၂) ပေါင်းပါက သာသနာနှစ် ကို ရမည်။


သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး[ပြင်ဆင်ရန်]

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။

  1. ရောက်ဆဲသက္ကရာဇ်တည်ရ-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
  2. ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊အကြွင်းမရှိပြတ်၊
  3. ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊အကြွင်းမရှိပြတ်။

သက္ကရာဇ်ဖြိုမင်း၊ ရ-စင်း၊ ဘယ်မင်းဘယ်ခါ ဖြိုသနည်း[ပြင်ဆင်ရန်]

ဤ၌ သက္ကရာဇ်ကိုဖြိုသွားကြသောမင်းနှင့် ကိန်းခမ်း ရသေ့ရဟန်း စသည်တို့၏ အမည်များကို ရာဇဝင် မဟာဝင် သာသနာဝင် ဆရာစဉ်တို့ မှတ်တမ်းမှ သုတေသနပြု၍ တွေ့ရှိသမှျဖြင့် ထုတ်ပြဖြေကြား သွားသည်၊ အမှားပါဝင်က အမှန်ကို လျင်စွာ ရှာကြပါကုန်။

(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ ``မဟာသုဒ္ဓဝယပ္ပ´´ဟူသော ပိဋကသင်္ချာနှင့်အညီ သက္ကရာဇ် (၁⁠၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။ ထိုနောက်-

(၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီသက္ကရာဇ် (၁၄၉၃၈၅၆၀) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။ ၎င်းးနောက်-

(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေဝီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ်ဏဝစန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။

ထိုနောက်မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသောအခါ သာသနာနှင့်ဂေါဇာနှစ် ညီစေရန်-

(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေဝီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။

ထိုနောက် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-

(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါ⁠ဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ်တို့ကိုဖြိုလိုက်ပြန် လေသည်။

ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-

(၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆ ပဉ္စန်း´´ ခေါ် နှစ်ပေါင်း (၅၆၀)တို့ကို ၂-ခုကြွင်းထားလျက်ဖြိုလိုက်ပြန်လေသည်။

ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ-

(၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌနဝ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြိုမကြေဟု ပညာရှိတို့ ဆိုကြကုန်၏၊

ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။[၂]

သက္ကရာဇ်[ပြင်ဆင်ရန်]

သာကမင်းဆက် (အိန္ဒိယမင်းဆက်)ကိုအကြောင်းပြု၍ သက္ကရာဇ်ခေါ်၏။ အချို့ဆရာတို့ကမူ သက္ကာရိယတေတိသက္ကာရိတော ဟုနှစ်အရေအတွက်ကို အရိုအသေပြု၍ မှတ်ခြင်း၊ တစ်နည်း သက္ကရာဇံဌိတံကတွာပြု၍သိကြားဟောယူသည်။ သက္ကရာဇိတ ကို သက္ကရာဇန ဟုပုဒ်ပြု၍လည်း သိကြားဟောမယူ၊ တတ်စွမ်းနိုင်သော ပညာရှိအစီအရင်ယူသည်။ ဤသို့ ကနီအတွင်းဝန်ရေး မကာရန္တဗေဒင်လက်ရိုး ဋီကာတွင် ဆိုလေသည်။

အိန္ဒိယနိုင်ငံသမိုင်းအရ 'သာကခေတ်'နှစ်မျိုးရှိ၏။ သာကခေတ်ဟောင်းသည် ခရစ်မပေါ်မီ၁၂၃ ခုနှစ် (ဘီစီ၁၂၃ခုနှစ်) မှစ၍ သာကခေတ်သစ်သည် ခရစ်ဖွားပြီး ၇၈ခုနှစ် (အေဒီ ၇၈) ခုနှစ်မှစ၍ ယူသည်။ ထို့ကြောင့် သက္ကရာဇ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၄၂၁ ခုနှစ်မှ ဖြစ်ပေါ်လာခဲ့သည်။ ထိုသက္ကရာဇ်မတိုင်မီတွင် 'ကလိယုဂ်နှစ်'၊ 'သာသနာနှစ်'စသည်တို့ဖြစ်ချေသည်။

