ကာချင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကာချင်းဟူသည် လက်တစ်ဖက်တွင် ဓား၊ လှံ စသည်တို့ကိုကိုင်လျှက် ကျန်တစ်ဖက်တွင် ကာကိုကိုင်ကာ ကသည့်အခါ သီဆိုသော သီချင်းဖြစ်သဖြင့် ကာချင်းဟူ၍ ခေါ်သည်။ မြန်မာစာပေသမိုင်းတွင် ရဲရင့် ခန့်ညား ထယ်ဝါသော ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်း အဖွဲ့ဖြစ်သော ကာချင်းသည် တစ်ခုအပါအဝင် ဖြစ်သည်။ ပင်းယခေတ် ကောင်းစားသည့် သက္ကရာဇ် ၆၇၄-ခုနှစ်၊ တစ်စီးရှင် သီဟသူမင်း လက်ထက်တွင် ကာချင်း ပေါ်ပေါက်လာခဲ့သည်။

ကာချင်း အဖွဲ့သည် ရဲရင့်၏၊ မာန်ဝင့်၏၊ တက်ကြွရွတ်ဆိုရသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့် ပြည့်လျှမ်းစေသည်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ၏။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ဝင်စေသည်။ ထို့ပြင်တိုင်းပြည်၏ ပတ်ဝန်းကျင် သာယာပုံတို့ကို ရောယှက်၍ ဖွဲ့ဆိုထားခြင်းဖြင့် ဖတ်ရှုရသူ၏ စိတ်နုလုံးကို ညွှတ်နူး အေးချမ်းစေ၏။

သက္ကရာဇ် ၇၀၄-ခုနှစ်၊ မြင်စိုင်း ငါးစီးရှင်ကျော်စွာ ကိုယ်တော်တိုင် ကတော်မူသည့် ကာချင်းသည်လည်း တက်ကြွမှု၊ ရဲရင့်မှု အပြည့်အဝ ပါရှိလေသည်။

`တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်းတကောင်းသားလော၊ တကောင်းတကောင်း´
အစချီသော ပထမအပိုဒ်တွင် ကျုံးရေတံတိုင်း ကာဆီး၍ ဆင်မြင်းစစ်အင်အား ပြည့်စုံပုံကို ရေးဖွဲ့ခဲ့သည်။
`တာဝတိန်သာ နတ်ရွာလော၊ နတ်ရွာလော၊ ဟုတ်တည်းသျှင်ချင်း သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ ။မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်´
စသည်အားဖြင့် မြင်စိုင်းပြည်သူ စစ်သည် သူရဲတို့၏ မျိုးချစ်စိတ် စစ်သွေးစစ်မာန် တက်ကြွလာအောင် ရာသီပန်းမန် မြို့ပြ အခြေအနေများနှင့် ရောစပ်ကာ ရေးဖွဲ့စပ်ဆိုခဲ့သည်။ ဤကာချင်းများကို သီဆိုကခုန်ခြင်းဖြင့် စစ်သွေးစစ်မာန် တက်ကြွကာ တိုင်းပြည်နှင့် အမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေခဲ့သည်။[၁]

ကာချင်းသည် ရှေးကျသော မြန်မာကဗျာ အဖွဲ့ အနွဲ့တစ်မျိုးဖြစ်သည်။ ထိုကဗျာမှာ သီချင်းသဘောလည်း သက်ဝင်၍၊ ပင်းယခေတ်တွင် ဒိုင်းများ ကာများကို ကိုင် ဆောင်ကာ စစ်ဟန်ခင်းကျင်း ကခုန်ယင်း သီဆိုလေ့ရှိသဖြင့် ကာသီချင်း ကာချင်းဟုခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာဂန္ဓဝင်တွင် ကာချင်းအနည်းငယ်မျှသာ တွေ့ရသည်။ ပြည်မင်း မျက်နှာရှည်လက်ထက် ရေးသားခဲ့သော 'အုံ့ကာမည်း ကြားကာရိုက်ကြိုး၊ ပျဉ်ထောင်မိုး' အစချီ ကာချင်းတစ်ပုဒ်၊ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း တစ်ပုဒ် အပြင် သက္ကရာဇ် ၇ဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင် ကျော်စွာမင်း ကိုယ်တိုင် သီဆိုကခုန်ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာ လော၊ နတ်ရွာလော၊ ဟုတ်တည်း သျှင်ချင်း သျှင်ချင်း' အစ ချီသော ကာချင်းတို့ကိုသာလျှင် ယခုအခါ တွေ့ရတော့သည်။

ပင်းယခေတ် လွန်ပြီးနောက် အင်းဝခေတ် ကုန်းဘောင် ခေတ်များတွင် ကာချင်းများစပ်ဆိုသည်ကို မတွေ့ ရချေ။ ကာချင်းတွင် အဲအဏ်တို့တွင်ကဲ့သို့ ရာသီပန်းမာလ် မြို့ပြ အခြေအနေများကို ထည့်သွင်းစပ်ဆိုလေ့ ရှိသည်၊ ကာကို ကိုင် ၍ ကရသော သီချင်းဖြစ်သော်လည်း ရဲတင်း ရဲချင်း အဖွဲ့အနွဲ့ များလောက် စိတ်စိတ် စစ်သွေး ဇာတိမန်ကို နှိုးဆော်သော သီချင်းမျိုးကား မဟုတ်ချေ။

ကာချင်း၏ ကာရန်စနစ်မှာ လေးလုံးစပ် မဟုတ်သော်လည်း လေးလုံးစပ်မှ ဆက်ပွားသော စနစ်ပင် ဖြစ်သည်။ လူးတားများ တွင် ရတုညှပ်သကဲ့သို့ ကာချင်းတွင်လည်း သံပေါက်ညှပ်၍ စပ်ဆိုလေ့ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သာဦး-ရေး မြန်မာစစ်ချီသီချင်းအစ ကာချင်းက ဆောင်းပါးမှ၊ လုပ်သား ပြည်သူ့နေ့စဉ်(၁၀.၁၁.၁၉၆၆)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)