လောင်းရှည်မိဖုရား

ဝီကီပီးဒီးယား မှ

လောင်းရှည်မိဖုရားသည် မင်းတုန်းမင်း၏ နှမဝမ်းကွဲတော်စပ်ပြီး မင်းတုန်းမင်းနန်းရသောအခါ၌ "သီရိမဟာမင်္ဂလာ သုပဘာဒေဝီ" ဘွဲ့အမည်နှင့် နန်းဆွယ်မိဖုရား (နန်းရလေးပါးအောက်၊ ဆောင်ရလေးပါးအထက်) အနေနှင့်မြှောက်စားခဲ့သည်။ ရာထူးအဆောင်အယောင်အနေနှင့် "ခမည်းတော်ဘုရား တောင်ဆောင်တော်မိဖုရား နည်းတူ" ပေးစေတယ်ဟု ဆိုသောကြောင့် မင်းတုန်းမင်းသား၊ ကနောင်မင်းသားတို့၏ မယ်တော် တောင်ဆောင်တော်မိဖုရား၏ အဆင့်အတိုင်း မြှောက်စားမှု တွေ့ရပါသည်။

လောင်းရှည်မိဖုရား၏ ခမည်းတော် ချွန်းတောင်မြို့စား၊ မိုးနဲမင်းသားသည် ဘိုးတော်ဘုရား၏ သားတော်ကြီး အိမ်ရှေ့ဥပရာဇာ(မဟာမုနိဘုရားကိုပင့်ဆောင်ခဲ့သူ)နှင့် သီရိသူဇာမင်းသမီး (ရှမ်းမင်းသမီး) တို့မှ မွေးဖွားခဲ့၍ လောင်းရှည်မိဖုရားသည် မင်းတုန်းမင်း၊ ကနောင်မင်း၊ စကြာဒေဝီဆင်ဖြူမရှင်လှိုင်ထိပ်ခေါင်တင် တို့နှင့် မောင်နှမဝမ်းကွဲများ တော်စပ်သည်။ တချို့ပုဂ္ဂိုလ်များက လောင်းရှည်မိဖုရားသည် သာမန်ရှမ်းမိဖုရားတစ်ဦးသာဖြစ်ပြီး သူ့၏သားတော် သီပေါမင်းသားသည်လည်း အညတရ မင်းသားငယ်တစ်ပါးဟု ထင်နေကြမည် စိုးသောကြောင့် ရှင်းပြခြင်းဖြစ်သည်။

လောင်းရှည်မိဖုရားတွင် -

  1. ပုခန်းကြီးစုဖုရား၊
  2. သီပေါမင်းသား၊
  3. မိတ္ထီလာစုဖုရားဟူ၍ သားသမီးသုံးပါးထွန်းကားခဲ့သည်။ နိုင်ငံခြားသား စာရေးဆရာအချို့သည် သီပေါမင်းကို မင်းတုန်းဘုရင်၏ သားတော်တစ်ပါး မဟုတ်လေဟန်နဲ့ ရေးသားကြပြီး ဘုရင်အမျက်တော်ရှ၍ လောင်းရှည်မိဖုရားကို သီလရှင်ဝတ်စေခဲ့ကြောင်း ရေးသားကြသည်။ သူတို့တွေရေးသားတဲ့အကြောင်းပြချက်ကတော့ မင်းတုန်းဘုရင်ဟာ လောင်းရှည်မိဖုရားဆီဆောင်တော်မကူးပါပဲ သီပေါမင်းကိုမွေးဖွားခဲ့လို့ဆိုပြီး အကြောင်းပြပါတယ်။

တကယ့်လက်တွေ့မှာ မင်းတုန်းဘုရင်ဟာ ဘယ်မိဖုရားဆီမှဆောင်တော်မကူးပါဘူး။ မှန်နန်းဆောင် နဲ့ကပ်လျက်အဆောင်တခုမှာ နှစ်သက်ရာမိဖုရားတစ်ပါးနဲ့ပဲ သော်မော်ဆောင်ဝင်(ဘုရင်နဲ့အတူအိပ်စက်) ပါတယ်။ မိဖုရားတစ်ပါးပါးက မိမိမှာ ဘုရင့်ရင်သွေးကို လွယ်နေရပြီဆိုတာ သိလျင်သိခြင်း တလျော်ကမွန်းနဲ့ ခေါင်းလျှော်ပြီး ဆံပင်ဖြန့်ချကာ ဘုရင်မြင်လောက်တဲ့နေရာမှာ သွားရောက်ပြီး ခစားရပါတယ်။ အဲ့ဒီအခါမှာ ဘုရင်က သိပြီး အနောက်ဝန်တို့ကတဆင့် အသိအမှတ်ပြုမှတ်တမ်းယူထားရတာပါ။

