မြန်မာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၂၀၁၁[၁] |
ထိပ် | ရွှေကြယ် |
အရံများ | ခြင်္သေ့ |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် နိုင်ငံတော်အစိုးရ၏လုပ်ငန်းဆိုင်ရာများတွင်အသုံးပြုသောတံဆိပ်ဖြစ်သည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျအသုံးပြုရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြရန်အလို့ငှာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ၊နည်းဥပဒေများကို ပြဋ္ဌာန်းထားသည်။
ဖော်ပြချက်
[ပြင်ဆင်ရန်]- နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံပါရှိသည်။ အရွက် ၁၄ရွက်ရှိသော သပြေခက်များက မြေပုံကို တစ်ဖက်တစ်ချက် ဝန်းရံထားသည်။
- သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာ့ခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲဘက်မှခြင်္သေ့သည် လက်ဝဲဘက်၊လက်ယာဘက်မှခြင်္သေ့သည် လက်ယာဘက်သို့ မျက်နှာမူနေသည်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသောစာတမ်းကို အောက်ခြေရှိဖဲပြားပေါ်တွင် ဖော်ပြသည်။ ပြည်ထောင်စုဟူသောစာတမ်းကို လက်ဝဲဘက်ခြင်္သေ့အောက်တွင်၊သမ္မတဟူသောစာတမ်းကို မြေပုံအောက်တွင်၊မြန်မာနိုင်ငံတော်ဟူသောစာတမ်းကို လက်ယာဘက်ခြင်္သေ့အောက်တွင် ဖော်ပြထားသည်။
- အထိမ်းအမှတ်တံဆိပ်၏ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
- ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌန် ပန်းခက်ပြားများရှိသည်။[၂]
အသုံးပြုခြင်း
[ပြင်ဆင်ရန်]နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို
- နိုင်ငံတော်သမ္မတရုံးအဆောက်အအုံ၌ တပ်ဆင်အသုံးပြုနိုင်သည်။
- နိုင်ငံတော်သမ္မတ စီးနင်းလိုက်ပါလာသော ယာဉ်များတွင် အသုံးပြုနိုင်သည်။
- လွှတ်တော်အဆောက်အအုံများ(ဗဟို)၊ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းများ၏ရုံးများ၊တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရုံးများ၊မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေအလိုက် ပိုင်းခြားထားသော အစိုးရအဖွဲ့အစည်းများ၏ရုံးများတွင် အသုံးပြုနိုင်သည်။
- ဝန်ကြီးဌာနအသီးသီးနှင့် ယင်း၏လက်အောက်ရှိ ဝန်ထမ်းရုံးအဆင့်ဆင့်၊တရားရုံးအဆင့်ဆင့်၊ပြည်ထောင်စုအစိုးရအဖွဲ့မှ တပ်ဆင်ရန်ခွင့်ပြုထားသော အဖွဲ့အစည်း၊ဌာနများ၏ ရုံးများတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံခြားသံတမန်ရေးရာ ရုံးအသီးသီးတွင်လည်းကောင်း အသုံးပြုနိုင်သည်။
- နိုင်ငံတော်ဧည့်ခံအခမ်းအနားများနှင့် နိုင်ငံတော်ကို ကိုယ်စားပြုသောပုဂ္ဂိုလ်များက ပြုလုပ်သောအခမ်းအနားများတွင် အသုံးပြုသော ပစ္စည်းများတွင် ရိုက်နှိပ်၍ အသုံးပြုနိုင်သည်။
- နိုင်ငံတော်ငွေစက္ကူနှင့် တံဆိပ်ခေါင်းများတွင် အသုံးပြုနိုင်သည်။
- နိုင်ငံတော်သမ္မတကခွင့်ပြုသော အဖွဲ့အစည်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုလက်အောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဝန်ထမ်းအဆင့်အတန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ယင်းဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း အသုံးပြုနိုင်သည်။
