၂၀၁၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း

ဝီကီပီးဒီးယား မှ
၂၀၁၆ သမ္မတရွေးချယ်တင်မြှောက်ခြင်း

← ၂၀၁၁ ၁၅ မတ် ၂၀၁၆ ၂၀၁၈ →
မဲပေးသူဦးရေ၆၅၂ (၉၉.၂%)
  Htin Kyaw 2017 (cropped).jpg Myint Swe on 30 March 2016.jpg Henry Van Thio (cropped).jpg
အဆိုပြုခံရသူ ဦးထင်ကျော် ဦး မြင့်ဆွေ ဟင်နရီဗန်ထီးယူ
ပါတီ NLD USDP NLD
Electoral vote ၃၆၀ ၂၁၃ ၇၉
ရာခိုင်နှုန်း ၅၅.၂% ၃၂.၇% ၁၂.၁%
အစုအဖွဲ့ ပြည်သူ့လွှတ်တော် တပ်မတော် အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်အကြီးအကဲများ

ဦးသိန်းစိန် (သမ္မတ)
ဒေါက်တာ စိုင်းမောက်ခမ်း (ဒုသမ္မတ ၁)
ဦးဉာဏ်ထွန်း (ဒုသမ္မတ ၂)

ရွေးကောက်ပွဲအပြီး နိုင်ငံတော်အကြီးအကဲများ

ဦးထင်ကျော် (သမ္မတ)
ဦးမြင့်ဆွေ (ဒုသမ္မတ ၁)
ဦးဟင်နရီဗန်ထီးယူ (ဒုသမ္မတ ၂)

၂၀၁၆ခုနှစ်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းကို ၂၀၁၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌ ကျင်းပခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယအကြိမ် ရွေးချယ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

ထိုရွေးကောက်တင်မြှောက်ခြင်းတွင် ဦးထင်ကျော်၊ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ တို့က နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (၁)၊ ဒုတိယသမ္မတ (၂) တို့အဖြစ် အသီးသီး ရွေးချယ်ခံခဲ့ရသည်။ ၎င်းတို့သည် ၂၀၁၆ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ပြီးနောက် ယခင်အစိုးရထံမှ တာဝန်များ လွှဲပြောင်းထမ်းဆောင်ခဲ့ကြသည်။

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ၂၀၁၀ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ မဲဆန္ဒနယ်အားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အများစုအနိုင်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အခြေခံဥပဒေအရ သမ္မတမဖြစ်နိုင်သဖြင့် ၎င်းနှင့် ခင်မင်သည့် ဦးထင်ကျော်အား သမ္မတတင်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြသည်။[၁]

ရွေးချယ်ခြင်းစနစ်ပုံစံ[ပြင်ဆင်ရန်]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အကြီးအကဲများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များကို ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ကြရသည်။

အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ဖွဲ့စည်းထားရှိသည်။ ပြည်သူ့လွှတ်တော်အတွက် မြို့နယ် (သို့မဟုတ်) လူဦးရေကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၃၃၀)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး၊ စုစုပေါင်း (၄၄၀)ဦးဖြင့် ဖွဲ့စည်းသည်။ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုမှ တူညီစွာ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် (၁၆၈)ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ စုစုပေါင်း (၂၂၄)ဦးဖြင့် ဖွဲ့စည်းသည်။ ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း၍ ပြည်ထောင်စုလွှတ်တော်ကို (၆၆၄) ဦးဖြင့် ဖွဲ့စည်းသည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

အခြေခံဥပဒေ ပုဒ်မ (၆၀)အရ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံ[၂]
အစုအဖွဲ့ ကိုယ်စားလှယ်အရေအတွက်
ပြည်သူ့လွှတ်တော်အစုအဖွဲ့ ၃၃၀
အမျိုးသားလွှတ်တော်အစုအဖွဲ့ ၁၆၈
လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၁၆၆
စုစုပေါင်း
၆၆၄

ထိုအစုအဖွဲ့ သုံးစုမှ ဒုတိယသမ္မတလောင်းအသီးသီးကို တင်သွင်းရမည်။ ထိုကိုယ်စားလှယ်လောင်းများအား ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများက အရည်အချင်းစစ်ဆေးရမည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒုတိယသမ္မတလောင်း (၃)ဦးအား မဲပေးရွေးချယ်ကြရမည်။ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ - ၁၊ တတိယမဲအများဆုံးရသူက ဒုတိယသမ္မတ -၂ အဖြစ် တာဝန်ထမ်းဆောင်ရသည်။

ကိုယ်စားလှယ်လောင်းများ[ပြင်ဆင်ရန်]

လွှတ်တော်အစုအဖွဲ့အသီးသီးမှ ပဏာမရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်း (၅)ဦးရှိခဲ့သည်။ ထို (၅)ဦးမှာ အရည်အချင်းပြည့်မီကြောင်း သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က စိစစ်အတည်ပြုခဲ့သည်။ ထို့နောက် အစုအဖွဲ့များအတွင်း ဒုတိယသမ္မတလောင်းများ ထပ်မံရွေးချယ်ခဲ့ကြသည်။[၃]

