နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
Constitutional Tribunal of Myanmar logo.png
စတင် ၃၁ မတ် ၂၀၁၁; ၆ နှစ် အကြာက (၂၀၁၁-၀၃-31)
နိုင်ငံ မြန်မာနိုင်ငံ
တည်နေရာ ရုံးအမှတ် ၅၄၊ ဥတ္တရသီရိမြို့နယ်နေပြည်တော်
ဖွဲ့စည်းပုံနည်းလမ်း အခြေခံဥပဒေ ခုံရုံး
လုပ်ပိုင်ခွင့်ပြုခြင်း မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
သက်တမ်း ၅ နှစ်
ဝက်ဘ်ဆိုဒ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး
ဥက္ကဋ္ဌ
လက်ရှိ ဦးမျိုးညွန့်[၁]
စတင်တာဝန်ထမ်းဆောင် ၃၀ မတ် ၂၀၁၆

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး (အင်္ဂလိပ်: Constitutional Tribunal of the Union) သည် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၂၀၁၁ မတ်လ ၃၁ ရက်နေ့တွင် စတင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉) ဦးဖြင့်ဖွဲ့စည်းထားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က အဖွဲ့ဝင်သုံးဦး၊ နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အဖွဲ့ဝင်သုံးဦး အသီးသီးရွေးချယ်ရပါသည်။ နိုင်ငံတော်သမ္မတသည် အဆိုပါ(၉) ဦး၏အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏အမည်စာရင်းကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရပါသည်။ ခုံရုံး၏ သက်တမ်းမှာ ငါးနှစ် ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏လုပ်ငန်းတာဝန် အသေးစိတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၂ တွင် ပြဋ္ဌာန်းထားသည်။

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များမှာ[၂]

  1. ဦးညီညီ
  2. ဦးမြင့်ဝင်း
  3. ဦးမျိုးမြင့်
  4. ဦးခင်မောင်ချို
  5. ဒေါ်ခင်ဌေးကြွယ်
  6. ဦးတွာလ်ကျင်ပေါင်
  7. ဒေါ်လှမျိုးနွယ်
  8. ဦးကျော်ဆန်း တို့ ဖြစ်သည်။

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

  • (က) ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
  • (ခ) ပြည် ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်း သည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ- မရှိ စိစစ်ခြင်း၊
  • (ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု များ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင် များ၏ ဆောင်ရွက်ချက် များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ် ခြင်း ရှိ၊ မရှိ စိစစ်ခြင်း။
  • (ဃ) ပြည် ထောင်စုနှင့်တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည် နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
  • (င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့်အငြင်း ပွားမှုများကို ဆုံးဖြတ်ခြင်း၊
  • (စ)ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊
  • (ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုမှာ တရားရုံး တစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေး စီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှု ပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ် ထားခြင်း မရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင် ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့ တင်ပြ၍ အဆုံးဖြတ်ရယူရမည် ဖြစ်ကြောင်း၊ ယင်းအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်ဆုံးဖြတ်ချက် သဘောထားရယူရန် ကိစ္စများကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၅ တွင် ပြဋ္ဌာန်းထားသည်။ ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏အနည်းဆုံး ၁၀ ရာခိုင်နှုန်းတို့သည် သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့်ရှိကြကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့်  နိုင်ငံတော်အခြေခံမူများ သတ်မှတ်ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံစုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့်သက်ဆိုင်သောအခြေခံမူကို အမျိုးသားညီလာခံ အစု အဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့်အမျိုးသားညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ် သည့်  နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မူကြမ်းရေးဆွဲရေးကော်မရှင်သည် ၁၆-၉-၁၉၉၃ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံ စုံညီ အစည်းအဝေးက ချမှတ်ခဲ့သည့်  "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေး" နှင့်စပ်ဆိုင်သောအခြေခံမူကို အခန်း(၁)၊ "နိုင်ငံတော်အခြေခံမူများ"အခန်း၊ ပုဒ်မ ၄၆ အဖြစ်လည်းကောင်း၊ ၂-၈-၂၀၀၇ ရက်နေ့ ကျင်းပ ခဲ့သည့်  စုံညီအစည်းအဝေးကချမှတ်ခဲ့သည့် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းခြင်း၊ ခုံရုံးလုပ်ငန်း တာဝန်၊ ခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု၊ ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်  သဘောထားရယူရန် တင်သွင်းခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များအားစွပ်စွဲပြစ်တင်ခြင်းနှင့် ခုံရုံးသက်တမ်းနှင့်စပ်လျဉ်းသော အသေးစိတ်အခြေခံမူများကို အခန်း (၆)၊ "တရားစီရင်ရေး" အခန်း၊ ပုဒ်မ ၃၂၀ မှ ၃၃၆ ပါပြဋ္ဌာန်းချက်များအဖြစ် ပြဋ္ဌာန်းခဲ့သည်။

