တိုင်းရင်းသားရေးရာဝန်ကြီး
| ပြည်နယ်/တိုင်းအစိုးရ ၏ တိုင်းရင်းသားရေးရာဝန်ကြီး | |
|---|---|
| အဖွဲ့ဝင် | ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အဖွဲ့ဝင် |
| ခန့်အပ်သူ | သက်ဆိုင်ရာ တိုင်းရင်းသားမဲဆန္ဒရှင်များမှ ရွေးကောက်တင်မြှောက်သည် |
| သက်တမ်း | ၅ နှစ် |
| ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၁ |
| မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းထားသည် တာဝန်ခံအဖွဲ့အစည်း: တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန | |
တိုင်းရင်းသားရေးရာဝန်ကြီး သည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ ၂၀၁၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက်လာသော ရာထူးနေရာဖြစ်ပြီး ၂၀၁၁ ခုနှစ် မတ်လမှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စတင်ဖွဲ့စည်းတာဝန်ပေးခဲ့သည်။၎င်းတို့သည် သက်ဆိုင်ရာဒေသတွင် လူဦးရေ ထက်ဝက်ကျော်ရှိသော တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်စားပြုသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ခန့်အပ်ထားသော ဝန်ကြီးများ ဖြစ်ပြီး ၎င်းတို့သည် သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးများလည်း ဖြစ်ကြသည်။
စတင်ဖွဲ့စည်းခြင်း
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ် မတ်လ ၃၀ရက် တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသော ဒီမိုကရေစီကူးပြောင်းရေးအစိုးရအဖွဲ့များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ စတင်ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ခန့်အပ်ထားခြင်းဖြစ်ပြီး၊ကိုယ်စားပြု တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရန်ဖြစ်သည်။
တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးအဆင့်အဖြစ် ပါဝင်ပြီး လူမျိုးစုရေးရာများကို စီမံခန့်ခွဲသည်။
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးအဆင့်ရာထူးဖြင့် ပါဝင်ကြသော်လည်း အစောပိုင်းကာလတွင် လစာနှင့် အစိုးရအဖွဲ့အစည်းအဝေးတက်ရောက်ခွင့် အပါအဝင် အချို့သော လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများတွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တန်းတူမရှိခဲ့ကြပေ။
ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ အခွင့်အရေးတန်းတူရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ရှိ ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တွင် တရားစွဲဆိုခဲ့ကြသည်။[၁]
အမှုကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စီရင်ချက်ချမှတ်ခဲ့ပြီးနောက် တိုင်းရင်းသားရေးရာဝန်ကြီးများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် လျော်ညီသော အဆောင်အယောင်ဆိုင်ရာ သတ်မှတ်ချက်အချို့ ရရှိခဲ့ကြသည်။ အဆိုပါ ပြောင်းလဲမှုများသည် အဓိကအားဖြင့် အခွင့်အရေးနှင့် အဆောင်အယောင်ဆိုင်ရာ ကိစ္စရပ်များနှင့်သာ သက်ဆိုင်သည်။
ထို့အတွက်ကြောင့် ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသားရေးရာဝန်ကြီးများအား အစိုးရအဖွဲ့အတွင်း အဆောင်အယောင်သာမက လုပ်ပိုင်ခွင့်များပါ တန်းတူရရှိစေရန် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခဲ့ပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များတွင် အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးရန် တိုက်တွန်းခဲ့သည်။[၂]
၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် သမ္မတ ဦးသိန်းစိန် သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးအား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနည်းတူ အဆောင်အယောင်နှင့် အစိုးရအဖွဲ့အစည်းအဝေးတက်ရောက်ခွင့်များ တန်းတူရရှိစေရန် အာမခံခဲ့သည်။[၃]
ထိုနောက်ပိုင်းမှစ၍ တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များတွင် ဝန်ကြီးအဆင့်အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပြီး သက်ဆိုင်ရာ ဒေသအတွင်းရှိ လူမျိုးစုရေးရာကိစ္စရပ်များကို စီမံဆောင်ရွက်ကြသည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များမှ ရွေးကောက်ခံကိုယ်စားလှယ်များမှာ လက်ရှိတွင် တိုင်းရင်းသားဝန်ကြီး ၂၉ ဦးရှိသည်။
လက်ရှိ ဝန်ကြီးများ
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အများစုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် မြန်မာနိုင်ငံ စစ်အာဏာသိမ်းခြင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်တာဝန် ထမ်းဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ၂၀၂၁ ခုနှစ်၊ဩဂုတ် ၁ရက် တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား တိုက်ရိုက် ခန့်အပ်တာဝန်ပေးခဲ့သည်။[၄]
| ဒေသ | နိုင်ငံရေးပါတီ | အမည် | မှတ်ချက် |
|---|---|---|---|
| ကချင်ပြည်နယ် | စစ်ကောင်စီ က တိုက်ရိုက်ခန့်အပ် | ဦးကျော်မင်းခိုင် | တိုင်းရင်းသားရေးရာဝန်ကြီးဟူ၍ တစ်ဦးတည်းသာ ခန့်အပ်သည်။ |
| ကယားပြည်နယ် | ဦးတင်လှ | ||
| ကရင်ပြည်နယ် | ဦးစန်းကို | ||
| ချင်းပြည်နယ် | ဦးစိန်ထွန်းလှ | ||
| စစ်ကိုင်းတိုင်းဒေသကြီး | ဦးစိုင်းနိုင်နိုင်ကျော် | ||
| တနင်္သာရီတိုင်းဒေသကြီး | ဦးစောမာတင်လူသာ | ||
| ပဲခူးတိုင်းဒေသကြီး | ဦးစောလင်းအောင် | ||
| မကွေးတိုင်းဒေသကြီး | ဦးထွန်းခင် | ||
| မန္တလေးတိုင်းဒေသကြီး | ဦးစိုင်းနွမ် | ||
| မွန်ပြည်နယ် | ဦးခင်မောင်ဦး | ||
| ရခိုင်ပြည်နယ် | ဦးတင်လှ | ||
| ရန်ကုန်တိုင်းဒေသကြီး | ဦးစောဂျက်ကော့ထူး | ||
| ရှမ်းပြည်နယ် | ဦးအောင်ကြည်ဝင်း | ||
| ဧရာဝတီတိုင်းဒေသကြီး | ဦးစောလင်းခယ် |
ယခင်ဝန်ကြီးများ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အများစုကို NLD ပါတီမှ ရရှိခဲ့သည်။[၅]
၂၀၁၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အများစုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရရှိခဲ့သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ တန်းတူ အခွင့် အရေး ဆုံးဖြတ်။ BBC (၁၄ ဒီဇင်ဘာ ၂၀၁၁)။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားရေးရာဝန်ကြီးများကို အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးရန် အဆိုတင်။ DVB (၅ ဇူလိုင် ၂၀၁၂)။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ကျန်ဝန်ကြီးတွေနဲ့ တန်းတူ အခွင့်အရေးရရှိစေရမယ်လို့ သမ္မတ အာမခံ။ DVB (၇ စက်တင်ဘာ ၂၀၁၂)။ ၇ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေး။ Myanmar Digital News (၁ ဩဂုတ် ၂၀၂၁)။ ၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ ရရှိမှုအခြေအနေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅)။ 15 November 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း၊နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၂၃/၂၀၁၁။ ၂၀၁၁ ခုနှစ်၊မတ်လ ၃၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ ၁၁ (၃၁ မတ် ၂၀၁၁)။ ၅ မတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစောဟာဗီနှင့် တွေ့ဆုံခြင်း။ daweiwatch (၂၅ စက်တင်ဘာ ၂၀၂၀)။ ၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။