မောင်ထော်လေး၊ စစ်ကဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စစ်ကဲ
မောင်ထော်လေး
Htaw Lay.jpg
စစ်ကဲ မောင်ထော်လေး
မွေးဖွား ၁၇၇၄ ခုနှစ်
မုတ္တမ၊ မြန်မာဘုရင့်နိုင်ငံတော်
ကွယ်လွန် ၁၈၆၇ ခုနှစ် (အသက် ၉၃ နှစ်)
ဒလ (တွံတေး) မြို့၊ ဗြိတိသျှပိုင်အောက်မြန်မာပြည်
အထိမ်းအမှတ်များ စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း)
လူမျိုး မွန်လူမျိုး
အလုပ်အကိုင် ဘုရင့်သစ္စာခံ တပ်မှူး
အလုပ်ရှင် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း နှင့် ဘကြီးတော်ဘုရား
ကျော်ကြားမှုအရင်းခံ ဒလမြို့စားကြီး
မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး
ဘွဲ့ မင်းကျော်သီဟသူ (ကျော်ထင်သီဟသူ)

စစ်ကဲ မောင်ထော်လေး ( ခရစ် ၁၇၇၄ - ၁၈၆၇ ) သည် ကုန်းဘောင်ခေတ် မြန်မာဘုရင် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော မွန်လူမျိုး ဒလမြို့စားကြီး ဖြစ်ခဲ့ပြီး နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

ရန်ကုန်မြို့တွင် ‘စစ်ကဲ’ အမည်နှင့် လမ်းနှစ်လမ်းတို့ ရှိကြသည်။ တစ်လမ်းမှာ ပန်းဘဲတန်းမြို့နယ် ဆူးလေဘုရားလမ်းနှင့် ရွှေဘုံသာလမ်းကြားရှိ စစ်ကဲမောင်ထော်လေး လမ်း (ယခု ဗိုလ်ဆွန်ပက်လမ်း) ဖြစ်၍ နောက်တစ်လမ်းမှာ လသာမြို့နယ်ရှိ စစ်ကဲမောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) ဖြစ်လေသည်။ ထိုလမ်းနှစ်လမ်းတို့ကို သမီးယောက်ဖ တော်စပ်ကြသည့် စစ်ကဲကြီး ဦးထော်လေးနှင့် စစ်ကဲကြီး ဦးခိုင်တို့ကို အစွဲပြုကာ အမည်ပေးခဲ့လေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စစ်ကဲ မောင်ထော်လေးအား ခရစ်သက္ကရာဇ် ၁၇၇၄ ခုနှစ် တွင် မုတ္တမတွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ မွန်မျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ မော်လမြိုင်မြို့နယ်တွင် ထော် နှစ်ယောက် ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။ မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ ဆင်ဖြူရှင်မင်း( မြန်မာသက္ကရာဇ် ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် (မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း ဗညားဒလသည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့တွင် ကွပ်မျက်လိုက်လေသည်။

ဒလမြို့စား[ပြင်ဆင်ရန်]

မင်းမှုထမ်းများ ဖြစ်လာသော မောင်ထော်လေး၏ မိဘများသည် မြန်မာဘုရင် လက်အောက်တွင် အမှုထမ်းရွက်ခဲ့ရာ မောင်ထော်လေးသည် အသက် ၂၈ ကျော် အရွယ်တွင် ဘိုးတော်ဘုရားလက်ထက် ခရစ်နှစ် ၁၈၀၄ ၌ ဒလမြို့စား ဖြစ်လာသည်။[၁] ဘကြီးတော်ဘုရား (စစ်ကိုင်းမင်း) လက်ထက်တွင် မင်းကျော်သီဟ (ကျော်ထင်သီဟသူ) ဟူသော ဘွဲ့ကို သနားမြတ်ခံရသည်။ ထို့ပြင် ရန်ကုန်မြို့ဝန် ဦးအို၏ ယုံကြည်လေးစားခြင်းကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။ ထိုစဉ် မောင်ထော်လေး၏ သူငယ်ချင်း သန်လျင် မြို့ဝန်ဖြစ်နေသူ သမိန်ဘရူးဘွဲ့ခံ မောင်စပ် ဆိုသူသည် သန်လျင်နယ်ခရိုင်တွင် မွန်ဗမာ သွေးခွဲမှုများ ပြုလုပ်ခြင်း၊ အင်္ဂလိပ်ကုန်သဘေငာ်များနှင့် တိတ်တဆိတ် ကူးလူး ဆက်ဆံခြင်း စသည်တို့ကို ပြုလုပ်လျက် ရှိခြင်းကြောင့် ဒလမြို့စား မောင်ထော်လေးနှင့် သန်လျင်မြို့ဝန် မောင်စပ်တို့သည် မသင့်မတင် ကြချေ။ မောင်စပ်၏ ရန်ကြောင့် မောင်ထော်လေးသည် မိမိနှမအား ( နောင်အခါ စစ်ကဲကြီးဖြစ်လာမည့် ) မောင်ခိုင်ဆိုသူနှင့် လက်ဆက်စေခဲ့သည်။

