တောင်ငူမင်းဆက်
![]() |
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။
တောင်ငူရာဇဝင်အကျဉ်း[ပြင်ဆင်ရန်]
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို လက်ထက်တွင်ဖြစ်သည်။ သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။ နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်းဝမှ အနောက်ဘက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျှော့ချခံခဲ့ရသည်။ တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓာတ်ကျဆင်းကာ မပြုသင့်ဘဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဘက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။
တောင်ငူမင်းဆက်[ပြင်ဆင်ရန်]
- မင်းကြီးညို
- တပင်ရွှေထီး
- နန္ဒဘုရင်
- မင်းကြီးဆွေ
- တောင်ငူမင်းခေါင်
- ဘုရင့်နောင်
- မင်းရဲသီဟသူ
- နတ်သျှင်နောင်
တို့ဖြစ်ကြသည်။