မောင်မောင် (နိုင်ငံတော်သမ္မတ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Dr Maung Maung
(1925-01-11)၁၁ ဇန်နဝါရီ၊ ၁၉၂၅ - ၂ ဇူလိုင်၊ ၁၉၉၄(1994-07-02) (အသက် ၆၉)
ဒေါက်တာမောင်မောင်
နိုင်ငံတော် သမ္မတရုံး
သတ္တမမြောက်သမ္မတ
၁၉ ဩဂုတ် ၁၉၈၈ – ၁၈ စက်တင်ဘာ ၁၉၈၈ -
ယခင် ဦး​အေးကို(ယာယီ)
ဆက်လက် စောမောင် (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ်)
ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဥက္ကဋ္ဌ
၁၉ ဩဂုတ် ၁၉၈၈ - ၁၈ စက်တင်ဘာ ၁၉၈၈
ယခင် ဦးစိန်လွင်
ဆက်လက် ဖျက်သိမ်း
ကိုယ်ရေး အချက်အလက်
အမည်ရင်း မောင်မောင်
မွေးရက် (1925-01-11)၁၁ ဇန်နဝါရီ၊ ၁၉၂၅
မွေးနေ့ စနေနေ့
မိဘများ ဦးဆင့် နှင့် ဒေါ်အေးတင်
မွေးရပ်ဇာတိ မန္တလေး
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် နိုင်ငံ​တော်သမ္မတ
လူသိများခြင်း နိုင်ငံ​တော်သမ္မတ
ကြင်ဖော် ဒေါ်ခင်မြင့်
ကွယ်လွန်ရက် ၂ ဇူလိုင်၊ ၁၉၉၄(1994-07-02) (အသက် ၆၉)


ဒေါက်တာမောင်မောင်သည် ဦးစိန်လွင်နောက် တက်လာသော သမ္မတဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၉-ရက်မှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်အထိ တစ်လသာ သမ္မတတာဝန် ထမ်းဆောင်လိုက်ရသူ ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

၁၉၂၅-ခု၊ ဇန်နဝါရီလ(၃၁)ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ အဖမှာ အထက်တန်းရှေ့နေ ဦးဆင့်၊ အမိမှာ ဒေါ်အေးတင် ဖြစ်သည်။ ဒေါက်တာမောင်မောင် မမွေးဖွားမီ မိခင်ဒေါ်အေးတင်မှ သားတစ်ယောက်မွေးဖွားခဲ့သော်လည်း တစ်နှစ်သားအရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ထိုကြောင့်ဒေါက်တာမောင်မောင် မွေးဖွားလာသောအခါ မိဘများပျော်ရွှင်ခဲ့ကြသည်။ သားဦးကလေးကဲ့သို့ ငယ်ငယ်နှင့် ကွယ်လွန်မည်ကို စိုးရိမ်ခဲ့ကြသည်။ သို့ဖြစ်၍ ပုခက်အတွင်း၌ပင် သင်္ကန်းဆည်းပေးခြင်းခံရသူဖြစ်သည်။ မွေးချင်း ခုနှစ်ယောက်အနက် တစ်ဦးတည်းသော သားဖြစ်သည်။ အစ်မနှစ်ယောက်၊ နှမ လေးယောက်ရှိသည်။ [၁]

ပညာသင်ဘဝ[ပြင်ဆင်ရန်]

မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ကင်းထောက်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ဝံပုလွေမှ ကင်းထောက်လူငယ်၊ နောက်ပိုင်းတွင် ရိုဗာစကောက်ကြီးဖြစ်လာသည်။ အထက်မြန်မာပြည်စကောက်မင်းကြီးသည် ဦးလှကြီးဖြစ်သည်။ အားလပ်ချိန်များတွင် ဦးလှကြီးရုံးတွင် အလံအချက်ပြခြင်း၊ ကြေးနန်းဖြင့်အချက်ပြခြင်းတို့ကို လေ့ကျင့်ခဲ့သည်။ ကျောင်းပိတ်ရက်များတွင် တောထွက်စခန်းချသည်။ ရေကူးတံဆိပ်၊ ထမင်းချက်တံဆိပ် မျိုးစုံရရှိခဲ့သည်။ မိဘများသည် သားကို ဘီစီအက်ဖြစ်စေချင်သည်။ ဖခင်ဖြစ်သူသည် သားဖြစ်သူအား “ပညာရေး၊ အိမ်ထောင်ဘက်ရွေးချယ်ရေးနှင့် အလုပ်အကိုင်ရွေးချယ်ရေးတို့တွင် ဖခင်၏ဆုံးဖြတ်မှုအတိုင်း လိုက်နာရမည် ဖြစ်ကြောင်း၊ ကျန်ကိစ္စများအားလုံး မိမိဘာသာလွတ်လပ်စွာ ရွေးချယ်လုပ်ကို နိုင်ကြောင်း” ပြောပြခဲ့သည်။ [၂]