ဦးထော်လေးသည် မိမိအုပ်ချုပ်ရသည့် နယ်မြေကို နိုင်နင်းအေးချမ်းစွာ အုပ်ချုပ်နိုင်သည်။ ထို့ကြောင့် ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲမဖြစ်ခင်က အင်းဝနေပြည်တော် ရွှေဖဝါးတော်အောက် အဖူးမြော် တက်ရောက်ကာ ဆုလာဘ်များစွာ ချီးမြှင့်သည်ကို ခံယူခဲ့ရသည်။ ထို့ပြင် ဦးထော်လေးသည် စာပေ ပရိယတ္တိ၌လည်း မွေ့လျော်၏။ ဒလတွင် ရှေးမွန်စာပေများကို ရှာဖွေဖော်ထုတ်ပြီးနောက် ဝိနည်းပါဠိတော် ၅ ကျမ်း၊ အဘိဓမ္မာပါဠိတော် ၇ ကျမ်း၊ သုတ်တန်ပါဠိတော်ပေါင်း ၁၅၀ ကျော်တို့ကို ရှာဖွေစုဆောင်းကာ ငွေတစ်သောင်းကျော် အကုန်ခံ၍ ပေထက် အက်ခရာ တင်ခဲ့၏။

စစ်ကဲ[ပြင်ဆင်ရန်]

ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲ[ပြင်ဆင်ရန်]

မြန်မာ့ သစ်လုံးခံတပ်များနှင့် ဗြိတိသျှတပ်တို့ ရန်ကုန်မြို့အနီး အပြင်းအထန်စစ်ဖြစ်ပွားနေပုံ (ဇူလိုင်လ ၁၈၂၄ ခုနှစ်)

မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (ခရစ်နှစ် ၁၈၂၄)၌ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲကြီး ဖြစ်ပွားရာ ဦးထော်လေးသည် စစ်မှုထမ်းခဲ့ရသည်။ ထို့နောက် မကြာမီမှာပင် ဗိုလ်ချုပ် စကြာဝန်ကြီး၏ လက်အောက်တွင် စစ်သူရဲ (၇၀၀) ကျော်ကို အုပ်ချုပ်ရသော စစ်ကဲဖြစ်လာသည်။

ရွှေတိဂုံကုန်းတော် (ခရစ်နှစ် ၁၈၂၅)

၁၁၈၅ ခုနှစ်၊ တပေါင်းလဆန်း၌ စစ်ပွဲဖြစ်ပွားစဉ် မြဝတီမင်းကြီး ဦးစနှင့် စစ်သူကြီး မဟာဗန္ဓုလတို့က ပန်းဝါ၊ ရာမူး အောင်ပွဲများကို ဆင်နေစဉ် စစ်ဆုတ်ခွာရသော အင်္ဂလိပ်တို့သည် စစ်မျက်နှာ အသစ်ဖွင့်ကာ တပ်သား(၁၁,၅၀၀)တို့ကို ဂျင်နရယ်ဆာအာချီဘောကင်းဘဲလ် ဦးစီလျက် ရေလမ်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်၍ စီး၏။ ထိုစဉ် ရန်ကုန်မြို့၌ အစောင့်တပ်ချ၍ နေသော ဦးထော်လေး အမှူးရှိသည့် ရန်ကုန်မြို့စောင့် တပ်များသည် အင်္ဂလိပ်များ ကမ်းပေါ်သို့မတက်ရောက်နိုင်စေရန် အပြင်းအထန် ခုခံကြရ၏။ ထိုအချိန်တွင် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်စစ်တပ်အား လမ်းဖွင့်ပေးသဖြင့် ပုဇွန်တောင်ခံတပ်မှ ခုခံနေသော ဗမာ့တပ်မတော်တပ်မကြီးသည် သိမ်ဖြူကျောင်းတိုက်ကြီးမှ တစ်ဆင့် အပြင်းအထန် ခုခံရင်း ရွှေတိဂုံကုန်းတော်ပေါ်အရောက် ထပ်မံကာ ဆုတ်ခွာပေးလိုက်ရ၏။ အင်္ဂလိပ်တပ်များလည်း ရန်ကုန်မြို့တစ်ဝိုက်ကို နင်းမိလေ၏။ ပုဇွန်တောင် တပ်မြေဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယင်းနေရာမှာ စစ်ကဲမောင်ထော်လေးတို့ ခိုင်မာစွာ တပ်စခန်းချခဲ့သော နေရာဖြစ်လေသည်။ ရွှေတိဂုံကုန်းတော်မှ ခိုင်မာစွာ ခုခံနေစဉ် အင်္ဂလိပ်တပ်များသည် ဗိုလ်တထောင် ဓနိတောမှ တစ်ဆင့် ဂေါ်ရာကုန်း (ယခု ဓမ္မရက္ခတကုန်းမြေ)သို့ ကူးပြီးလျှင် ရွှေတိဂုံကုန်းတော်ကို အပြင်းအထန် တိုက်ခိုက်ကြရာ မြန်မာစစ်သည်တော်များစွာ ကျဆုံး၍ ဖရိုဖရဲ ဖြစ်ခဲ့ရသည်။ သို့သော် ဦးထော်လေးသည် တပ်များကို ပြန်လည်စုစည်းအုပ်ထိန်း၍ ယခုအာဇာနည်းကုန်း တည်ရှိရာ သွေးဆေးကန်ဘက်မှ ရပ်တည်ကာ အင်္ဂလိပ်တို့ကို ခုခံရပြန်သည်။

ရွှေတိဂုံစေတီတော်ကြီး (ခရစ်နှစ် ၁၈၂၄ - ၁၈၂၆)

