ရတု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
"ရတု" ကို ဤနေရာသို့ ညွှန်းသည်။ နှစ်ပတ်လည်ရတု အတွက် နှစ်ပတ်လည် တွင်ရှုပါ။

ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ အခါရာသီ ဖြစ်သည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ သဘင်၊ အခမ်းအနား၊ အခြေအနေ ဟူသော အနက်သုံးမျိုး ရသည်။

ဖွဲ့နွဲ့မှုတစ်ခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊

တစ်ဦးတစ်ယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊

ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။

ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။

ရတုတွင် တစ်ပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊

နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊

သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တစ်ပိုဒ် တစ်ပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ရ-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ဝတ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တစ်ခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။

မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။[၁]

ရတုစပ်နည်း[ပြင်ဆင်ရန်]

ရတုစပ်နည်းမှာ လင်္ကာစပ်နည်းကဲ့သို့ပင်ဖြစ်သည်။ ၄ - ၃ - ၂ နည်း၊ ၄ - ၃ - ၁ နည်း၊ ၄ - ၁ နည်း စသော စပ်နည်းတို့ဖြင့် ကာရန်ယူရသည်။ သို့ရာတွင် အပိုဒ်အရေအတွက်ကိုလိုက်၍ ရတုအမျိုးအစား သုံးမျိုးခွဲထားသည်။
(၁) ဧကပိုဒ် ရတု
(၂) ပိုဒ်စုံ ရတု
(၃) အဖြည့်ခံ ရတု ဟူ၍ဖြစ်သည်။

(၁) ဧကပိုဒ် ရတု[ပြင်ဆင်ရန်]

တစ်ပိုဒ်တည်းသာ ရေးစပ်သော ရတုကို ဧကပိုဒ်ရတုဟုခေါ်သည်။ စပ်နည်းမှာ လင်္ကာစပ်နည်းအတိုင်းဖြစ်၍ ရတုချရာတွင် ခိုင်ညွန့်ခက်ဖြာ ချနည်းခေါ် ခုနစ်လုံးချနည်းကို အသုံးများသည်။ ကုန်းဘောင်ခေတ်ဦး စာဆို လက်ဝဲသုန္ဒရ အမတ်ကြီး၏ အဆိုင်ဆိုင်လျှင်အစချီ မဲဇာသစ်တောဘွဲ့ ဧကပိုဒ်ရတုကို ကြည့်ပါ။ အပိုဒ် တပိုဒ် တည်းဖြင့် မဲဇာသစ်တော၏ သဘောသရုပ်ကို ပေါ်လွင်အောင် ခြုံငုံဖွဲ့ဆိုထားသည်ကို တွေ့နိုင်ပါသည်။ အဆိုင်ဆိုင်လျှင်၊ တောမြိုင်လည်လှည့်၊ ကမ်းလုံးပြည့်မျှ၊ ရှုကြည့်လေရာ၊ ကြောက်ဖွယ်သာတည့်၊ ပြာပြာလွလွ၊ မှိုင်းပျမှောင်မှောင်၊ တောနှင့်တောင်လည်း၊ တိမ်တောင်မိုးရှိ၊ ထွေးယှက်ငြိမျှ၊ လွမ်းမိစဖွယ်၊ကောင်းကင်လယ်၌၊ တောင်လယ်တောင်ထိပ်၊ မိုးညိုရိပ်နှင့် တိမ်လိပ်ဆော်ညွှန်း၊ စ၍ ထွန်းသည်၊ နေဝန်းပေါ် လွယ်ချင်ဘိသည်။

(၂) ပိုဒ်စုံ ရတု[ပြင်ဆင်ရန်]

