ကျန်စစ်သား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော်စောလူးမင်းနန်းတက်သည်။ စောလူးမင်းအား သူ၏ငယ်သူငယ်ချင်းဖြစ်သူငရမန်ကန်း ကပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သား သူ့အားခိုးယူသည်ဟု အော်လေသဖြင့် စောလူးမင်းကိုထားခဲ့ရလေသည်။ ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို အေဒီ ၁၀၈၄ တွင်ဆက်ခံခဲ့ပါသည်။

အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကို အားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်းထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိပျက်စီးယိုယွင်းမှုများကို တမန်များစေလွှတ်၍ ပြုပြင်စေခြင်း၊ ပိဋကတ်တော်ကို စစ်ဆေးပြုပြင်၍ တစ်စုံကူးစေခြင်း၊ မြို့တော်ရှိရဟန်း၊ သံဃာများအား ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းခြင်းအစရှိသော သာသနာရေးဆိုင်ရာ ကုသိုလ်များကိုလည်းပြုခဲ့သည်။ အေဒီ ၁၁၀၁ ခုနှစ်ဒီဇင်ဘာတွင်နန်းတော်သစ်ကိုတည်၍ အေဒီ ၁၁၀၂ ခုနှစ်ဧပြီလတွင် နန်းတော်ကိုလက်စသတ်ခဲ့သည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံတော်မူပြီးနောက် အေဒီ ၁၁၁၂ တွင် နတ်ရွာစံကံကုန်ခဲ့သည်။ အရိုက်အရာကို မြေးတော်အလောင်းစည်သူမင်းက ဆက်ခံခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်​ဆင်​ရန်​]

ကျန်စစ်သားမင်းသည် အဖဘက်မှ အာဒိစ္စဝံသနေမျိုးဖြစ်၍ အမိဘက်မှ ဝါးပင်အတွင်းမှ သန္ဓေတည်မွေးဖွားလာသောသူဖြစ်သည်ဟု ကျောက်စာတစ်ချို့တွင် ဖေါ်ပြထားသည်။ ကျန်စစ်သားမင်း၏ ဘွဲ့တော်မှာ သင်္ကကရိုက်ဘာသာဖြင့် ဂြီ့ဗကြဘရဏတြိဘူပတိ ဖြစ်၍ အဓိပ္ပါယ်မှာ ငယ်ရွယ်ပျိုမြစ်သောမင်းဟု ကောက်ယူနိုင်သည်။ ထိလိုင်မင်းဟုလည်းနာမည်ရှိပြီး ကျန်စစ်သားသည် ရှေးမင်းဆက်မှ ဆင်းသက်လာသူမဟုတ်ပဲ အရည်အချင်းကြောင့် ထီးနန်းဆက်ခံနိုင်ခဲ့ခြင်းဖြစ်လေသည်။ ကျန်စစ်သားမင်း၏ အခြားဘွဲ့ ဖြစ်သော ထိလိုင်မင်း ဟုလည်းခေါ်သောကြောင့် ယခုဝမ်းတွင်းမြို့နယ်ရှိ ထီးလှိုင်အရပ်ကိုအုပ်ချုပ်ရသောသူတစ်ယောက်ဖြစ်မည်ဟု ထင်ရသည်။ ရာဇဝင်အချို့တွင် အနော်ရထာမင်းက နန်းအရာကိုလုယူမည်သူဟု အထင်ရှိသဖြင့် အသက်အရွယ်အလိုက် ကွပ်မျက်ခဲ့သည်ဟုဆိုကြသည်။ ဘုန်းရှင်၊ ကံရှင်ဖြစ်သဖြင့် အသက်မသေပဲရှိသော် အနော်ရထာမင်းက မိမိလက်အောက်တွင်အမှုထမ်းစေခဲ့သည်ဟုဆိုသည်။ မြန်မာသမိုင်းစာအုပ်တစ်ချို့တွင် ကျန်စစ်သားနှင့် အခြားသူရဲကောင်းသုံးယောက်ဖြစ်သည့် ငထွေရူးငလုံးလက်ဖယ် နှင့် ညောင်ဦးဖီး တို့အား ပုဂံပြည့်ရှင် အနော်ရထာမင်း၏ သူရဲကောင်း လေးယောက် ဟုဖေါ်ပြကြသည်။

ဟံသာဝတီ(ပဲခူး)ကို ဂျွမ်းစစ်သည်များလာရောက်တိုက်ခိုက်ရာတွင် စစ်သည်လေးသိန်းအားနှင့် ညီမျှသောသူရဲကောင်းလေးယောက်နှင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်ဟု လည်းပါသည်။ ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော် မဏိစန္ဒာ ကို ပုဂံဘုရင်အနော်ရထာမင်းထံဆက်သရာတွင် လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြသည်ဟု မြန်မာရာဇဝင်များတွင် ဆိုကြသည်။ သို့သော်ထိုအကြောင်းအရာများကို ကျန်စစ်သားမင်းရေးထိုးခဲ့သော မည်သည့်ကျောက်စာတွင်မှမတွေ့ရှိခဲ့ရပေ။ ထိုသို့သံယောဇဉ်တွယ်သဖြင့် ဘုရင်ကအမျက်တော်ရှရာတွင် တစ်ဖက်ကမ်းသို့ထွက်ပြေးလေရာ မန္တလေးတောင်တွင် ကျန်စစ်သားခြေရာဆိုသော ကျောက်တုံးပေါ်မှခြေရာတစ်ခုလည်းဒဏ္ဍာရီအဖြစ်ရှိပေသည်။ မင်းဒဏ်သင့်နေစဉ်ကာလအတွင်းတွင် သမ္ဘူလ နှင့် လက်ထပ်ခဲ့၍ သားတော် ရာဇကုမ္မာထွန်းကားသည်။ အချို့ကလည်း ထို ရာဇကုမ္မာမင်းသားမှာ ကျန်စစ်သား၏ သားမဟုတ် ဟုလည်းဆိုကြသည်။ ထိုမင်းသားသည် နောင်တွင်မြန်မာစာပေနှင့် သမိုင်းအတွက် အရေးပါသော ရာဇကုမ္မာကျောက်စာကိုရေးထိုးခဲ့သည်။ ရာဇဝင်များနှင့် သမိုင်းကျောက်စာများအရ အမျိုးမျိုးသောအယူများကွဲပြားနေသော်လည်း ကျန်စစ်သားမင်းသည် အနော်ရထာလက်ထက်တွင်အလွန်အရေးပါသော လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့မည်မှာ အမှန်ပင်ဖြစ်လေသည်။

ထီးနန်းကိုရခြင်း[ပြင်​ဆင်​ရန်​]