စဉ်နေပြည်တော်မှ သတိုးမဟာသေနာပတိဘွဲ့ခံ စကြာဝန်ကြီးအား ရန်ကုန်သို့ ဗိုလ်ချုပ်ခန့်၍ စေလွှတ်ခဲ့သဖြင့် ရောက်ရှိလာသည်။ ရခိုင်မှ စစ်သူကြီး မဟာဗန္ဓုလ၏ တပ်များလည်း ဆင်း၍လာ၏။ အာဇာနည်ကုန်းရှိ မြန်မာစစ်သည်များ ထိခိုက်ရှနာသလောက် ဦးထော်လေးတို့၏ လက်ချက်ဖြင့် ရွှေတိဂုံကုန်းတနင်္ဂနွေထောင့်တွင် အင်္ဂလိပ်ကာနယ် (ဗိုလ်မှူးကြီး) တစ်ယောက်နှင့် မေဂျာ (ဗိုလ်မှူး) တစ်ယောက်တို့သည် ဗမာကျည်သင့်ကာ ကျဆုံးရသည်။ ယင်းတို့၏ အလောင်းများကို ဘုရားကုန်းတော်ပေါ်၌ပင် မြှုပ်နှံသင်္ဂြုလ်ထားရာ အရိုးများကို ထုတ်ဖော်၍ ကန်တိုမင်အင်္ဂလိပ်သင်္ချိုင်းသို့ ပြောင်းရွှေ့မြှုပ်နှံစေသည်။ အင်္ဂလိပ်တို့သည် ရွှေတိဂုံဘုရားကို အခိုင်အခံ့ပြု၍ မြန်မာတပ်များကို ပစ်ခတ်ရာ စကြာဝန်ကြီးနှင့် ဦးထော်လေးတို့တပ်များက ကမာရွတ်ဘက်သို့ ဆုတ်ခွာခဲ့ရပြန်သည်။ ( အင်္ဂလိပ်တို့ တူးဖော်ပြုလုပ်ခဲ့သော ခံမြေကတုတ်များ၊ အမြောက်တင်ခုံများနှင့် အမြောက်ပေါက်များကို ယခုတိုင် ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ထောင့်လေးထောင့်တွင် တွေ့မြင်နိုင်လေသည်။ ) ဦးထော်လေး ဦးစီးသောတပ်များ ကမာရွတ်တွင် အင်္ဂလိပ်တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်နေစဉ် မဟာဗန္ဓုလ တပ်မကြီးသည် လှိုင်မြစ်မှ စုန်ဆင်းလာကာ ကြည့်မြင်တိုင်တွင် တပ်စွဲ၍ အင်္ဂလိပ်တို့အား ပြင်းထန်စွာ တိုက်ခိုက်ခဲ့၏။ သို့သော် အင်အားချင်းမမျှသဖြင့် အားမတန် မာန်လျော့ကာ မဟာဗန္ဓုလတပ်ရော စကြာဝန်ကြီးတပ်ပါ ဆုတ်ခွာရလေသည်။

မော်လမြိုင်သို့[ပြင်ဆင်ရန်]

ဦးထော်လေးသည် ယခင်ကအတိုင်းပင် ဒလမြို့ကို အပိုင်စား အုပ်ချုပ်နေရပြန်သည်။ သို့သော် တာရှည်မနေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သန်လျင်မြို့ဝန်မောင်စပ်သည် အင်္ဂလိပ်တို့က မြှောက်ပေးသဖြင့် မြန်မာဘုရင်ကို သောင်းကျန်းပုန်ကန်သည်။ ထိုအခါ မြန်မာဘုရင်သည် မွန်အမျိုးသားတို့အား အယုံအကြည်ကင်းမဲ့လာပြီးလျှင် စစ်ဆေးမေးမြန်းခြင်း ပြု၍ သင်္ကာမကင်း ဖြစ်လာလေတော့သည်။ သန်လျင်မြို့ဝန် မောင်စပ်ကလည်း ဦးထော်လေးအား သူနှင့် ပူးပေါင်း၍ ပုန်ကန်တော်လှန်ရန် ဖြားယောင်းသွေးဆောင်သေးသည်။ နောက်ဆုံး အမျိုးမျိုး စည်းရုံး၍ မရသောအခါ အမျက်သို၍ နေလေရာ ဦးထော်လေးသည် ရေကြောင်းခရီးဖြင့် အင်္ဂလိပ်ပိုင်နက်ဖြစ်သော မော်လမြိုင်ဘက်သို့ တိမ်းရှောင်သွားခဲ့ရလေသည်။ ဤအဖြစ်အပျက်နှင့်ပတ်သက်၍ စစ်ကဲကြီး ဦးထော်လေး သူကိုယ်တိုင်ရေးသားသော ‘ရေစက်ချမှတ်တမ်း’ ၌ ၁၈၈၆ ခု၊ အကြိမ်တွင် သမ္ဘိန္နဝင်၊ မြန်ခွင်ပိုင်နင်း၊ ပြည်ရှင်မင်းနှင့် အင်္ဂလိပ်ဘုရင် အရှင်မင်းခေါင်၊ ပြည်ထောင်နှစ်ပါး၊ ရန်ကြီးပွား၍၊ အများစစ်ပြိုင်ကြရာ၊ စင်္ကြာဝန်ကြီးမင်း လက်အောက်တော်ဝယ်၊ ခုနှစ်ရာကျော် သူရဲကို မှူးကဲအုပ်ကွပ်လျက်၊ သက်စွန့်ကြိုးပမ်း၊ မှုတော်ထမ်းခဲ့၍၊ စစ်ခန်း ပြေငြိမ်းကြသည့်နောက်၊ ရှစ်ခုမြောက် သက္ကရာဇ်ဆီတွင်၊ သံလျှင်ရွှေမြို့ကို၊ ခွန်ပို့ပိုင်ချုပ်၊ ဝန်ပြုလုပ်သော၊ မင်းသမိန်ဘရူးသည်၊ ကျေးဇူးရှင် သစ္စာတော်ကို မထောက်၊ အရှင်ကို ပြန်ချောက်သော မျောက်သူငယ် အဟန်၊ ရန်စစ်တမူ၊ တော်လှန်မှုပြုသည်ကို၊ မခုခံသာ မဝင်သာသောကြောင့်၊ ငါးရာကျော်လှေသင်းနှင့်၊ နေရင်းမုတ်ကျွတ်းမှ၊ ဒရတွန်းထွက်ခွာသဖြင့်၊ မင်္ဂလမဏ္ဍိုင်၊ ကုန်သည်မျိုးဆိုင်ဖြစ်သော၊ မော်လမြိုင်မြို့ကြီးသို့ ရောက်၏။ စသည်ဖြင့် ရေးသား မှတ်တမ်းတင်၍ ထားခဲ့လေသည်။

