ဗညားဦး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Binnya U
ဗညားဦး
ဟံသာဝတီ ဘုရင်
နန်းသက် ၇၁၀ - ၇၄၅
ရှေ့မင်းဆက် ဗညားအဲလော
ဆက်ခံ ရာဇာဓိရာဇ်
မွေးဖွား ၆၈၅ ME
မုတ္တမမြို့
ကွယ်လွန် 2 Janauary 1384 (aged 61)
ပြာသိုလပြည့်ကျော် ၁၂ ရက် ၇၄၅ ME
ပဲခူး
ကြင်ရာတော် စန္ဒာမင်းလှ
နှင်းအံဒေါင်း
Sanda Dewi
Thiri Yaza Dewi
Thiri Maya Dewi I
သားသမီးများ ရာဇာဓိရာဇ်
ဘောငံမုန်(ဗောခုံမှိုင်း)
တလမေဒေါ
တလမေသီရိ
ခမည်းတော် စောဇိပ်
ကိုးကွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ

ဆင်ဖြူရှင်ဗညားဦး(၆၈၅-၇၄၅) သည် မဂဒူးမင်းဆက် ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို ၇၁၀မှ ၇၄၅ အထိ စိုးစံသည်။ ၇ဆက်မြောက်ဘုရင် ဗညားအဲလော၏ တူတော်သူဖြစ်သည်။ ခမည်းတော်မှာ စောဇိပ် ဖြစ်ပြီး မယ်တော်မှာ စန္ဒာမင်းလှ ဖြစ်သည်။ နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် (လှထိပ်ခေါင်) ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီး ခြောက်နှစ်အကြာတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော် ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်ဝန်းမြို့ သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။ အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။ မင်းလင်္ကာ၏သား မိမိတူဖြစ်သူ မညီကံကောင်းကို ဒလစားအဖြစ် ဆက်ပေးသည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော် မူလှသည် မရှိဟု သိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက်(ဗသုန်ဗန်စက်) ဟု နာမည်ပေးသည်။ နောင်သော် ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ မိဖုရားကြီးဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။

ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက ဇင်းမယ် မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကို လျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထံ ဆက်သပြီး မဟာမိတ်ပြုရသည်။ အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဉ်းချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များအား စစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။ အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။

ဇင်းမယ်စစ်[ပြင်ဆင်ရန်]

ဗညားဦး နန်းတက်ပြီး သုံးနှစ်အကြာ သက္ကရာဇ် ၇၁၃တွင် စောအဲဒိတ် နှင့် ဗေါကြယ်တို့ ဒုန်ဝန်းတွင် ပုန်စားသဖြင့် လိုက်လံနှိမ်နင်းရာ စောအဲဒိတ် နှင့် ဗေါကြယ်တို့ အရေးနိမ့်ပြီး ဇင်မယ်သို့ဝင်ပြေးကြသည်။ ၎င်းတို့နှစ်ဦး၏ ကုန်းချောမှုကို ယုံ၍ ထိုနှစ်တွင်ပင် ဇင်းမယ်မင်းသည် မုတ္တမကို လုပ်ကြံစေ၏။ မြို့ငယ်များကျ၍ ရှမ်းတို့သည် မုတ္တမကို တစ်လ၊နှစ်လမျှ ဝန်းရံထားလေသည်။

ထိုအခါ ဗညားဦး၏ ဆင်ဖြူတော်သည် ရှင်ဘုရင်အား အိပ်မက်ပေးလေ၏။ အိပ်မက်အတိုင်း လုပ်လေသော် ဇင်းမယ်ရှမ်းစစ်သည်တို့လည်း ကစဥ့်ကလျား ပြေးလွှား၍တပ်ပျက်လေ၏။ ဆင်ဖြူတော်၏ တန်ခိုးကြောင့် ဇင်းမယ်စစ်ကို အနိုင်ရခြင်းဖြစ်လေ၏။ သုံ့ပန်း၊ ဆင်မြင်း၊ အမြောက်၊ သေနတ် များစွာရလိုက်လေ၏။

ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) စေတီတည်ခြင်း[ပြင်ဆင်ရန်]

ဆင်ဖြူရှင် ဗညားဦးသည် ဇင်းမယ်စစ်ကို နိုင်သည့်အထိန်းအမှတ်ဖြင့် သီဟိုဠ်မင်းထံ လက်ဆောင်များဖြင့် ရာဇသံစာပို့ကာ သရီရဓာတ်တော်ကို တောင်းခံလေ၏။ သီဟိုဠ်မင်းလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သရီရဓါတ်တော်များကို ပေးခဲ့လေ၏။

ဆင်ဖြူတော်မှ ဇင်းမယ်စစ်ကို တိုက်ပေးခဲ့သည့် တောင်ထိပ်တွင် သရီရဓာတ်တော်များကို ဗညားဦး ရွှေစင်ရုပ်၊ မိဖုရားများ နှင့် မောင်းမမိဿံများ၏ ရွှေစင်ရုပ်၊ မှူးမတ်သေနာပတိများ၏ ရွှေစင်ရုပ်များက ရှိခိုးနေဟန် ဌာပနာ၍ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) ဘုရားကို တည်လေ၏။ မုတ္တမသည် ဇင်းမယ်စစ်ကို နိုင်ပြီးနောက် သာယာစည်ကားလှလေသည်။