အနော်ရထာမင်းထံမှ နန်းမွေကိုသားတော် စောလူးမင်းက အေဒီ ၁၀၇၇ တွင်ဆက်ခံလေရာ ထိုမင်းအုပ်ချုပ်ပုံ ညံ့ဖျင်းသဖြင့် တိုင်းကားပြည်ရွာ မငြိမ်မသက်ဖြစ်လေသည်။ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက သူပုန်ထရာတွင် စောလူးမင်း အဖမ်းခံခဲ့ရသည်ဟု ရာဇဝင်ကျမ်းများတွင်ပါသည်။ စောလူးမင်းကို ရန်သူများလက်မှ ကယ်တင်ရန်အတွက် ရန်သူတပ်အတွင်းသို့ တစ်ကိုယ်တော်ဝင်ရောက်ခဲ့သည်။ စောလူးမင်းအား ထမ်းပြေး၍ ကယ်တင်ရာ ကျန်စစ်သားအားမယုံကြည်ပဲ ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းကသာ အသက်ကိုချမ်းသာပေးမည်ထင်သဖြင့် ကျန်စစ်သားသူ့အားလာကယ်ပါသည်ဟု အော်လေရာ စောလူးမင်းအား ရန်သူလက်အတွင်းထားခဲ့ရလေသည်။ စောလူးမင်းသည် ငရမန်ကန်းလက်ချက်ဖြင့် ကံကုန်ခဲ့သည်ဟု ရာဇဝင်ကျမ်းတစ်ချို့က ဆိုသည်။ သူပုန်ထသော ငရမန်ကန်းရန်ကို ကျန်စစ်သား ဦးဆောင်၍ နှိမ်နင်းခဲ့သည့်အပြင် မြန်မာ့သမိုင်းလေ့လာသူ ပါမောက္ခလုစ် ထင်မြင်ယူဆသော အခြားသူပုန်ထဖွယ်အရေးလည်းရှိပေသည်။ ထိုသူပုန်ထမှုမှာ အနော်ရထာမင်း သိမ်းပိုက်ခဲ့သော မွန်တိုင်းဌာနေနှင့်ပတ်သက်လေသည်။ မနုဟာမင်း၏ မြေးတော်သူမှာ ငရန်မန်ကန်း၏သူပုန်ထမှု နှင့်မပတ်သက်ပဲ သီးခြားသူပုန်ထလိုဟန်တူပေသည်။ ပုဂံမင်း အခမ်းအနားသုံး လှေတော်အား ယူဆောင်၍ပြေးလေရာ ကျန်စစ်သားက မနုဟာမင်း၏ မြစ်တော်နှင့် သမီးတော်အား ပေးစားကာ ပေါက်ဖွားသော ကလေးငယ်အား ထီးမွေဆက်ခံစေမည်ဟု ကတိပေး၍ မွန်-မြန်မာချစ်ကြည်ရေးကိုထိန်းသိမ်းထားခဲ့သည်ဟု ယူဆရလေသည်။ ထိုကတိမှာ ရာဇကုမ္မာမင်းသား ထီးမွေမရခဲ့ခြင်းအကြောင်းလည်း ဖြစ်နိုင်ပေသည်။ အနော်ရထာမင်းတည်ထောင်ခဲ့သော နိုင်ငံတော်အားမပြိုကွဲအောင် နှလုံးရည်နှင့် စည်းလုံးနိုင်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ပုဂံသူရဲကောင်းအား မူးမတ်၊ သေနာပတိများက ၁၀၈၄ တွင် နန်းအပ်ခဲ့သည်။ ၁၀၈၆ တွင်မှရာဇဘိသေကခံယူခဲ့သည်ဟု ကျောက်စာများတွင်ဖေါ်ပြထားသည်။

ကျန်စစ်သားမင်း၏ စွမ်းဆောင်ချက်များ[ပြင်​ဆင်​ရန်​]

ရွှေစည်းခုံစေတီတော်

ကျန်စစ်သားခေါ် ထိလိုင်မင်းသည် ဘုရင်ဖြစ်ပြီးနောက် မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးဆောင်ရွက်ခဲ့သည်။ မွန်ယဉ်ကျေးမူ့များကိုဖော်ထုတ်ခြင်း၊ မွန် သီချင်း၊ တီးချင်း၊ ကချင်း တို့ကို အားပေးခဲ့သည်။ ထိုမင်းလက်ထက်ရေးထိုးခဲ့သော ကျောက်စာများကိုလည်း မွန်ဘာသာဖြင့် ရေးထိုးစေခဲ့သည်။ သားတော်ရာဇကုမ္မာကို ထီးမွေမပေးပဲ မွန်မျိုးနွယ်နှင့် ပတ်သတ်နေသော မြေးတော်အလောင်းစည်သူအားထီးနန်းပေးခဲ့ခြင်းမှာ မွန်-မြန်မာချစ်ကြည်ရေးကို အလေးပေးခဲ့ကြောင်းပေါ်လွင်ခဲ့သည်။ သို့သော် အလိုက်သိ လိမ္မာသော သားတော်ရာဇကုမ္မာကြောင့်လည်း မင်းကြီးသည် စိတ်ထိခိုက်ခဲ့ရဟန်ရှိလေသည်။ မင်းကြီးကံကုန်တော်မူခါနီးတွင် ရေးထိုးခဲ့သော ထိုကျောက်စာတွင် မင်းကြီး၏ဖြစ်စဉ်များနှင့် ဖခင်ကျေးဇူးကို သိတတ်သော ရာဇကုမ္မာမင်းသား၏ သည်းခံနားလည်ပုံကိုမြင်တွေ့နိုင်လေသည်။

ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့သည်။ ဆည်၊ မြောင်း၊ တာတမံများဆောက်လုပ်ပေးပြီး လယ်ယာစိုက်ပျိုးရေးကို အားပေးခဲ့သည်။ ထိုအခြင်းအရာများကို မွန်ကျောက်စာများတွင်အထင်အရှားတွေ့မြင်နိုင်ပေသည်။ ထို့ပြင် ၎င်းကျောက်စာများမှတဆင့် ကျန်စစ်မင်း လက်ထက် အုပ်ချုပ်ရေးကိုလည်း ခန့်မှန်းနိုင်ပေသည်။ အကြောင်းအရာအားဖြင့် အောက်ပါအတိုင်းဖေါ်ပြထားလေသည်။ တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံ့ခြင်းမှ ကင်းသော အုပ်စိုးနည်းကို အရှင် ဂြီတြိဘုဝနာဒီတျဓမ္မရာဇာမင်းသည် သွန်သင်ဆုံးမပြလတ္တံ့။ဟု တွေ့ရလေသည်။ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့နေရခြင်းလုံးဝ မရှိစေရာ ဟုဆိုလိုပါသည်။ ထိုအချက်မှာ မြန်မာနိုင်ငံတွင်ရှေးကပင် ထင်ထင်ရှားရှားရှိခဲ့သည့် အဆင့်မြင့်သော နိုင်ငံရေးကို ရည်ညွှန်းသည့် သဘောသက်ရောက်ပါသည်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်ဟု ကျောက်စာများတွင်ပါရှိသည်။ ထိုကျောက်စာများမှာ ရွှေစည်းခုံဘုရားကျောက်စာ၊ မြကန်ကျောက်စာ၊ ပြည်ရွှေဆံတော်ရှိကျောက်စာ၊ မွန်ကျောက်စာ အစရှိသည့် ကျောက်စာများဖြစ်ကြသည်။

ကျန်စစ်သားသည် ပြည်သူထဲမှဖြစ်လာသော မင်းဖြစ်သော်လည်း ရှေးမင်းအဆက်အနွယ်များကို ဆက်လက်မြှောက်စားခဲ့သည်။ သို့ရာတွင် ထိုမင်းရိုးထက် ကြီးကျယ်မြင့်မြတ်သော သဘောကိုပြချင်သဖြင့် အဖဘက်မှနေမျိုးနွယ်၊ အမိကား ဝါးလုံးအတွင်းမှ ပေါက်ဖွားသူဟု ကျောက်စာများတွင်အထပ်ထပ်ဖေါ်ပြကြသည်။ ပြည်သူထဲမှ မင်းဖြစ်လာလျင် ဘုရားဗျာဒိတ်အရ မင်းဖြစ်ရသည်ဟူသော စကားလုံးများကိုလည်း ပဒေသရာဇ်စနစ်ထုံးစံအတိုင်းတွေ့ရှိရလေသည်။ တိုင်းသူ၊ ပြည်သားများအား စည်းရုံးရေးတစ်မျိုးလည်းဖြစ်ပေသည်။ ကျန်စစ်သားမင်းသည် လောကီအရေးအပြင် လောကုတ္တရာအရေးဖြစ်သော သာသနာတော်အတွက်ပါ များစွာဆောင်ရွက်ခဲ့သောမင်းဖြစ်သည် ဘုရား၊ ဂူပုထိုးများ တည်ခဲ့၍ ရွှေစည်းခုံစေတီ နှင့် အာနန္ဒာဂူဘုရား တို့မှာထင်ရှားလှသည်။ ရဟန်း၊ သံဃာတော်များကို ချီးမြှောက်ပြီး ဆွမ်း၊ ကွမ်းလေးပါး ပြည့်စုံစေခဲ့သည်။ ဗုဒ္ဓဂါယာရှိ ဘုရားကျောင်းကို ပြုပြင်စေခဲ့သည်။ အိန္ဒိယတောင်ပိုင်းမှ မင်းသားတစ်ပါးကို သာသနာတော်တွင်သက်ဝင်ယုံကြည်ခဲ့စေလေသည်။