အချို့သော ဆောင်းပါးရှင်တို့က စစ်ကဲမောင်ထော်လေးသည် သစ္စာဖောက်၍ အင်္ဂလိပ်လက်အောက် ရောက်နေသော တနင်္သာရီဒေသ မော်လမြိုင်သို့ ခိုဝင်သွားသည်ဟု ရေးသားကြသည်။ စင်စစ်အားဖြင့်မူ စစ်ကဲ ဦးထော်လေးသည် မောင်စပ်၏ ရန်ကြောင့်လည်းကောင်း၊ မြန်မာမင်း၏ အယုံအကြည်ကင်းမဲ့ခြင်းကို မခံရသင့်ပါလျက် ခံရသောကြောင့်လည်းကောင်း၊ အန္တရာယ်ရှောင်တိမ်းသည့်သဘောဖြင့် ဘေးကင်းရန် မော်လမြိုင်သို့ ရှောင်ထွက်ခွာသွားခြင်းသာ ဖြစ်လေသည်။ မော်လမြိုင်မြို့သည် အလောင်းမင်းတရား လက်ထက်က ကြီးကျယ်စည်ကားသောမြို့မဟုတ်ချေ။ တောရွာကလေးသာသာ ရှိသည်။ အလောင်းမင်းတရားကြီး ကိုယ်တိုင် ယိုးဒယား(ထိုင်း) သို့ ချီတက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် မကျန်းမမာ ဖြစ်ကာ မော်လမြိုင်အနီး မုတ္တကျေးကင်းရွာ၌ မြန်မာသက္ကရာဇ် ၁၁၂၂ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့ (ခရစ်နှစ် ၁၇၆၀ မေ ၁၁)တွင် နတ်ပြည်စံတော်မူသဖြင့် နေပြည်တော်သို့ ဗမာ့တပ်မတော်များ ပြန်လာခဲ့ကြသည်။ ထိုစဉ် ဗိုလ်ချုပ် မင်းခေါင်နော်ရထာသည် ရသမျှသော သုံ့ပန်းလူစုများနှင့် မော်လမြိုင်ကို ပြုပြင်တည်ထောင်ခဲ့သည်။ အလောင်းမင်းတရားကြီး၏ အရိုက်အရာကို ဆက်ခံသော နောင်တော်ကြီးမင်းက မင်းခေါင်နော်ရထာကိုပင် မြို့ပြတည်ထောင်ခြားနား၍ ပုန်ကန်သည် အထင်မှားခြင်းကို ခံခဲ့ရဖူးလေသည်။ တစ်ဖန် အင်္ဂလိပ်- မြန်မာ စစ်ပွဲဖြစ်ပြီး ဦးထော်လေး၏ ဆရာ စကြာဝန်ကြီးအား မော်လမြိုင်မြို့ကို ပြုပြင်ခိုင်းပြန်သည်။ တိုင်းပြည်မအေးချမ်းသဖြင့် ပြန်လည်ပျက်စီး ယိုယွင်းခဲ့ရပြန်သည်။ တတိယ အကြိမ် ဦးထော်လေး ပြန်လည်ပြုပြင်သဖြင့် မော်လမြိုင်မြို့သည် ကြီးကျယ် စည်ကားလာခဲ့သည်။ ဦးထော်လေး အသက် ၅၂ နှစ် အရွယ်တွင် မော်လမြိုင်သို့ ရောက်လာ၏။ မြန်မာသက္ကရာဇ် ၁၁၈၇ (ခရစ်နှစ် ၁၈၂၆)ခုနှစ်လောက်က စ၍ ပြုပြင်ရာ တစ်နှစ်အတွင်းတွင် မော်လမြိုင်သည် အိမ်ခြေတိုးတက် စည်ကားသိုက်မြိုက်လာ၏။

မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး[ပြင်ဆင်ရန်]

တနင်္သာရီဘုရင်ခံ လော့ဒ်အင်းမှတ်စ် (Lord Amherst)