သူရိယသိဒ္ဓန္တကျမ်း၏ နှစ်များမှာစတုယုဂ်တစ်ခုတွင် နှစ်ပေါင်း ၄၃၂ဝ⁠ဝဝ⁠ဝရှိ၍ ယုဂ်လေးပါး ပိုင်းခြားထား၏။ (၁)ကတယုဂ်-နှစ်၁ရ၂၈ဝ⁠ဝဝ (၂)တြေတာယုဂ်-နှစ် ၁၂၉၆ဝ⁠ဝဝ(၃) ဒွါပရယုဂ် -၈၆၄ဝ⁠ဝဝ (၄)ကလိယုဂ်-နှစ်၄၃၂ဝ⁠ဝဝ ဟုဆို၏။ ယခုမြန်မာနိုင်ငံ၌ အသုံးပြုနေသောသက္ကရာဇ်သည် ကလိယုဂ်နှစ်များမှ မင်းအဆက်ဆက် သက္ကရာဇ်ဖြိုခဲ့သောနှစ်ဖြစ်၏။ မြတ်စွာဘုရားဘိုးတော်အဉ္စနမင်းသည် ဒွါပရယုဂ်မှနှစ်ကျန် ၆၂၃၆ နှင့်ကလိယုဂ်မှနှစ်ကျန်၆၂၃၆နှစ်နှင့် ကလိယုဂ်ဆန်းနှစ် ၂၄ဝ၉ပေါင်း၍ ၈၆၄၅နှစ်ကိုဖြိုတော်မူသည်။ ထိုသို့ဖြိုပြီးနောက် မဟာသက္ကရာဇ် ၆၈ခုနှစ်တွင် မြတ်စွာဘုရားအလောင်းကို ဖွားမြင်တော်မူ၍ သက်တော် ၈ဝ၊ ဝါတော်၄၅၊ မဟာသက္ကရာဇ်၁၄၈ ခုနှစ်တွင် ဘုရားသခင် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ယင်းသည်နောက် အရှင်မဟာကဿပ အမှူးပြု၍ပထမသင်္ဂါယနာတင်ပြီးလျှင် အဇာတသတ်မင်းသည် မဟာ သက္ကရာဇ် ၁၄၈ခုနှစ်ကိုဖြိုတော်မူ၍ သာသနာ သက္ကရာဇ်ပြုတော်မူသည်။ ဤသက္ကရာဇ်ဖြိုခြင်းသည် ကိန်းခန်းများညီညွတ်ရန်မဟုတ်၊ သာသနာသက္ကရာဇ် ပြုရန်အတွက် ဖြိုခြင်းဖြစ်သည်။

