မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ဝီကီပီးဒီးယား မှ
(မြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈) မှ ပြန်ညွှန်းထားသည်)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈)
မျက်နှာဖုံးပုံ
ဖန်တီး၉ ဧပြီ ၂၀၀၈
အတည်ပြု၂၉ မေ ၂၀၀၈
စတင်သက်ရောက်သည့်နေ့၃၁ ဇန်နဝါရီ ၂၀၁၁
ရည်ရွယ်ချက်၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အား အစားထိုးရန်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) အတွင်းမျက်နှာဖုံးပုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) မာတိကာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈) သည် မြန်မာနိုင်ငံ၏ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည်။ ဤ ဖွဲ့စည်းပုံသည် ၂၀၀၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကြေညာခဲ့သော မူဝါဒလမ်းစဉ် ၇ ရပ်အနက်မှ တစ်ခု ဖြစ်သည်။[] ဤအခြေခံဥပဒေကိုရေးဆွဲရန်အတွက် ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံကို စတင်ခေါ်ယူခဲ့သည်။ တပ်မတော်အစိုးရ ဦးစီးကျင်းပသည့် အမျိုးသားညီလာခံ ကျင်းပနေဆဲတွင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်များအား ၁၉၉၅ ခုနှစ်တွင် ညီလာခံမှ ထုတ်ပယ်ခံခဲ့ရသည်။[] ထို့နောက် အမျိုးသားညီလာခံ စတင်ကျင်းပချိန်မှ ၁၄ နှစ် အကြာ ၂၀ဝ၈ ခုနှစ်တွင် ညီလာခံကို ကျင်းပပြီးစီးခဲ့ပြီး အခြေခံဥပဒေ မူကြမ်းကို စတင်ရေးဆွဲခဲ့သည်။ ၂၀၀၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့ နှင့် (၂၄) ရက်နေ့များတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ (၉၂.၄၈) ဖြင့် အတည်ပြုခဲ့သည်။ အထူးသဖြင့် ဆန္ဒခံယူပွဲ မကျင်းပမီ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့၍ လူပေါင်းသိန်းချီသေဆုံးပြီး ဆိုးရွားစွာ ပျက်စီးမှုများ ရှိခဲ့သော်လည်း မဲပေးပွဲကျင်းပခဲ့ကြသည်။[]

အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် တရားဝင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ဤ အခြေခံဥပဒေတွင် နိဒါန်း နှင့် အခန်း (၁၅) ခန်းပါဝင်ပြီး မြန်မာဘာသာဖြင့် စာမျက်နှာ (၁၉၄) မျက်နှာ ပါရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင် အသက်ဝင်ခဲ့သည်။[]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အစိုးရအပေါ် သိသာထင်ရှားသော ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများအတွက် ၂၅ ရာခိုင်နှုန်း သီးသန့်နေရာ သတ်မှတ်ပေးထားသည်။ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာနများကို တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိတစ်ဦးက ဦးဆောင်ရမည်ဖြစ်သည်။[][] တပ်မတော်သည် နိုင်ငံ၏ ဒုတိယသမ္မတတစ်ဦးကိုလည်း ခန့်အပ်သည်။[] ထို့ကြောင့် နိုင်ငံ၏ အရပ်သားခေါင်းဆောင်များသည် လုံခြုံရေးအဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်မှု အနည်းငယ်သာရှိသည်။[][]

ပါဝင်သော အခန်းများ

[ပြင်ဆင်ရန်]

ဤ အခြေခံဥပဒေတွင် ပါဝင်သော အခန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • နိဒါန်း
  • အခန်း (၁) နိုင်ငံတော် အခြေခံမူများ
  • အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ
  • အခန်း (၃) နိုင်ငံတော် အကြီးအကဲ
  • အခန်း (၄) ဥပဒေပြုရေး
  • အခန်း (၅) အုပ်ချူပ်ရေး
  • အခန်း (၆) တရားစီရင်ရေး
  • အခန်း (၇) တပ်မတော်
  • အခန်း (၈) နိုင်ငံသား၊ နိုင်ငံသား၏မူလအခွင့်အရေးနှင့် တာဝန်များ
  • အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း
  • အခန်း (၁၀) နိုင်ငံရေးပါတီများ
  • အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ
  • အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
  • အခန်း (၁၃) အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်
  • အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ
  • အခန်း (၁၅) အထွေထွေ ပြဋ္ဌာန်းချက်များ


နိဒါန်း

[ပြင်ဆင်ရန်]