- နိုင်ငံတစ်ဝန်းရှိ လွှတ်တော်များ၊ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊အုပ်ချုပ်ရေးနယ်မြေအလိုက် ပိုင်းခြားထားသော အစိုးရအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအစိုးရမှခွင့်ပြုထားသော ဌာန၊အဖွဲ့အစည်းများ၏ ရုံးသုံးစာရွက်စာတမ်းများပေါ်တွင် ရိုက်နှိပ်အသုံးပြုနိုင်သည်။
- နိုင်ငံတော်အစည်းအဝေးများနှင့် အခမ်းအနားများတွင် အသုံးပြုနိုင်သည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်
[ပြင်ဆင်ရန်]တောင်ငူမင်းဆက်နှင့် ကုန်းဘောင်မင်းဆက်တို့သည် နိုင်ငံ၏ တရားဝင်အမှတ်တံဆိပ်ကို တရားဝင်သတ်မှတ်သုံးစွဲခဲ့ခြင်းမရှိပေ။ တောင်ငူမင်းဆက်နှင့် ကုန်းဘောင်မင်းဆက်တို့၏ အလံသည် အဖြူရောင်နောက်ခံ ကဒေါင်းအလံဖြစ်သော်လည်း ၎င်းအလံနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ ကျန်ရှိခဲ့ခြင်း မရှိသောကြောင့် ယနေ့ခေတ်တွင် ပြန်လည်ဖန်တီးထားသော မူလမဟုတ်သော ကဒေါင်းအလံကိုသာ တွေ့မြင်နိုင်မည်ဖြစ်သည်။
ဗြိတိသျှကိုလိုနီခေတ်
[ပြင်ဆင်ရန်]ဧကရီဘုရင်မမင်းမြတ်တံဆိပ်တော် / ဧကရာဇ်ဘုရင်မင်းမြတ်တံဆိပ်တော် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ |
|
စတင်အသုံးပြုခြင်း | ၁၈၈၆ |
အသုံးမပြုတော့ခြင်း | ၁၉၄၈ |
ထိပ် | သရဖူ |
အရံများ | သရဖူဆောင်းထားသော ခြင်္သေ့ နှင့် ယူနီကွန်း |
ဆောင်ပုဒ် | Dieu et mon droit |
မြန်မာနိုင်ငံတံဆိပ် (Badge of Burma) | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ဗြိတိသျှမြန်မာနိုင်ငံ |
စတင်အသုံးပြုခြင်း | ၁၉၃၉ |
အသုံးမပြုတော့ခြင်း | ၁၉၄၈ |
ဗြိတိသျှလက်အောက်သို့ကျရောက်ပြီးသောအခါ တရားဝင်စာရွက်စာတန်းများနှင့် ကြေညာချက်များတွင် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတော်တံဆိပ်ကို အသုံးပြုရလေသည်။
ဗြိတိသျှမြန်မာကိုလိုနီ ကိုယ်စားပြုအမှတ်အသားအနေဖြင့် ကဒေါင်းကို ဆက်လက်အသုံးပြုခဲ့သည်။ ၎င်းကို ဗြိတိသျှမြန်မာနိုင်ငံ၏ အမျိုးသားအလံ၊ ဘုရင်ခံအလံ၊ ဘွဲ့တံဆိပ်ဆွဲပြားများနှင့် တံဆိပ်များတွင် အသုံးပြုခဲ့သည်။
ဂျပန်ခေတ်၊ ဗမာနိုင်ငံတော်
[ပြင်ဆင်ရန်]ဗမာနိုင်ငံတော် တံဆိပ်တော် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ဗမာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၁၉၄၃ |
အသုံးမပြုတော့ခြင်း | ၁၉၄၅ |
ဂျပန်ခေတ် ဗမာနိုင်ငံတော်၏ နိုင်ငံတော်တံဆိပ်မှာ ရွှေရောင် ဒေါင်းအလှပုံဖြစ်သည်။
လွတ်လပ်ပြီးခေတ်
[ပြင်ဆင်ရန်]ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် နိုင်ငံတော်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ပြည်ထောင်စု (သမတ)မြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၁၉၄၈ |
အသုံးမပြုတော့ခြင်း | ၁၉၇၄ |
ထိပ် | အပြာရောင်ခြင်္သေ့ |
အရံများ | အပြာရောင်ခြင်္သေ့၂စီး |
ဆောင်ပုဒ် | သမဂ္ဂါနံ တပေါ သုခေါ |
၁၉၄၇ခုနှစ် စက်တင်ဘာလ တိုင်းပြုပြည်ပြုလွှတ်တော်မှ အတည်ပြုသတ်မှတ်ခဲ့သည့် နိုင်ငံတော်တံဆိပ်ဟောင်းတွင် ပြည်ထောင်စု သမတမြန်မာ နိုင်ငံတော်။ ဟုပါရှိပြီး အပြာရောင်ခြင်္သေ့၃ကောင်ပါဝင်သည်။ မြန်မာပြည်မြေပုံကိုဝန်းရံထားသော စက်ဝိုင်းပေါ်တွင် ဓမ္မပဒ အပိုဒ်ရေ ၁၉၄ မှ သမဂ္ဂါနံ တပေါ သုခေါ ဟူသောစာသားပါရှိသည် ။အရောင်အပြည့်အစုံမှာ ရွှေရောင်၊ အနီရောင်၊ အပြာရောင်နှင့် အဖြူရောင် တို့ ပါဝင်သော်လည်း သာမန်အားဖြင့်တံဆိပ်တစ်ခုလုံး၏အရောင်ကို ရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုလေ့ရှိခဲ့သည်။
