မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုအစိုးရအဖွဲ့

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

ပြည်ထောင်စုအစိုးရအဖွဲ့ (အင်္ဂလိပ်: Union Government of the Republic of the Union of Myanmar) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အရ နိုင်ငံတော်သမ္မတက ဦးဆောင်ဖွဲ့စည်းသည်။

အစိုးရအဖွဲ့ အမှတ်တံဆိပ်

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ဝ တွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၊ ၃၈ တို့တွင် ပြဋ္ဌာန်းထားသည်မှာ လွှတ်တော်သည် ပုဒ်မ ၃၀ အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသော ပုဂ္ဂိုလ်များအား လွှတ်တော်အစည်းအဝေးတွင် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း၊ လွှတ်တော်သည် ပုဒ်မ ၃၄ အရ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား လွှတ်တော် အစည်းအဝေးတွင် နာယက၏ရှေ့မှောက်၌ ကတိသစ္စာ ပြုစေရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေတွင် ဖော်ပြထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် ကျင်းပရမည် ဖြစ်ပြီး လိုအပ်ပါက အထူး အစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။

အစိုးရအဖွဲ့များ

[ပြင်ဆင်ရန်]

ဦးမင်းအောင်လှိုင်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၂၀၂၆ – လက်ရှိ)

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ []

ဦးညိုစော၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၂၀၂၅ - ၂၀၂၆)

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လသက်တမ်း ဇူလိုင် ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးနောက်၊ အဆိုပါကောင်စီကို ထပ်မံသက်တမ်းတိုးမပေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဖွဲ့အစည်းအသစ်များ ဖွဲ့စည်းခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် ၃/၂၀၂၅ ဖြင့် "ပြည်ထောင်စုအစိုးရအဖွဲ့" အသစ်ကို ဖွဲ့စည်းပြီး ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[] []

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၂၀၂၁ –၂၀၂၅)

[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။ အစိုးရအဖွဲ့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်သည်။ စစ်အာဏာသိမ်းမှု (၆)လပြည့်သည့်နေ့တွင် အိမ်စောင့်အစိုးရဟူ၍ ပြောင်း၍ဖွဲ့စည်းရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[][]

ဦးဝင်းမြင့်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၃၀ မတ် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁)

[ပြင်ဆင်ရန်]

ဦးဝင်းမြင့်အစိုးရ သည် ၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်သည်။ ၂၀၁၈ခုနှစ် မတ်လ၂၁ ရက်နေ့တွင် ယခင်သမ္မတဦးထင်ကျော်နုတ်ထွက်အပြီး မတ်လ ၃၀ ရက်​နေ့တွင် သမ္မတအသစ်အဖြစ် ​ရွေးချယ်ခံထားရ​သော ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုအပြီး ယခင် ဦးထင်ကျော်အစိုးရကို ပြင်ဆင်ဖွဲ့စည်းထားသောအစိုးရ ဖြစ်သည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဒုတိယသမ္မတ (၁)နှင့် (၂) မှအပ အစိုးရအဖွဲ့ခေါင်းဆောင်အများစုကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဦးထင်ကျော်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၃၀ မတ် ၂၀၁၆ – ၃၀ မတ် ၂၀၁၈)

[ပြင်ဆင်ရန်]

၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းသော အစိုးရအဖွဲ့ဖြစ်သည်။ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ခွင့်မရှိသဖြင့် ပြင်ပပညာရှင်ဖြစ်သော ဦးထင်ကျော်မှာ သမ္မတဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝန်ကြီးချုပ်ရာထူးနှင့် ဆင်တူသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးပေးခဲ့သည်။၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့တွင် သမ္မတ ဦးထင်ကျော်မှ နုတ်ထွက်သွားခဲ့ရာ ဒုတိယသမ္မတ (၁)ဖြစ်သူ ဦးမြင့်ဆွေမှာ အခြေခံဥပဒေအရ ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။၃၀ မတ် ၂၀၁၈တွင် သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသူ ဦးဝင်းမြင့်မှာ ကျမ်းသစ္စာဆိုပြီး အစိုးရအဖွဲ့အသစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[]

ဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရအဖွဲ့ (၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆)

[ပြင်ဆင်ရန်]

၂၀၁၀ရွေးကောက်ပွဲအပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဦးသိန်းစိန်၏ အစိုးရအဖွဲ့ဖြစ်သည်။ဦးသိန်းစိန်သည် နအဖလက်ထက်တွင် ၂၀၀၇ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကိုပါ ထမ်းဆောင်ခဲ့ပြီး ယခုအစိုးရသည် ဦးသိန်းစိန်၏ ဒုတိယအစိုးရအဖွဲ့ဖြစ်သည်။ ဝန်ကြီးအချို့မှာ နအဖလက်ထက်မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများဖြစ်ပြီး အများစုမှာ တပ်မတော်မှ အငြိမ်းစားယူထားသူများဖြစ်ကြသည်။ အရပ်သားပညာရှင်များလည်းပါဝင်ပြီး နောက်ဆုံး ဖျက်သိမ်းချိန်တွင် ဝန်ကြီးဌာန (၃၆)ခုအထိ ဖွဲ့စည်းထားရှိသည်။

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-06 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း MOI။ 1 August 2025 တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း Ministry of Information။ 2025 July 31 တွင် ပြန်စစ်ပြီး။
  4. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။
  5. ပြည်ထောင်စုအစိုးရအဖွဲ့ အမည်စာရင်း Ministry of Information။ 2025-6-3 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-3 တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း နိုင်ငံတော်သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]