ထိုနောက် သရေခေတ္တရာမင်းဆက် ၂၅ ဆက်မြောက်သုမုန္ဒြီမင်း လက်ထက်တော်၌ နက္ခန်ကိန်းခန်း ကျသဖြင့် ဒေါ⁠ဒေါရသ၊သာသနာသက္ကရာဇ်၆၂၂ ကိုဖြိုခဲ့၏။ ဤမင်းဖြိုနှစ်နှင့် တစ်ပြိုင်တည်းအိန္ဒိယနိုင်ငံ၌လည်း မယုရမင်းလက်ထက်တွင် နက္ခတ်ကိ်န်းခန်းအရ သက္ကရာဇ်ဖြို၍ 'သာကနှစ်'အစပြုခဲ့၏။ ထိုနောက် ပုဂံပြည်ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္စ၊ သက္ကရာဇ် ၅၆ဝကိုဖြိုခဲ့သည်။ ထိုနောက်သက္ကရာဇ် ၈ဝ⁠ဝပြည့်နှစ်ရောက်သောအခါ ရတနာပုရ အင်းဝပြည်တွင် မိုးညှင်းမင်း တရားလက်ထက်၌ သက္ကရာဇ်နှစ်ခုအကြွင်း ထားပြီးလျှင် အဋ္ဌနဝသတ္တ၊ သက္ကရာဇ် ရ၉၈ ကခုဖြိုခဲ့ရာ တွင်မအောင်မြင်ချေ။ သက္ကရာဇ်ဟောင်းအခေါ်မပျောက်။ မြန်မာတစ်နိုင်ငံလုံးပုဂံခေတ် သက္ကရာဇ်ကိုသာ ဆက်လက်၍ အသိအမှတ်ပြုခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။ ဤအခါမှစ၍ သက္ကရာဇ်ရှည် သက္ကရာဇ်တိုဟု သက္ကရာဇ်နှစ်ရပ်ဖြစ်ခဲ့သေး၏။ ယခုကောဇာသက္ကရာဇ်တွင် ၅၆ဝနှစ်နှောလျှင် သုမုန္ဒြီခေတ်သက္ကရာဇ်ရ၏။ ယင်းကို ၆၂⁠၂နှောလျှင် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးသည့်နောက် သာသနာနှစ်ဖြစ်၏။ ယင်းတွင် ၂၅⁠၅ရ နှစ်နှောလျှင် ကလိယုဂ်နှစ်ပေါင်းဖြစ်၏။ ပုံပမာ (၁) သက္ကရာဇ် ၁၃၂၄+၅၆ဝ=၁၈⁠၈၄-သုမုန္ဒြီသက္ကရာဇ်၊ အိန္ဒိယနိုင်ငံသုံး ပြက္ခဒိန်၏'သာကနှစ်'
(၂)သက္ကရာဇ် ၁၈⁠၈၄+၆၂၂=၂၅ဝ၆·သာသနာနှစ်၊(သီဟိုဠ်လူမျိုး တို့သည်သာသနာ သက္ကရာဇ် ကိုအသုံးပြုကြသည်။)
(၃) သာသနာနှစ် ၂၅ဝ၆+၂၅⁠၅ရ=၅ဝ၆၃ ကလိယုဂ်နှစ်၊(သူရိယ သိဒ္ဓန္တ ကျမ်းမှ နက္ခတ်တွက်ကိန်းများတွက်လျှင် ကလိယုဂ် နှစ်များကိုအသုံးပြုကြသည်။)
တစ်နည်းကား(၁) ကောဇာသက္ကရာဇ်တွင် ၁⁠၁၈၂ နှောလျှင်သာသနာနှစ်ဖြစ်၏။ (၂) ကောဇာသက္ကရာဇ်တွင် ၃ရ၃၉ နှောလျှင် ကလိယုဂ်နှစ်ပေါင်းဖြစ်၏။ သက္ကရာဇ်ဖြိုခြင်းအကြောင်းကား သက္ကရာဇ်အများထက် အနည်းကိုအလွယ်မှတ်သားစေရန်၊ ဝေါဟာရပြက္ခဒိန်တွင် တိထီနက္ခတ်ပုဏ္ဏမီ စသည်များသာမန် လထပ်ရက်ငင် ပြုသော်လည်းမညီညွတ်ခြင်း၊ နေကြတ်လကြတ်ဂြိုဟ်သွားတို့ တိမ်းစောင်းခြင်း စသောလက္ခဏာများပေါ်ပေါက်လျှင် တွက်ပုံကိန်း ခန်းများညီညွတ်စေရန်နှင့်ဝေါဟာရပြက္ခဒိန် စင်ကြယ်မှုရရှိစေရန် အုပ်ချုပ်သောမင်းများသည် နက္ခတ် ပညာရှိများနှင့်တိုင်ပင်နှီးနှောလျက် သက္ကရာဇ်များ ဖြိုသင့်ကဖြို၍ ကိန်းများညှိနှိုင်းပြုပြင်ရသည်။ ထိုပြင်တိုင်းပြည် အုပ်ချုပ်သောမင်းများ မိမိတို့၏ခေတ်ကို ရာဇဝင်တွင် အထင်အရှားရှိစေရန် သက္ကရာဇ်ကို ဖြို၍မိမိတို့အုပ်ချုပ်သောနှစ်မှ ခေတ်သစ်သက္ကရာဇ်များပြုကြသည်။

