သုဓမ္မာဇရပ်များ

ဝီကီပီးဒီးယား မှ
မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်များ

သုဓမ္မာဇရပ်များသည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တွင် တည်ရှိသည်။ ရတနာပုံမြို့တည်၊ နန်းတည် မင်းတုန်းမင်းကြီး၏ ကောင်းမှုဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မန္တလေးတောင်၏တောင်ဘက် အောင်မြေသာစံမြို့နယ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ၆၅ လမ်းနှင့် စန္ဒာမုနိစေတီ၊ အနောက်ဘက်တွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်နှင့် မဟာဇောတိကာရာမ (စံကျောင်းတိုက်)၊ တောင်ဘက်တွင် ၁၂ လမ်းနှင့် ကျုံးမြို့ရိုး၊ မြောက်ဘက်တွင် မန္တလေးတောင် တည်ရှိသည်။

မန္တလေးတောင်ပေါ်မှ တွေ့မြင်ရသော ကျုံး၊ နန်းမြို့ရိုးနှင့် သုဓမ္မာဇရပ်များ (၁၉၇၆ ခုနှစ်)

ခေတ်ကာလ[ပြင်ဆင်ရန်]

ရတနာပုံခေတ်လက်ရာ သစ်သားအဆောက်အအုံများ ဖြစ်သည်။

ထူးခြားချက်[ပြင်ဆင်ရန်]

ထုပ်စွပ်လျောက်စွပ်ဖြင့် တည်ဆောက်ထားသည်။ ရတနာပုံခေတ် သာသနာရေးဆိုင်ရာ စာပြန်ပွဲများကျင်းပရာ အဆောက်အအုံများဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန္တလေးတောင်ခြေ၊ ရွှေမြို့တော် အရှေ့မြောက်အရပ် ယခုကျောက်တော်ကြီးဘုရား တောင်ဘက်တွင် ပဋ္ဌာန်းဟောသိမ်များကို မင်းတုန်းမင်းတရားကြီးက ရတနာပုံရွှေမြို့နှင့် တစ်ပြိုင်နက်တည်း ဆောက်လုပ်လှူဒါန်းတော်မူခဲ့သည်။ တစ်ဖန် ၁၂၂၆ ခုနှစ်တွင် မှူးမတ်များအား ငွေတော်ထုတ်ပေး၍ သုဓမ္မာဇရပ်ပေါင်း ၃၃ ဆောင်ကို ဆောက်လုပ်စေတော်မူခဲ့သည်။ ယင်းဇရပ်များကို သုဓမ္မာဇရပ်တန်းဟုခေါ်သည်။ အဆိုပါ သုဓမ္မာဇရပ်များသည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းကြီးလက်ထက်၌ တစ်နှစ်တစ်ကြိမ် သာသနာ့အာဇာနည်လောင်းများ ရွေးချယ်သည့် သုဓမ္မာစာပြန်ပွဲများကျင်းပရာ မြင့်မြတ်သော ဘူမိနက်သန်နေရာလည်းဖြစ်သည်။ ယခုအခါ နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးကုန်ခဲ့ရာ ၁၉ ဆောင်မျှသာကျန်ရှိ၍ နိုင်ငံတော်အစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြင်ဆင်ထိန်းသိမ်းထားလျက်ရှိသည်။

အမျိုးအစား[ပြင်ဆင်ရန်]

သစ်သားတိုင်လုံးများဖြင့် တည်ဆောက်ထားသော အမိုးနှစ်ထပ် လည်ပေါ်တစ်ဆင့်ခံထားဝယ်ဆောင်ပုံစံ အဆောက်အအုံမျိုးဖြစ်သည်။ အဆောက်အအုံကို ထုပ်စွပ်လျောက်စွပ်စနစ်ဖြင့် တည်ဆောက်ထားသည်။ ယခင်က အမွှမ်းပန်းများ အမိုးအကာများရှိခဲ့သော်လည်း ယခုအခါ၌မရှိတော့ပါ။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

အဆောက်အအုံ၏ အဖြူထည်ပိုင်းများကို မူလလက်ရာမပျက် တွေ့နိုင်သည်။ သို့သော် အမွှမ်းပန်းများနှင့် အကာအရံများကိုမူ နှစ်ကာလရှည်ကြာမှုကြောင့် မတွေ့ရတော့ပါ။

ခံ့ညားတောင့်တင်းသော တိုင်လုံးကြီးများနှင့် ထုပ်စွပ်လျောက်စွပ်တည်ဆောက်ခဲ့သော မြန်မာ့ဗိသုကာ နမူနာပြအဆောက်အအုံများ ဖြစ်သည်။ ယခင်က သုဓမ္မာဇရပ်ပေါင်း ၃၃ ဆောင် ရှိခဲ့သော်လည်း သဘာဝဘေးဒဏ်နှင့် မီးလောင်မှုကြောင့် ယခုအခါ ၁၉ ဆောင်သာ ကျန်ရှိတော့သည်။ အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းပျက်စီးမှုများကိုလည်း ရှေးမူလက်ရာတိုင်း ပြန်လည်ပြုပြင်ထားသည်။

ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ဖေဖော်ဝါရီ ၂၀၁၁)။ မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း။ အမှတ် (၁) (ဒုကြိမ် ed.)။