ရတုတွင် သုံးပိုဒ်လျှင် တစ်စုံဟု ခေါ်သည်ဖြစ်ရာ သုံးပိုဒ်ဖွဲ့ဆိုလျှင် ပိုဒ်စုံရတု ဟုခေါ်ဆိုကြသည်။ ထူးခြားသည်မှာ အပိုဒ်တိုင်း၌ အချီကာရန် ချင်း၊ အချကာရန်ချင်း ညီညွတ်ရခြင်းဖြစ်သည်။ ဤတွင် စာဆိုလက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်တောင်ခြေ အစချီ ပိုဒ်စုံရတုကိုပင် သာဓက ပြပါမည်။ အမတ်ကြီးသည် မဲဇာသစ်တော၏ သဘောသရုပ်နှင့် မိမိ၏ဘဝခံစားချက်တို့ကို ရတုသုံးပိုဒ်ဖြင့် ပေါ်လွင်အောင် ဖွဲ့ဆိုထားသည်ကို တွေ့မြင်နိုင်ပါသည်။ ပထမပိုဒ်တွင် မဲဇာတောင်ခြေ အစချီသည်။ ဒုတိယပိုဒ်တွင် သဲသာသောင်ခြေ အစချီသည်။ တတိယပိုဒ်တွင် ပွဲခါညောင်ရေ အစ ချီသည်။ ရတုကို အဆုံးသတ်ရာတွင် အချကာရန်ချင်း တူညီရသည်ကို ကြည့်ပါဦး။ ပထမပိုဒ်တွင် ရွှေပြည်ဌာန ဝေးသောကြောင့် ဟု ချသည်။ ဒုတိယပိုဒ်တွင် လေပြည်လာက အေးသောကြောင့် ဟု ချသည်။ တတိယပိုဒ်တွင် နေခြည်ဖြာမှ နွေးသောကြောင့် ဟု ချသည်။ များသောအားဖြင့် ရတုတွင် အချီညီ အချညီခြင်းသည် အဓိက ဖြစ်သည်။

(၃) အဖြည့်ခံ ရတု[ပြင်ဆင်ရန်]

အဖြည့်ခံ ရတုဆိုသည်မှာ စာဆိုတစ်ဦးက အချီညီ အချညီ ရတု နှစ်ပိုဒ်ကိုသာလျှင် ရေးဖွဲ့ထားသော ရတုမျိုးဖြစ်သည်။ နောက်နှောင်း ပညာရှိတို့ဖြည့်လိုလျှင် ဖြည့်ကြလော့ဟူ၍ တတိယပိုဒ်ကို အဖြည့်ခံရန် ကွက်လပ်ချန်ခဲ့ခြင်း ဖြစ်သည်။ စာဆိုအချင်းချင်း ဉာဏ်ကစားသော ရတု၊ စိန်ခေါ်သောရတု ဟု ဆိုနိုင်ပေသည်။

ရတုလောကတွင် နဝဒေး၊ နတ်ရှင်နောင်၊ လှော်ကားသုံးထောင်မှူး၊ ဇေယျရန္တမိတ်၊ ရှင်သံခို၊ စိန္တကျော်သူ၊ လက်ဝဲသုန္ဒရ စသောပုဂ္ဂိုလ်များ ထင်ရှားခဲ့သည်ဖြစ်ရာ ရှေးက ရတုအမျိုးမျိုးကို ရှာဖွေ လေ့ကျက်စေလိုပါသည်။ ရတုအမျိုးမျိုးအနက် ထူးခြားဆန်းသစ်သော ရတုတစ်ပုဒ်ကို ဖော်ပြလိုသည်။ ထိုရတုမှာ အခြားရတု များနှင့်မတူ၊ တစ်မူထူးခြားသည်။ ပိုးတောင့်တဲများ လမ်းသွားသောအခါ ကိုယ်ကာယသည် တွန်ချည် လိမ်ချည်၊ ပိန်ချည် ဖောင်းချည် တစ်လှည့်စီရှိတတ်သကဲ့သို့ လေးလုံး တစ်ပါဒ၊ ငါးလုံး တစ်ပါဒ တလှည့်စီစပ်ဆိုရသောရတု မျိုးဖြစ်သည်။ ထိုရတုမျိုးကို တောင့်တဲတွန့် ရတု ဟုခေါ်ကြသည်။ ရှင်မဟာရဋ္ဌသာသာရ၏ ဝဏ္ဏပဘာ ချီ တောင့်တဲတွန့် ရတုကို ပုံစံအဖြစ် လေ့လာကြည့်ပါ။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့် စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ် မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ ဆင်ထိုက်တန်၊ ဆင်းစုံကြန်တည့်၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထီးနှင့်၊ မျက်စီရွှေနားတောင်း၊ နွဲ့နွဲ့နောင်းမ၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင် ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်အေးကတိုးရည်၊ ထုံမျိုးချည်၍၊ နတ်ပြည် မိုးသူဇာ၊ ပျံသက်လာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုး၍၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းက၊ို ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။