ရှေးမွန်ကျောက်စာအရ မင်းဖြစ်ပြီး တစ်ဆယ့်ခုနစ်နှစ် အကြာတွင် နန်းတော်သစ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုသည်။ နန်းတော်ကို အေဒီ ၁၁၀၁ နိုဝင်ဘာ ၄ ရက်နေ့တွင်စတင်တည်ဆောက်ပြီး ၁၁၀၂ မေလ ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။ ယခုအခါမည်သည့်အထောက်အထားမှ မတွေ့ရသေးသဖြင့် သစ်သားနန်းတော်ဖြစ်ရမည်ဟု ခန့်မှန်းကြလေသည်။ နန်းတော်သစ် တည်ဆောက်စဉ်နှင့် တည်ဆောက်ပြီးစီးရာတွင် ထေရဝါဒနှင့် မသက်ဆိုင်သော ဗိဿနိုးနတ်အားပူဇော်ခြင်း၊ ဗလိနတ်စာကျွေးခြင်း၊ ရိုးရာနဂါးရှိခိုးခြင်းစသောအယူများအားလည်း ပြုလုပ်ကြသည်။ ရှင်အရဟံ ဦးဆောင်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ပရိတ်ရွတ်ဖတ်ပေးခဲ့ကြသည်ဟုကျောက်စာများတွင်ဖေါ်ပြထားသည်။ ထီးနန်းကို ၂၈ နှစ်ကြာစိုးစံပြီးနောက် ၁၁၁၂ တွင် ကံကုန်တော်မူခဲ့သည်။ မင်းကြီးနာမကျန်းဖြစ်နေစဉ် သားတော် ရာဇကုမ္မာရေးထိုးခဲ့သောကျောက်စာမှာ ကျန်စစ်မင်း၏ဘဝကိုလေ့လာရန်လည်းကောင်း၊ ထိုခေတ်ပုဂံပြည် အခြေအနေကိုခန့်မှန်းရန်အတွက်လည်းကောင်း၊ မြန်မာစာဖြစ်ပေါ်ပုံအဆင့်ဆင့်ကိုလေ့လာရန်အတွက်လည်းကောင်းများစွာအသုံးဝင်သည်။ ရာဇကုမာရ်ကျောက်စာဟု အသိများသကဲ့သို့ ပုဂံရှိ မြစေတီ ဘုရားဝင်းအတွင်း စိုက်ထူထားသောကြောင့် မြစေတီကျောက်စာဟုလည်း ခေါ်ကြသည်။ ကျောက်စာအား ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ကျောက်စာတိုင်၏လေးမျက်နှာ တွင်ရေးထိုးထားသည်။

မွန်မြန်မာသွေးစည်းညီညွတ်ရေး[ပြင်​ဆင်​ရန်​]

အနော်ရထာဘုရင် ကွယ်လွန်ပြီး ၎င်း၏ သားစောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီးနောက် မကြာမှီ မြန်မာ နိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုးတို့၏ ပြင်းထန်ကြီးမားသည့် အုံကြွမှုကြီးတရပ် ပေါ်ပေါက်၍လာသည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင်သည့် မွန်တို့သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့ ချီတက် လာကြပြီးလျှင် အမျှော်အမြင် နည်းပါးသည့် စောလူးမင်းအား ဖမ်းဆီးကွပ်မျက် နိုင်ခဲ့ကြသည်။

ယင်းသို့ မွန်လူမျိုးများ၏ ပုန်ကန်ထကြွမှု ကို မြန်မာရာဇဝင်များ၌ ပြည်တော်သာကျွန်းစစ်ပွဲဟု ရေးသား ဖေါ်ပြကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့သည် အထက်မြန်မာနိုင်ငံ အင်းဝအထိ ချီတက်တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်းနှင့်အတူ မြန်မာနိုင်ငံအား စည်းလုံးသိမ်းသွင်းရာတွင် ပါဝင်ခဲ့သည့် မြန်မာလူမျိုး အကြီး အကဲတစ်ဦးဖြစ်သူ ကျန်စစ်သားသည် အခြား မြန်မာ အကြီးအကဲများနှင့်အတူ ပုဂံပြည်နှင့် အထက်မြန်မာနိုင်ငံတလွှား၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည်၊ လယ်တွင်းနယ်များနှင့် မိတ္ထီလာနယ်များတွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့်ကာ ငရမန်ကန်းအား တန်ပြန်တိုက်ခိုက်၍ နောက်ဆုံး ပုဂံအနီး မြင်းကပါစစ်ပွဲတွင် ငရမန်ကန်းတို့အား အောင်လိုက်နိုင်ပြီး စောလူးမင်း၏ ဦးခေါင်းမှ လွင့်စင်ကျသွားသည့် ပုဂံမင်းဆက်၏ မကိုဋ်သရဖူအား ကျန်စစ်သားသည် ပြန်လည်ထိမ်းသိမ်း လိုက်နိုင်သည်။

ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ပျက်၊ ရွာပျက်၊ အိုးပျက်၊ အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ၊ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့်ကလျား ဖြစ်နေသည့် ပြည်သူပြည်သားများအတွက် အလေးထား၍ တိုင်းပြည်အား အရေးတကြီး ပြန်လည် ထူထောင်သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံကျောက်စာ အထောက်အထားအရ။ များစွာသောသူခပ်သိမ်းတို့သည် သားတကွဲ မယားတကွဲ၊ မိတကွဲ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ၏ ဝဲဘက်လက်ဖြင့် ဝတ်စားတန်ဆာပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေအံ့ သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့။ ဟု ရေးထိုး ထားသည့် ကျန်စစ်သားသည် မြန်မာလူမျိုး အကြီးအကဲတစ်ဦး အနေဖြင့်၎င်း၊ မြန်မာနိုင်ငံတနိုင်ငံလုံး၏ ခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့်၎င်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲခဲ့သည့် မွန် မြန်မာ အရေးတော်ပုံကို လေးလေးနက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။

ကျန်စစ်သားသည် မွန်တို့အား မြန်မာတို့နှင့် တူညီမျှတသော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန်လူမျိုး အကြီးအကဲများအား မြန်မာနိုင်ငံ၏ အထွေထွေ ကုန်ထုတ်လုပ်ငန်း ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများတွင် ဦးစီးခေါင်းဆောင်များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် အစဉ်အလာကို လည်းလေးစားမှု ပြခဲ့သည်။

