ရမည်းသင်းခရိုင်

ဝီကီပီးဒီးယား မှ
ရမည်းသင်း ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
မန္တလေးတိုင်းအတွင်းတည်နေရာ
မန္တလေးတိုင်းအတွင်းတည်နေရာ
ရမည်းသင်း ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရမည်းသင်း ခရိုင်
ရမည်းသင်း ခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
မြို့နယ်ပေါင်း
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၅၁၈,၃၈၄[၁]
အချိန်ဇုန်MST (UTC6:30)

ရမည်းသင်းခရိုင် (အင်္ဂလိပ်: Yamethin District)သည် မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ရမည်းသင်းမြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်တွင် ယခင်က ရမည်းသင်းနယ်နှင့် ပျဉ်းမနားနယ်တို့ပါဝင်ခဲ့ကာ ၂၀၀၆ခုနှစ်တွင် ပျဉ်းမနားနယ်သည် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်များနှင့် ပျဉ်းမနားခရိုင်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၀၀၉ခုနှစ်တွင် ပျဉ်းမနားခရိုင်သည် နေပြည်တော်ခရိုင်ဖြစ်သွားပြီး ၂၀၁၃ခုနှစ်တွင် ဥတ္တရနှင့် ဒက္ခိဏဟူ၍ ခရိုင်(၂)ခု ထပ်မံခွဲခြားခဲ့သည်။[၂]ထို့ကြောင့် ၂၀၂၁ခုနှစ်တွင် ရမည်းသင်းခရိုင်၌ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ် (၂)ခုသာ ကျန်ရှိသည်။[၃]

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်မြို့နယ်များ
  ရမည်းသင်းမြို့နယ်
  ပျော်ဘွယ်မြို့နယ်

ရမည်းသင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်သည် မန္တလေးတိုင်းအတွင်း တောင်ဘက်အစွန်တွင် တည်ရှိသည်။ ရမည်းသင်းခရိုင်၏ အရှေ့ဘက်တွင် မိတ္ထီလာခရိုင်နှင့် ရှမ်းပြည်နယ်မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် ပြည်ထောင်စုနယ်မြေမှ လယ်​ဝေးခရိုင်၊ အနောက်ဘက်တွင် မကွေးတိုင်းမှ မကွေးခရိုင်၊ မြောက်ဘက်တွင် မိတ္ထီလာခရိုင်တို့ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၄၂ဝ၁ စတုရန်းမိုင်ရှိသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်၏ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်း၊ အလယ်တွင် မင်းဝံတောင်တန်း၊ အနောက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိသည်။ ပျော်ဘွယ်ဘက်ခြမ်းတွင်မူ အလယ်ပိုင်းသည် မြေပြန့်ဖြစ်သည်။ ကျောက်စရစ်များ ရောပြွန်းနေသော မြေများပြီး အချို့မှာ မြေဆီလယ်မြေများဖြစ်ကာ သဲမြေအနည်းငယ်ရှိသည်။

ရေဆင်း[ပြင်ဆင်ရန်]

ခရိုင်အတွင်း ချောင်းအနည်းငယ် စီးဆင်းနေသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်၏ ရာသီဥတုမှာ အများအားဖြင့် ပူအိုက်စိုစွတ်သည်။ ရမည်းသင်းခရိုင်၏ ထူးခြားချက်မှာ မြောက်ပိုင်းနှင့် တောင်ပိုင်းရာသီဥတုအခြေအနေ ကွဲပြားခြားနားလျက် ရှိနေခြင်းဖြစ်သည်။ ခရိုင်ကို အရှေ့နှင့် အနောက် ဖြတ်စီးသော ဆင်သေချောင်း၏ မြောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းတို့သည် ချောင်းနှင့် မိုင်အနည်းငယ်မျှ ကွာဝေးရုံမျှနှင့် ရာသီဥတုအခြေအနေချင်း ရုတ်ခြည်းအားဖြင့် သိသိသာသာ ကွာခြားသည်ကို တွေ့ရ၏။

ဆင်သေချောင်း၏ မြောက်ဘက်ရှိ ရမည်းသင်းမြို့နယ်တွင် မိုးခေါင်ရေရှား ရပ်ဝန်း၏ ရာသီဥတုအခြေ အနေမျိုးရှိ၍ ချောင်း၏ တောင်ဘက်ရှိ ပျဉ်းမနားမြို့နယ် (ယခု ဒက္ခိဏခရိုင်အတွင်းပါဝင်) ၌မူ မြန်မာနိုင်ငံ အောက်ပိုင်း၏ ရာသီဥတု အခြေအနေမျိုးကို တွေ့ရှိရသည်။ ရမည်းသင်းခရိုင်ကို မြေညီပိုင်း၊ ကုန်းမြင့်ပိုင်း၊ သစ်တောပိုင်းဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဆင်သေချောင်း၏ မြောက်ဘက်ရှိ ရမည်းသင်းမြို့နယ်သည် မိုးပါး၍ ခြောက်သွေ့သောနယ်ဖြစ်၏။