ဒေဝစ္ဆရာ၊ ပြင်လျာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်တင့်မျိုးလွတ်၊ ဆယ့်နှစ်ပတ် လျှင်၊ ရစ်ပတ်ခြူးမြှောင်စီ၊ ရွှေထီးနှင့်၊ အာနီသိန်းတန်မျိုး၊ ရွှေခါးကြိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အဲဆမြင်၍၊ ကျွန်းတွင်ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းဝေးစွာ၊ မိုးသူဇာသို့၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်။ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။


ပဉ္စကလျာ၊ ညိုပြာတင့်ဆင်းရောင်၊ ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရထည်းဆွ၊ သွယ်ခွေချ၍၊ ထွန်းပကိုယ်ရောင်ဝင်း၊ ပြာနွဲ့ရှင်းမူ၊ ပျံ့ရွှင်းနံ့သာပျောင်း၊ မမွှေးတောင်းတည့်၊ တင့်ကြောင်းမွှေးစံပယ်၊ ရှုချင်ဖွယ်တိ၊ နိကာယ်ဆင်းရောင်မြေ့၊ ဆယ်နှစ်စေ့ကို၊ ကြံရွေ့သံရည်ထင်၊ မြင့်ကြတင်ခဲ့၊ ပြင်အင်နတ်နှင့် လျော၊ ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်၊ စုလည်းသစ်နှင့်၊ ပြေပြစ်ဆင့်ဆုံဆည်း၊ မိညက်ကြည်းသည်၊ စုလည်းထုံးတုံ့၊ မထုံးတုံ့။(ရှင်မဟာရဋ္ဌသာရ)

မြန်မာစာပေသမိုင်းတွင် ရတုအမျိုးမျိုး ထွန်းကားခဲ့သည်။ ရတုချီ နည်းများကို စာဆိုတို့ စိတ်ကူး ဉာဏ်အမျိုးမျိုး ကွန့်မြူးခဲ့ကြသည်။ ရတုချနည်းမှာလည်း အမျိုးမျိုးထွေပြားခဲ့ကြသည်။ ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ်ကြိယာ ဟူ၍ပင် စိန္တကျော်သူဦးဩ က ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် ဆိုခဲ့သည်မဟုတ်ပါလော။[၂]

ရတုသည်[ပြင်ဆင်ရန်]

လင်္ကာ၏ အကိုင်းအခက်တစ်ခု ဖြစ်သည်။

လေးလုံးတစ်ပိုဒ်ဖွဲ့သော ကဗျာလင်္ကာ မျိုးအစားပင် ဖြစ်သည်။ ယခုခေတ် တိုင်မရိုးနိုင်ဘဲ မင်္ဂလာယူဆဲ အသက်ဝင်ဆဲကဗျာတစ်မျိုး ဖြစ်သည်။ ထိမ်းမြားမင်္ဂလာပွဲများ၊ ရှင်ပြုနားသ ဘိသိက်မင်္ဂလာပွဲများတွင် ရတုမပါ လျှင်မပြီးချေ။ရတုဟူသော ဝေါဟာရနှင့် စပ်လျဉ်း၍ ပညာရှင်တို့အမျိုး မျိုး ကြံဆခဲ့ကြသည်။

ညောင်ရမ်းခေတ်မတိုင်မီက ရတုကို 'ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု'ဟူ၍ ဝိဂြိုဟ်ပြုသူက ပြုကြသည်။ သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ဟု ဆိုသည်။ အချှိုု့ကလည်း 'ရတိံ၊ ဇနေတီတိ၊ ရတု'၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ဟု ဝိဂြိုဟ်ပြုခဲ့ကြ သေးသည်။ အချို့ကမူ ရတုဟူသော စကားသည် သက္ကတဘာသာရိတု ဟူသော စကားမှ လာသည်ဟု ဆိုကြသည်။ ရာသီဥတုဟူသော အဓိပ္ပာယ်ရသည်။ တစ်နှစ်တွင် နွေမိုးဆောင်း သုံးရာသီရှိသကဲ့ သို့ ရတု၌လည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိသည်။ အကြောင်းအရာအားဖြင့် ရာသီဘွဲ့များကို အထူးဖွဲ့ဆိုခဲ့ကြသည် လည်း ဖြစ်သည်။