မြန်မာနိုင်ငံ ကမ္ဗည်းကျောက်စာဌာနမှ စုဆောင်းရှာဖွေ စာရင်းပြုလုပ်ထားသည့် ကျန်စစ်သားနှင့် သက်ဆိုင်သည့် ရှေးဟောင်း ကျောက်စာများသည်၊ များသောအားဖြင့် မွန်စာ၊ မွန်အက္ခရာများဖြင့် ရေးထိုးထားသည်ကိုသာ တွေ့ရှိရသည်။ မွန်မြန်မာ သွေးစည်းညီညွတ်ရေးကို အမြှော်အမြင်ကြီးမားစွာဖြင့် ကျန်စစ်သားသည် ဆောင်ရွက် လိုက်သည့်အတွက် မြန်မာနိုင်ငံ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်းခိုင်မြဲလာသည်။

တနိုင်ငံလုံး စစ်မက်ကင်းရှင်းကာ ငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွှေရောင်လွှမ်းသော ကာလဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ရောင်းဝယ်ဖောက်ကားခြင်း အထူးသဖြင့် တရုတ်ပြည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းတို့နှင့် ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

အနော်ရထာ လက်ထက်မှ စတင်ပျိုးထောင်ခဲ့သည့် ထေရဝါဒ ဗုဒ္ဓသာသနာနှင့် ယဉ်ကျေးမှုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာအတတ်ဖြင့် အာနန္ဒာလှိုင်ဂူတော်ကြီးနှင့် သာသနာ့အဆောက်အဦးများစွာကို တည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက်က အစမသတ်နိုင်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာတွင် ပျက်စီးလျက်ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြုသည့်အပြင် အိန္ဒိယ၊ သီဟိုဠ် နိုင်ငံများနှင့်လည်း သာသနာရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား၏ နန်းသက်အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလဟု ဆိုရလိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီးငယ် အားလုံးက အသိအမှတ်ပြု ခန့်ငြားလာကြသည်။ သက္ကရာဇ် ၁၁၀၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ သံအဖွဲ့ဝင်များ တရုတ်ဧကရာဇ် နန်းတော်သို့ဆိုက် ရောက်သောအခါ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံ၏ ကိုယ်စားလှယ်တော်အဖြစ် တရုတ်တို့က တခမ်းတနား တ ဆောင်တယောင် ဧည့်ခံဆက်ဆံခြင်း ပြုကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ၌ ဖေါ်ပြရေးသားထားသည်။ ထေရဝါဒ သာသနာတော် စည်ပင်ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယနှင့် သီဟိုဠ်နိုင်ငံများက လေးလေးစားစားနှင့် ခန့်ခန့်ငြားငြား ဆက်ဆံကြသည်ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။ [၁]

တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ[ပြင်​ဆင်​ရန်​]

  1. ရွှေစည်းခုံစေတီတော်(ပုဂံ)

မြန်မာနိုင်ငံတော်ကို ဦးစွာ စည်းလုံးပေးခဲ့သောမင်း၊ ပုဂံခေတ်တွင် အနော်ရထာမင်းသည် ပုဂံကျောက်ဆည် တစ်ဝိုက်အနေမှ ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော် အနေနီးပါးအထိ ကျယ်ဝန်းလာအောင် နိုင်ငံသစ်ကို တည်တော်မူခဲ့သည် မှန်သော်လည်း ထိုမင်း နတ်ရွာစံတော်မူပြီးနောက် ထိုနိုင်ငံသစ်ကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ဆောင်ရွက်နိုင်သူ မပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံသည် အဘယ်သို့ဖြစ်အံ့နည်း။ ကျွန်ုပ်တို့ မတွေးဝံ့အောင် ဖြစ်ရသည်။ သို့ရာတွင် နိုင်ငံသစ်ကို ရိုသေလေးစား၍ တည်တံ့ခိုင်မြဲအောင် ဆက်လက် ဆောင်ရွက်နိုင်သော မင်းတစ်ပါး ပေါ်ပေါက်ခဲ့သည်။ ထိုမင်းကား အခြားမဟုတ်။ ကျန်စစ်သားမင်းပေတည်း။

ကျန်စစ်သား။ ။ ကျန်စစ်သားမင်းအကြောင်းကို ဦးကုလား၏မဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော်ကြီး စသော ရာဇဝင်များမှသာမက၊ ယခုအခါတွင် ကမ္ပည်းကျောက်စာများမှလည်း သိခွင့်ရလာပြီ ဖြစ်သည်။ အထူးသဖြင့် ထိုမင်းနှင့် စပ်လျဉ်း၍ ရာဇဝင်များ၌ မပါရှိသေးသော အချက်အလက်များကို ထိုမင်းလက်ထက်တွင် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း၊ အချို့ အချို့သော မြန်မာဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း သိလာနိုင်ကြပြီ ဖြစ်သည်။ ဒေါက်တာဗလက်ဂဒင်သည် ကျန်စစ်သားမင်းကြီးလက်ထက် ရေးထိုးခဲ့သော မွန်ကျောက်စာများကို လေ့လာ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ကျောက်စာဝန်များ ဖြစ်ခဲ့ကြသော မစ္စတာတော်စိန်ခို၊ ပါမောက္ခ ဒူရွာဇဲနှင့် ဦးမြတို့သည်လည်း ကျန်စစ်သားမင်း အကြောင်းနှင့် စပ်လျဉ်း၍ လေ့လာချက်များ ရေးခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ရှေးခေတ်မြန်မာနိုင်ငံ သမိုင်းနှင့် အာရှအရှေ့ဖျား သမိုင်းဆိုင်ရာ ပါမောက္ခ၊ မြန်မာနိုင်ငံ သုတေသနအသင်း ရွှေတံဆိပ်ရ ဂျီ၊ အိပ်၊ လု(စ)သည်လည်း ထိုမင်းအကြောင်းနှင့် စပ်လျဉ်းသော မိမိ၏လေ့လာချက်များကို ရှေးခေတ်မြန်မာနိုင်ငံဟူသော သမိုင်းကျမ်း၌ တင်ပြခဲ့ပြီးဖြစ်သည်။ အောက်ပါ ကျန်စစ်သားမင်းအကြောင်းသည် မြန်မာရာဇဝင်များအရ၎င်း၊ ဆိုခဲ့သော ကမ္ပည်းကျောက်စာသုတေသီပုဂ္ဂိုလ်တို့၏ လေ့လာချက်များ အရ၎င်း ညှိနှိုင်းလေ့လာထားသော အကြောင်းအကျဉ်းမျှသာ ဖြစ်သည်။

ဘွဲ့နှင့် အမည်များ[ပြင်​ဆင်​ရန်​]

ကျန်စစ်သားမင်းအား ကျောက်စာများ၌ ဂြီတြိဘုဝနာဒိတျဓမ္မရာဇဟု၎င်း၊ ထီးလိုင်မင်းဟု၎င်း၊ ထီးလိုင်ရှင်ဟု၎င်း၊ ကလန်စစ်သားဟု၎င်း ခေါ်သည်။ ဤဘွဲ့နှင့် အမည်များကို ရာဇဝင်များ၌လည်း တွေ့နိုင်သည်။ ထီးလှိုင်ရှင်ဟု ခေါ်တွင်ခြင်းမှာ ကျန်စစ်သားသည် ပုဂံပြည်၌ မင်းမဖြစ်မီ ထီးလှိုင်(ယခု မိတ္ထီလာခရိုင်၊ ထီးလှိုင်ရွာ)အရပ်ကို အုပ်ချုပ်ခဲ့ဘူးသောကြောင့် ဖြစ်သည်ဟု ယူဆကြသည်။