၁၉၃၈ ခုနှစ်တွင် ကျောင်းသားသပိတ်တွင် မန္တလေးကျောင်းတိုက်မှ အများစုပါဝင်ခဲ့ သည်။ အိမ်တော်ရာဘုရား၊ စကြာသီဟဘုရားတွင် သပိတ်စခန်းချသည်။ ရန်ကုန်တွင် အတွင်းဝန်ရုံး များကို သပိတ်တားသော ကျောင်းသားများအား ပုလိပ်တို့က ရိုက်နှက်ကြသည်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့၍ အာဇာနည် ဗိုလ်အောင်ကျော်ဖြစ်လာသည်။ ဗိုလ်အောင်ကျော်နှင့် အာဇာနည် ၁၇ ဦးကျဆုံးပြီးနောက်ပိုင်းတွင် မန္တလေးတွင် ရဟန်းပျိုများက အမျိုးသမီးများအား အင်္ကျိပါး မဝတ်ကြရန် ဆော်ဩကြသည်။ နိုင်ငံခြားမှတင်သွင်းသော ဝိုင်စများကို သပိတ်မှောက်ကြခြင်းဖြစ်သည်။ ဆော်ဩဆုံးမ၍ မရသောသူများအား ကြိမ်ဆောင်၍ဆုံးမသည်။ ကတ်ကြေးဖြင့် အင်္ကျိကိုကိုက်ဖြတ်ပစ်သည်။ ယောကျာ်းလေး များထံမှ ဘိုကေကိုအလှူခံကြသည်။ ဒေါက်တာမောင်မောင်လည်း မိခင်အတွက် ဈေးဝယ်ထွက်စဉ် သံဃာတော်များနှင့်တွေ့ပြီး ကိုလိုနီစနစ်ဆိုး၏အမွေဆိုးဖြစ်သော ခေါင်းပေါ်မှ အင်္ဂလိပ်ဆံတောက်ကို ရိတ်ခြင်း ခံခဲ့ရဘူးသည်။ ဤနည်းဖြင့် ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးပြီးဆုံးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ့ နုဂ္ဂဟကျောင်းမှ ၁ဝ တန်းအောင်မြင်ပြီး မန္တလေးဥပစာကောလိပ်သိပ္ပံတန်းသို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ အသက်ငယ်နေသဖြင့် ကျောင်းတက်ခွင့်မရဘဲ ကျောင်းအုပ်ကြီး မစ္စတာ မာရှယ်၏ ခွင့်ပြုချက်ဖြင့် အတန်းတက်ခဲ့ရသည်။ ဒေါက်တာမောင်မောင်သည် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ယူခဲ့ရာ ၁၉၄၆ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။