မုတ္တမမှ ဒုန်ဝန်းသို့ ဆုတ်ခွာရခြင်း[ပြင်ဆင်ရန်]

ဇင်းမယ်စစ်ကို နိုင်ပြီး သုံးနှစ်အကြာတွင် သက္ကရာဇ် ၇၀၆ခုနှစ်တွင် ဆင်ဖြူတော် အသက် ၇၀၌ အနိစ္စရောက်သည်။ ဗညားဦးမှာ စိတ်မချမ်းမသာ လွန်စွာပူပင်သောကရောက်လေ၏။ ထိုအခါ လဗူတောတွင် ဆင်ကောင်းတစ်စီးကိုတွေ့ရှိခဲ့ကြောင်း ဆင်ရံကရိတို့ လာရောက်လျှောက်တင်ကြသည်။ ထို့နောက် ဗညားဦးမင်းသည် လဗူတောတွင်းသို့ ဝင်၍ လေးလမျှကြာအောင် ဆင်ရံလေ၏။ လဗူတောသို့သွားရာ သားတော်များ၊ မြေးတော်များ၊ ဆင်မြင်းဗိုလ်ပါနှစ်သောင်းကျော်၊ ယောက်ဖတော် ဗြထဗိုက်၊ အမတ်ပွန်စို၊ အန်နရာ၊ သမိန်ဇိပ်ဗြဲ၊ စောပြလက်စသော စစ်သေနာပတိ မြို့စားကြီးများနှင့် အခြားသော မြို့စားရွာစားများ ပါဝင်သည်။

ဤသို့ ဆင်ရံသွားစဉ်အတွင်း စောအဲပြသတ်၏သားများဖြစ်သော ဗြတ်ထဗတို့ ညီနောင်လေးယောက်(ဗြတ်ထဗ၊ အဲပြဗုန်၊ လောက်ဖြား၊ ဥလို)စလုံး ပုန်စားကြလေ၏။ ဗြတ်ထဗ ကမုတ္တမတွင်၊ အဲပြဗုန်က လဂွန်းဗျည်း၊ လောက်ဖြား ကမြောင်းမြနှင့် ဥလိုက မော်လမြိုင်တွင် အခိုင်အမာ နေနှင့်ကြ၏။

ညတစ်ညတွင် လသို့ကြယ်တံခွန်ပြေးဝင်သည်ကို ဗညားဦးမြင်လျှင် ပရောဟိတ်တို့ကို နိမိတ်ဖတ်စေ၏။ ပရောဟိတ်တို့ကလည်း ကျွန်များပုန်စားကြမည်ဖြစ်ကြောင်း၊ မကြာမီသိရမည်ဖြစ်ကြောင်း၊ မြို့ရွာကို အကြာကြီးခွာ မနေသင့်ကြောင်း၊ နန်းတော်သို့ ဆောလျင်စွာ ပြန်ဝင်သင့်ကြောင်း လျှောက်ကြလေ၏။ မုတ္တမသို့ပြန်၍ ခရီးလည်သို့ရောက်လျှင် ဗြတ်ထဗပုန်စားကြောင်းကို ဗညားဦးကြားလေသည်။ ထိုအခါ မြို့စားရွာစား မှူးမတ်သေနာပတိအားလုံးကို စုရုံးပြီး ဗညားဦးကိုယ်တိုင် မုတ္တမသို့အပြင်းချီလေသည်။ မုတ္တမသို့ရောက်လျှင် မြို့ပြင်မှနေ၍ အပြင်းတိုက်သည်။ မြို့ထိပ်မှ မီးပေါက်သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် သူ့ရှင်၏ သူရဲများ သေပျောက်ကြ၏။ ဗြတ်ထဗသည် ဗညားဦးနှင့် ပါသောသူတို့၏ မယားများကို နှိပ်စက်သဖြင့် အချို့လည်း မယားကိုသနား၍ ဗြတ်ထဗထံ ညအချိန် ဝင်လာကြ၏။ ထိုအခါပွန်စိုအမတ်က ယောက်ဖတော် သမိန်ဗြထပိုက်၏ စစ်ကူတပ်များကိုစောင့်ရန်၊ မုတ္တမတွင် ယောက်ဖတော်၏တပ်ကို ခံတိုက်စေပြီး မင်းကြီးအား ဒုန်ဝန်းသို့ ပြန်လှည့်နေရန် လျှောက်ထား၏။ သူ့ရှင်လည်း ယောက်ဖတော်ကို ဗိုလ်မင်းခန့်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။ ဗြထပိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ်ပြု၍ ဗြထပိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။

ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။

ဇေယျသူရကျဆုံး၍ အမတ်ငါးဦးအား ကုလားပြည်သို့ အပို့ခံရသဖြင့် ဗညားဦးလည်း လွန်စွာစိတ်ဆင်းရဲတော်မူသည်။ မုတ္တမတိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် တပ်ပျက်ခဲ့သဖြင့် နောက်ထပ်မတိုက်စေတော့ဘဲ၊ ဒုန်ဝန်းမြို့တွင်သာ သူ့ရှင်နေတော်မူသည်။ မြို့၊ ပြ၊ ကျုံးမြောင်း ခိုင်ခံ့အောင် စီရင်တော်မူသည်။

နတ်ရွာစံခြင်း[ပြင်ဆင်ရန်]

ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ ဗညားဦးလွန်လျှင် ဗညားနွဲ့က ရာဇာဓိရာဇ် ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။

ကိုးကား[ပြင်ဆင်ရန်]