နိုင်ငံတော်တံဆိပ်တွင် ခြင်္သေ့၃စီးထည့်သွင်း သတ်မှတ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]
၁။ ရှေးပညာရှိတို့၏ အစဉ်အလာအယူအဆအရ ခြင်္သေ့သည် ရဲရင့်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ဘေးရန်အန္တရာယ်ဟူသမျှကို ကြီးသည်ငယ်သည်မဆို တူညီသောအားထုတ်မှုဖြင့် ငြိမ်းသတ်တတ်ခြင်း၊ အညစ်အကြေးမရှိ သန့်ရှင်းစင်ကြယ်၊ ဖြူစင်ခြင်း စသည့် အရည်အချင်များ၏ သဘောကိုဆောင်သည်ဟုယူဆကြသည်။ ဤအရည်အချင်းတို့ကို မြန်မာပြည်သူပြည်သားတို့အတုယူကာ မြန်မာနိုင်ငံ၏ဂုဏ်တင်စေရန် ရည်ရွယ်သည်။
၂။ ခြင်္သေ့၃စီး ရံထားခြင်းမှာ မြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်ထားသောသဘောဖြစ်သည်။ ၃စီးအရေအတွက်ထားရှိခြင်းမှာ လောကီဗေဒင်အရ တြင်းကြေသောကြောင့်ဖြစ်သည်။
၃။ ခြင်္သေ့နှင့်မြန်မာပြည်သည် လောကီဗေဒင်အရ စိန်ပန်းဓာတ်ရ၍ မိတ်ဘက်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
၄။ ခြင်္သေ့နှင့်အတူ ကနုတ်ပန်းတို့ကို တန်ဆာဆင်ထည့်သွင်းခြင်းမှာ ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် သင့်လျော်သော ရှေးအစဉ်အလာမြန်မာ့ယဉ်ကျေးမှုတရပ်ကို အရေးတယူအလေးမူရာရောက်မည်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
ဆိုရှယ်လစ်သမ္မတနိုင်ငံတော်
[ပြင်ဆင်ရန်]ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
Versions | |
ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်[၄] | |
တရားဝင်မူကွဲ[၅] | |
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၁၉၇၄ |
အသုံးမပြုတော့ခြင်း | ၁၉၈၈ |
ထိပ် | ကြယ်ဖြူ |
အရံများ | အပြာရောင်ခြင်္သေ့၂စီး |
၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တွင် ဆိုရှယ်လစ် လက္ခဏာများကို ထည့်သွင်းခဲ့သည်။ နောက်ခံအပြာနုရောင်ရှိသော အနီရောင်မြေပုံကို စက်သွား၊စပါးနှံ၂ခက်ဖြင့်ဝန်းရံထားသည်။ ဘေးတွင်အပြာနုရောင်ခြင်္သေ့၂ကောင်နှင့်ထိပ်တွင်ကြယ်ဖြူတစ်လုံးရှိသည်။ ကျန်နေရာများကိုပန်းကနုတ်များထည့်သွင်းထားသည်။ နဖူးစည်းတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဟုပါရှိသည်။ အရောင်အပြည့်အစုံမှာ ရွှေရောင်၊ အနီရောင်၊ အပြာနုရောင် နှင့် အဖြူရောင် တို့ ပါဝင်သော်လည်း သာမန်အားဖြင့်တံဆိပ်တစ်ခုလုံး၏အရောင်ကို ရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုလေ့ရှိခဲ့သည်။
နဝတနှင့်နအဖ ခေတ်
[ပြင်ဆင်ရန်]ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ပြည်ထောင်စုမြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၁၉၈၈ |
အသုံးမပြုတော့ခြင်း | ၂၀၁၁ |
ထိပ် | ရွှေကြယ် |
အရံများ | ရွှေခြင်္သေ့၂စီး |
၁၉၈၈ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)သည် အမည်စကားရပ်များအစားထိုးခြင်းဆိုင်ရာဥပဒေထုတ်ပြန်ကာ "ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်" ဟူသောစာသားကို "ပြည်ထောင်စုမြန်မာနိုင်ငံတော်" ဟူသောစာသားဖြင့်အစားထိုးစေခဲ့သည်။ ထိုအခါ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်မှ ဆိုရှယ်လစ်သမ္မတ ဟူသောစာသားကိုဖြုတ်ခဲ့ပြီး မြန်မာ ဟူသော စာသားသည် အလယ်နဖူးစည်းသို့ရောက်လာသည်။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အရောင်အပြည့်အစုံကို ဆက်လက်သုံးစွဲခြင်းမပြုတော့ဘဲ တံဆိပ်တစ်ခုလုံးရွှေရောင်သော်လည်းကောင်း၊ အဖြူအမည်းသော်လည်းကောင်း အသုံးပြုခဲ့သည်။