အင်္ဂလိပ်တို့ကလည်း ဦးထော်လေးအား လေးစားလာသဖြင့် တနင်္သာရီ ဒုတိယဘုရင်ခံ လော့ဒ်အင်းမှတ်စ်က မော်လမြိုင်မြို့တွင် ဦးထော်လေးအား ခရစ်နှစ် ၁၈၃၅ ခုနှစ် ၊ ဇူလိုင်လဆန်းမှ စ၍ အင်္ဂလိပ်အစိုးရက စစ်ကဲ ခန့်အပ်လိုက်သည်။ ထိုခန့်အပ်လွှာ အတိုင်းဆိုလျှင် စ၍ ခန့်သည့်အခါက လစာငွေတစ်လလျှင် ၁၂၅ ကျပ် ရခဲ့လေသည်။ ထို့နောက်မှ လစာတိုးမြှင့်ခဲ့သည်။ ထိုအခါက စစ်ကဲ ဦးထော်လေးသည် ရုံးထိုင်အရာရှိ တရားသူကြီးအဖြစ် သက်ဆိုင်ရာအမှုများကို စီရင်စစ်ဆေးရ၏။ မြို့ဝန်ဖြစ်လာသူ ဖြစ်သဖြင့် တရားမမှု၊ မြို့မှု၊ ရွာမှု၊ အမွေမှုများကို ပိုင်နိုင်စွာ စစ်ဆေးနိုင်ခဲ့သည် ဆို၏။ ထိုအခါက သီးခြားရုံး အဆောက်အအုံ မဖွင့်နိုင်သေးသဖြင့် မိမိပိုင် နေအိမ်ကြီး၏ တစ်ဝက်ကို ရုံးခန်း အဖြစ်ဖြင့် အသုံးပြုခဲ့ရသည်။ ဦးထော်လေး ရုံးစိုက်ရာ နေရာ အရပ်ကို ယခုတိုင် မော်လမြိုင်မြို့တွင် စစ်ကဲကုန်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၉၂ ခုနှစ် ရွှေကျင်မြို့ဝန် ဦးမြတ်ဖြူသည် အင်္ဂလိပ်အစိုးရလက်အောက်သို့ ပြေးဝင်ခိုလှုံလာပြန်သည်။ ထိုအခါ အင်္ဂလိပ်အစိုးရတို့က ဦးမြတ်ဖြူအား ဒိုင်းဝန်ကွင်းအရပ်တွင် နေရာချထားပြီး မြောက်ပိုင်းစစ်ကဲဟု သတ်မှတ်ခန့်အပ်လိုက်သည်။ ထိုအချိန်မှစ၍ ဦးထော်လေးသည် တောင်ပိုင်းစစ်ကဲ တရားသူကြီး ဖြစ်လာသည်။ ဦးထော်လေး၏ လက်အောက်တွင် သူကြီးများ၊ အရပ်အုပ်များ၊ သမာဓိမြို့ဝန် တရားသူကြီးများ ခန့်ထားရာ ဦးထော်လေးသည် တပည့်များ ဖြစ်သော မောင်ငန်၊ မောင်ဘိုးစောနှင့် မောင်သာယာတို့အား ရာထူးပေး အုပ်ချုပ်စေ၏။ ထိုတပည့်များ အုပ်ချုပ်ရာ အရပ်များသည် ယခုတိုင် မောင်ငန်ရပ်၊ ဘိုးစောကုန်းရပ်၊ သာယာကုန်းရပ် ဟူ၍ အမည်တွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က တရားစီရင်ရာတွင် အိန္ဒိယက ရာဇတ်ပုဒ်မ အက်ဥပဒေများ မြန်မာနိုင်ငံသို့ မရောက်သေးသဖြင့် ဦးထော်လေးသည် မြန်မာ့အုပ်ချုပ်ရေး ထုံးတမ်းစဉ်လာဖြစ်သည့် ဓမ္မသတ်၊ ရာဇသတ်တို့ဖြင့် အုပ်ချုပ်၍ တရားစီရင်ခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရကလည်း စစ်ကဲခန့်စာ၌ မိမိကျွမ်းကျင်လိမ္မာသလို အုပ်ချုပ်ရန် ညွှန်ကြားထားလေသည်။ စစ်ကဲဦးထော်လေး လက်ထက်က မော်လမြိုင်၌ ရုံးများ ဖွင့်စပြုပြီး ဖြစ်၍ ရုံးခွန်ကို စတင်ကောက်ခံစေသည်။ ဦးထော်လေး၏ လက်ထက်၌ပင်လျှင် မော်လမြိုင်သည် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ၌ ပထမဆုံး မြို့တော်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ သို့မတိုင်မီက အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်အင်းမှတ်စ်သည် ရခိုင်ပြည်နှင့်တနင်္သာရီနယ်ပယ်တစ်လွှားကို သိမ်းယူပြီးနောက် ရခိုင်ပြည်ကို