နိဒါန်း၏ ရှေးဦးပိုင်းတွင် မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းကို အကျဉ်းဖော်ပြထားပြီး ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်တို့ ရပ်ဆိုင်းခဲ့ရပုံတို့ကိုလည်း ဖော်ပြထားသည်။ ယခု အခြေခံဥပဒေကို ရေးဆွဲရေးနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ဖော်ပြထားသည်။

အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။

အဆိုပါအမျိုးသားညီလာခံတွင် ပါဝင်တက်ရောက်ကြသော အခြေခံဥပဒေရေးဆွဲရေးပုဂ္ဂိုလ်များနှင့် ပတ်သက်၍လည်း

အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာစသည့် ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြပေသည်။

ဟုဖော်ပြထားသည်။ ထို့အပြင် အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့်အညီ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် ဆက်လက်ကျင်းပခဲ့ကြောင်း၊ ခိုင်မာသော အခြေခံဥပဒေတစ်ရပ် အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားညီလာခံ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဤအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းရေးနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ဖော်ပြထားသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်။

ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည် -

- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်းသွားကြမည်ဟု သန္နိဋ္ဌာန် ချမှတ်၍လည်းကောင်း၊

- နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
- နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊

- ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံရေး ကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန် အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊

ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်) နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။

အခန်း (၁) နိုင်ငံတော် အခြေခံမူများ

[ပြင်ဆင်ရန်]

အခန်း (၁)တွင် ပုဒ်မ (၁) မှ ပုဒ်မ (၅) အထိ နိုင်ငံတော် ဟူသော အဓိပ္ပာယ်ကို အချက် (၅) ချက်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံ ဖြစ်သည်ဟု ပါရှိသည်။

အခန်း (၁) ၏ ပုဒ်မ (၆) မှ ပုဒ်မ (၄၈) အထိတွင် နိုင်ငံတော်၏ အခြေခံမူများကို ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်၏ ဦးတည်ချက်များနှင့် ပတ်သက်၍ ပုဒ်မ (၆) တွင် နိုင်ငံတော်သည် အောက်ပါ ဦးတည်ချက် (၆) ရပ်ကို အစဉ်တစိုက်ဦးတည်ကြောင်း ဖော်ပြထားသည်။

  • ၆။(က) ပြည်ထောင်စုမပြိုကွဲရေး
  • ၆။( ခ ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
  • ၆။( ဂ ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
  • ၆။(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး
  • ၆။( င ) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး
  • ၆။( စ ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး

ထို့ပြင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြောင်း၊ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ကြောင်း၊ နိုင်ငံတော်၏ နယ်မြေမှန်သမျှ နိုင်ငံတော်မှ ခွဲထွက်ပိုင်ခွင့် မရှိကြောင်းကိုလည်း ပုဒ်မ (၁၀) တွင် အောက်ပါအတိုင်း အတိအလင်းဖော်ပြထားသည်။

နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုကြောင်း၊ နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းကြောင်း၊ ပုဒ်မ (၁၆) အရ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ကြောင်းပြဋ္ဌာန်းထားသည်။

ပုဒ်မ (၁၉) တွင် တရားစီရင်ရေးမူများအဖြစ် ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး နှင့် အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး ဟူသည့် အချက်သုံးချက်ကို ပြဋ္ဌာန်းထားသည်။

တပ်မတော်သည် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်ကြောင်း တို့ကိုလည်း ပုဒ်မ (၂၀) တွင် ဆိုထားသည်။

နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ကြောင်း၊ လက်ဝါးကြီးအုပ်ခြင်း နှင့် ဈေးကစားခြင်းများကို ခွင့်မပြုကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုကြောင်း၊ တရားမဝင်ငွေကြေးအဖြစ် ကြေညာမည်မဟုတ်ကြောင်း ပုဒ်မ (၃၅၊ ၃၆) တို့တွင် ဖော်ပြထားသည်။ အရေးပေါ်အခြေအနေများတွင် တပ်မတော်မှ တရားဝင် အာဏာသိမ်းခွင့်ရှိကြောင်း ပုဒ်မ (၄၀၊ဂ) တွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားရေးဝါဒနှင့်ပတ်သက်၍ ဘက်မလိုက်နိုင်ငံခြားရေးဝါဒ ကို ကျင့်သုံးကြောင်း၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းကြောင်း ပုဒ်မ (၄၁) တွင်ပြဋ္ဌာန်းထားသည်။ ထို့ပြင် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြုကြောင်း၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုကြောင်း တို့ကိုလည်း ပုဒ်မ (၄၂) တွင်ပြဋ္ဌာန်းထားသည်။