ရတုသည် ပေါရာဏ စကားဖြစ်၍ သဘင်၊ အခမ်းအနား၊ အခြေအနေဟူ၍ အဓိပ္ပာယ်ရသည်ဟု ယူဆသူကလည်း ယူဆ ကြသည်။ အများအကြောင်းကို ဖွဲ့ဆိုလျှင်၊ လူများစုနှင့်စပ်ဆိုင် လျှင် သဘင်၊ တစ်ဦးတစ်ယောက်အကြောင်း၊ပုဂ္ဂလိက မင်းခမ်း မင်းနားများကို ဖွဲ့ဆိုလျှင် အခမ်းအနား၊ သဘာဝတ္ထ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေကိုဖွဲ့ဆိုလျှင် အခြေ အနေဟူသော အဓိပ္ပာယ်သုံးမျိုးထွက်ကြောင်းဖြင့် ကဗျာလင်္ကာ စပ်ဆိုထုံးများကို ထောက်၍ ကောက်ချက်ချမှတ်ကြကုန်ပြန်၏။ ရတုကို မြန်မာဝေါဟာရအဖြစ် စဉ်းစားကြသူများကမူ ရတုဟူသည် ရ နှင့် တုကို ပေါင်းထားခြင်း ဖြစ်၍ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုသော ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြ သည်။ အချို့ကမူ ရနံ့သည် အနံ့ဟူသော စကားနှင့် အတူတူ ဖြစ်သကဲ့သို့ ရတုသည် အတုနှင့် အတူတူဖြစ်သည်။ အတုအပ အပြိုင်အဆိုင် စပ်ဆိုသော ကဗျာတစ်မျိုး ဖြစ်သည်ဟု ဆိုကြ သည်။

ဤသို့အားဖြင့် ရတုနှင့် စပ်လျဉ်း၍ ပညာရှင်တို့သည် အနက်လေးချက်ကို အမျိုးမျိုး ကြံဆကြည့်ခဲ့ကြသည်။ ရတုသည် ပျို့ မော်ကွန်း စသော ကဗျာတို့နှင့် မတူ၊ စည်းကမ်းကြီးသော ကဗျာတစ်မျိုး ဖြစ်သည်။ စာဆိုဉာာဏ် မည်မျှပင် ထက်သန်သည်ဖြစ်စေ၊ ရတုကို သုံးပိုဒ်ထက် ပို၍ မဖွဲ့ကြချေ။ သုံးပိုဒ်ထက်ပိုသော ကဗျာများကို များသော အားဖြင့် ရတုဟု အသိအမှတ် မပြုကြချေ။

ရတုတွင် သုံးမျိုး သုံးစားရှိသည်။ (၁) ဧကပိုဒ်ရတု-တစ်ပိုဒ်တည်း ဖွဲ့ဆိုထားသော ရတု၊ (၂) အဖြည့်ခံရတု-နှစ်ပိုဒ်သာ ဖွဲ့ဆိုထားသော ရတု၊ မူလစာဆိုမှတစ်ပါး အခြားပညာရှိတစ်ဦးဦးက ဉာာဏ်မှီသမျှ ဖြည့်စွက်၍ ဖွဲ့နိုင်ရန် အဖြည့်ခံထားသော ရတုမျိုး ဖြစ်သည်။ (၃) ပိုဒ်စုံရတု-နွေ မိုး ဆောင်း ရာသီဥတု သုံးပါးရှိ သကဲ့သို့ သုံးပိုဒ်ပြည့်ပြည့်စုံစုံ ဖွဲ့ထားသောရတု၊ ပိုဒ်စုံရတုတွင် အချီအချ အသတ်ကာရန် ညီရသည်။ ပုံစံအားဖြင့် 'မဲဇာတောင် ခြေ'၊ 'ပွဲခါညောင်ရေ'၊ 'သဲသာသောင် မြေ'စသော အချီအညီ မျိုး၊'ရွှေပြည်ဌာန ဝေးသောကြောင့်'၊ 'လေပြည်လာက အေး သောကြောင့်၊ 'နေခြည်ဖြာမှ နွေးသောကြောင့်' စသော အချညီ မျိုးများပင် ဖြစ်သည်။

