သရပါတံခါး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သရပါတံခါး
  • အဆောက်အအုံအမှတ် = ၂၁၇၁/၁၄၆၆

သရပါတံခါးကို ခရစ် (၉)ရာစုတွင် ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈)တွင် တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉)တွင် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ် ပါရှိခဲ့သည်။ ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။

သရပါ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။

ပုဂံရာဇဝင်[ပြင်ဆင်ရန်]

သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူတို့သည် သရပါတံခါး၌ မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းဂူ နှစ်ခုကို ပြုလုပ်ထားကြသည်။သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းနှင့်လည်းဆက်စပ်မှုရှိသည်။ အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့တူးဖော်လျက် ယာယီတဲနန်းတွင် စံနေစဉ် ဟူးရားဖြူဟူးရားညိုတို့က ဘုရင်မင်းကြီးအား ပုဂံပြန်မရောက်ခင် နတ်ရွာစံကိန်းရှိသည်ဟု နားတော်လျှောက်ကြသည်။ အနော်ရထာမင်းကြီးသည် ရာဇမာန်ရှပြီး ဟူးရားဖြူ၊ဟူးရားညိုတို့အား သံခြေချင်းခတ်လျက် အကျဉ်းချထားလိုက်သည်။ ထို့နောက် စစ်အင်္ဂါ လေးပါးနှင့်တကွ ဆင်ဖြူတော်သံပြင်စွာကို စီးလျက် နေပြည်တော်ပုဂံသို့ပြန်လာသည်။ ပုဂံအရောက် သရပါတံခါးအဝင် မုဆိုးတစ်ယောက်က အောင်သာမြစ်ခြေ၌ ကျွဲရိုင်းတစ်ကောင် ပြည်သူပြည်သား များကိုရန်ပြုနေသည်ဟု နားတော်လျှောက်သည်ဖြစ်၍ သရပါတံခါး အတွင်းဆင်ဖြူတော် လက်ယာလက်တစ်ဖက် ဝင်ပြီးကာမှ ထိုကျွဲရိုင်းကို ငါ ဆင်နှင့်တိုက်သတ်မည်ဟု အမိန့်တော်ရှိလျက် ပခုက္ကူခရိုင် အောင်သာမြစ်ခြေသို့ချီလေသည်။ အောင်သာမြစ်ခြေရောက်သော် ကျွဲရိုင်းနှင့်ပတ်ပင်းတွေ့၍ ဆင်ဖြူတော် သံပြင်စွာကို ချွန်းဖွင့်၍ လွှတ်လေသည်။ ကျွဲရိုင်းက ဆင်တော်ထက်က ဘုရင်မင်းကြီးကို လှမ်းခတ်သည်တွင် ဘုရင်အနော်ရထာသည် နတ်ရွာစံ ကံတော်ကုန်ရလသည်။ သရပါ တံခါးဝအတွင်း ဝင်ပြီးကာမှ ပြည်သူကိုရန်ပြုနေသည့် ကျွဲရိုင်းကို နှိမ်နှင်းသတ်ဖြတ်လိုသောကြောင့် ကံတော်ကုန်ရရှာလေသည်။ [၁]

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

နဂိုက ပုဂံမြို့ရိုးတွင် တံခါးပေါက် တဆယ့် နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရှိနေတော့သည်။ တံခါးသည် ဟောင်းမြင်း ယိုယွင်းနေသော်လည်း အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီးလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာများကို မြင်နိုင်ပေသည်။ တံခါးတစ်ဖက်ချက်တွင် မဟာဂီရိ နတ်မောင်နှမ နတ်ကွန်းရှိသည်။ လက်ဝဲဘက်တွင် မောင်တော်နတ်ရုပ်ရှိ၍ လက်ယာဘက်တွင် နှမတော်နတ်ရုပ် ရှိသည်။ သေဉ်လည်ကြောင်မင်း စသော ရှေးပုဂံမင်းများသည် အမတ်ဗိုလ်ပါနှင့်အတူ နှစ်စဉ် နတ်တော်လတွင် ပုပ္ပားတောင်၌ နတ်မောင်နှမ နတ်ကွန်းဆောက်လုပ် ပူဇော်လေ့ရှိသည်ဟု ဆိုကြလေသည်။ တဖန် သရပါးတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ပါရဂူ- ပုဂံခရီးသည်
  2. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