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့[ပြင်ဆင်ရန်]

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အတွင်း ဒုတိယသမ္မတလောင်းအတွက် ဦးထင်ကျော်နှင့် ထိုစဉ်က ဒုတိယသမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းတို့ ကို မဲပေးခဲ့ကြသည်။ ဦးထင်ကျော်သည် ပြင်ပမှဖြစ်သည်။ ထို့နောက် ဦးထင်ကျော်က မဲအများဆုံးရသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဒုတိယသမ္မတလောင်းမှာ ဦးထင်ကျော် ဖြစ်လာခဲ့သည်။ အစုအဖွဲ့အတွင်း တင်သွင်းမည့်ကိုယ်စားလှယ်​လောင်းကို မဲ​ပေး​ရွေးချယ်ကြရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် (၇) နေရာ လစ်လပ်နေသဖြင့် ကျန်ရှိသော (၃၂၃) ဦးအနက် (၃၀၃) ဦး မဲပေးခဲ့သည်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဦးထင်ကျော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၇၄ ၉၀.၄၃
ဒေါက်တာ စိုင်းမောက်ခမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၉ ၉.၅၇
စုစုပေါင်း ၃၀၃ ၁၀၀

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အတွင်း ဒုတိယသမ္မတလောင်းအတွက် ဦးဟင်နရီဗန်ထီးယူနှင့် ဦးခင်အောင်မြင့်တို့ကို မဲပေးခဲ့ကြသည်။ ဦးဟင်နရီဗန်ထီးယူမှာ အမျိုးသားလွှတ်တော် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၃)မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကာ ဦးခင်အောင်မြင့်မှာ ထိုစဉ်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်သည်။ထို့နောက် ဦးဟင်နရီဗန်ထီးယူက မဲအများဆုံးရသဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဒုတိယသမ္မတလောင်းမှာ ဦးဟင်နရီဗန်ထီးယူ ဖြစ်လာခဲ့သည်။

အမျိုးသားလွှတ်တော်အစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဦးဟင်နရီဗန်ထီးယူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၄၈ ၉၁.၉၃
ဦးခင်အောင်မြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၃ ၈.၀၇
စုစုပေါင်း ၁၆၁ ၁၀၀
ခိုင်လုံမဲ ၁၆၁ ၉၆.၄၁
ပယ်မဲ/ဗလာမဲ ၃.၅၉

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့[ပြင်ဆင်ရန်]

လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းကြသည်။ ဦးမြင့်ဆွေသည် ၂၀၁၂ ကြားဖြတ်ရွေးချယ်ခြင်းက ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသော်လည်း ၎င်း၏ သားဖြစ်သူမှာ ဩစတြေးလျနိုင်ငံသား ခံယူထားသဖြင့် အခြေခံဥပဒေနှင့် မညီညွတ်ပေ။ ထို့ကြောင့် ဦးဉာဏ်ထွန်းအား ပြောင်း၍ တင်သွင်းခဲ့ကြသည်။ ယခုအခါတွင်မူ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်​လျှောက်ထားခဲ့သဖြင့် အခြေခံဥပဒေနှင့် ညီညွတ်သွားရာ ဒုတိယသမ္မတလောင်း ဖြစ်ခွင့်ရခဲ့သည်။[၄]

လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားအစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဦးမြင့်ဆွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၆၆ ၁၀၀

မဲရလဒ်[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ် မတ်လ ၁၅ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို မဲပေးရွေးချယ်ကြသည်။ ၎င်းတို့အနက် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းသော ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၁)အဖြစ်လည်းကောင်း၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ တင်သွင်းသော ဦးဟင်နရီဗန်ထီးယူက တတိယမဲအများဆုံးရရှိကာ ဒုတိယသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်ခံရသည်။[၅]

သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်း မဲရလဒ်[၁]
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဦးထင်ကျော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၃၆၀ ၅၅.၂၁
ဦးမြင့်ဆွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၁၃ ၃၂.၆၇
ဦးဟင်နရီဗန်ထီးယူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၇၉ ၁၂.၁၂
စုစုပေါင်း ၆၅၂ ၁၀၀

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လူသာဓုခေါ် နတ်သာဓုခေါ် သမ္မတဦးထင်​ကျော်၏ ၂၀၁၇ခုနှစ်အတွင်း ပြည်ပခရီး။ 7 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2022 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)။ 30 December 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး31 March 2016 တွင် ပြန်စစ်ပြီး
  3. "ဒုသမ္မတ ၃ ဦး အရည်အချင်းပြည့်မီ"။ 
  4. "ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိ"။ 
  5. Myanmar elects Htin Kyaw as first civilian president in decades