ရတုဖွဲ့ဆိုရာ၌ လေးလုံးတစ်ပိုဒ်၊ ၁ဝ၈ ပိုဒ်ထက်ပို၍ မဖွဲ့ ကြချေ။ ကာရန်ယူရာတွင် သပ်စေ့နှက် သုံးချက်ညီ၊ ဦးတိုက် စသော လင်္ကာစပ် ခြောက်မျိုးအတိုင်းပင် ဖွဲ့ဆိုလေ့ရှိကြသည်။ အချို့ပညာရှင်တို့က ရတုချီနည်း ချနည်း ၂၈ မျိုး ရှိသည် ဟု ဆို၍ အချို့က ၄၁ မျိုး ရှိသည်ဟု ဆိုသည်။ စကားလုံး အနည်းအများကိုလိုက်၍၎င်း၊ အသတ်ကို ခွဲ၍၎င်း အမျိုးအစား ခွဲကြသည်။ ခုနစ်လုံးနှင့် ချမူခိုင်ညွန့် ခက်ဖြာချနည်း၊ ကိုးလုံး နှင့် ချမှု မဏိဆံကျင်ချနည်း၊ ၁၁ လုံးချသော် အာသာဝတီ ဝတ်ဆံချနည်း၊ ၁၅ လုံးချသော် မဏိဦးပြည်းချနည်း၊ ၁၉ လုံး ချသော် ဇော်တစ်ခိုင်လုံး ချနည်း ၂၅ လုံးချသော် မပြတ် ကေသာ၊ သို့မဟုတ် မြဝတ်ကေသာချနည်း၊ ၃၅ လုံး ချသော် ဇမ္ဗူ့သပြေသီးမှည့် ချနည်း စသည်ဖြင့် ခေါ်၍ အသတ်မပါ သော အက္ခရာ၊ အသတ်ပါသော အက္ခရာ ရော၍ အက္ခရာအမျှ ချီချသော် ပေါက်ပြချနည်း၊ '၍'ဟူသော အက္ခရာမပါ၊ တစ်ပါး သော အသတ်ဖြင့်သာ ချီခြင်း ချခြင်းပြုသော် ငုံဖူးချနည်း၊ အသတ်ရောလျက် အချီအချ '၍'ဟူသော အက္ခရာပါသော် ပုလဲသွယ်၊ သို့မဟုတ် မုလေးသွယ် ချနည်း စသည်တို့ ရှိကြ သည်။

'ရတုချဖွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ် ကိရိယာ' ဟူသော ကဝိလက္ခဏာ သတ်ပုံသံပေါက်ပါ စကားအတိုင်း ရတုအချ စကားလုံးပေါင်း ၆၄ မျိုးကိုလည်း တွေ့ရ၏။ ကဝိကဏ္ဌ ပါသ ကျမ်းတွင် အောက်ပါအတိုင်း ကြိယာ ခြောက်ဆယ် လင်္ကာပါရှိလေသည်။

မဉ္စူဘုန်းတော်၊ ပွင့်ချိန်မြော်သည်၊ ဗန်းမော် ခေါင်ထိ၊ တုမရှိသည့်၊ ကဝိကဝေ၊ စောမြုတေ၊ နှစ်ထွေ လင်္ကာ၊ ကျမ်း၌ လာသား၊ နည်းနာနယ၊ ဝိတ္ထာရဖြင့်၊ သုံးတန်ဆင့်၍၊ ဖွင့်သည့် ကဗျာ၊ ကြိယာတွင်၊ သမာ သေန၊ မူလမဇ္ဈေ၊ ကိုသာပေတည့်၊ သံခြေပျံ့ညင်း၊ ကျွနု်ပ်ခင်းပိမ့်၊ (လျှင်) (လျှင်း) (မူကား)၊ (ဝယ်) (သား) (တမင့်)၊ (ချိမ့်) (ဖြင့်) (တွင်) (၏)၊ (ပိမ့်) (လှည့်) (မည်) (အံ့)၊ (လော) (တုံ) (မံ့) (တည့်)၊ (သော်) (ခံ့) (ဘူး) (သော)၊ (မူလော) (ရကား)၊ (မူ) (အား) (မှ) (က)၊ (လိမ့်စွ) (တံ့) (လည်း)၊ (တိ) (တည်း) (ချည်း) (ဟု)၊ (ခဲ့) (နည်း) (နှိုက်) (လျက်)၊ (ကြောင့်) (ထက်) (မို့) (လည်)၊ (စမ့်) (သည်) (စိမ့်) (နှင့်)၊ (တုံ့) (လိမ့်) (တည့်) (တော့)၊ (ကား) (လော့) (ရွေ့) (သို့)၊ (မျှ) (တို့) (ငှာ) (ရှင့်)၊ (တမုန့်) (နှင့်) (ကို)၊ ရှင့်ပင့်ဉာာဏ်တော် ထွန်းပေါ် ကျယ်ချဲ့-ယှဉ်ခဲ့တတ်တော်မူဘုရား။ ရှေးစာဆိုတို့သည် စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုး ဖွဲ့ဆိုခဲ့ကြသည်။အင်းဝခေတ်တွင် ရဟန်းတော်ရှင်မဟာရဋ္ဌသာရ သည် ရတုပုံ ပုံဆန်း ပုံသစ်ကို အထွင်နိုင်တော်မူဆုံးသော စာဆိုကြီး ဖြစ်သည်။

