မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
Committee Representing Pyidaungsu Hluttaw
ကော်မတီ အကျဉ်းချုပ်
ဖွဲ့စည်းခြင်း ဖေဖော်ဝါရီ ၂၀၂၁; ၅ နှစ် အကြာက (၂၀၂၁-၀၂-05)
ယခင်အဖွဲ့အစည်းပြည်ထောင်စုလွှတ်တော်
ဌာနအကြီးအမှူးများ၊ ဥက္ကဋ္ဌ
ဦးအောင်ကြည်ညွန့်
ဝက်ဘ်ဆိုက်crphmyanmar.org

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အင်္ဂလိပ်: Committee Representing Pyidaungsu Hluttaw, CRPH) သည် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ဥပဒေပြုအဖွဲ့ဖြစ်သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်သော ကော်မတီတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။[]

၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇွန်းမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[][][]

ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး[][] တပ်မတော်အစိုးရ သည် တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။[] ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။[]

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[] ထိုနေ့မှာပင် ဆန္ဒပြမှုများအား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[]

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[]

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]
စဉ် အမည် ရာထူး ရွေးချယ်ခံရသည့်နယ်မြေ နိုင်ငံရေးပါတီ
ဒေါ်ဖြူဖြူသင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ဦးရည်မွန် (ခ) ဦးတင်သစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပုဗ္ဗသီရိမဲဆန္ဒနယ်
ဦးထွန်းမြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗဟန်းမဲဆန္ဒနယ်
ဦးနိုင်ထူးအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နွားထိုးကြီးမဲဆန္ဒနယ်
ဒေါက်တာဝေဖြိုးအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သာကေတမဲဆန္ဒနယ်
ဒေါ်ဇင်မာအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရန်ကင်းမဲဆန္ဒနယ်
ဦးလွင်ကိုလတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သန်လျင်မဲဆန္ဒနယ်
ဦးဥက္ကာမင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြိတ်မဲဆန္ဒနယ်
ဦးဝင်းနိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုးကောင်းမဲဆန္ဒနယ်
၁၀ ဦးနေမျိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ညောင်ရွှေမဲဆန္ဒနယ်
၁၁ ဦးဇော်မင်းသိန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးမျက်နှာမဲဆန္ဒနယ်
၁၂ ဦးမျိုးနိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ချမ်းအေးသာဇံမြို့နယ်
၁၃ ဦးဇေလတ် အမှတ် - ၇၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပဲခူးတိုင်းဒေသကြီး
၁၄ ဒေါ်မြတ်သီတာထွန်း အမှတ် - ၈၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ်
၁၅ စောယှားဖောင်အွာ အမှတ် - ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကရင်ပြည်နယ်
၁၆ ဦးရောဘတ်ညေးရယ် အမှတ် - ၁၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကယားပြည်နယ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)
၁၇ ဦးလမင်းထွန်း (ခ) အဖြိုး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နမ့်ဆန်မဲဆန္ဒနယ် တအောင်း (ပလောင်) အမျိုးသားပါတီ (TNP)
၁၈ ဦးလမာနော်အောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အင်ဂျန်းယန်မဲဆန္ဒနယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
၁၉ ဦးစည်သူမောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပန်းပဲတန်းမဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
၂၀ ဦးအောင်ကြည်ညွန့် အမှတ် - ၆၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မကွေးတိုင်းဒေသကြီး

[]

ခေတ္တပြည်ထောင်စုဝန်ကြီးများ

[ပြင်ဆင်ရန်]

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မတ်လ ၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကိုထုတ်ပြန်၍ တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေမရှိသော ဝန်ကြီးများနေရာတွင် ကိုယ်စားဆောင်ရွက်ရန် ယာယီပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။[]

ခေတ္တဝန်ကြီးများ
စဉ် အမည် ဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန ၂ မတ် ၂၀၂၁ လက်ရှိ ၁၈၇၃
ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန ၂ မတ် ၂၀၂၁ လက်ရှိ ၁၈၇၃
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၂ မတ် ၂၀၂၁ လက်ရှိ ၁၈၇၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂ မတ် ၂၀၂၁ လက်ရှိ ၁၈၇၃
ပညာရေးဝန်ကြီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဒေါက်တာဝင်းမြတ်အေး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၂၃ မတ် ၂၀၂၁ လက်ရှိ ၁၈၅၂

လုပ်ဆောင်ချက်များ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဖျက်စီးမှုကြောင့် မတ်လ ၂၇ ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား သိန်း ၇၀ ထောက်ပံ့ပေးခဲ့သည်။[၁၀]

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖြတ်သိမ်းကြောင်းကြေညာခဲ့ပြီး[၁၁] ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။[၁၂]

