နယ်စပ်ရေးရာ ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
နယ်စပ်ရေးရာ ဝန်ကြီးဌာန
မြန်မာနိုင်ငံမြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
Ministry of Border Affairs
ဝန်ကြီးဌာန၏တံဆိပ်
ဝန်ကြီးဌာန အကျဉ်းချုပ်
ယခင်အဖွဲ့အစည်းနယ်စပ်ဒေသတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
19°47′35″N 96°07′14″E / 19.792997°N 96.1206306°E / 19.792997; 96.1206306
ဝန်ကြီးများဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
ဝက်ဘ်ဆိုက်moba.gov.mm

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို​ဆောင်ရွက်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုဖွဲ့စည်းထားရှိသည်။ လက်ရှိဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင်လှစ်ဆောင်ရွက်ရာမှ လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အညီ မျက်ခြည်မပြတ် ကွပ်ကဲကြပ်မတ် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄−၉−၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလိုအပ်ချက်အရ (၃၀−၁−၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန အဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် သမ္မတရုံး၏ (၃၀−၃−၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။[၁]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဌာန အရာထမ်း အမှုထမ်း စုစုပေါင်း
ပြည်ထောင်စု ဝန်ကြီးရုံး ၅၀ ၁၁၅ ၁၆၅
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၃၀၁ ၁၉၆၇ ၂၂၆၈
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌန ၇၆၇ ၃၄၄၃ ၄၂၁၀
စုစုပေါင်း ၁၁၁၈ ၅၅၂၅ ၆၆၄၃

[၂]

ရည်မှန်းချက်[ပြင်ဆင်ရန်]

  • နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန်၊
  • တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊
  • နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊
  • တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်၊
  • နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားစေရန်၊
  • တိုင်းရင်းသား လူငယ်များ ၏ ဘ၀နောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန်၊
  • တိုင်းရင်းသား လူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေး တာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်၊

ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ[ပြင်ဆင်ရန်]

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ

  1. နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေး ဒေသများ သတ်မှတ်ခြင်း၊
  2. နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို နှစ်ရှည် စီမံကိန်းများ ရေးဆွဲခြင်း၊
  3. နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ် ပေးထားသော နှစ်တိုနှစ်ရှည်စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
  4. နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  5. နယ်စပ်ဒေသများ၏ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ထောင်ပေးခြင်း
    1. လမ်း/တံတားလုပ်ငန်း
    2. ရေရရှိရေးလုပ်ငန်း (စိုက်ပျိုးရေ၊ သောက်သုံးရေ)
    3. လျှပ်စစ်ဓာတ်အားလုပ်ငန်း (ရေအားလျှပ်စစ် ဆိုလာစွမ်းအင်စနစ်)
    4. သာသနာရေးလုပ်ငန်း
    5. ငြိမ်းချမ်းရေးအတွက် တည်ဆောင်မှုလုပ်ငန်း
      1. လမ်း/တံတားလုပ်ငန်း
      2. ပညာရေးလုပ်ငန်း
      3. ကျန်းမာရေးလုပ်ငန်း
      4. အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း
  6. နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသား လူငယ်များကို အခြေခံပညာ အလယ်တန်းမှ အထက်တန်းအထိ အခမဲ့ ပညာသင်ကြားပေးခြင်း၊
  7. အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များတွင် အဆင့်မြင့်ပညာများ သင်ကြားပေးခြင်း၊
  8. နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွ နေထိုင် ပညာရှာမှီးရင်း တိုင်းရင်းသား အချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို နားလည်ရင်းနှီးချစ်ကြည်စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်း၊
  9. နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်း၊
  10. အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် တာဝန် ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေခြင်း၊
  11. နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီး အိမ်တွင်းမှုသက်မွေး ပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊
  12. နယ်စပ်ဒေသရှိ တိုင်းရင်းသားများကို စက်မှုလက်မှု ပညာရပ်များ သင်ကြားပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများဖြစ်ထွန်းလာစေပြီးအသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊
  13. ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတ ပွားများစေရေး ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ချမှတ်ခြင်း၊
  14. နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
  15. ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ထူထောင်ပေးခြင်း၊
  16. နယ်ခြား နယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်းစောင့်ရှောက် ခြင်း။

[၃]


နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့များ[ပြင်ဆင်ရန်]

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့်အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ် (၅/၂ဝ၁၁) ဖြင့် အဖွဲ့ဝင် (၂၆) ဦး ဖြင့်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆/၂ဝ၁၁) ဖြင့် အဖွဲ့ဝင် (၃၂) ဦးဖြင့် လုပ်ငန်းကော်မတီကို အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက် အရ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခု ကို လည်းကောင်း၊ နိုင်ငံတော် သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ(၁၃)ခု ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

  1. လမ်း/တံတားလုပ်ငန်းဆပ်ကော်မတီ
  2. သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆပ်ကော်မတီ
  3. ကျန်းမာရေး လုပ်ငန်းဆပ်ကော်မတီ
  4. ပညာရေး လုပ်ငန်းဆပ်ကော်မတီ
  5. စွမ်းအင်လုပ်ငန်းဆပ်ကော်မတီ
  6. ပြည်သူ့ဆက်ဆံရေး လုပ်ငန်းဆပ်ကော်မတီ
  7. ဆက်သွယ်ရေး လုပ်ငန်းဆပ်ကော်မတီ
  8. အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းဆပ်ကော်မတီ
  9. စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းဆပ်ကော်မတီ
  10. စာရင်းစစ်ဆေးရေး လုပ်ငန်းဆပ်ကော်မတီ
  11. သာသနာရေး လုပ်ငန်းဆပ်ကော်မတီ
  12. ပြည်ထဲရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ
  13. စီးပွားဖြစ် ကုန်ထုတ်လုပ်ငန်းများ ထူထောင်၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင် နှင့် အခွင့်အလမ်းများ၊ လူမှုစီးပွားရေးအခြေအနေများ တိုးတက်အောင် အကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီ

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဋ္ဌများမှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်း ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရာမှ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ အဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအား တာဝန်ပေးအပ်၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း ဒေသဆိုင်ရာလုပ်ငန်းကော်မတီ(၉)ခု ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

  1. ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  2. ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  3. ကယားပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  4. ကရင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  5. မွန်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  6. တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  7. ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  8. ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
  9. စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ

ကိုးကား[ပြင်ဆင်ရန်]

  1. ဝန်ကြီးဌာနနောက်ခံသမိုင်းကြောင်း။ 28 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2014 တွင် ပြန်စစ်ပြီး။
  2. ဝန်ကြီးဌာန၏ ဖွဲ့စည်းမှု။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2020 တွင် ပြန်စစ်ပြီး။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်
  3. ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်။ 28 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2014 တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်[ပြင်ဆင်ရန်]