ပိုးတောင့်တဲကလေးများ လမ်းလျှောက်သည့်နှယ် ခြေလှမ်း ကြဲချည် စိပ်ချည် အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ် ဖွဲ့ဆိုသောရတုကို တောင့်တဲတွန့်ရတုဟု အမည်သခဲ့လေသည်။ ဆရာတော်သည်'ဝဏ္ဏပဘာ'ချီ တောင့်တဲတွန့်ရတု၌ 'ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုး ကြွယ်သား၊' စသည်ဖြင့် စပ်ဆိုထားလေသည်။

ကြာဝတ်ဆံတိုင် တစ်ခုတည်းမှ ပွင့်ချပ်များ ဖြာထွက် သော ပဒုမာကြာပန်းသဏ္ဌာန် ဖွဲ့ဆိုသည့် ပဒုမာကြာဆိုနည်း ရတုဟူ၍လည်း ထွင်ဆိုတော်မူခဲ့သေးလေသည်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတု၌- ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာမြွာလျှက်၊ တစ်ပင် နက်တွင်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် 'ငါး' ဟူသော စကားတစ်လုံးကို ကြာဝတ်ဆံတိုင်သဖွယ်ပြု၍ ပဒုမာ ကြာဆိုနည်း ရတုကို စပ်ဆိုခဲ့သည်။ ထိုပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတုဟူ၍လည်း အမည်မှည့်ကာ တီထွင်စပ်ဆို ခဲ့ပုံကို 'မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊ ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား.စသော ရတုတွင် ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာ မညီသော အပိုဒ်တစ်တန်းဆစ်၍ ဖွဲ့ထားကြောင်း တွေ့ရ ပေသည်။

အခြားစပ်ဆိုနည်း အဆန်းရတုများမှာ နဝဒေကြီး၏ 'သီဟတောနှင့် ကျိုက်ပေါမွေ' ချီ၍၊ 'တွင်မည် ကျိုက်ပေါ သီဟတော'ဟု ချသော ယန္တရားစကြာလည် ရတုများ။ 'ရွယ်ရန် ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား' ဟူသော အက္ခရာတစ်လုံး တည်းကို အပိုဒ်တိုင်းတွင် ရွဲသီသကဲ့သို့သုံးသော မုတ္တာရွဲသီရတု များ၊ နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆို နည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စသည်ဖြင့် စပ်ဆိုကြသည်လည်း တွေ့ရသည်။ အကြောင်းအရာနှင့်စပ်လျဉ်း၍လည်း ရတုဖွဲ့ဆိုရာ၌ အမျိုး မျိုး ကွဲသည်။ မောင်ဘွဲ့၊ ရာသီဘွဲ့၊ ဘုန်းတော်ဘွဲ့၊ သစ္စာတိုင်၊ ဘုရားတိုင်၊ သိကြားတိုင်၊ နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ် တိုင်၊ ကျေးစေ၊ သာလိကာစေ၊ ခွေးစေ၊ တစ္ဆေစေ၊ စစ်ချီ၊ မိုးတောမိုးတိုင်၊ မိုးကြိမ်၊ မိုးငေါ့၊ အခံရတု၊ အလိုက်ရတု စသည်ဖြင့် များပြားလှသည်။

