နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းသည့်အချိန် | ဖေဖော်ဝါရီ ၂၊ ၂၀၂၁ |
အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
ဌာနအကြီးအမှူးများ | မင်းအောင်လှိုင်၊ ဥက္ကဋ္ဌ စိုးဝင်း၊ ဒုဥက္ကဋ္ဌ |
ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
တရားစီရင်ရေး
|
လတ်တလော ရွေးကောက်ပွဲများ
|
အဝေးရောက်အစိုးရအဖွဲ့
|
အခြားအကြောင်းအရာများ |
မြန်မာနိုင်ငံ မုခ်ဝ |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အင်္ဂလိပ်: State Administrative Council (SAC) ) သည် တပ်မတော်၏ တပ်မတော်အာဏာသိမ်းယူမှုဖြစ်ပွားပြီး တစ်ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂ တွင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁)၊ ပုဒ်မ ၄၁၉ အရ ဤကောင်စီကိုဖွဲ့စည်းသည်ဟု ၉/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် ကြေညာခဲ့သည်။[၁] ထိုအဖွဲ့တွင် အာဏာသိမ်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်သည်။[၂][၃]
ဤကောင်စီကို ဖေဖော်ဝါရီ ၂ တွင် စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၃) ဦး၊ စုစုပေါင်း (၁၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[၁] သို့သော် ဤကောင်စီကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ ၄ တွင် အရပ်သားငါးဦးပါဝင်လာခဲ့သည်။ ပါဝင်သောသူများမှာ စစ်ဘက်မှ (၈) ဦးနှင့် အရပ်ဘက်မှ (၈) ဦးဖြင့် စုစုပေါင်း (၁၆) ဦးဖြစ်သည်။[၄] ပါဝင်သောသူများကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်သည်။
အဖွဲ့ဝင်များ
စဉ် | အမည် | ရာထူး | အဖွဲ့ |
၁ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် | ဥက္ကဋ္ဌ | တပ်မတော် |
၂ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယဥက္ကဋ္ဌ | |
၃ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | အဖွဲ့ဝင် | |
၄ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ||
၅ | ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် | ||
၆ | ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း | ||
၇ | ဖဒိုမန်းငြိမ်းမောင် | ကရင်ပြည်သူ့ပါတီ | |
၈ | ဦးသိန်းညွန့် | အမျိုးသားဒီမိုကရေစီပါတီသစ် | |
၉ | ဦးခင်မောင်ဆွေ | အမျိုးသား ဒီမိုကရေစီ အင်အားစု | |
၁၀ | ဒေါ်အေးနုစိန် | ရခိုင်အမျိုးသားပါတီ | |
၁၁ | Jeng Phang နော်တောင် | ||
၁၂ | ဦးမောင်းဟာ | မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာဟောင်း | |
၁၃ | ဦးစိုင်းလုံးဆိုင် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ | |
၁၄ | စောဒန်နီယယ် | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (ယခုပါတီဝင်မဟုတ်) | |
၁၅ | ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး | အတွင်းရေးမှူး | တပ်မတော် |
၁၆ | ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး | တွဲဖက်အတွင်းရေးမှူး |
ပါတီများ၏ လက်ခံခြင်းနှင့် ငြင်းဆန်ခြင်း
အသစ်ဖွဲ့စည်းလိုက်သော ဤကောင်စီသည် နိုင်ငံရေးပါတီများကို ကောင်စီ၌ပါဝင်ရန် တောင်းဆိုမှုများပြုခဲ့သည်။ ပါဝင်လက်ခံသော ပါတီများရှိသကဲ့သို့ လက်မခံဘဲငြင်းဆန်သော ပါတီများလည်းရှိခဲ့ကြသည်။[၅] ကမ်းလှမ်းမှုကိုလက်ခံ၍ ကောင်စီတွင်ပါဝင်သောပါတီများမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။[၆] အချို့သောပါတီများမှ ပါတီခေါင်းဆောင်များသည် ကောင်စီထိပ်ပိုင်းတွင်တိုက်ရိုက်မပါဝင်သော်လည်း ကောင်စီမှခန့်အပ်သော တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးရာထူးများ၊ ဝန်ကြီးဌာနများမှ ထိပ်ပိုင်းရာထူးများကို လက်ခံခဲ့ကြသည်။