ရာဇဝင်များ၌၎င်း၊ လှည်းထောက် ကျောက်စာ၌၎င်း ကျန်စစ်သားမင်းသည် အနော်ရထာမင်း၏ သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်စစ်သားမင်းသည် ချင်းတွင်းမြစ်ဝအနီး၊ လက်ဝဲဖက်မြစ်ကမ်းရှိ ပရိမ္မအရပ်၌ ဖွားမြင်တော်မူသည်။ ဖွားမြင်သောနှစ်ကို သက္ကရာဇ် ၄ဝ၂ ခုနှစ် လောက်ဟူ၍ ယူဆနိုင်သည်။ ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)တွင် ပုဂံ၌ မင်းအဖြစ်ကိုရ၍ ၂၈ နှစ် အုပ်စိုးပြီးနောက် ၄၇၄ ခုနှစ်(ခရစ် ၁၁၁၃ ခုနှစ်လောက်) သက်တော် ၇ဝ ကျော်တွင် လွန်တော်မူသည်။

ကျန်စစ်သားမင်းသည် နိုင်ငံတော်၏ အစီးအပွားကို လိုလား၍ ဉာဏ်အမြော်အမြင်ကြီးသောမင်း ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး တရားမျှတစွာ အုပ်ချုပ်သော မင်းလည်း ဖြစ်သည်။ တိုင်းတစ်ပါးတို့နှင့် အချစ်အကြည် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူနိုင်သောမင်းလည်း ဖြစ်သည်။ ထိုမင်းသည် ထိုသို့သော ဉာဏ်အမြော်အမြင်ဖြင့်၎င်း၊ ထိုသို့သော စေတနာဖြင့်၎င်း အနော်ရထာမင်းတည်ခဲ့သော မြန်မာနိုင်ငံတော်ကို အနှစ် ၂ဝဝ မျှ ဆက်လက်တည်တံ့ ခိုင်မြဲ အောင် ၂၈ နှစ်မျှသော နန်းစံကာလအတွင်းတွင် ဆောင်ရွက်တော်မူခဲ့သည်။

ထီးနန်း ရတော်မူခြင်း[ပြင်​ဆင်​ရန်​]

ပုဂံထီးနန်းကို ကျန်စစ်သားရခြင်းမှာ ရန်သူ့လက်သို့ ပုဂံပြည်ကြီး ကျဆုံးလုနီးအခြေမှ မိမိကိုယ်တိုင် ကယ်တင်နိုင်၍ ရခြင်းဖြစ်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းကို မဆက်စံမီ ပုဂံတွင် စောလူးမင်း(မင်းလုလင်) အုပ်စိုးလျက် ရှိသည်။ စောလူးမင်းသည် အနော်ရထာမင်း လွန်တော်မူပြီးနောက် ဆက်ခံစိုးစံသောမင်း ဖြစ်သည်။

ထိုအခါက တိုင်းပြည်၏အခြေအနေမှာ ကမ္ပည်းကျောက်စာ သုတေသီတို့၏ အလိုအရ ထိုခေတ်ပုဂံပြည်နှင့် နိုင်ငံတော် အဝန်းတွင် မြန်မာလူမျိုး၊ ပျူလူမျိုး၊ မွန်လူမျိုးတို့သည် လူမျိုးစုကြီးများအဖြစ် နေထိုင်ကြ သည်ဟု၎င်း၊ ထေရဝါဒ ထွန်းကားလာပြီဟု၎င်း၊ ရှင်အရဟံ(မဟာထေရ်)သည် သာသနာတော် စီးပွားကို ဆောင်ရွက်လျက်ပင် ရှိသည်ဟု၎င်း၊ ထေရဝါဒအပြင် မဟာယာနဂိုဏ်းနှင့် တန္တြဂိုဏ်းတို့ ရှိနေသည်ဟု၎င်း၊ ဗုဒ္ဓအယူမှ တစ်ပါးဖြစ်သော ပိဿနိုး ကိုးကွယ်သောအယူ၊ နဂါးကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ ရှိနေသည်ဟု၎င်း၊ စကားနှင့် စာပေအရာတွင် မြန်မာဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာတို့ကို ရေးသားပြောဆို နေကြသည်ဟု၎င်း ယူဆနိုင်သည်။ ပုဂံပြည်၌ သထုံ မနူဟာ(မကုတ)မင်း၏ အဆက်အနွယ်တော်များသည် မြင်းကပါအရပ်၌ နေထိုင်လျက်ရှိကြသည်ဟု၎င်း၊ မွန်တို့၏ဒေသ ဥဿပဲခူးမြို့ကို အထိန်းတော် သားငရမန်ကန်းအား ပေး၍ မြို့စားအဖြစ် အုပ်ချုပ်စေသည်ဟု၎င်း ယူဆနိုင်သည်။

ထိုကဲ့သို့ လူမျိုးအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုး၊ စကားစာပေအမျိုးမျိုးရှိသော နိုင်ငံသစ်သည် အနော်ရထာမင်း လက်ထက်၌ ငြိမ်းချမ်းခဲ့ပါ၏။ သို့ရာတွင် အနော်ရထာမင်း လွန်တော်မူသောအခါ စောလူးမင်းသည် ထိုငြိမ်းချမ်းမှုကို မထိန်းမသိမ်းနိုင် ဖြစ်လာသည်။ ထိုမင်းလက်ထက်တွင် အထိန်းတော်သား ငရမန်ကန်းသည် မတော်လောဘ ထွက်၍ ဥဿာပဲခူးကို အားကိုးပြုကာ ပုန်ကန်သည်။ ကျန်စစ်သားသည် ခမည်းတော် အနော်ရထာမင်း လက်ထက်တွင် စစ်သူကြီးတစ်ဦးအဖြစ်ဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့သည်။ ခမည်းတော် သထုံသို့ ချီတော်မူရာတွင် ကြည်းကြောင်းဖြင့် ရှေ့ဖျားတပ်မပြု၍ လိုက်ပါခဲ့ဘူးသူဖြစ်သည်။ ဥဿာပဲခူးတွင် ဂျွမ်းစစ်သည်တို့ ရံလာသည်ကို တိုက်ခိုက် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ကျန်စစ်သားသည် စစ်သူကြီးအဖြစ် အမှုထမ်းစဉ်၌ပင် လက်ရုံးနှလုံးနှင့် ပြည့်စုံသူ ဖြစ်သည်။ သို့ရာတွင် အခါ တစ်ပါး၌ ခမည်းတော်အနော်ရထာမင်း မျက်တော်မူသဖြင့် လတ်ရာ၌ ပုန်းရှောင်နေရသည်။ စောလူးမင်း နန်းတက်သောအခါ မှူးမတ်တို့က ကိုယ်တော်နှင့် မကွာကောင်းပလေဟု နားတော်လျှောက်သဖြင့် စောလူးမင်းသည် ပြည်ရေးရွာမှုကို ထောက်၍ ကျန်စစ်သားအား ပုဂံသို့ ခေါ်တော်မူလေသည်။ ထိုအခါမှစ၍ ကျန်စစ်သားသည် ပုဂံသို့ ပြန်ရောက်သည်။ ငရမန်ကန်းသည် စောလူးမင်းကို ပုန်ကန်လိုသဖြင့် ဥဿာပဲခူးမှ ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်းဖြင့် ချီ၍ ပြည်တော်သာကျွန်း (မိကျောင်းရဲအောက်ရှိ ကျွန်းတောကျွန်း)၌ တပ်ချ ရပ်သောအခါ ကျန်စစ်သားသည် ပြည်တော်သာကျွန်းသို့ တပ်ဦးချီ၍ စောလူးမင်းသည် နောက်ထပ်ပြု၍ ချီသည်။ ငရမန်ကန်းသည် ကျန်စစ်သား စစ်အရာ၌ လိမ္မာသည်ကို သိသဖြင့် ကျန်စစ်သားတပ်ကို ရှောင်၍ စောလူးမင်းတပ်ကို တိုက်သည်။ စောလူးမင်းသည် ဆင်မှ ဆင်း၍ ပြေးရသည်။ တပ်လည်း အဆီးအတားမရှိ ပျက်သည်။ ကျန်စစ်သားလည်း ပုဂံသို့ ဆုတ်လာရသည်။ ထိုအခါ ပုဂံပြည်သားတို့သည် ကျန်စစ်သားအား ထီးနန်းအပ်ကြပါ၏။ သို့ရာတွင် ကျန်စစ်သားသည် ထီးနန်းကို လက်မခံ။ ငါ့အရှင် ရှိမရှိ စူးစမ်းဦးမည်။ ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်ဟု ဆိုသည်။ ငရမန်ကန်းသည် စောလူးမင်းကို ဖမ်းမိ၍ အလုံးအရင်းနှင့် ချီလာပြီးလျှင် ပုဂံမြို့မှ တောင်ဘက် တစ်မိုင်ခန့်အကွာ မြင်းကပါအရပ်၌ တပ်ချ၍ ပုဂံကို ရံသည်။ ကျန်စစ်သားသည် စောလူးမင်းကို အရယူပါသေး၏။ သို့သော်လည်း မရ၊ ပုဂံမှ မိတ္ထီလာ ထီးလှိုင်သို့ ဆုတ်ရသည်။

