ဦးကျားကြီးဝင်း မီးလောင်မှု
ဦးကျားကြီးဝင်း မီးလောင်မှုသည် ၁၉၈၄ခုနှစ် မတ်လအတွင်းတွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းမှ စတင်လောင်ကျွမ်းသော မီးလောင်မှုဖြစ်သည်။ဤမီးလောင်မှုမှာ မန္တလေးမြို့သမိုင်းတွင် ထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ဤဖြစ်စဉ်တွင် လူပေါင်း ၂၂၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
မီးလောင်မှုဖြစ်စဉ်
[ပြင်ဆင်ရန်]၁၉၈၄ခုနှစ် မတ်လ ၂၄ရက်နေ့ ညနေ၃နာရီမထိုးမီတွင်တွင် မန္တလေးမြို့ ၈၄လမ်းနှင့် ၃၅လမ်းထောင့်ရှိ ဦးကျားကြီးဝင်းရှိ အုန်းဆံဖတ်ထု၍ ကားအမိုးကူရှင်ချုပ်သော အိမ်မှ စတင်လောင်ကျွမ်းခဲ့သည်။ ခြောက်နှစ်သားအရွယ် ကလေးငယ်မှ အိမ်ပေါ်တွင် မီးခြစ်ရာမှ စတင်လောင်ကျွမ်းခဲ့သည်။ ကပ်မိုးထရံကာအိမ်ကို မီးလောင်သဖြင့် ဝိုင်းဝန်းငြှိမ်းသတ်သော်လည်း လောင်စာများကြောင့် မီးမထိန်းနိုင်ခဲ့ပေ။ မိနစ်ပိုင်းအတွင်းပင် မီးမှာ အရှိန်ရသွားခဲ့သည်။ နွေဦးဖြစ်သဖြင့် တောင်လေတိုက်နေပြီး မြောက်ဘက်သို့ မီးမှာ ဆက်လောင်သွားခဲ့သည်။ မီးသတ်ကားများမှာ ရေရရန်အတွက် ၃၅လမ်းအောက်ဘက် မစိုးရိမ်တိုက်နှင့် ကျုံးဘေးအထိ သွားရောက်ယူခဲ့ရသည်။ ထို့အပြင် ရပ်ကွက်အတွင်း ရေပိုက်ခေါင်းများဖွင့်မရခြင်း၊ အိမ်များတွင် လောင်စာများ သိုလှောင်ထားခြင်း၊ ဝင်းအတွင်း မီးသတ်ကားဝင်ရခက်ခြင်းတို့ကြောင့် မီးထိန်းရန် ခက်ခဲ့သည်။ ညနေ၃နာရီခန့်မှ စတင်လောင်ကျွမ်းခဲ့သော မီးမှာ ၇နာရီခန့်အကြာ မြောက်ဘက်သို့ဆက်လောင်သွားပြီး ၁၀နာရီခန့်တွင်မှ ကျုံးထိပ်အရောက်တွင် မီးညွန့်ကျိုးသွားခဲ့သည်။[၁]ထိုမီးမှာ ဈေးချိုအနီးသို့ရောက်ရှိစဉ် ရုတ်တရက်တိုက်လာသောအနောက်လေကြောင့် အရှေ့မြောက်ဘက်သို့ ဦးတည်သွားပြီး ဈေးချိုတော်မှာ မီးဘေးမှ လွတ်ကင်းခဲ့ရသည်။ မီးငြှိမ်းရာတွင် သံဃာများပါ ဝင်ရောက်ကူညီခဲ့ကြသည်။[၂]
မီးလောင်ပြီးဖြစ်စဉ်များ
[ပြင်ဆင်ရန်]မီးလောင်သည့်နေ့မှာ မန္တလေးမြို့ အရှေ့ဘက်ရှိ ရွှေစာရံဘုရားပွဲတော် နောက်ဆုံးရက်ဖြစ်သဖြင့် ထိုပွဲတွင် လူအများရောက်နေကြသည်။ အချို့မှာ ဘုရားပွဲမှပြန်လာသည့်အချိန်တွင် ၎င်းတို့၏အိမ်များမှာ ပြာပုံဘဝရောက်နှင့်နေပြီဖြစ်သည်။ မီးမထိန်းနိုင်တော့သည့်နောက် ပြေးကြသူများတွင် မြို့မြောက်ဘက်ရှိ မန်းရာပြည့်ကွင်း၊သုဓမ္မာဇရပ်များ၊ အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းများ၊ မြစ်ဆိပ်မှ မင်းကွန်းဘက်သို့ပင် လှေဖြင့်ပြေးကြသူများလည်းရှိသည်။ ညဘက်ပိုင်းတွင် မန်းရာပြည့်ကွင်း၊သုဓမ္မာဇရပ်များ၌ လူပျောက်ရှာသံများဖြင့် ဆူညံနေခဲ့ပြီး လုံခြုံရေးအတွက် စစ်တပ်ပါချထားခဲ့ရသည်။ မီးလောင်ပြင်အား ပိတ်ထားပြီး ၃ရက်အကြာမှသာ ပြန်လည်ရှာဖွေခွင့် ပေးခဲ့သည်။
ဆုံးရှုံးမှုများ
[ပြင်ဆင်ရန်]အဆောက်အဦးများ
[ပြင်ဆင်ရန်]မီးလောင်မှုတွင် မူလဈေးချိုတော်၊ဘဏ်တိုက်နှင့် အော်တိုတာဝါတိုင်များလွတ်ရန် ကြိုးစားခဲ့ရသည်။ ဈေးချိုတော်တိုက်တန်းကြီး၏ တောင်ဘက်ခြမ်း၊ ကြေးနန်းရုံးနှင့် ဘဏ်တိုက်ကြီး ခေါင်မိုး ပါသွားခဲ့သည်။ရေကုန်သွားသောကြောင့် မြောင်းရေနှင့် ပက်ငြှိမ်းခဲ့ရသဖြင့် ၈၄လမ်းနှင့် ၃၃လမ်းရှိ လူထုစာအုပ်တိုက်မှာမူ မီးလွတ်သွားခဲ့သည်။ ထို့ကြောင့် ၈၄လမ်းအတိုင်း မြောက်ဘက်ရှိ အဆောက်အဦးများမှာ ဈေးချိုတော်အထိ မီးလွတ်ခဲ့သည်။ဈေးချိုအနီးရှိ ရှေးဟောင်း အိုးဘိုဗလီကြီးမှာ မီးထဲပါသွားခဲ့သည်။ မြို့လယ်ရှိ ဘာသာရေး အဆောက်အအုံများ၊ စာကြည့်တိုက်များ၊ လူနေတိုက်တာများနှင့် စီးပွားရေး လုပ်ငန်းများ အများအပြား လောင်ကျွမ်းခဲ့သည်။
ပစ္စည်းများ
[ပြင်ဆင်ရန်]အိမ်တစ်အိမ် မီးလောင်ရာတွင် သော့ဖွင့်မရသဖြင့် မီးခံသေတ္တာမှပစ္စည်းများ ထုတ်မရခဲ့ပေ။နောက်တွင်မှ သံဃာများက မီးလောင်ပြင်မှ ပြာများကို ဂုံနီအိတ်တွေနဲ့ ကျုံးသယ်လာပြီး လှည်းများနှင့် တင်ယူကာ ရေဖျော်၊ ပြန်စစ်ချပြီး စိန်ရွှေရတနာများကို ရှာပေးကြသည်။ စိန်များမှာမူ ပြာဖြစ်ကုန်ပြီး ရွှေများမှာ ပြန်ရခဲ့သည်။ ထို့အပြင် ယဉ်ကျေးမှုဌာနအား လှူဒါန်းမည့် မြန်မာဘုရင်ခေတ်နှင့် ဗြိတိသျှခေတ် မန္တလေးလက်ရာ ပုရပိုက်များ၊ ဓာတ်ပုံများနှင့် အခြားရှားပါးပစ္စည်းများလည်း မီးထဲပါခဲ့သည်။
မီးလောင်မှုအပြီး စီးပွားရေးအခြေအနေ
[ပြင်ဆင်ရန်]ဈေးချိုအရှေ့ဘက်ရှိ အရောင်းအဝယ်ရပ်ကွက်ကြီး မီးလောင်သွားသဖြင့် မြို့၏ စီးပွားရေး ပျက်ခဲ့ရသည်။ မီးလောင်အပြီး ပြန်မဆောက်နိုင်၍ မြို့လယ်နေရာများအား ရောင်းချရာမှ မြို့ခံမဟုတ်သူများ မြို့လယ်တွင် နေရာရလာခဲ့သည်။မြေဈေးတက်လာပြီး ငွေဖြူ၊ငွေမဲ ပြဿနာများ ဖြစ်လာသည်။ မြို့လယ်တွင် အထပ်မြင့်တိုက်များ အစားထိုးလာခဲ့သည်။ ထို့အပြင် တရုတ်စားပွဲရုံများလည်း တိုးများလာခဲ့သည်။