ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
| Ministry of Transport and Communications | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၆ |
| ယခင်အဖွဲ့အစည်း | ပို့ဆောင်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ရထားပို့ဆောင်ရေး ဝန်ကြီးဌာန |
| ဖျက်သိမ်းခြင်း | ၁၀ ဧပြီ ၂၀၂၆ |
| အစားထိုးခြင်း | ပို့ဆောင်ရေးဝန်ကြီးဌာန ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန |
| ဌာနချုပ် | ရုံးအမှတ် (၂)၊နေပြည်တော် |
| ဝန်ကြီးများ | ဗိုလ်ချုပ်ကြီးမြထွန်းဦး |
| ဒုတိယဝန်ကြီးများ |
|
| ဝက်ဘ်ဆိုက် | motc.gov.mm |
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Transport and Communications) သည် ယခင်က ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနဟူသော ဝန်ကြီးဌာန (၃) ခုကို ပူးပေါင်းဖွဲ့စည်းထားသော ဝန်ကြီးဌာနဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လွတ်လပ်ပြီးခေတ်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန နှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန နှစ်ခု ခွဲ၍ ဖွဲ့စည်းခဲ့သည်။
၁၉၆၁ ခုနှစ်တွင် အထက်ပါ ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန အဖြစ် ပြောင်းလဲ ဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့သည်-
- (က) မီးရထားအုပ်ချုပ်ရေးဘုတ်အဖွဲ့
- ( ခ) ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့
- ( ဂ) ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဘုတ်အဖွဲ့
- (ဃ) ရေကြောင်းဌာန
- ( င) ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေးဘုတ်အဖွဲ့
- ( စ) မြို့ပြလေကြောင်းဌာန
- (ဆ) မိုးလေဝသဌာန
- ( ဇ) စာတိုက်နှင့်ကြေးနန်းဌာန
- ( ဈ) မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘော သယ်ယူပို့ဆောင်ရေးလုပ်ငန်း
- (ည) ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့
ထို့နောက် ၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကော်ပိုရေးရှင်းအမည်များဖြင့် ပြောင်းလဲခဲ့ပြီး ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇)ခု ဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ရေကြောင်းပညာသိပ္ပံကျောင်းကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းခဲ့သည်။
နအဖအစိုးရခေတ်
[ပြင်ဆင်ရန်]၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၉၂)၏ သဘောတူဆုံးဖြတ်ချက်အရ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဟူ၍ ဝန်ကြီးဌာန (၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန
[ပြင်ဆင်ရန်]ပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၄)ခု၊ စီးပွားရေးအဖွဲ့အစည်း (၅)ခု၊ ကျောင်း (၁)ကျောင်း၊ စုစုပေါင်းဌာန (၁၀)ခု ပါဝင်ခဲ့သည်။ ၎င်းတို့မှာ-
- (က) ပို့ဆောင်ရေးဦးစီးဌာန
- (ခ) လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
- (ဂ) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
- (ဃ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
- (င) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
- (စ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
- (ဆ) မြန်မာ့လေကြောင်း
- (ဇ) မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
- (ဈ) မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း
- (ည) ရေကြောင်းပညာသိပ္ပံ တို့ဖြစ်သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
[ပြင်ဆင်ရန်]ရထားပို့ဆောင်ရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၂)ခု၊ ကျောင်း (၁)ကျောင်း၊ စုစုပေါင်းဌာန (၅)ခု ပါဝင်ခဲ့သည်။ ၎င်းတို့မှာ-
- (က) ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
- (ခ) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
- (ဂ) မြန်မာ့မီးရထား
- (ဃ) ကုန်းလမ်းပို့ဆောင်ရေး
- (င) ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း တို့ဖြစ်သည်။
ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
[ပြင်ဆင်ရန်]ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန စတင်ဖွဲ့စည်းစဉ်က ဦးစီးဌာန (၂)ခု၊ စီးပွားရေးအဖွဲ့အစည်း (၁)ခု၊ စုစုပေါင်းဌာန (၃)ခု ပါဝင်ခဲ့သည်။ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်-
- (က) မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
- (ခ) ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
- (ဂ) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြစ်သည်။
၁၉၉၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြောင်းလဲမှုများ
[ပြင်ဆင်ရန်]၁၉၉၉ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၀/၉၉)၏ သဘောတူဆုံးဖြတ်ချက်အရ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့မှစ၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနမှ ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းခဲ့သည်။
၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၀၂)၏ သဘောတူဆုံးဖြတ်ချက်အရ ဩဂုတ်လ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ကို စတင်ဖွဲ့စည်းတည်ထောင်၍ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် တိုးချဲ့ထည့်သွင်းဖွဲ့စည်းခဲ့သည်။
