လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
Ministry of Social Welfare, Relief and Resettlement
 မြန်မာအစိုးရအဖွဲ့အစည်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
Seal of Ministry of Social Welfare, Relief and Resettlement Myanmar.png
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၂၃)၊ နေပြည်တော်
ဝန်ကြီးများဒေါက်တာသက်သက်ခိုင်
ဝက်ဘ်ဆိုက်moswrr.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လူမှုဝန်ထမ်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထားရှိသည်။ လက်ရှိဝန်ကြီးမှာ အာဏာသိမ်း စစ်အစိုးရမှ ခန့်အပ်ထားသော ဒေါက်တာသက်သက်ခိုင်ဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကမူ ​ဒေါက်တာဝင်းမြတ်အေး အား မူလတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး မရမီအချိန်က လူမှုရေးနှင့်ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်ကာ သဘာဝဘေးကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူမှုရေးရာလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဖြစ်သို့ လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် လူနည်းစုရေးရာ ဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဖြစ် သို့လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ သဘာဝ ဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းရုံးညီညွတ်ရေး ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ခဲ့သည်။ ၁၉၇၂ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး ပေါ်ပေါက် လာသည့်အခါ အဆိုပါဝန်ကြီးဌာနအား ဖျက်သိမ်းပြီး လူမှုဝန်ထမ်းဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်ကဝန်ကြီးဌာနလက်အောက်တွင် လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဟူ၍ ဌာန(၂) ခုသာရှိသည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၁၉.၂.၉၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၁၄/၉၂)ဖြင့် လူမှုဝန်ထမ်းဝန်ကြီးဌာနအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်၍ မီးသတ်ဦးစီးဌာနအပါအဝင် ဌာန(၃)ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် မီးသတ်ဦးစီးဌာနအား လုပ်ငန်းသဘောသဘာဝနှင့် လက်ရှိခြေအနေများအရ ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အရာထမ်း အမှုထမ်း စုစုပေါင်း
ပြည်ထောင်စုဝန်ကြီးရုံး ၁၆ ၁၉ ၃၅
လူမှုဝန်ထမ်းဦးစီးဌာန ၁၅၁ ၂၃၆၄ ၂၅၁၅
​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၉၈ ၄၉၃ ၅၉၁
ပြန်လည်ထူထောင်ရေး ဦးစီးဌာန ၅၄ ၂၆၄ ၃၁၈

မူဝါဒများ[ပြင်ဆင်ရန်]

  • ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
  • လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြန်လည်ပြင်ဆင်အတည်ပြု ခြင်းများ ဆောင်ရွက်ခြင်း၊
  • ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ (NGOs)၊ ပြည်ပလူမှုရေး အဖွဲ့အစည်းများ (INGOs)၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ (UN Agencies)၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  • ဌာနအခြေပြု (Center Based) လူမှုရေးစောင့်ရှောက်မှု ခံယူနေသူများအပြင် ကျန်ရှိနေသည့် လူမှုရေး စောင့်ရှောက်မှုပြုရန် လိုအပ်သောသူများကိုလည်း ရပ်ရွာအခြေပြု (Community Based) လုပ်ငန်းစဉ်များ ချမှတ်၍ စောင့်ရှောက်ခြင်း၊
  • အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
  • ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
  • လုပ်ငန်းများကို ဖော်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ သဘာဝဘေး စီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် အကောင် အထည်ဖော်ရေးလုပ်ငန်းအစီအစဉ် (၂၀၁၀-၂၀၁၅) (AADMER Work Programme 2010-2015) နှင့် မြန်မာနိုင်ငံ သဘာဝဘေး လျော့ပါးရေး လုပ်ငန်း စီမံချက် (MAPDRR) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊၊

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ

  • လူမှုရေးချို့တဲ့နေသော ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ လူ့ဘောင် အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ နေထိုင်နိုင်အောင်များ ဆောင်ရွက်ပေးခြင်း၊
  • မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ HIV ရောဂါပိုးတွေ့ရှိသူများအား အသက် မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဖြင့် ပြန်လည် ထူထောင်ပေးခြင်း။
  • တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတွင် လူမှုရေးချို့တဲ့သူများ ပါဝင် စွမ်းဆောင်နိုင်စေရန် ဆောင်ရွက်ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊အိုးအိမ်ပစ္စည်းများဆုံးရှုံးမှုလျော့ နည်းအောင် ကြိုတင် စီမံဆောင်ရွက်ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဘေးသင့်ပြည်သူများအား လတ်တလော သက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးခြင်း။
  • သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဘေးသင့်ပြည်သူများအား ကောင်းမွန်သည့် လူနေမှုဘဝပြန်လည် ရရှိစေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း။

တာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးများ[ပြင်ဆင်ရန်]

ဝန်ကြီးဌာန စတင်ပေါ်ပေါက်ခဲ့သည်မှစ၍ ယနေ့ထိ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ကြီးများနှင့် တာဝန်ထမ်းဆောင်သည့်ကာလမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]

စဉ် အမည် ထမ်းဆောင်သည့် ကာလ
ဦးဘစော ရ.၉.၁၉၅၃ မှ ၂၇.၂.၁၉၅၉
သတိုးမဟာ သရေစည်သူ မဟာသီရိသုဓမ္မ ဦးလွန်းဘော် ၂၇.၂.၁၉၅၉ မှ ၄.၄.၁၉၆၀
ဦးဘစော ၄.၄.၁၉၆၀ မှ ၂.၃.၁၉၆၂
ဗိုလ်မှူးကြီးစောမြင့် ၅.၃.၁၉၆၂ မှ ၃.၁၂.၁၉၆၃
ဗိုလ်မှူးကြီးမောင်လွင် ၃.၁၂.၁၉၆၃ မှ ၂၄.၃.၁၉၇၀
ဗိုလ်မှူးချုပ်တင်ဖေ ၂၄.၃.၁၉၇၀ မှ ၁၄.၁၁.၁၉၇၀
ဗိုလ်မှူးချုပ်သောင်းဒန် ၁၄.၁၁.၁၉၇၀ မှ ၄.၃.၁၉၇၄
ဦးဗန်ကူးလ် ၄.၃.၁၉၇၄ မှ ၃.၃.၁၉၇၈
ဦးမန်းစံမြတ်ရွှေ ၃.၃.၁၉၇၈ မှ ၂၀.၃.၁၉၇၉
၁၀ ဦးမြမောင် ၂၀.၃.၁၉၇၉ မှ ၂၁.၈.၁၉၈၀
၁၁ ဗိုလ်မှူးချုပ်ခင်အုန်း ၂၈.၁.၁၉၈၀ မှ ၁၆.၁၀.၁၉၈၀
၁၂ ဗိုလ်ချုပ်ချစ်လှိုင် ၁၆.၁၀.၁၉၈၀ မှ ၉.၁၁.၁၉၈၁
၁၃ ဦးအုန်းကျော် ၉.၁၁.၁၉၈၁ မှ ၁၈.၉.၁၉၈၈
၁၄ ဒုတိယဗိုလ်ချုပ်ကြီးအောင်ရဲကျော် ၂၀.၉.၁၉၈၈ မှ ၉.၂.၁၉၈၉
၁၅ ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်း ၉.၂.၁၉၈၉ မှ ၁၉.၂.၁၉၉၂
၁၆ ဗိုလ်မှူးချုပ်သောင်းမြင့် ၁၉.၂.၁၉၉၂ မှ ၁၅.၆.၁၉၉၅
၁၇ ဗိုလ်ချုပ်စိုးမြင့် ၁၅.၆.၁၉၉၅ မှ ၁၅.၁.၁၉၉၇
၁၈ ဗိုလ်မှူးချုပ်ပြည့်စုံ ၁၅.၁.၁၉၉ရ မှ ၂၉.၁၀.၁၉၉၉
၁၉ ဗိုလ်ချုပ်စိန်ထွား ၂၉.၁၀.၁၉၉၉ မှ ၁၄.၅.၂၀၀၆
၂၀ ဗိုလ်ချုပ်မောင်မောင်ဆွေ ၁၅.၅.၂၀၀၆ မှ ၃၁.၃.၂၀၁၁
၂၁ ဦးအောင်ကြည် ၃၁.၃.၂၀၁၁ မှ ၂၇.၈.၂၀၁၂
၂၂ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ၇.၉.၂၀၁၂ မှ ၃၀.၃.၂၀၁၆
၂၃ ​ဒေါက်တာ ဝင်းမြတ်​အေး ၃၀.၃.၂၀၁၆ မှ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
၂၄ ​ဒေါက်တာသက်သက်ခိုင် ၄ ​ဖေ​ဖော်ဝါရီ ၂၀၂၁ မှ ယ​နေ့ထိ

ကိုးကား[ပြင်ဆင်ရန်]

  1. MSWRR | Home။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2014 တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်[ပြင်ဆင်ရန်]