စောလူးမင်းသည် ငရမန်ကန်းလက်တွင် အနိစ္စရောက်သည်။ ကျန်စစ်သားသည် မိတ္ထီလာထီးလှိုင်တွင် ဗိုလ်ဝင်ခံလျက်နေစဉ် ငရမန်ကန်းသည် အင်းဝအရပ်အထိ ချီ၍ သိမ်းသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ ချီ၍ ငရမန်ကန်းကို တိုက်သည်။ အင်းဝစစ်ပွဲ၌ ငရမန်ကန်း ရှုံး၍ မြင်းကပါသို့ ဆုတ်ရသည်။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲဖြစ်ပြန်ရာ ငရမန်ကန်းတပ်ပင် ဆုတ်ရပြန်သည်။ ထို့နောက် ငစဉ့်ကူး အရပ်တွင် ငရမန်ကန်း အသက်ဆုံး၍ သူပုန်အရေး အေးလေတော့သည်။ ဤသို့ဖြင့် ကျန်စစ်သားသည် သက္ကရာဇ် ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)၌ ပုဂံတွင် မင်းအဖြစ်ကို ခံယူ၍ ပုဂံထီးနန်းကို သိမ်းပိုက်သည်။

ငရမန်ကန်း သူပုန်အရေး ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူရေးတည်းဟူသော ဘောဂဗလကို၎င်း၊ ကာယ ဉာဏ စာရိတ္တ ဗလတို့ကို ၎င်း တိုးတက်အောင် ဆောင်ရွက်တော်မူသည်။

ငရမန်ကန်း သူပုန်ထသဖြင့် ပြည်တွင်း၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေစဉ်တွင် တိုင်းသူပြည်သားတို့သည် ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ အချို့သည် သားတကွဲ မယားတကွဲ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အချို့သည် ရန်သူတို့၏ အဖမ်းအဆီးကို ခံရ၍ အောက်ပြည် အောက်ရွာသို့ ရောက်ကြရသည်။ အချို့သည် စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ ဖြစ်ကြရသည်။ ဤအခြေကား ဆိုးလှသည်။ ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားများကို ဤအခြေဆိုးမှ ကယ်တင်၍ ပြည့်စုံလုံလောက် ပျော်ရွှင်အောင် ဆောင်ရွက်တော်မူသည်။ ကျန်စစ်သား၏ ရွှေစည်းခုံမွန်ကျောက်စာတွင် မင်းကြီး၏ အလိုဆန္ဒတော်အတိုင်း မဆိုင်းမတွ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်သူတို့သည် ပုဂံကို တိုက်ဖျက်ရန် ဆန်တက်လာ၍ အမျိုးလေးပါးကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြကြောင်း၊ ထို့နောက် လက်ရုံးမူ၍ ထိုသူတို့ကို တစ်ရပ်တစ်ကျေးသို့ ဆောင်ယူကြကြောင်း၊ မင်းကြီးသည် ထိုသူတို့ကို ပုဂံသို့ပြန်ခေါ်၍ နှစ်သိမ့်မည်ဖြစ်ကြောင်း၊ သားကွဲ မယားကွဲဖြစ်သူတို့ကို၎င်း၊ ပူပင်သောက ရောက်ကြရသူများကို၎င်း မင်းကြီးသည် မေတ္တာကရုဏာဖြစ်၍ ထိုသူတို့၏ မျက်ရည်တို့ကို သုတ်ပေးတော်မူမည် ဖြစ်ကြောင်း၊ ယာလက်တော်ဖြင့် ဆန်စပါးမှ စ၍ စားဖွယ်သောက်ဖွယ်တို့ကို ပေးအပ်ကျွေးမွေးမည်ဖြစ်ကြောင်း၊ ဝဲလက်တော်ဖြင့် အဝတ်ပုဆိုး အဆင်တန်ဆာတို့ကို ပေးအပ်ဆင်ယင်မည် ဖြစ်ကြောင်း၊ အမိသည် သားငယ်တို့ကို ရင်ခွင်၌ ပိုက်ထွေးယုယသကဲ့သို့ ထိုသူတို့ကို စောင့်ရှောက်ပြုစုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

တစ်ဖန်၊ ထိုရွှေစည်းခုံကျောက်စာ၌ပင် မင်းကြီး၏ လက်ထက်တော်တွင် မှို၊ မျှစ်၊ သစ်သီး၊ ပန်းမန်တို့ ပေါများစေရမည် ဖြစ်ကြောင်း၊ ဆန်စပါး အဝတ်ပုဆိုးတို့အတွက် အခက်ကြုံနေကြသူများသည် ရွှေငွေ ရတနာဖြင့် ဆန်းကြယ်သော အဝတ်ပုဆိုးတို့ကို ဆင်မြန်းကြရမည်ဖြစ်ကြောင်း၊ ဆင်မြင်းကျွဲနွား ကြက်ဝက်ဆိတ်တို့ ပေါများစေရမည်ဖြစ်ကြောင်း၊ လူတိုင်း လူတိုင်း ကြွယ်ဝချမ်းသာရမည်ဖြစ်ကြောင်း၊ အိုးစလောင်း ရောင်းသော အမယ်အိုများပင်လျှင် ဈေးကောင်းရ၍ ချမ်းသာရမည် ဖြစ်ကြောင်း၊ မြေယာထွန်ယက်ကြသော လယ်သမားအပေါင်းတို့တွင် ဆန်စပါး လူးဆပ်တို့သည် ကျီအပြည့် ရရှိမည်ဖြစ်ကြောင်းတို့ကိုလည်း ဆိုခဲ့သည်

ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ ဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။ ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌၎င်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။