ဒေါက်တာမောင်မောင်သည် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် လန်ဒန်သို့ သတင်းဖြန့်ချိရေးပညာဖြင့် ပညာတော်သင်စေလွှတ်ခြင်းခံရသည်။ ဒေါက်တာမောင် နိုင်ငံခြားသို့ ထွက်ခွာမည့်အချိန်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်၍ ရောင်စုံသောင်းကျန်းသူများ ဆူပူလှုပ်ရှား နေသည့်အချိန်ဖြစ်သဖြင့် တပ်မတော်သို့ပြန်လည်အမှုထမ်းဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း အထက်လူကြီးများ၏တိုက်တွန်းချက်အရ ပညာတော်သင်ထွက်ခွာခဲ့ရသည်။ ပညာတော်သင်စေလွှတ်သည့်ဘာသာရပ်များကိုသင်ကြားရင် ဝတ်လုံပညာကိုလည်း ဆည်းပူးခဲ့ သည်။ နွေရာသီကျောင်းပိတ်ရက်တွင် ဟော်လန်နိုင်ငံသို့သွားရောက်၍ အပြည်ပြည်ဆိုင်ရာဥပဒေ ပညာကိုသင်ယူခဲ့သည်။ လန်ဒန်မြို့တွင် ခြိုးခြံချွေတာစွာနေထိုင်ရင်း ဝတ်လုံပညာကို လင်းကွန်းအင်း Lincoln's Inn ၌ ညနေပိုင်းတက်ခဲ့သည်။ ဥပဒေစာအုပ်များသည် တန်ဖိုးကြီးမားသဖြင့် တက္ကသိုလ်စာကြည့်တိုက် များတွင် သွားရောက်ဖတ်ရှုကာ မှတ်စုထုတ်ခဲ့ရသည်။ တက္ကသိုလ်စာကြည့်တိုက်များသည် ညသန်းခေါင်အချိန်အထိ ဖွင့်ကြောင်းသိရှိရသည်။ ကားခသက်သာရန် ကျောင်းသို့ အသွား/အပြန် လမ်းလျှောက်ခဲ့သည်။ တစ်ခါတစ်ရံတွင် မဂ္ဂဇင်းတိုက်များသို့ ဆောင်းပါးများပို့ခဲ့သည်။ မန္တလေးအိမ်မှ ဂျသူးအကြောင်းဆောင်းပါးတစ်ပုဒ်ရေးခဲ့ရာ ဆယ်ပေါင်ရဘူးကြောင်းသိရှိရသည်။ ၁၉၅၃ ခုနှစ်အထိ အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဥပဒေအပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊ ပြန်ကြားရေးပညာများကို လေ့လာဆည်းပူးသည်။ ဟော်လန်နိုင်ငံရှိ Academy of International Law မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာရရှိသည်။ Utrecht တက္ကသိုလ်မှ ကျော်ကြားသောဥပဒေပညာရှင် ပါမောက္ခ ဗာဇီး Prof. J. H. W. Verzijl ထံတွင် ဒေါက်တာဘွဲ့ အတွက်ကျမ်းပြုခွင့်ရသည်။ ၁၉၅၂ ခုနှစ်တွင် လန်ဒန်မြို့လင်းကွန်းအင်း မှ Barrister-At-Law ဝတ်လုံအဖြစ်ခံယူသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လတွင် ဟော်လန်နိုင်ငံ Utrecht တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်ဖြင့် ဥပဒေပါရဂူ L. L. D (Doctor of Law)ဘွဲ့ရရှိသည်။ ၁၉၆ဝ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ အမေရိကန်နိုင်ငံ Yale ယေးလ်တက္ကသိုလ်၌ ကထိကအဖြစ် စာပေပို့ချရင်းကျမ်းပြုကာ ၁၉၆၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာဥပဒေ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ကို ရရှိသည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီ-ဒီ-အေ) ထောက်ပံ့ရေးတပ်ရင်းသို့ ဝင်ရောက်အမှုထမ်းသည်။ တပ်ကြပ်အဆင့်ရရှိပြီးနောက် ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင်ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် စတုတ္ထပတ်ဗိုလ်သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၄၅ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဗိုလ်သင်တန်းဆင်းခဲ့သည်။ [၃]

စစ်ဝန်ကြီးရုံး စစ်ပညာဌာနကြီးတွင် ဗိုလ်လေးအဆင့်ဖြင့် တာဝန် ထမ်းဆောင်သည်။ တော်လှန်ရေးတွင် ဟင်္သာတခရိုင်၊ မျိုးချစ်ဗမာ့တပ်မတော် တိုင်း(၁)ဌာနချုပ်၊ ပဲနွယ်ကုန်းတို့၌ တပ်များသိမ်းသည်အထိ တာဝန်ထမ်းဆောင်သည်။