၂၀၁၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၏ ၂၀၁၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့စွဲပါ စာအမှတ် ၄၁၅/၃-၂/နယက လမ်းညွှန်ချက်အရ ပြည်ထောင်စု မြန်မာနိုင်ငံတော် စီးပွားရေး ဦးပိုင်လီမိတက်သို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစည်းအဝေး (၂/၂၀၁၅)၏ ဆုံးဖြတ်ချက်အရ ရေကြောင်းပညာသိပ္ပံမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်အဆင့်သို့ အဆင်မြှင့်ဖွင့်လှစ်ခဲ့သည်။
၂၄-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၅)မှ သဘောတူညီချက်အရ မြန်မာအမျိုးသား လေကြောင်းနည်းဥပဒေအား ပို့ဆောင်ရေးဝန်ကြီးဌာန၏ ၁၁-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၃၁/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၄-၅-၂၀၁၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၁၅)ဖြင့် မြန်မာ့လေကြောင်းပိုင်ပစ္စည်းများအားလုံးနှင့် လုပ်ငန်းတာဝန်များကို မြန်မာအမျိုးသား လေကြောင်း (မြန်မာအမျိုးသား လေကြောင်း ကုမ္ပဏီလီမိတက်)သို့ လွှဲပြောင်းဆက်ခံခွင့်ပြုခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၅-၁-၂၀၁၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ (၅၉/၂၀၁၅)အရ ပို့ဆောင်ရေးဦးစီးဌာနအား ဖျက်သိမ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၇-၉-၂၀၁၄ ရက်စွဲပါ စာအမှတ် ၁၂၂၀/၂၅၂-အတွင်းဝန်/အဖရ (၂၀၁၄)အရ အမြဲတမ်းအတွင်းဝန်ရုံးအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ စတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)အရ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနအား ဖျက်သိမ်း၍ ၁.၄.၂၀၁၅ ရက်နေ့တွင် ဝန်ထမ်း (၁၃၀) ဦးအား အမြဲတမ်းအတွင်းဝန်ရုံးသို့ သွတ်သွင်းခြင်းဖြင့်လည်းကောင်း၊ ကျန်ဝန်ထမ်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ သွတ်သွင်းပေါင်းစည်းခြင်းဖြင့်လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)အရ ဆက်သွယ်ရေးနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် (၉/၂၀၁၅)ဖြင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ စတင်၍ တည်ထောင်ဖွဲ့စည်းခဲ့သည်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅)အရ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနအား ဖော်ပြပါအတိုင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်-
ဦးထင်ကျော်အစိုးရလက်ထက်
[ပြင်ဆင်ရန်]ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၃၀-၃-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။[၁]
ဦးမင်းအောင်လှိုင်အစိုးရလက်ထက်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဧပြီ (၁၀) ရက်နေ့တွင် ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာန နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ခွဲခြမ်းဖွဲ့စည်းလိုက်သည်။ [၂]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရှိ ဌာနအဖွဲ့အစည်းများမှာ (၁၈)ခုရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
(က)လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
(ခ)ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
(ဂ)ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
(ဃ)ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
(င)မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန
(စ)ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန
(ဆ)သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန
(ဈ)ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
(ဋ)မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
(တ)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
ဝန်ကြီးများစာရင်း
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူးသက်တမ်း | နိုင်ငံရေးပါတီ | သမ္မတ | ဒုတိယဝန်ကြီး | ||
|---|---|---|---|---|---|---|---|
| တာဝန်စတင် | တာဝန်ပြီးဆုံး | ကာလ (နှစ်၊ ရက်) | |||||
| ၁ | ဦးသန့်စင်မောင် | ၃၀ မတ် ၂၀၁၆ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၄ နှစ်၊ ၃၀၈ ရက် | NLD |
| |
| ၂ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၃ ဩဂုတ် ၂၀၂၃ | ၂ နှစ်၊ ၁၈၃ ရက် | တပ်မတော် |
|
|
| ၃ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | ၃ ဩဂုတ် ၂၀၂၃ | ၃၁ ဇူလိုင် ၂၀၂၅ | ၁ နှစ်၊ ၃၆၂ ရက် | တပ်မတော် |
|
|
| ၄ | ဦးမြထွန်းဦး | ၃၁ ဇူလိုင် ၂၀၂၅ | ၁၀ ဧပြီ ၂၀၂၆ | ၂၅၃ ရက် | ဦးသက်ဝင်အောင် | ||
ဒုတိယဝန်ကြီးများ
[ပြင်ဆင်ရန်]| စဉ် | ပု့ | အမည် | တာဝန်သက်တမ်း | ပြည်ထောင်စုဝန်ကြီး | အစိုးရ | ရင်းမြစ် | |
|---|---|---|---|---|---|---|---|
| ၁။ | ဗိုလ်မှူးချုပ် လူမွန် | ၇ ဖေဖော်ဝါရီ ၂၀၂၁ | ၁၉ ဖေဖော်ဝါရီ ၂၀၂၁ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | မင်းအောင်လှိုင်အစိုးရ | ||
| ဦးအောင်ကျော်ထွန်း | ၁၉ ဖေဖော်ဝါရီ ၂၀၂၁ | ၂၃ ဇန်နဝါရီ ၂၀၂၆ | ဗိုလ်ချုပ်ကြီး တင်အောင်စန်း | မင်းအောင်လှိုင်အစိုးရ | [၃] | ||
| ဦးသက်ဝင်အောင် | ၂၃ ဇန်နဝါရီ ၂၀၂၆[၄] | ၁၀ ဧပြီ ၂၀၂၆ | ဗိုလ်ချုပ်ကြီး မြထွန်းဦး | ဦးညိုစောအစိုးရ | |||
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန 10 October 2022 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ "သမိုင်းကြောင်း"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန။
- ↑ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-11 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်။ MOI။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-03-06 တွင် ပြန်စစ်ပြီး။