မိဖုရားကြီးက ငယ်စဉ်ကသီလရှင်ဝတ်ခဲ့ရဖူးတဲ့အတွက် မိဖုရားဘဝရောက်တဲ့အခါမှာ နန်းတွင်းမှာ စာပေသင်ကြားနေတဲ့ သီလရှင်ဆရာကင်းတို့ကိုအားကျပြီး ဘုရင့်ထံ သီလရှင်ဝတ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ရာ ဘုရင်က လုံးဝပယ်ချခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လောင်းရှည်မိဖုရား ဟာ သားသမီးသုံးပါးလုံး မွေးဖွားပြီးပါပြီ။ တကယ်အမှန်သာ သီပေါမင်းသားဟာ ဆောင်တော်ကူးမှတ်တမ်းလွဲချော်ပြီး မွေးဖွားလာရတာဆိုရင် အခုလို ပယ်ချနေမှာမဟုပ်ပါဘူး။

တခါသား မိဖုရားကြီးဟာ အနောက်ဝန်ခွင့်ပြုချက်မပါပဲ သူ လှူ တန်းခဲ့တဲ့ မတ္တရာကျောင်းတိုက်ကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒါကိုဘုရင်ကြားသိတဲ့အခါမှာ စိတ်တိုပြီး "ဒီလောက်မှ သာသနာမှာနေချင်လျှင် သီလရှင်ဝတ်တော့ လို့" ဆိုခဲ့တဲ့အတွက် သားသမီးသုံးပါးကို ညီမတော် စိန်တုံးမိဖုရားထံအပ်နှံပြီး သီလရှင်ဝတ်ခဲ့ရပါတယ်။

ဒါပေမယ့် မင်းတုန်းမင်းကြီး စိတ်တော်ပြေချိန်မှာ ကနောင်မင်းသားကြီးက အစ်မတော်လောင်းရှည်မိဖုရားကို ပြန်ခေါ်ဖို့ လျှောက်ထားခဲ့တဲ့အတွက် မိဖုရားဘဝပြန် ရောက်ခဲ့ရပေမယ့် နန်းတွင်းမှာတော့ မျက်နှာငယ်ခဲ့ရပါတော့တယ်။ ဒါကို ချစ်စိန်လွင်ရဲ့ ဆောင်တော်ကူးမှတ်တမ်းမှာ မိဖုရားကြီးကို ဘုန်းကြီးတပါးနဲ့ ကာမ မှားယွင်းတယ်လို့ ရိုင်းပျ အပုပ်ချစွပ်စွဲခဲ့ပါတယ်။

လောင်းရှည်မိဖုရားဟာ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သားတော်သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာ ဘုရင့်မယ်တော်ကြီး အနေနဲ့ အခြွေအရံ များစွာနဲ့စံစေပြီး အိမ်ဖြူတော်သစ်ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဘုရင့်မယ်တော်ကြီး တစ်ပါးအနေနဲ့ နန်းတွင်းအာဏာကို ဘာမျှထိန်းချုပ်ခြင်းမရှိပဲ ဝတ်ဖြူစင်ကြယ် ဝတ်လို့ စိတ်ပုတီးလက်မှာကိုင်ပြီး တရားဘာဝနာနဲ့သာ ပျော်မွေ့နေခဲ့ပါတယ်။

လောင်းရှည်မိဖုရားကြီးဟာ ဘုရင့်မယ်တော်ကြီးဘဝနဲ့ သုံးနှစ်သာစံစားခဲ့ရပြီး သက်တော် (၆၆)နှစ်မှာပဲ နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး အရိုးကို ဧရာဝတီမြစ်ထဲချခဲ့ပါတယ်။ သင်္ဂြိုဟ်တဲ့ နေရာမှာအထိမ်းအမှတ် ကျွန်းပြဿ ဒ် ထားရှိတာကို ယနေ့တိုင်တွေ့မြင်နိုင်ပါသေးတယ်။

မိဖုရားကြီးလို ဘာသာရေးကိုင်းရှိုင်းသူ အဖို့ သူ့ရဲ့ တူမြေးများကို သတ်ပြီးမှရခဲ့တဲ့ ဘုရင့်မယ်တော်ကြီး ဘဝမှာ မပျော်ရွှင်ခဲ့မှာတော့ အသေအချာပါပဲ။ မိဖုရားကြီးကံတော်ကုန်ပြီးတဲ့နောက် (၄)နှစ်အကြာ မှာ ကုန်းဘောင်ထီးနန်းပျက်သုဉ်းခဲ့တဲ့အတွက် ပုဂံခေတ်ကစလို့ တည်ရှိခဲ့တဲ့ ပဒေသရာဇ် စနစ်ဟာလဲအပြီးတိုင်ချုပ်ငြိမ်း ခဲ့ရပြီမို့ လောင်းရှည် မိဖုရားကြီး ဟာ မြန်မာ့ပဒေသရာဇ်ခေတ် ရဲ့ နောက်ဆုံးဘုရင့်မယ်တော်ကြီးလဲဖြစ်ခဲ့ရပါတော့တယ်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကုန်းဘောင်ရှင်းတမ်း
  2. မင်းနန်သူ