၂၀၂၁ မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။[၁၃] ထိုကြေညာချက်ကို ပြည်သူ့အသံ ရုပ်သံလိုင်း၏ ဖေ့စဘွတ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပြီး ၎င်းရုပ်သံလိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းခဲ့သည်။[၁၄] ကြေညာချက်အရ မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ်၊​ ဇွန် ၁၃ ရက်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူမည့်အချက်များပါဝင်သည့် "အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြဋ္ဌာန်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ခဲ့သည်။[၁၅] ယင်းဥပဒေပြဋ္ဌာန်းချက်ကို ဗကသများအဖွဲ့ချုပ်များက CDM တွင် မပါဝင်သည့် ဝန်ထမ်းတိုင်းကို အရေးယူခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မညီညွှတ်ကြောင်းနှင့်၊ ယင်းဥပဒေကို နိုင်ငံရေးအရ၊ စံနှုန်းအရ၊ အကျိုးဆက်အရ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ကန့်ကွက်ကြောင်းကို ၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ [၁၆]

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်​ရေးအဖွဲ့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union – SCEF)ကို ဖွဲ့စည်းလိုက်သည်။ [၁၇][၁၈]

မတရားအသင်းအဖြစ် ကြေညာခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။[၁၉]

လွှတ်တော်အစည်းအဝေးများ

[ပြင်ဆင်ရန်]
အစည်းအဝေး မှတ်တမ်းများ
လွှတ်တော်အစည်းအဝေး ရက်စွဲ ရင်းမြစ်
၁။ ပထမအကြိမ် အစည်းအဝေး ၅ ဖေဖော်ဝါရီ ၂၀၂၁
၂။ ဒုတိယအကြိမ် အစည်းအဝေး ၃၀ ဇွန် ၂၀၂၁
၃။ တတိယအကြိမ် အစည်းအဝေး ၅ ဖေဖော်ဝါရီ ၂၀၂၂
၄။ စတုတ္ထအကြိမ် အစည်းအဝေး ၁၈ ဧပြီ ၂၀၂၂
၅။ ပဉ္စမအကြိမ် အစည်းအဝေး ၃၁ ဇန်နဝါရီ ၂၀၂၃
၆။ အထူးအစည်းအဝေး ၈ မေ ၂၀၂၃
၇။ ဆဋ္ဌမအကြိမ် အစည်းအဝေး ၁ ဖေဖော်ဝါရီ ၂၀၂၄
၈။ သတ္တမအကြိမ် အစည်းအဝေး ၅ ဖေဖော်ဝါရီ ၂၀၂၅
၉။ အဋ္ဌမအကြိမ် အစည်းအဝေး ၁၈ ဒီဇင်ဘာ ၂၀၂၅
၁၀။ နဝမအကြိမ် အစည်းအဝေး ၁၆ မတ် ၂၀၂၆ [၂၀]

အခြားဖတ်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။
  2. ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း၊ သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာကိုကြေညာ 2021-02-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-05 တွင် ပြန်စစ်ပြီး။
  3. NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်း 2021-02-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-06 တွင် ပြန်စစ်ပြီး။
  4. 1 2 ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန် 13 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-06 တွင် ပြန်စစ်ပြီး။
  5. 1 2 3 Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (in en-US) (2021-02-08)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  6. 1 2 "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ
  7. ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန် (in my)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2021 တွင် ပြန်စစ်ပြီး။
  8. သတင်းထုတ်ပြန်ချက် အမှတ်( ၂ ) (in my) (2021-02-10)။
  9. "CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို"။
  10. စစ်ကောင်စီ၏ လက်ချက်ကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား CRPH မှ သိန်း ၇၀ ထောက်ပံ့
  11. CRPH မှ ၂၀၀၈ ခြေဥဖျက်သိမ်း 1 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2021 တွင် ပြန်စစ်ပြီး။
  12. ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း 1 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2021 တွင် ပြန်စစ်ပြီး။
  13. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
  14. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့် PVTV
  15. Non – CDM များကို အရေးယူမည့်အချက်များပါဝင်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ CRPH ပြဋ္ဌာန်း Mizzima။ 2025-6-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-14 တွင် ပြန်စစ်ပြီး။
  16. CRPH ၏ နိုင်ငံ့ဝန်ထမ်းဥပဒေ ဗကသများအဖွဲ့ချုပ် ကန့်ကွက် Mizzima Burmese (June 15, 2025)။ ၂၀၂၅-၆-၁၆ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၅-၆-၁၆ တွင် ပြန်စစ်ပြီး။
  17. mmblogmaster (2026-03-30)။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား KIO ၊KNU ၊KNPP ၊CNF ၊NUG တို့ ပူးပေါင်းဖွဲ့စည်း (in en-US)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  18. ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်း (in en)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  19. ဧရာဝတီ (2021-03-22)။ CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ (in en-US)။ 2026-03-17 တွင် ပြန်စစ်ပြီး။
  20. ၂၀၂၆ မတ်လ ၁၆ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု - ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ဖြစ်လာ (in my) (2026-03-16)။ 2026-03-17 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]