ခင်မောင်ဆွေ
ဦး ခင်မောင်ဆွေ | |
|---|---|
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်) |
| ခေါင်းဆောင် | စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင် |
| ယခင်လူ | ရာထူးစတင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | အဖွဲ့စတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ရာထူးအနားပေး |
| အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ဇွန် ၂၀၁၀ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဇူလိုင် ၁၉၄၂ (အသက် ၈၃–၈၄) ငသိုင်းချောင်းမြို့၊ ပုသိမ်ခရိုင်၊ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ |
|
| အလုပ်အကိုင် | နိုင်ငံရေးသမား |
ဦးခင်မောင်ဆွေ သည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။
ယခင်က ဖျက်သိမ်းပြီးဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး [၁]ယင်းမတိုင်းခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် တစ်ဦး ဖြစ်ခဲ့သည်။
ဦးခင်မောင်ဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်ပြီး NLD ပါတီမှ ခွဲထွက်ခဲ့ကာ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီလည်း ပါဝင်ခဲ့သည်။[၂]
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးခင်မောင်ဆွေကို ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် ပုသိမ်ခရိုင်၊ ငသိုင်းချောင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် ပုသိမ်မြို့မှ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ရေနံကော်ပိုရေးရှင်းတွင် ဘူမိဗေဒပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။[၃]
နိုင်ငံရေး
[ပြင်ဆင်ရန်]ရှစ်လေးလုံးအရေးအခင်းတွင် ရေနံမြေအလုပ်သမားသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်လာခဲ့ပြီး ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဇူလိုင်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၃]
၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးသမားများကို ဖမ်းဆီးအကျဉ်းချခဲ့ရာ ဦးခင်မောင်ဆွေလည်း ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလတွင် ဦးခင်မောင်ဆွေကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့သည်။[၃]
၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ထောင်မှလွတ်မြောက်လာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်မဝင်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ သဘောထားကွဲလွဲရာမှ ပါတီမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့ ဦးဆောင်ကာ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကို ဖွဲ့စည်းခဲ့သည်။[၃]
စစ်ကောင်စီဝင်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၂]
နိုင်ငံတော် ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံရခြင်း
[ပြင်ဆင်ရန်]စစ်အာဏာသိမ်းပြီး ၂နှစ်အကြာ ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဦးခင်မောင်ဆွေ ပြန်မပါလာတော့ဘဲ ဖယ်ရှားခံလိုက်ရသည်။သို့သော်လည်း ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ တွင် အဖွဲ့ဝင်အဖြစ်မူဆက်လက်ခန့်ထားခဲ့သည်။အကြံပေးအဖွဲ့ အဖွဲ့ဝင်ဖြစ်လာပြီးနောက် မူလနေထိုင်ရာ ဝန်ကြီးအဆင့်နေအိမ်မှ ဖယ်ပေးလိုက်ရပြီး ဒုတိယဝန်ကြီးအဆင့်နေအိမ်သို့ ပြောင်းရွှေ့ရကာ လစာလည်း အလျှော့ခံရသည်။[၄]
ထို့နောက်၊ စစ်ကောင်စီဝင်ဟောင်းများ ခန့်အပ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် အဖြစ် ပြောင်းရွေ့ခံရသည်။
ကာလုံအကြံပေးအဖွဲ့ဝင်
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင် နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် ပြောင်းရွေ့တာဝန်ပေးခံရသည်။[၅]
အရေးယူပိတ်ဆို့ခံရခြင်း
[ပြင်ဆင်ရန်]စစ်ကောင်စီဝင်ဖြစ်သူ ဦးခင်မောင်ဆွေသည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ ၂၀၂၁ မေ ၁၇ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်တွင် ဦးခင်မောင်ဆွေ ထည့်သွင်းခံရသည်။[၆]ယင်းအပြင် ဥရောပသမဂ္ဂကလည်း ဦးခင်မောင်ဆွေကို ၂၀၂၁ ဧပြီ ၁၉ ရက်တွင် အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားသည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်း (၁ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- 1 2 မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in en)။ ၂ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- 1 2 3 4 ဦးခင်မောင်ဆွေ (သို့မဟုတ်) အင်န်အယ်လ်ဒီနှင့် လမ်းခွဲခဲ့သူ (31 မေ 2017)။ 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ။ Myanmar Now (၁၃ ဖေဖော်ဝါရီ ၂၀၂၃)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာစစ်တပ်နှင့်ဆက်နွှယ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့် မိသားစုဝင်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုပြုလုပ်ခြင်း။ U.S. Embassy in Burma (၁၇ မေ ၂၀၂၁)။ ၁ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ [https://eur-lex.europa.eu/legal-content/EN/TXT/PDF/?uri=OJ:L:2021:132I:FULL&from=EN COUNCIL IMPLEMENTING REGULATION (EU) 2021/638 of 19 April 2021 implementing Regulation (EU) No 401/2013 concerning restrictive measures in view of the situation in Myanmar/Burma]။ the European Union (19 April 2021)။ 1 Mar 2023 တွင် ပြန်စစ်ပြီး။