ထို့ပြင် သက္ကရာဇ် ၄၆ဝ ပြည့်နှစ် (ခရစ် ၁ဝ၉၈ ခုနှစ်)တွင် ကျန်စစ်သားမင်းသည် သထုံမြို့သို့သွား၍ သထုံမြို့ မြောက်ဖက် မိုင် ၃ဝ ခရီး၌ရှိသော ကျိုက်တလင်စေတီ (မြသိန်းတန်ဘုရား)ကိုလည်းကောင်း၊ တောင်စွန်းအနီးရှိ မဟာဓာတ်ဘုရား (ကျိုက်တဲဘုရား)ကိုလည်းကောင်း ပြင်တော်မူသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသို့ မင်းချင်းတို့ကို စေ၍ မြတ်စွာဘုရား ပွင့်တော်မူရာဖြစ်သော ဗုဒ္ဓဂါယာ၌ မဟာဗောဓိဘုရား (ဝဇီရာသန)ကို ပြင်စေသည်။ ထိုမျှသာ မက၊ ထိုအရပ်၌ မြေဝယ်စေသည်။ ထို့နောက် ကန်တူးပြီးလျှင် လယ်မြေ တည်စေ၍ ဘုရားသို့ လှူတော်မူသည်။ ဆီမီးဝတ် မပျက်အောင်၎င်း၊ အဆို အတီး အက ဝတ်မပျက်အောင်၎င်း ဆောင်ရွက်စေတော်မူသည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းဒေသမှ စောဠိမင်းသားတစ်ပါးသည် ခြွေရံသင်းပင်းနှင့်တကွ ပုဂံသို့ ရောက်လာသည်ဟု ကြားတော်မူရာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ရွှေပေတွင် ဟင်္သာပြဒါးဖြင့်ရေး၍ မင်းသားထံသို့ ပို့တော်မူသည်။ မင်းသားနှင့် ခြွေရံသင်းပင်းတို့သည် မိမိတို့၏ အယူဝါဒကို စွန့်၍ ဗုဒ္ဓအယူဝါဒကို ယူကြသည်။

မျှတစွာ အုပ်ချုပ်တော်မူခြင်း ကျန်စစ်သားမင်းသည် ဥဿာပဲခူးစား ငရမန်ကန်းသူပုန်ကို နှိမ်နင်းနေခိုက်မှာပင် ခမည်းတော် တည်ထောင်ခဲ့သည့် နိုင်ငံသစ် တည်တံ့ခိုင်မြဲမှုအတွက် စည်းလုံးရေးသည် အဓိကဖြစ်သည်ဟူ၍ ယူဆတော်မူခဲ့ဟန် တူသည်။ မင်းကြီး၏ အုပ်ချုပ်ရေးအစီအမံ အဆောင်အရွက်တို့တွင် ထိုယူဆချက် အမူအရာများကို သိမြင်နိုင်သည်။ ထိုအမူအရာများကား အခြားမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး မျှတစွာ အုပ်ချုပ်သော အမူအရာများ ဖြစ်သည်။

ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းပိုက်သော်လည်း ၄၄၈ ခုနှစ် (ခရစ် ၁ဝ၈၆ ခုနှစ်)မှာမှ အဘိသိက်ကို ခံယူတော်မူသည်။ အဘိသိက်ခံယူ တော်မူကြောင်း၊ နန်းတော်သစ် တည်တော်မူကြောင်းတို့ကို ကမ္ပည်းကျောက်စာ (ရွှေစည်းခုံကျောက်စာ) ရေးထိုးတော် မူခဲ့သည်။ တည်တော်မူသော နန်းတော်သစ်သည် ပြာသာဒ် ငါးဆောင်ရှိသော ပဉ္စပါသာဒ ဖြစ်သည်။ ရွှေစည်းခုံ ကျောက်စာအရ ကျန်စစ်သားမင်းသည် ပုဂံမြို့ကို အခိုင်အခံ့ ပြု၍ ဝင်းကိုယ်ရံတော် ၁ဝဝဝ ကျော်ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းတော်မူသည်ဟု သိရသည်။ ထို့ပြင် ဘိသိက်ပွဲအခမ်းအနားတွင် မှူးမတ်အရာရှိကြီးများဖြစ်သော သံပျင်ကြီး၊ သံပျင်ငယ်များသည်၎င်း၊ ကလန်အရာရှိများသည်၎င်း၊ ထို့နောက် ကျေးရွာအကြီးအကဲများဖြစ်သည့် သင်ကြီး၊ သင်လျင်တို့သည်၎င်း တက်ရောက်ဖူးမြော် ကြသည်ဟုလည်း သိရသည်။ ဘုရားများအား ပူဇော်လှူဒါန်းခြင်း၊ ဘိသိက်ပွဲ အခမ်းအနား၌ ပရိတ်တော် ရွတ်ဖတ်ခြင်း၊ ပိဿနိုး ပူဇော်ခြင်း၊ ဂဝံပတိ ပူဇော်ခြင်း၊ နဂါး ပူဇော်ခြင်းတို့ ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ထိုဘိသိက်ပွဲအခမ်းအနား၌ ရှင်အရဟံ ကြီးမှူးသော ရဟန်းတော်များ ပါဝင်ကြခြင်း၊ ပုဏ္ဏားများလည်း ပါဝင်ကြခြင်း၊ မြန်မာဘာသာသီဆိုခြင်း၊ မွန်ဘာသာသီဆိုခြင်း၊ ပျူဘာသာသီဆိုခြင်းတို့ ရှိသည်ဟုလည်း သိနိုင်သည်။ တစ်ဖန် ပြည်ရွှေဆံတော် ကျောက်စာအရ မင်းကြီးအကန်တော့ခံပွဲတွင် အချို့တို့သည် နတ်ဝင်သည်အဟန်ပြု၍ သီဆိုကခုန်ကြသည်ဟုလည်း သိရသည်။

အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် ကျန်စစ်သားမင်းသည် မွန်၊ မြန်မာ၊ ပျူ အမျိုးသားများကို ခန့်ထားချီးမြှင့်တော်မူကြောင်း၊ ထေရဝါဒကို နှစ်သက်ကြည်ညို၍ အထူး ချီးမြှင့်သူဖြစ်လင့်ကစား မဟာယာနဂိုဏ်း၊ တန္တြဂိုဏ်း တို့ကိုလည်း ချီးမြှင့်တော်မူကြောင်း၊ ထို့ပြင် ပိဿနိုးကိုးကွယ်သောအယူ၊ နဂါး ကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ကိုလည်း ချီးမြှင့်တော်မူကြောင်း သိသာသည်။ ကျန်စစ်သားမင်းသည် ဤနည်းများဖြင့် လူမျိုးအားလုံးကို နှစ်သိမ့်ခြင်း ဖြစ်စေ၍ အချင်းချင်း ရင်းနှီးစည်းလုံးမှုကို ပြုကာ မျှတစွာ အုပ်ချုပ်ခဲ့သည်ဟု ယူဆနိုင်၏။

ထိုသို့ မျှတစွာ အုပ်ချုပ်သည်ထက် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်မှာ မွန်မြန်မာ နှစ်ဦးနှစ်ဖက်လုံး ကျေနပ်၍ အဓွန့်ရှည်စွာ နိုင်ငံတော် စည်းလုံးခိုင်မြဲမည်ကို မျှော်ရှုကာ သမီးတော် ရွှေအိမ်သည်ကို သထုံမနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ပေးထိမ်းမြား၍ မြေးတော်ရသောအခါ မိမိ၏သားတော်ရှိပါလျက် မြေးတော် မွန်မြန်မာမင်းသားကို ထီးနန်းဆက်ခံစေခြင်း ဖြစ်နိုင်သည်ဟူသော ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ)၏ မှန်းဆချက်ဖြစ်သည်။ ပါမောက္ခသည် ရာဇကုမာရ် ကျောက်စာကို၎င်း၊ မနူဟာ ကျောက်စာကို၎င်း ကိုးကားပြသည်။

ရာဇကုမာရ် ကျောက်စာအရ ကျန်စစ်သားမင်း၌ ရာဇကုမာရ်မည်သော သားတော်တစ်ပါးရှိကြောင်း၊ သို့ရာတွင် ထီးနန်းကို ဆက်ခံရသူ မဟုတ်ကြောင်း သိရသည်။ တစ်ဖန် မနူဟာကျောက်စာအရ သထုံမင်း မနူဟာ၌ သုဓမ္မရာဇ်မည်သော သားတော်ရှိကြောင်း၊ အသဝတ်ဓမ္မာသည် မင်းစီးလှေတော်ကို ပုပ္ပား၌ ဝှက်ထားကြောင်း၊ ထိုသို့ဝှက်ထားသည်ကို ကျန်စစ်သားမင်း သိတော်မူသောအခါ လှေတော်ကို ပြန်အပ်ရန် မိန့်တော်မူကြောင်း၊ လှေတော်ကို ပေးအပ်သောအခါ မင်းကြီးသည် မိမိ၏သမီးတော် ရွှေအိမ်စည်ကို အသဝတ်ဓမ္မာ၏ သားတော် နာဂသမန်းနှင့် ပေးထိမ်းမြားတော်မူကြောင်း သိရသည်။

တစ်ဆယ့်ခြောက်ရာစုနှစ်အတွင်း ရေးထိုးသည်ဟု ခန့်မှန်းနိုင်သော မနူဟာကျောက်စာအဆိုကို လက်ခံနိုင်ကြလျှင် ပါမောက္ခက ဤသို့ မှန်းဆနိုင်သည်ဟု ဆိုသည်။ မင်းစီးလှေတော်ကို ပုပ္ပား၌ အသဝတ်ဓမ္မာ မင်းသားဝှက်သော ကာလသည် ပုဂံကို ငရမန်ကန်း ပုန်ကန်နေသော ကာလဆိုး ဖြစ်တန်ရာသည်။ ထိုသို့ ဝှက်သော အသဝတ်ဓမ္မာ၏ အမူအရာသည် ပုဂံတစ်ဝိုက်ရှိ မွန်တို့ကို စုရုံး၍ တစ်ထီးတစ်နန်းထူလိုသဖြင့် ပုပ္ပား၌ ဗိုလ်ဝင်ခံသော အမူအရာ ဖြစ်တန်ရာသည်။

ထိုသို့ဖြစ်လျှင် မျက်မှောက် ဆူပူသောင်းကျန်းမှုကို အလွယ်တကူ ငြိမ်းအေးစေလိုသော ဆန္ဒကြောင့်၎င်း၊ နောင်ရေးကို မြှော်တွေး၍ မွန်မြန်မာ အဓွန့်ရှည်စွာ စည်းလုံးခိုင်မြဲစေလိုသော ဆန္ဒကြောင့်၎င်း ကျန်စစ်သားမင်းသည် မိမိ၏ သမီးတော် ရွှေအိမ်စည်ကို မနူဟာမင်း၏ မြစ်တော်နာဂသမန်းနှင့် ပေးထိမ်းမြားခြင်း ဖြစ်တန်ရာသည်။ တစ်ဖန် မြန်မာရာဇဝင်များ၌ မြေးတော်ကို မင်းမြှောက်ခဲ့ပြီး ဖြစ်၍ မြေးကားအရင်း၊ သားကားအဖျား ဖြစ်ပြီဟု ကျန်စစ်သားမင်း မိန့်တော်မူကြောင်း ရေးမှတ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်ဟု မှန်းဆခဲ့ခြင်း ဖြစ်သည်။

တိုင်းတစ်ပါးနှင့် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူတော်မူခြင်း ပုဂံခေတ်တွင် မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ထိပါးခြင်းကို မခံရ။ အနှစ် ၂ဝဝ မျှ ငြိမ်းချမ်းခဲ့သည်။ ထိုသို့ ငြိမ်းချမ်းခဲ့သည်မှာ ကျန်စစ်သားမင်း၏ နိုင်ငံခြားရေးဝါဒကြောင့် ဖြစ်သည်။ ထိုဝါဒမှာ အခြားမဟုတ်၊ နိုင်ငံတကာနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံသောဝါဒ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ၍ အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ ရှိသည်။

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ ပြင်ခွင့်ကို ကျန်စစ်သားမင်း ရရှိခဲ့သည်ဖြစ်ရာ ကျန်စစ်သားမင်းသည် အိန္ဒိယမင်းများနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ ဆက်ဆံသည့် အတိုင်းလည်း ပုဂံတွင် ယဉ်ကျေးမှုအဆင့်အတန်းသည် မြင့်တက်လာခဲ့သည်။ တစ်ဖန် ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၆၅ ခုနှစ် (ခရစ် ၁၁ဝ၃ ခုနှစ်)၌ တစ်ကြိမ်၊ ၄၆၈ ခုနှစ် (ခရစ် ၁၁ဝ၆ ခုနှစ်)၌ တစ်ကြိမ် တရုတ်ပြည်သို့ သံစေလွှတ်တော်မူသည်။ တရုတ်ပြည် ဆွန်းမင်းဆက် နန်းစဉ်စာတို့တွင် ၄၆၈ ခုနှစ်၌ ပုဂံပြည်မှ သံတမန်များရောက်လာကြောင်း၊ ပုဂံပြည်သည် ဘုန်းတန်ခိုး အင်အားနှင့် ပြည့်စုံသည်ဖြစ်၍ ထိုနိုင်ငံနှင့် ဆက်ဆံရာတွင် အာရပ်နိုင်ငံ၊ အာနမ်နိုင်ငံနည်းတူ တိုင်းကြီးပြည်ကြီးအဖြစ် ဆက်ဆံကြောင်း ဖော်ပြထားချက်ရှိသည်။ ကျန်စစ်သားမင်း ထိုသို့ သံစေလွှတ်ခြင်းသည် နှစ်ပြည် တစ်ပြည် အရောင်းအဝယ် ဖြစ်စေလိုသောကြောင့်သော်၎င်း၊ ခမည်းတော် အနော်ရထာမင်းလက်ထက် ဂန္ဓာလရာဇ်(နန်ချောင်)ကို တိုက်ခိုက်ခဲ့ဘူးရာ ဂန္ဓာလရာဇ်၏ ရန်ကို စိုးရိမ်သဖြင့် တရုတ်ပြည်နှင့် မဟာမိတ်ဖွဲ့ လိုသောကြောင့်သော်၎င်း ဖြစ်တန်ရာသည်ဟု ယူဆကြသည်။ ထို့ပြင် ကျန်စစ်သားမင်းသည် နောက်တစ်ကြိမ် ထိပါး လာသော ဂန္ဓာလရာဇ်မင်း၏ စစ်သည်တို့ကို တွန်းလှန်နိုင်ခြင်းသည် ပုဂံပြည်၏ လက်ရုံးအင်အားကြောင့်၎င်း၊ တရုတ်မင်းနှင့် မဟာမိတ်ဖွဲ့ခဲ့သော ကျေးဇူးကြောင့်၎င်း ဖြစ်မည်ဆိုပါကလည်း ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ပုဂံပြည်သည် တရုတ်ပြည်သို့ သံစေလွှတ် မိတ်ဖွဲ့ခဲ့သည်မှစ၍ အနှစ် ၂ဝဝ နီးပါးမျှ ငြိမ်းချမ်းခဲ့သည်မှာ အထင် အရှား ဖြစ်သတည်း။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (မသက်ဇင် ၏ မွန်မြန်မာသွေးစည်းညီညွတ်ရေးကိုဆောင်ရွက်ခဲ့သည့် ကျန်စစ်သား)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  • မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။
  • မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
  • ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။
  • ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ
  • မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား )
  • မှန်နန်းရာဇဝင် သုံးတွဲ