နိုင်ငံသားအခွင့်အရေးများ

[ပြင်ဆင်ရန်]

နိုင်ငံသားအခွင့်အရေးများနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းသည် တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့် ရှိကြောင်း၊ နိုင်ငံသားတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်မပါပဲ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိကြောင်း တို့ကို ပုဒ်မ (၂၁) တွင် ပြဋ္ဌာန်းထားသည်။ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည် ဖြစ်ကြေင်း၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေးကျန်းမာရေးစီးပွားရေးလမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း တို့ကို ပုဒ်မ (၂၂) တွင်ပြဌာန်ထားသည်။ ပုဒ်မ (၂၆) တွင် ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အညီအမျှရရှိစေရမည် ဟု ပုဒ်မ (၃၄) တွင် ပြဋ္ဌာန်းထားသည်။

အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

[ပြင်ဆင်ရန်]

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံမှာ တိုင်းဒေသကြီး (၇) ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများ ပါဝင်ကြောင်း ပုဒ်မ (၄၉) အရ သတ်မှတ်ထားသည်။

နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ကြောင်း ပုဒ်မ (၅၀) တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ (၅၁) တွင်မူ နိုင်ငံတော် ဖွဲ့စည်းပုံကို အဆင့်ဆင့် စုစည်းမှုကို သတ်မှတ်ထားသည်။ ယင်းအဆင့်ဆင့်စုစည်းပုံများ ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်၎င်း ၊ ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်၎င်း၊ ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်၎င်း၊ မြို့နယ်များကို ခရိုင်အဖြစ် ၎င်း၊ ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ် စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်၎င်း၊ တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖြစ်၎င်း၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော် အဖြစ်၎င်း စုစည်းသည် ဟု ပြဋ္ဌာန်းထားသည်။

နယ်နိမိတ်ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ရှေးဦးစွာ လွှတ်တော် (၃) ရပ်လုံးတွင် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲ လိုအပ်မည်။ အကယ်၍ လွှတ်တော်တစ်ရပ်ရပ်၏ လိုအပ်သောထောက်ခံမဲ ထက်ဝက်ကျော် မရရှိလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံမှသာ နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပုဒ်မ (၅၂) တွင်ပြဋ္ဌာန်းထားသည်။ အလားတူ ပုဒ်မ (၅၃) တွင်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရေးအတွက် ရှေးဦးစွာ သက်ဆိုင်ရာ မြို့နယ်အတွင်း နေထိုင်ကြသောဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲလိုအပ်မည်။ အကယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်၏ လိုအပ်သောထောက်ခံမဲ လေးပုံသုံးပုံ မရရှိလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံမှသာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ပုဒ်မ (၅၃) တွင်ပြဋ္ဌာန်းထားသည်။ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြောင်းလဲနိုင်ကြောင်း ပုဒ်မ (၅၄) တွင် ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

[ပြင်ဆင်ရန်]

ပုဒ်မ (၅၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဖွဲ့စည်းပုံများကို ပြဋ္ဌာန်းထားသည်။

အခန်း (၃) နိုင်ငံတော် အကြီးအကဲ

[ပြင်ဆင်ရန်]

နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုကြောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိကြောင်း ကို ပုဒ်မ (၅၇) နှင့် (၅၈) တွင် ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ပုဒ်မ (၅၉) တွင် ပုဒ်မခွဲ (က) မှ (ဆ) အထိ အချက် (၆) ချက်ဖြင့် အောက်ပါအတိုင်း သတ်မှတ်ထားသည်။

  • (က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
  • (ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
  • (ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
  • (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
  • (င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
    • ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
  • (စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
  • (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

နိုင်ငံတော် သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖြင့် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ သမ္မတ ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော် မှ ရွေးကောက်ခံ ကိုယ်စားလှယ် များ အစုအဖွဲ့တစ်ဖွဲ့၊ အမျိုးသားလွှတ်တော် မှ ရွေးကောက်ခံ ကိုယ်စားလှယ် များ အစုအဖွဲ့တစ်ဖွဲ့နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တစ်ဖွဲ့ ဟူ၍ စုစုပေါင်း အစုအဖွဲ့ (၃) ဖွဲ့စည်းကာ ယင်းအစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ် များ ထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး ထိုသုံးဦးထဲမှ ထပ်မံ၍ မဲစနစ်ဖြင့် နိုင်ငံတော်သမ္မတကို ရွေးချယ်ရမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုနိုင်ပေ။

နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစား ယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ရာထူးသက်တမ်းကာလအတွင်း မိမိတို့ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုကြောင်း၊ တို့ကိုလည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတစ်ဦးဦးကို အောက်ပါအချက်များဖြင့် စွပ်စွဲပြစ်တင်နိုင်‌ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

  • (၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
  • (၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
  • (၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
  • (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတ၏အရည်အချင်း ပျက်ယွင်းခြင်း၊
  • (၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပြွန်စွာမဆောင်ရွက်ခြင်း။

စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသောလွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲနိုင်ကြောင်းကိုလည်း ပြဋ္ဌာန်းထားသည်။

အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် အသစ်ထပ်မံရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရွေးချယ်ပုံ နည်းလမ်းများနှင့်တကွ ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့အတွက် ကတိသစ္စာပြုချက်ပုံစံကိုပါ ရေးသားပြဋ္ဌာန်းထားသည်။


အခန်း (၇) တပ်မတော်

[ပြင်ဆင်ရန်]

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သလို နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည် ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ပုဒ်မ (၃၃၇ မှ ၃၄၄ ထိ) ပြဋ္ဌာန်းထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ ပုဒ်မ (၃၄၂) တွင် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် ခန့်အပ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အခန်း (၁၀) နိုင်ငံရေးပါတီများ

[ပြင်ဆင်ရန်]

နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်ဖြစ်ကြောင်း၊ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာစည်းရုံးခွင့်ရှိပြီး ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း တို့ကို ပုဒ်မ (၄၀၄ မှ ၄၀၆ ထိ) တို့တွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရလျှင်သော်လည်းကောင်း၊ နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီလျှင်သော်လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေးပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲလျှင်သော်လည်းကောင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်လျှင်သော်လည်းကောင်း နိုင်ငံရေးပါတီအဖြစ် ရပ်တည်ပိုင်ခွင့်ရုပ်သိမ်းကာ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည် ဖြစ်သည်ဟု ပုဒ်မ (၄၀၇၊ ၄၀၈) တို့တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းရမည်ဟုလည်း ပုဒ်မ (၄၀၉) တွင် ပါရှိသည်။


အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ပုဒ်မ (၄၃၃၊ ၄၃၄၊ ၄၃၅) တို့တွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်းရမည်ဖြစ်ပြီး ယင်းဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရကြောင်း၊ ယင်း ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရန်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဖြစ်ကြောင်း တို့ကို ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ပုဒ်မ (၄၃၁-က) တွင် ပြဋ္ဌာန်းထားသည်။

ပုဒ်မ (၄၃၆)၊ ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဟု ပုဒ်မ (၄၃6-ခ) တွင် ပြဋ္ဌာန်းထားသည်။

အခန်း (၁၃) အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်

[ပြင်ဆင်ရန်]

နိုင်ငံတော်အလံနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နိုင်ငံတော်သီချင်း နှင့် မြို့တော်တို့ကို ပုဒ်မ (၄၃၇၊ ၄၃၈၊ ၄၃၉၊ ၄၄၀) တို့တွင် ပြဋ္ဌာန်းထားသည်။ အဆိုပါပြဋ္ဌာန်းချက်များအရ နိုင်ငံတော်အလံသည် ယခင်အလံနှင့် များစွာကွဲပြားသွားပြီး၊ နိုင်ငံတော်တံဆိပ်မှာမူ သိသာစွာကွဲပြားခြင်းမရှိပဲ တံဆိပ်ပါ စာတန်းသည်သာ ပြောင်းလဲထားခြင်း ဖြစ်သည်။ နိုင်ငံတော်သီချင်းမှာလည်း ယခင်အတိုင်းပင် ကမ္ဘာမ​ကျေသီချင်း ဖြစ်၍ နိုင်ငံတော် ၏ မြို့တော်မှာမူ နေပြည်တော် ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. "The National Convention"။ 
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 18 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 April 2016 တွင် ပြန်စစ်ပြီး။
  3. A Preliminary Report on the referendum of May 10,2008
  4. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (in my) (March 2018)။ 22 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည့် ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။”
  5. "Why is army still in Myanmar parliament?"၊ BBC News 
  6. Can Aung San Suu Kyi control Myanmar's military? (12 November 2015)။
  7. Managing the defence and security council (28 March 2016)။ 13 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2017 တွင် ပြန်စစ်ပြီး။
  8. "Why is army still in Myanmar parliament?"၊ BBC News 
  9. Can Aung San Suu Kyi control Myanmar's military? (12 November 2015)။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]