အနောက် ဘင်္ဂလားပြည်ဘုရင်ခံ၏ လက်အောက်သို့ လွှဲထား၏။ တနင်္သာရီကို မဒရပ် ပြည်နယ်အစိုးရ လက်အောက်သို့လွဲ၍ အုပ်ချုပ်စေခဲ့သည်။ ထားဝယ်၊ မြိတ်နှင့် တနင်္သာရီမြို့များကိုမူ ဗြိတိသျှပိုင် မလေးကျွန်းစွယ် ပီနန်ဘုရင်ခံလက်အောက်တွင် ခေတ္တလွဲထားသည်။ ပထမ အောက်မြန်မာနိုင်ငံ မြို့တော်အဖြစ် ကျိုက္ခမီကို သတ်မှတ်ရာမှ ဦးထော်လေး ပြုပြင်သဖြင့် မော်လမြိုင်သည် တဖြည်းဖြည်း စည်ကားလာသည်ကို တွေ့ရသဖြင့် မော်လမြိုင်သို့ ပြောင်းလွဲရုံးစိုက်ကာ မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ ဤတွင် အင်္ဂလိပ်အစိုးရတို့ကလည်း ဦးထော်လေးအား ပိုမိုလေးစားလာကြသည်။ ထိုစဉ်က မော်လမြိုင်နှင့် အောက်ဗမာပြည်များတွင် စစ်ဘက်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေး ပူးတွဲရှိနေသဖြင့် အင်္ဂလိပ်အစိုးရတို့သည် ဗမာပြည်အတွက် သတ်မှတ်ပြီး သီးခြား ဥပဒေမရှိသေးကြောင်း ထင်ရှားစွာ တွေ့ရလေသည်။ ခရိုင် ဝန်ရှင်တော်မင်းကြီးနှင့် အရေးပိုင် စသော အင်္ဂလိပ်လူမျိုးတို့သည် စစ်ဘက်မှ ကာနယ်၊ မေဂျာ စသောအရာရှိများသာ ဖြစ်ကြသည်။ ယင်းကို ထောက်၍ အင်္ဂလိပ်တို့သည် မြန်မာပြည်ကို နောက်ထပ် တိုက်ခိုက်ရန် တာစူလျက် စစ်ဘက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိသာနိုင်ပေသည်။ ဦးထော်လေးအား မော်လမြိုင်တွင် အခြေတည်၍ နေထိုင်စဉ် သန်လျင်မြို့ဝန် မောင်စပ်သည် အင်္ဂလိပ်ပိုင် တနင်္သာရီနယ်သို့ နောက်ပါ လူတစ်သောင်းဖြင့် ခိုဝင်လာသည်။ အင်္ဂလိပ်အစိုးရက မောင်စပ်အား တစ်လလျင် ၂၅၀ ကျပ်ပေးကာ အငြိမ်းစား နေစေသည်။ မောင်စပ်သည် မော်လမြိုင်တွင် ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်၌ ကွယ်လွန်သွားခဲ့လေသည်။ စစ်ကဲ ဦးထော်လေးသည် မော်လမြိုင်တွင် နေထိုင်စဉ်က တစ်ချိန်က မြူနီစပါယ်ရုံးနှင့် သစ်တောရုံးတည် အကြားရှိ ဘုရင်မ ပန်းခြံထောင့်နေရာတွင် အိမ်ဆောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ် ြ မြန်မာ စစ်ပြီးသော်လည်း မကြာခဏ အချင်းများလျက် နိုင်ငံရေး ရှုပ်ထွေးနေလေရာ အင်္ဂလိပ်တို့သည် တနင်္သာရီနှင့် ပတ်သက်၍ အကြံအိုက်လျက် ရှိသည်။ ထိုအခါတွင် ဦးထော်လေးက အကယ်၍ မြန်မာအစိုးရက တန်ရာတန်ဖိုးပေးလျက် ဝယ်ယူလျင် တနင်္သာရီနယ်ကို ပြန်ပေးမည်လောဟု အင်္ဂလိပ်အစိုးရအား စကားကမ်းလှမ်းလိုက်၏။ ထိုကိစ္စကို အိန္ဒိယဘုရင်ခံချုပ် ဘော့ဒ်အင်းမှတ်စ်အား တင်ပြရာ မကြာမီ သဘောတူပြီး အင်းဝသို့ ခရစ်သက္ကရာဇ် ၁၈၃၀ ပြည့်နှစ်တွင် ကိုယ်စားလှယ်အဖြစ် မေဂျာဘားနေးအား စကားဆိုစေသည်။ စကားဆိုနေစဉ် အိန္ဒိယ အစိုးရက မြန်မာပိုင် ကလေးတောင်ကြားကို သိမ်းယူသဖြင့် တနင်္သာရီနှင့်ပတ်သက်သော စေ့စပ်မှု ပျက်ပြယ်သွားခဲ့ရလေသည်။

မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီး


မြန်မာသက္ကရာဇ် ၁၁၉၉ (ခရစ်နှစ် ၁၈၃၇) ခုနှစ်တွင် အင်းဝသာယာဝတီမင်းနန်းတက်လာသည်။ သာယာဝတီမင်းသည် ရန္တပိုစာချုပ်ကိုလည်း အတည်မပြု၊ အင်္ဂလိပ်အစိုးရက စေလွှတ်သော သံကိုယ်စားလှယ် ဘားနေးကို လည်း အသိအမှတ် မပြုဘဲ နေသဖြင့် ဦးထော်လေး၏ မျှော်လင့်ချက်မှာ အပြီးအပိုင် ပျက်ပြားသွားရရှာလေတော့သည်။ မြန်မာသက္ကရာဇ် ၁၂၀၈ (ခရစ်နှစ် ၁၈၄၆) ခုနှစ်တွင် ပုဂံမင်း နန်းတက်လာ၏။ ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြန်လေရာ အင်္ဂလိပ်အစိုးရဘက်မှ ဂျင်နရယ် ဂေါ်ဒွင်နှင့် ရေကြောင်းဗိုလ်ချုပ်ကြီး အက်ဒမိုင်ရယ် အော်စတင်တို့သည် ခရစ်သက္ကရာဇ် ၁၈၅၂ ခုနစ်၊ ဧပြီလ ၄ ရက်နေ့တွင် မုတ္တမမြို့ ကို ဒလကြမ်းတိုက်ခိုက်ကာ သိမ်းယူကြလေသည်။ အမြောက်ဒဏ်ကြောင့် မုတ္တမကမ်းပါးရှိ မြသိန်းတန် စေတီတော်မှာ ချရားသီးကွဲကာ ပျက်စီးသွားရလေသည်။ သို့ဖြစ်သည်ကို ဦးထော်လေးသည် စိတ်မချမ်းမသာ ရှိလှသဖြင့် စစ်အတွင်းမှာ ပင် စေတီတော်ကို ပြင်ဆင်စေသည်။ စစ်ဖြစ်အံ့ဆဲဆဲ၌ မုတ္တမရှိ မြန်မာမြို့စား မဟာအင်္သယာလည်း ထိုစေတီကို ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားပြီး ဖြစ်သည်။ စစ်ဖြစ်ကာ ငြမ်းတန်းလန်းနှင့် ဆုတ်ခွာပြေးရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် စေတီတော်ကို အမြန်ပြုပြင်ကာ မြို့စားအသင်္ခယာ ကိုယ်စား ရွှေသင်္ကန်းကပ်၍ နောင်သောအခါ အင်းဝရောက် မြို့စားမင်းအား အမျှပေးကာ သာဓုခေါ်စေသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီသည် ခရစ်နှစ် ၁၈၅၂ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ပဲခူးနယ်ဘက်သို့ သိမ်းရန် ဂျင်နရယ်ဂေါ်ဒွင်နှင့် တိုင်ပင်သည်။ ယင်းအခိုက်တွင် မဟာဗန္ဓုလ၏ သား သုံးဆယ်မြို့စား မောင်ကြီးသည် အင်္ဂလိပ်တို့အား လက်နက်ချလေရာ ဦးထော်လေးမှာ မချင့်မရဲ ဖြစ်ရရှာလေသည်။

ဦးထော်လေးသည် မော်လမြိုင်မြို့ကို ပြန်လည်ထူထောင်ခဲ့သည်မှ ၂၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၁၄ (ခရစ်နှစ် ၁၈၅၂ ခုနှစ်) ခုနှစ်သို့ ရောက်သောအခါ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးကို စစ်သားများက ဌာပနာတိုက်သို့ရောက်အောင် ရည်ရွယ်၍ အတောင် ၆၀ မျှ တူးဖော် ဖျက်ဆီးပစ်သည်ဆိုသော မကောင်းသတင်းကို ကြားသိရလေသည်။ ထို့ကြောင့် ဦးထော်လေးသည် ရန်ကုန်သို့ အဆောတလျှင် လာပြီးလျှင် အထက်အစိုးရထံ တိုင်ကြားလေသည်။ ထို့နောက် အထက်အစိုးရထံ အမိန့်ခံယူပြီးလျှင် ဦးထော်လေး ခံတပ်ဂူများမှ အပ ဌာပနာတိုက်ကို ဖောက်ရာ တွင်းပေါက်ဝများကို အတွင်းကျောက်ဖျား အထိ ဂဝံကျောက်၊ ငွေအုတ်ချပ်တို့ စေ့စပ်သေချာစွာ ပိတ်ဆို့ပြုပြင်သည့် အပြင် ရွှေတိဂုံစေတီတော်ကြီးအားလည်း အထက်ချရားသီးမှ ဖိနပ်တော်သို့တိုင် ကိုယ်လုံးပြည့် သင်္ကန်းကပ်လှူခဲ့သည်။ ထီးတော်၌လည်း ရွှေပြားခတ်၍ ရွှေသား၊ ငွေသား သံသေဆည်းလည်း ပေါင်း ၉၆၀ နှင့် ရွှေ၊ ငွေဖြင့် စပ်သော ညောင်ရွက်များ တပ်ဆင် လှူဒါန်းခဲ့လေသည်။ တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ ပျက်စီးနေသည်ကိုလည်း ပြုပြင်ကာ ကျောက်စာတိုင်များ စိုက်ထူခဲ့လေသည်။ ဆူးလေစေတီတော်ကြီးကိုလည်း ပြင်ဆင်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အသက် ၇၇ နှစ် အရွယ်သို့ ရောက်သောအခါ ဇရာထောင်းလာသောကြောင့် ဦးထော်လေးသည် မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး ဘဝမှ အငြိမ်းစားယူကာ ရန်ကုန်မြို့သို့ ရောက်လာနေထိုင်ခဲ့လေသည်။ ထိုမှ တစ်ဖန် ဒလ (တွံ့တေးမြို့ ) သို့ သွားရောက်နေထိုင်ကာ တွံတေး ရွှေဆံတော် စေတီတော်ကို လှူဒါန်းခဲ့ပြန်လေသည်။ ဦးထော်လေးအား ဝိတိုရိယ ဘုရင်မ မှ ကျက်သရေဆောင် ရွှေစလွယ်မင်းဘွဲ့ကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးထော်လေးသည် ဒလ (တွံတေး) မြို့၌နေစဉ် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်၊ (ခရစ်နှစ် ၁၈၆၇ ခုနှစ် ) အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်သွားသည်ဟု ဘီအာရ်ပန်း၏ ရန်ကုန်ရာဇဝင်တွင် ဆိုလေသည်။

၁၈၇ဝ ခုနှစ်ကာလ ဗြိတိသျှပိုင်မော်လမြိုင်မြို့

အင်္ဂလိပ်အစိုးရတို့သည် ပထမမြန်မာစစ်ပွဲ ၊ ဒုတိယ မြန်မာစစ်ပွဲအတွင်း၌ ပါဝင် ထင်ရှားကျော်စောခဲ့သော အင်္ဂလိပ်စစ်ဗိုလ်များ ၏ အမည်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့လမ်းများကို မှည့်ခေါ်ခဲ့ကြသည်။ ဂုဏ်ပြုမှည့်ခေါ်သူများတွင် အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူ ထင်ရှားခဲ့သော ဦးထော်လေးနှင့် ဦးခိုင်တို့ကိုလည်း အမည်ပေးရန် ပန်ကြားခဲ့ကြသည်။ ယခု ဗိုလ်ဆွန်ပက်လမ်း ဟု ခေါ်တွင်နေသော မောင်ထော်လေးလမ်းကို ဦးထော်လေးက သူ၏ အမည် မှည့်ခေါ်စေလိုခြင်းမှာ (၁) ထိုလမ်း၌ ရန်ကုန်မြို့တွင် ရှေးအကျဆုံးဖြစ်သော ကွန်ဗင့်ကျောင်းဟောင်းကြီး ရှိ၏။ တည်ထောင်သည်မှာ နှစ်ပေါင်း ၁၅၀ ကျော်မျှရှိပြီဖြစ်၏။ ထိုကျောင်းဆောက်စ အခါက ခရစ်ယာန် ဘာသာပြန့်ပွားသွားမည်စိုး၍ ဦးထော်လေးက အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။ ထိုကျောင်းတွင် မြန်မာ့သမိုင်း၌ ထင်ရှားသော ဒေါက်တာမတ် ခေါ် ဆရာမှတ်ကြီး နေထိုင်သွားဖူးသည်ဟု ဆို၏။ သို့ကန့်ကွက်ခဲ့သည်ကို အကြောင်းပြု၍ လည်းကောင်း ၊ ( ၂ ) တစ်ဖန် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ၌ အင်္ဂလိပ်တို့က ရန်ကုန်ကို တိုက်ခိုက်ရာတွင် ဦးထော်လေးသည် ကန္နားမှ ခုခံရင်း တပ်ဆုတ်ရသော အခါ၌ ထိုလမ်းတစ်လျောက်မှ ဆုတ်ပေးခဲ့ဖူးသောကြောင့် တစ်ကြောင်း၊ ထို နှစ်ကြောင်းတို့ကြောင့် ၎င်းလမ်းကို သူ၏အမည် မှည့်ပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

မျိုးဆက်[ပြင်ဆင်ရန်]

နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏ ထူးချွန် ထက်မြက်မှုကို ကမ္ဘာ့အလယ်တွင် ပညာရည်ဖြင့် ထင်ရှားစေခဲ့သူ အောက်စဖို့ဒ် တက္ကသိုလ်တွင်မြန်မာနိုင်ငံသားမြန်မာ အမျိုးသမီးများ ထဲမှ ပထမဆုံးဘွဲ့ရသူ သမိုင်းပညာရှင် ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈)၊ မြန်မာနိုင်ငံ၏ ပုံနှိပ်စာအုပ်သမိုင်းဦး ၁၉ရာစုနှောင်းပိုင်း ကိုလိုနီခေတ် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်ပိုင် ဒေါ်မေ၊ မဒရပ် ငွေတိုက် မင်းကြီးကတော် ဒေါ်မြမေ၊ ဆာမောင်ခင်၏ ဇနီး ဒေါ်ခင်သန်းမေ၊ လွတ်လပ်ရေးခေတ်ဦး ရဲမင်းကြီး ဦးထွန်းလှအောင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၊ အဆိုတော် မျိုးကျော့မြိုင် တို့သည်စစ်ကဲ မောင်ထော်လေး မှ ဆင်းသက်လာသူများ ဖြစ်သည်။[၂][၃]

ငွေတိုက် မင်းကြီးကတော်ဒေါ်မြမေ ၏မွေးစားသားမှာ ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ် စတင်တည်ထောင်သူ ဦးမေအောင် (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်၏ ဇနီး မသိန်းမြ မှာလည်း စစ်ကဲကြီး မောင်ထော်လေး၏ မြစ်ဖြစ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Oung, Kin Thida (2007). A Twentieth Century Burmese Matriarch. Lulu. p. 191- 200
  2. Myaing, Wai Wai (2005).A Journey in Time: Family Memoirs (Burma, 1914–1948). iUniverse. p. 210. ISBN 9780595356515.
  3. Oung, Kin Thida (2007). A Twentieth Century Burmese Matriarch. Lulu. p. 200. ISBN 9780557102297.
  • (က) ဦးဘသန်း၊ မော်လမြိုင်ရာဇဝင်၊ မော်လမြိုင် ဦးစိန်ရံ အင်ဆန်းစာပုံနှိပ်တိုက်၊ ပကြိမ်၊ ၁၃၁၁ ခု။
  • (ခ) စီးပွားရေးမြင့်ဦး၊ ‘စစ်ကဲ မောင်ထော်လေး’ ၊ ရှုမဝမဂ္ဂဇင်း၊ တွဲ ၇ ၊ မှတ် ၈၀ ( ၁၉၅၄ ခု၊ ဇန်နဝါရီလ )၊ စာ ၁၈၄၊ ၁၉၂။
  • (ဂ) ပါမောက္ခဒေါက်တာ နိုင်ပန်းလှ ၊ သုတေသန စာပေများ၊ ရန်ကုန်၊ မွှေးစာပေ၊ ပကြိမ်၊ ၁၉⁠၉၈။ စာ ၁၅၇ ၊ ၁၆၀။
  • (ဃ) B.R.Rearn : A History of Rangon.