၁၉၄၆ ခုနှစ်၊ စက်တင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနနည်းပြအဖြစ် လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ပြန်ကြားရေးဌာန၊ နယူးတိုင်းအော့ဖ်ဘားမား သတင်းစာအယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်း ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားပေးခဲ့သည်။ ၁၉၄၈ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံမီးရထားဌာန လက်ထောက် အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်များ ထမ်းဆောင်သည်။ ၁၉၅၃-၁၉၅၅ ခုနှစ်တွင်အစိုးရရှေ့နေအဖြစ်တာဝန်ထမ်းဆောင်ရင်း ဥပဒေပညာကို ဆည်းပူး လေ့လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဥပဒေသတင်းထောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၈-ခုနှစ်တွင် လက်ထောက်ရှေ့နေချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၅၉ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ကုလသမဂ္ဂသို့စေလွှတ်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ဂျပန်နိုင်ငံသို့ဝင်ခဲ့ပြီး ဟာမာမတ်စုမြို့ရှိ ဗိုလ်မိုးကြိုးနှင့်သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ ၁၉၆ဝ-ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် လက်ထောက်ရှေ့နေချုပ်အဖြစ်မှနုတ်ထွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဥပဒေကထိက တာဝန်များ ထမ်းဆောင်ခဲ့သည်။


နိုင်ငံရေးဘဝ[ပြင်ဆင်ရန်]

ဒေါက်တာမောင်မောင်သည် တော်လှန်ရေးကောင်စီလက်ထက်တွင် တရားရုံးချုပ် တရားသူကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းပါတီ အမြုတေပါတီ ကာလ တွင် ပညာရေးရာကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီညီလာခံတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းသောအဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်(မူကြမ်း)ရေးဆွဲရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်ဖြစ်လာပြီး ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေး အစိုးရ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်သည်။


ဒေါက်တာမောင်မောင်သည် ဒုတိယအကြိမ်ပါတီညီလာခံ၊ တတိယအကြိမ်ပါတီ ညီလာခံနှင့် စတုတ္ထအကြိမ်ပါတီညီလာခံတို့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် သုံးကြိမ်ဆက်တိုက် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ် ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လည်းကောင်း၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့် ၁၉၈၅ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် မန္တလေးအရှေ့မြောက် မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးခံရပြီး သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် အစည်းအဝေးများက နိုင်ငံတော်ကောင်စီဝင်အဖြစ်ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၇၈ ခုနှစ်တွင် ဥပဒေကော်မရှင်ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သည်။ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီ ၁၁ ကြိမ်မြောက်အစည်းအဝေးကို ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၈ : ၃ဝ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဒေါက်တာမောင်မောင်အား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။ ၁၉၈၈ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ ၊ နံနက် ၁ဝ : ၁၅ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးကျင်းပခဲ့ရာ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် မန္တလေးတိုင်း၊ မန္တလေးအရှေ့မြောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်အား ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။

ဂုဏ်ပြုချီးကျူးခံရခြင်းများ[ပြင်ဆင်ရန်]

ဒေါက်တောမောင်မောင်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ခြင်း ကြောင့် နိုင်ငံတော်ကချီးမြှင့်သည့်လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)ကို ၁၉၇၅ ခုနှစ်တွင် လည်းကောင်း၊ နိုင်ငံတော်ကပေးအပ်သည့်တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်က ချီးမြှင့်သည့်နိုင်ငံ ဂုဏ်ရည်ဘွဲ့(ပထမဆင့်)ကို ၁၉၈၄ ခုနှစ်တွင်လည်းကောင်းရရှိသည်။

ပြည်ပခရီးများ[ပြင်ဆင်ရန်]

ဒေါက်တာမောင်မောင်သည် နိုင်ငံတာဝန်များထမ်းဆောင်နေစဉ်အတွင်း အင်္ဂလန်၊ ဟော်လန်၊ ပြင်သစ်၊ အမေရိကန်၊ အစ္စရေး၊ အီဂျစ်၊ လက်ဘနွန်၊ ဆွစ်ဇာလန်၊ အိန္ဒိယ၊ နီပေါ၊ ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ တရုတ်၊ လော၊ ကိုရီးယား၊ ကနေဒါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဩစတြေးလျ စသည့်နိုင်ငံများသို့ တာဝန်ဖြင့် သွားရောက်ခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