အရှိုချင်းအမျိုးသားပါတီကို ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းခဲ့ရာ ပါတီမှ ငြင်းဆန်ခဲ့သည်။[၇] ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ကလည်း ပါဝင်ရန် ကောင်စီ၏ ကမ်းလမ်းမှုအပေါ် ပယ်ချခဲ့သည်။[၅]
အမြင်သဘောထားများနှင့် တုံ့ပြန်မှုများ
အရပ်ဘက်အဖွဲ့ဝင်များမှာ အရေအတွက်အနေဖြင့် ရှစ်ဦးရှိရာ နှစ်ဦးမှာ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ဖြစ်၍ ထိုနှစ်ဦးသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းများဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကို တည်ထောင်ခဲ့ကြသောသူများလည်း ဖြစ်ကြသည်။ ဦးခင်မောင်ဆွေသည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ကာ ဦးသိန်းညွန့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီတွင်း ငွေရေးကြေးရေးပြဿနာအချို့ကြောင့် ပါတီမှနှုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ခဲ့ကာ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီပါတီ ကိုထူထောင်ခဲ့၍ ၎င်းပါတီသည် ကြံခိုင်ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်ပြုထားသည်။[၈] ထိုနှစ်ဦး၏ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၌ တပ်မတော်နှင့် တွေ့ဆုံလေ့ရှိသောပါတီများဖြစ်ကြသည်။[၉]
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသော ပဒိုမန်းငြိမ်းမောင်နှင့်ပတ်သက်၍ ကေအန်ယူအဖွဲ့က ကြေညာချက်တစ်ခုထုတ်ပြန်ရာတွင် ၎င်းသည် ကေအန်ယူအဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း အများအမြင်ရှင်းစေရန်ဟူသောရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။[၇][၁၀] ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောဒန်နီရယ်သည်လည်း ၎င်း၏ဆန္ဒအလျှောက် နိုင်ငံတော်ကောင်စီတွင်ပါဝင်ခဲ့သောကြောင့် မိခင်ပါတီက ၎င်းကိုထုတ်ပယ်ကြောင်း သတင်းကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၄ တွင် ပြုလုပ်ခဲ့သည်။[၁၁]
ကိုးကား
- ↑ ၁.၀ ၁.၁ "Myanmar military announces new State Administrative Council" (in English)၊ Myanmar Times၊ 2 February 2021။
- ↑ မြန်မာအာဏာသိမ်း- နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း - ဘီဘီစီ မြန်မာ | အထူးသတင်း | နောက်ဆုံးရ သတင်း | နောက်ဆုံးရခေါင်းစဉ် သတင်း |မြန်မာသတင်း။ BBC News မြန်မာ။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (2 February 2021)။
- ↑ "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ငါးဦးကို တိုးချဲ့ခန့်အပ်၊ ပြည်ထောင်စုဝန်ကြီးသုံးဦး ထပ်မံတာဝန်ပေး"၊ 7 Days News၊ ၄ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ ၅.၀ ၅.၁ "SNLD, DPNS reject offer to participate in new government"၊ Elevenmyanmar news၊ 6 February 2021။
- ↑ "အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ"၊ RFA၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ ၇.၀ ၇.၁ "အာဏာသိမ်း အစိုးရ၏ ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်သည့် အရှိုချင်းအမျိုးသားပါတီ"၊ ဧရာဝတီသတင်းဌာန၊ ၅ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ "မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး"၊ RFA၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း"၊ VOA news၊ ၂ ဖေဖော်ဝါရီ ၂၀၂၁။
- ↑ "ပဒိုမန်းငြိမ်းမောင်နှင့် ပတ်သက်မှုမရှိတော့ဟု KNU ထုတ်ပြန်"၊ 7 Days News။
- ↑ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ရွေးချယ်ခံရသော ပါတီဒုတိယဥက္ကဋ္ဌ (၁) ကို KySDP ပါတီဝင်အဖြစ်မှထုတ်ပယ်"၊ Myanmar Times၊ ၆ ဖေဖော်ဝါရီ ၂၀၂၁။