မျက်မှောက်ခေတ်
[ပြင်ဆင်ရန်]ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် | |
---|---|
အသေးစိတ် အချက်အလက်များ | |
အသုံးပြုသူ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
စတင်အသုံးပြုခြင်း | ၂၀၁၁[၁] |
ထိပ် | ရွှေကြယ် |
အရံများ | ရွှေခြင်္သေ့၂စီး |
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် လက်ရှိအမှတ်တံဆိပ်တွင် သံလွင်ခက်၂ခက်ဖြင့် မြေပုံကိုဝန်းရံပြီး ဘေးနှစ်ဖက်တွင်အပြာနုရောင်ခြင်္သေ့၂ကောင်နှင့်ထိပ်တွင်ကြယ်တစ်လုံးရှိကာ ကျန်နေရာများကိုပန်းကနုတ်များထည့်သွင်းထားသည်။ ၎င်းအစိတ်အပိုင်းအားလုံး၏အရောင်အဖြစ် ရွှေရောင်ကိုသာအသုံးပြုပြီး တံဆိပ်အပြည့်အစုံတွင် ၎င်းတို့ကို အနီရောင်နောက်ခံဖြင့်ဖော်ပြသည်။ နောက်ခံကိုလည်းရွှေရောင်ဖြင့်ဖော်ပြသည်လည်းရှိသလို နောက်ခံမပါဘဲအသုံးပြုသည်လည်းရှိသည်။နဖူးစည်းစာသားမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟူ၍ဖြစ်သည်။ ဤလက်ရှိနိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အာဏာတည်သည့် ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အဖြစ် တရားဝင် စတင်အသုံးပြုခဲ့သည်။[၁][၆]
ပြခန်း
[ပြင်ဆင်ရန်]-
တရားဝင်စာရွက်စာတမ်း ၊ အစိုးရရုံးစာနှင့် ကြေညာချက်များတွင် အသုံးပြုသော
"အရှင်ဧကရီဘုရင်မမင်းမြတ်တံဆိပ်တော်/
အရှင်ဧကရာဇ်ဘုရင်မင်းမြတ်တံဆိပ်တော်"။
ဗြိတိသျှအိန္ဒိယအင်ပိုင်ယာ၏ မြန်မာပြည်နယ် နှင့် ဗြိတိသျှမြန်မာနိုင်ငံ တို့တွင် ဗြိတိသျှကိုလိုနီခေတ်အတွင်း၌အသုံးပြုခဲ့သည်။ -
ဗြိတိသျှမြန်မာနိုင်ငံ ကိုယ်စားပြုတံဆိပ် (၁၉၃၉-၁၉၄၈)
-
ဗမာနိုင်ငံတော်၏ နိုင်ငံတော်တံဆိပ် (၁၉၄၃–၁၉၄၅)
-
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်တံဆိပ်(၁၉၄၈-၁၉၇၄)
-
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် (၁၉၇၄–၁၉၈၈)
-
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် (၁၉၈၈–၂၀၁၁)
ဆက်စပ်ကြည့်ရန်
[ပြင်ဆင်ရန်]နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နည်းဥပဒေများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ပေးအပ်ခဲ့သည့် ပြည်သူ့ဝန်ထမ်းတံဆိပ် ဂုဏ်ပြုလွှာတွင် စက်သွားနှင့်စပါးနှံပါဝင်သည့် ယခင်တံဆိပ်ဟောင်းကိုသာအသုံးပြုနေသေးသည်။[၁]
- ↑ ၂.၀ ၂.၁ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေနှင့် နည်းဥပဒေများ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "ပြည်ထောင်စု သမတမြန်မာငံနိုင် အလံတော်"၊ ဖဆပလ သတင်းစဉ်၊ ၉ ဩဂုတ် ၁၉၄၇၊ စာ- ၁၀။
- ↑ ပုဒ်မ ၁၉၁၊ အခန်း ၁၄၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ခုနှစ်။
- ↑ မြန်မာနိုင်ငံအကြောင်းသိကောင်းစရာ။ လမ်းစဉ်ပါတီဌာနချုပ်။ ၁၉၈၃။
- ↑ 2008 Constitution။ 28 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ “အာဏာတည်သည့်ရက်: 31/01/2011”