အထက်ဖော်ပြပါ ချမှတ်ခဲ့သည့်အခြေခံမူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင်"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး"တစ်ရုံးဖွဲ့စည်းပြီး၊ ထိုခုံရုံးက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းမည့် အခြေခံဥပဒေကြီး အရှည်ခန့်၍ တည်တံ့စေရန် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ကျင့်သုံးသော နိုင်ငံများအသုံးပြုသည့်  "ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြီးစိုးလွှမ်းမိုးရေးမူ" (Principle of the Supremacy of Constitution)ကို အသုံးပြုအကောင်အထည်ဖော် ပြဋ္ဌာန်းဆောင်ရွက် နိုင်ရေးဖြစ်သည်။ ဤမူသည် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာဖြစ်သည့်  ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်  တရားစီရင်ရေးအာဏာတို့ကို အခြေခံဥပဒေဖြင့်  ပိုင်းခြားခွဲဝေအပ်နှင်းထားသော ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရနှင့်  တရားလွှတ်တော်၊ တရားလွှတ်တော်ချုပ်တို့က အခြေခံဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းကျင့်သုံးသော အခြေခံဥပဒေစနစ်ကို ၂၀၀၈ခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာမှသာ ဖော်ဆောင်နိုင်ခဲ့သည်။ 

မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၁၅၁ အရ "… ပြည်သူအတွက်အရေးကြီးသော ဥပဒေကြောင်းဆိုင်ရာပြဿနာပေါ်လျှင်၊ ပေါ်ရန်အကြောင်းရှိလျှင် နိုင်ငံတော်သမ္မတသည် ထိုပြဿနာကို တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ကြားနာစစ်ဆေးပြီး သမ္မတထံအစီရင်ခံနိုင်ရမည်။ …" ဟူ၍ ပြဋ္ဌာန်းကျင့်သုံးခဲ့ကြ သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအငြင်းပွားမှု၊ ဥပဒေအနက် အဓိပ္ပါယ်ဖွင့်ဆိုမှုတို့ကို ထိုစဉ်ကတရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးခဲ့ပါသည်။ ၁၉၇၄ ခုနှစ် တွင် ပေါ်ပေါက်လာ ခဲ့သည့်  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၀၀ နှင့် ၂၀၁ တို့အရ "နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိ၊ မရှိဆုံးဖြတ်ရန်" လိုအပ်ပါကလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေါ်ပေါက်လာပါကလည်းကောင်း ပြည်သူ့လွှတ်တော် ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းကျင့်သုံးခဲ့ကြသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေပြုလွှတ်တော်များကပြဋ္ဌာန်းသည့်  ဥပဒေများ၊ အုပ်ချုပ်ရေး အာဏာပိုင် အစိုးရ၏ဆောင်ရွက်ချက်များသည် အခြေခံဥပဒေ နှင့်ညီမညီစိစစ်ခြင်း၊ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းအပါအဝင် အခြေခံဥပဒေပုဒ်မ ၃၂၂-၃၂၃ ပါ ခုံရုံး၏လုပ်ငန်း တာဝန်များ နှင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်  လုပ်ငန်းတာဝန်များကို ဆောင်ရွက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

တာဝန်ထမ်းဆောင်ခဲ့ပြီးသော ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

  • ဦးသိန်းစိုး (ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များ (ဒေါက်တာတင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်၊ ဒေါ်မိမိရီ )
  • ဦးမြသိန်း(ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များ (ဦးမြင့်ဝင်း၊ ဦးသန်းကျော်၊ ဒေါ်လှမျိုးနွယ်၊ ဦးမြသိန်း၊ ဒေါက်တာသီတာဦး၊ ဦးတင်မြင့်၊ ဒေါ်ကျင်စန်း၊ ဦးမျိုးချစ်)

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော် သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း။ နိုင်ငံတော် သမ္မတရုံး (၃၁ မတ် ၂၀၁၆)။ ၃၁ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။