ရတုအရေးအသားသည် လင်္ကာများမှ မြစ်ဖျားခံသည်ဟု မှတ်ယူစကောင်းသည်။ ရတုစစ်စစ် အရေး အသားကိုမူ ပင်းယ ခေတ်တွင် စတင်တွေ့ရသည်ဟု ဆိုရပေမည်။ ပုဂံဆူးတွင်းပစ် ဆရာတော် ရှင်နာဂိတအား သက္ကတကျမ်းတတ် လောကနီတိ ဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ပရမတ္ထအရာ အဘိဓမ္မာ နည်းများကို မေးလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့ လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက် အစချီသော ပိုဒ်စုံရတုကဗျာသည် ရတုနယ်တွင် ရတုပီပီသသ အဟောင်းဆုံးရတုကြီးတစ်ပိုဒ် ဖြစ်သည်။ အင်းဝခေတ်သို့ ရောက်သောအခါ ရတုအရေးအသားသည် ပိုမိုတိုးတက်လာ လေသည်။ မိုးဆမ်းပန်း အသွင် လန်းလန်းရွှင်ခဲ့သည်။ ရတု စာဆို အများအပြား ပေါ်ထွန်းခဲ့သည်။ အင်းဝဘုရင် ပထမ မင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌ သာရ၊ ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာ သိန်စသူ တို့သည် အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြသည်။ အင်းဝခေတ်တွင် အရှိန်ရလာသော ရတုအရေးအသားသည် တောင်ငူခေတ်တွင် တံခွန်စိုက်သည်ဟု ဆိုရပေမည်။ ပထမ နဝဒေးကြီးသည် ရတုပိုဒ်ရေပေါင်း ၃ဝဝ ကျော် ၄ဝဝ နီးပါးမျှ ဖွဲ့ဆိုခဲ့သည်။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ ခန့်အကြာတွင် တောင်ငူဘုရင် နတ်သျှင်နောင် ပေါ်ခဲ့ပြန်သည်။ နတ်သျှင်နောင် သည် ချစ်သူရာဇဓာတုကလျာအား အကြောင်းပြု၍ ရတုပိုဒ်ရေ ၆ဝ ကျော်ခန့် ဖွဲ့ဆိုခဲ့သည်။ စကားကျစ်လျစ် သိပ်သည်း၍ လှပပြောင်မြောက်သော အဖွဲ့တို့ဖြင့် မွမ်းမံထားသော ရတုများ ကြောင့် နတ်သျှင်နောင်အား ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရ ဉာာဏ်နှင့် ပြည့်စုံ၏ဟု ဆိုကြခြင်း ဖြစ်သည်။ ( နတ်သျှင်နောင် ။) တောင်ငူခေတ်၏ အခြားထင်ရှားသော ရတုစာဆိုများ မှာ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျ ရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ( လှော်ကားသုံးထောင်မှူး ။ ဥက္ကာပျံ။ မင်းဇေယျရန္တမိတ်။ သံခိုရှင်း ။) ညောင်ရမ်း ခေတ်တွင်မူ တောင်ငူခေတ်၌လောက် ရတု တံခွန်မစိုက်သော်လည်း ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသော ရတုစာဆိုများ ရှိသေးရာ ရတုအရေးအသားသည် မပြတ်လပ်ခဲ့ချေ။ ညောင်ရမ်း ၁ဝ ဆက်မြောက် ဟံသာဝတီ ရောက် မင်းတရားကြီးသည် အင်းဝပျက်၍ ဟံသာဝတီတွင် နေရစဉ် နတ်ရွာစံခါနီး ၌ 'ပုဂ္ဂိုလ်ခြောက်မည်' အစချီသော သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့သည်။ ကုန်းဘောင်ခေတ်၌ ထင်ရှားသော ရတုစာဆိုများမှာ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဉ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုး သူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန် မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စသည်တို့ ဖြစ် သည်။ ( လက်ဝဲသုန္ဒရ ။ ဦးထွန်းညို။ တွင်းသင်းတိုက်ဝန်မဟာစည်သူ။ ဦးဩ။ ဦးတိုး။ နဝဒေး။ ဦးပုည။ ဦးကောင်း။) ရတုသမိုင်းတွင် အဟောင်းဆုံးရတု ဆရာသည် စတုရင်္ဂ ဗလ၊ အများဆုံးရတုဆရာသည် နဝဒေးကြီးဖြစ်၍ အကောင်း ဆုံး ရတုဆရာသည် နတ်သျှင်နောင် ဖြစ်သည်ဟု စာပေပညာ ရှင်များက ယူဆကြသည်။[၃]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ရှေးဟောင်း မြန်မာစာပေ သမိုင်း
  2. မိုးမခ မီဒီယာ စာနယ်ဇင်းအဖွဲ့မွ ထုတ်ဝေသော ကဗျာဆရာ တင်မိုး၏ မြန်မာကဗျာဖွဲ့နည်း၊(၂၀၁၁၊ ဩဂုတ်)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)