ဒေါက်တာမောင်မောင်သည် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဟင်္သာတမြို့နေ ပါလီမန် အမတ်ဦးသန်းတင်၊ဒေါ်ကျင်မြတို့၏ သမီးဒေါ်ခင်မြင့်နှင့်လက်ထပ်ခဲ့သည်။ သားသမီး ခုနစ်ဦးထွန်းကားခဲ့ရာ သားသမီးများသည်စစ်မှုထမ်း အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်း၊ ဌာနဆိုင်ရာ အရာထမ်း စသည်ဖြင့် နိုင်ငံတော်တာဝန်များကိုထမ်းဆောင်လျက်ရှိသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ပြီး နိုင်ငံ့တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်သမ္မတ(အငြိမ်းစား) ဒေါက်တာ မောင်မောင်သည် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၌ အမှတ် (၁၆)၊ မေခလမ်း၊ မရမ်းကုန်း၊ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မြင့်နှင့် သားသုံးဦး၊ သမီးလေးဦး မြေး ၁၀ ဦး ကျန်ရစ်သည်။ ဗိုလ်မှူးချုပ်ကျော်သူ(ငြိမ်း) (နိုင်ငံခြားရေးဝန်ကြီး)+ ဒေါ်လဲ့လဲ့ကြည်၊ ဦးအောင်နိုင်+ဒေါ်သဇင်ဌေး၊ ဦးသောင်းဦး+ဒေါ်ယဉ်ယဉ်ဦး၊ ဦးလှိုင်ထွဋ်+ဒေါ်ယဉ်ယဉ်အေး၊ ဦးဝင်းမောင်+ ဒေါ်စင်သီတာ၊ ဦးအောင်ရွှေဦး၊+ ဒေါ်ခင်သီတာတို့ ကျန်ရစ်ခဲ့သည်။

ရေးသားခဲ့သောစာအုပ်များ[ပြင်ဆင်ရန်]

ဒေါက်တာမောင်မောင်သည် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် စာပေရေးသား ပြုစုခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သော စာအုပ်အချို့မှာ

  1. သွေးနီ(၁၉၄၆)၊
  2. သက်ရှိရာဇဝင် (၁၉၅၆)၊
  3. တို့ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ(၁၉၅၉)၊
  4. နိုင်ငံတော်လုပ်ကြံမှု ပြည်ထောင်စုနှင့် ဦးစော (၁၉၆၅)၊
  5. မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း(၁၉၆၉)၊
  6. သားမောင်စစ်သည်သို့(၁၉၇၂)၊
  7. တရားဥပဒေအထွေထွေ ဗဟုသုတ(၁၉၇၄)
  8. ပြည်သူ့ဝန်ထမ်း သားသမီးများသို့(၁၉၈၇) စာအုပ်တို့ဖြစ်သည်။

ထိုစာအုပ်များအနက် မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း(၁၉၆၉)စာအုပ်သည် ၁၉၆၉ ခုနှစ်၊ အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ရရှိသည်။
အင်္ဂလိပ်ဘာသာဖြင့်ရေးသား ထုတ်ဝေ ခဲ့သောစာအုပ်အချို့မှာ

  1. The Forgotten Amrmy (1946).
  2. Burma's Teething Time(1949).
  3. London Diary (1952).
  4. Grim War Against KMT (1953).
  5. Burma in the Family of Nations (1956).
  6. Burma's Constitution(1959).
  7. A Trail in Burma (1960).
  8. Aung San of Burma (1961).
  9. Law and Custom in Burma and the Burmese Family (1961).
  10. Burma and General Ne Win(1969).
  11. To A Soldier Son (1972)
  12. Note on A Book of English Verse for Matriculation Students. စာအုပ်တို့ဖြစ်သည်

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာမောင်မောင် ရေး သက်ရှိရာဇဝင် စာအုပ်
  2. ဒေါက်တာမောင်မောင်၊ သားမောင်စစ်သည်သို့။ (ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၇၃) စာ ၃၇။
  3. ဗိုလ်မင်းညို။ ဂျပန်ခေတ်စစ်တက္ကသိုလ် (ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၉) စာ ၃၄ဝ။
  • မင်းမင်းစိုး၊ ဝိဇ္ဇာဘွဲ့ (ဉပဒေ) (၂၀၀၆). ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ နှင့် ဝန်ကြီးချုပ်များ အတ္ထုပ္ပတ္တိ (၁၉၄၈ ခုနုစ် မှ ၁၉၈၈ခုနှစ် အထိ). ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန။