စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စဝ်ရွှေသိုက်
ShweThek .jpeg
(၁၈၉၆-၁၉၆၂)
ပထမဆုံး သမ္မတ
အမည်​ရင်း {{{အမည်​ရင်း}}}
မွေး​ရက် {{{မွေး​ရက်}}}
မွေး​နေ့ {{{မွေး​နေ့}}}
မိဘများ အဖ စဝ်ချုံ + အမိ ဒေါ်နန်းဆာ
မွေးရာဇာတိ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့
လူမျိုး ရှမ်း
ဘာသာ ဗုဒ္ဓဘာသာ
ပညာရေး
အလုပ်အကိုင်
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း
လူသိများခြင်း မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ
ကြင်ဖော် စင်ဟိန်ခမ်
သားသမီး
ကွယ်လွန်​ရက် {{{ကွယ်လွန်​ရက်}}}
လက်မှတ်
ဝက်ဘ်ဆိုက်

ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂)[ပြင်​ဆင်​ရန်​]

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန္နဝါရီ ၄ရက် မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။


သမ္မတကြီး စဝ်ရွှေသိုက်သည် ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။ အကြောင်းမှာ ၄င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင် မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။ မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရပါသည်။ [၁]


ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာ စစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။

မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။

စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။ သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။ သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။ [၂]

ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။


၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆ဝ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။


ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အုပ်ချုပ်သော နယ်မြေအတွင်း အသုံးလုံးကြေ (အရေး၊ အဖတ်၊ အတွက်) တတ်မြောက်ရန် မိသားစုအတွင်းရှိ အသက် (၆) နှစ်ပြည့်ပြီးသည့် ကလေးတိုင်း ကျောင်းမထားဘဲ မနေရဟု နားလည်ထားသည့် စက္ကူစိမ်းအမိန့်ကို ထုတ်ပြန်ထားပါသည်။ ထိုစက္ကူစိမ်းအမိန့်သည် ကျောင်းမထားပါက မိဘအုပ်ထိန်းသူကို အရေးယူမည့် ဥပဒေဖြစ်သည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။ လူတိုင်း စာတတ်မြောက်စေချင်သည့် စော်ဘွားကြီး၏ စေတနာဆန္ဒကို ပြသခြင်းဖြစ်သည်။[၃]

မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ရေးသားတော်မူခဲ့သော (တိပိဋကဓရ၏ အမျှဝေစကားစဉ်) စာအုပ်၌လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ပြီးစ ပထမနှစ်၌ ပထမဆုံးအကြိမ် ကျင်းပသည့် "တိပိဋကရွှေးချယ်ပွဲ" အခန်းအနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဖွင့်လှစ်ပေးခဲ့ပါသည်။ သမ္မတကြီးသည် ကားပေါ်မှ ဆင်းသည်မှ ဖွင့်လှစ်နေဆဲအချိန် ၂ နာရီကျော်ကျော်ခန့်မှာ မချသောလက်အုပ်ဖြင့် အမြဲတစေချီနေခဲ့ရာ သတိထားမိသော ဆရာတော်က "တိပိဋကဓရ ရှာပုံတော်လက်အုပ်" ဟု တင်စားခဲ့ပါသည်။ ထို့အတွက် တိပိဋကဓရဘွဲ့တော်ကို ရယူခြင်းဖြင့် သမ္မတကြီး၏ တိပိဋကဓရ ရှာပုံတော် လက်အုပ်ကြွေးကို ဆပ်မည်ဟု စိတ်က ဆောက်တည်လိုက်ပြီး ၃ နှစ်မြှောက်ရွှေးချယ်ပွဲ၌ မင်းကွန်းဆရာတော်သည် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူသဖြင့် နိုင်ငံတော်သမ္မတကြီး၏ တိပိဋကဓရရှာပုံတော် လက်အုပ်ကြွေးကို ဘုရားတပည့်တော် ယနေ့ပြေလည်စွာ ဆပ်မိပါပြီဘုရား ဟု သမ္မတကြီး၏ ဘာသာရေး စိတ်ထက်သန်ပုံကို မှတ်တမ်းပြုခဲ့ပါသည်။[၄] ၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စင်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။ [၅]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စာပေဗိမိမာန်မ်မဂဇ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၊ (ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၅၂) စာ၁၅၃-၁၆၅။
  2. ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈-၈၉။
  3. ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈။
  4. ခွန်ကျော် (တောင်ကြီး)၊ Mawk Ngao Ngoon Magazine (ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ၂၀၁၃ တောင်ကြီး) မြန်မာနိုင်ငံတော်၏ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အတ္ထုပ္ပတ္တိအကျဉ်း၊ နှာ-၈၈။
  5. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)စပယ်ဦး စာပေ