ဗေဒင်တွက်ရိုးကို စီရင်သောကျမ်းများ၌ သက္ကရာဇ်အများကို အနည်းဖြင့်စီရင်ကြသည်မှာ သက္ကရာဇ် ဖြိုခြင်းမမည်။ ကျမ်းပြုနှစ်သာမည်၏။ ပုံပမာ-သံဒိဋ္ဌကျမ်း၌ ကောဇာသက္ကရာဇ်ကိုတည်၍ ၃ရ၃၉ ခုနှောလျှင် ကလိယုဂ် ဆန်းနှစ်ဖြစ်၏။ ယင်းတွင်၄၈၃၉ ချေ၊သေသနှစ်ကြွင်း 'ရဿ'ဖြစ်၏။ ဤရဿနှစ်သည်သက္ကရာဇ်ဖြိုနှစ်မဟုတ်ချေ။ အတာဗိုလ်တွက်ခြေလွယ်ကူစေရန် ချုံးထား သောကိန်းဂဏန်းများသာ ဖြစ်၏။

သူရိယသိဒ္ဓန္တကျမ်းဂြိုဟ်စဉ်များတွက်ရေး၌ ကလိယုဂ်နှစ်ဖြင့် အခြေပြုသကဲ့သို့ အနောက်နိုင်ငံ ဂြိုဟ်စဉ်တွက်ကိန်းများ၌လည်း ဂျူလီယန်နှစ်များရှိ၏။ ယင်းနှစ်သည် ခရစ်မပေါ်မီ ၄ရ၁၃ ခုနှစ် (ဘီစီ၄ရ၁၃)မှစတင်ရေတွက်ခဲ့၏။ ခရစ်နှစ်၁၉၆၂ခုနှစ် (အေဒီ၁၉၆၂)သည်ဂျူလီယန်နှစ် ၆⁠၆ရ၅ နှစ် ဖြစ်၏။

မြန်မာလူမျိုးတို့၏သက္ကရာဇ်ဖြိုနှစ်များ[ပြင်ဆင်ရန်]

မင်းအမည် ဖြိုနှစ် ကလိယုဂ် ခရစ်နှစ်ပေါင်း နှစ် ဝ ဘီစီ ၁၃ဝ၁
ဘိုးတော်အဉ္စနမင်း ၂၄ဝ၉ ၂၄ဝ၉ ဘီစီ ၆၉၂
အဇာတသတ်မင်း ၁၄၈ ၂၅⁠၅ရ ဘီစီ ၅၄၄
သုမုန္ဒြီမင်း ၆၂၂ ၃၁ရ၉ အေဒီ ရ၈
စောရဟန်း ၅၆ဝ ၃ရ၃၉ အေဒီ ၆၃၈
မိုးညှင်းမင်းတရား ရ၉၈ ၄၅၃ရ အေဒီ၁၄၃၆


  • မှတ်ချက်။ ။မိုးညှင်းမင်းတရားကြီး လက်ထက်၌ သက္ကရာဇ်ဖြိုခြင်းမအောင်မြင်သဖြင့် ပုဂံခေတ် စောရဟန်းသက္ကရာဇ် ကိုပင်ဆက်၍အသုံးပြုခဲ့၏။ ဘိုးတော်အဉ္ဇနနှင့်အဇာတသတ်မင်းတို့သည် မြန်မာမင်းဆက် မဟုတ်သော်လည်း သာသနာပြုမင်းများဖြစ်၍ သာသနာတော်နှစ်များနှင့်တစ်ဆက်တည်း ထည့်သွင်းကာ သက္ကရာဇ်များ ဖြိုခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ပညာအလင်းပြ ရုံးသုံး၊ ကျောင်းသုံး အင်္ဂလိပ်မြန်မာ နှစ်တစ်ရာပြက္ခဒိန် စာအုပ်
  2. မြန်မာရာဇဝင်/ဝေါဟာရဋီကာ
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  • ဖျာပုံတိုက်သစ်ဆရာတော် အရှင်ဩဘာသာဘိဝံသ ၏ သုတေသနကရုပ်ပြ အဘိဓါန် ( ၂၀⁠၀၇ ) မှ
  • သုခမှတ်စု
  • ဒေါက်တာသက်လွင် ၏ သမိုင်းက ပြောသော ပုဂံ ။ပုဂံကပြောသောသမိုင်း