ရမည်းသင်းခရိုင်တစ်ခုလုံးတွင် တောင်သူလယ်သမားတို့ စိုက်ပျိုးရေးကို အောင်မြင်စွာ လုပ်ကိုင်ရန်အတွက် မိုးကို စိတ်မချရချေ။ အထူးသဖြင့် ရမည်းသင်းမြို့နယ်တွင် မိုးခေါင်မည်ကို တောင်သူလယ်သမားတို့ စိုးရိမ်ကြောင့်ကြရလေသည်။ ပျဉ်းမနားမြို့နယ် မြောက်ပိုင်းနှင့် ရမည်းသင်းမြို့နယ်တွင် ဆန်စပါး စိုက်ပျိုးရန်အတွက် မိုးရေမှာ မလုံလောက်သဖြင့် လယ်ယာများသို့ ဆည်မြောင်းများဖြင့် ရေသွင်းဖြည့်တင်းပေးရသည်။

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ်တွင် ရမည်းသင်းခရိုင်၏ လူဦးရေမှာ ၅၁၈,၃၈၄ ဖြစ်ကာ ကျား ၂၄၄,၆၀၃နှင့် မ ၂၇၃,၇၈၁ ဖြစ်သည်။ ပျော်ဘွယ်မြို့နယ်သည် ရမည်းသင်းမြို့နယ်ထက် လူဦးရေ ပိုများသည်။ ခရိုင်လူဦးရေ၏ ၁၁.၆ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။[၄]

စီးပွားရေး[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးကောင်းမွန်သော ခရိုင်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် သီးနှံပွဲရုံများ အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ပဲ၊ ငရုပ်၊ ဆီထွက်သီးနှံများ၊ မန်ကျည်းသီး၊ စပျစ်သီး၊ ကွမ်း၊ ဝါ၊ မုန့်ကြွပ် စသည်ဖြင့် ထွက်ရှိပြီး ရန်ကုန်၊ မန္တလေးသို့ တင်သွင်းသည်။

ရမည်းသင်းခရိုင် မြေညီပိုင်းတွင် ဆန်စပါးကို အများဆုံး စိုက်ပျိုး၍ မိုးခေါင်ရေရှား အသီးအနှံများကို ယာများ၌ စိုက်ပျိုးကြသည်။ ခရိုင်မြောက်ပိုင်း အနောက်ဘက်ရှိ ရိုးမတောင်ခြေ အရပ်ဒေသများ၌ မိုးခေါင်ရေရှားရပ်ဝန်းသီးနှံပင် သက်သက်တို့ကို စိုက်ပျိုးကြသည်။ ရေရနိုင်သော ချိုင့်ဝှမ်းများ၌ကား ဆန်စပါးကို စိုက်ကြသည်။

ရမည်းသင်းခရိုင် သစ်တောနယ်မှာ ကျယ်ဝန်းလှသဖြင့် ငလိုက်ချောင်းကို နယ်ခြားသတ်မှတ်ထား၍ ချောင်း၏ မြောက် ဘက်ကို ရမည်းသင်းသစ်တောနယ်ဟူ၍လည်းကောင်း၊ တောင်ဘက်ကို ပျဉ်းမနားသစ်တောနယ်ဟူ၍လည်းကောင်း သီးသန့်ခွဲခြားထားခဲ့သည်။ ယခုတွင် ရမည်းသင်းနယ်သာ ရှိ​တော့သည်။ သစ်တောမှ သစ်များကိုထုတ်ယူရာတွင် ဆင်များကို အသုံးများသည်။ မီးရထားလမ်းမကြီးနှင့် ဆက်သွယ်ထားသော သံလမ်းများတစ်လျှောက်မှ သစ်ဆွဲမီးရထားကလေးများဖြင့်လည်း သစ်များကို ထုတ်ယူကြသည်။ ရမည်းသင်း သစ်တောနယ်တွင် ဆင်သေချောင်းအားဖြင့် မျှောချကြသည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်သည် ပို့ဆောင်ဆက်သွယ်ရေးကောင်းမွန်သည်။ မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရာအပေါက်ဖြစ်ကာ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် ခရိုင်အတွင်း ရမည်းသင်းနှင့် ပျော်ဘွယ်မြို့များကို ဖြတ်သန်းကာ မိတ္ထီလာသို့ ဆက်လက်ရောက်ရှိသည်။ ထို့အပြင် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းနှင့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းကို ဆက်သွယ်သည့် ဖြတ်လမ်းသည် ပျော်ဘွယ်မြို့အဝင်မှ ဖြတ်သန်းသွားကာ မိတ္ထီလာခရိုင် သာစည်မြို့နယ်၊ ဘုရားငါးဆူရွာအနီးတွင် သွား၍ဆုံသည်။ ထို့အပြင် နတ်မောက် - ပျော်ဘွယ်လမ်းဖြင့် မကွေးတိုင်းဒေသကြီးသို့သွားလာနိုင်ကာ ထိုလမ်းမှတဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းသို့ တက်ရောက်နိုင်သည်။

ပညာရေး[ပြင်ဆင်ရန်]

ရမည်းသင်းခရိုင်တွင် အခြေခံပညာကျောင်းများအပြင် နည်းပညာတက္ကသိုလ် တစ်ခု တည်ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ရမည်းသင်းမြို့တွင် ခုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံ၊ ပျော်ဘွယ်မြို့တွင် ခုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံများအပြင် တိုက်နယ်ဆေးရုံများလည်းတည်ရှိကာ ခုတင် (၃၂၆) ဝန်ဆောင်မှုပေးနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး
  2. "နေပြည်တော်ကောင်စီနောက်ခံသမိုင်း"။ 
  3. "ပြန်လည်ရေးဆွဲနေသည့် မြို့ပြစီမံကိန်း"။ 8 October 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 February 2021။ 
  4. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ ။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)