တို့ဗမာ သီချင်း

ဝီကီပီးဒီးယား မှ

တို့ဗမာအစည်းအရုံး၏ စည်းရုံး‌ရေးတရားပွဲများတွင် တို့ဗမာသီချင်းဖြင့် သီဆိုစည်းရုံးခဲ့ကြ၏။ တို့ဗမာအစည်းအရုံး သခင်ပါတီကို လူအများက ရုတ်တရက် အား‌ပေး‌ထောက်ခံမှု မပြုကြသေး‌စေကာမူ တို့ဗမာသီချင်းကိုမူ လူကြိုက်များကာ လူအများက လက်ခံလာကြ‌လေသည်။ တို့ဗမာသီချင်းကို ‌ရေးသားသူမှာ စာ‌ရေးဆရာ ဝိုင်အမ်ဘီဆရာတင်‌ ခေါ် သခင်တင်ဖြစ်သည်။ သခင်ဘသောင်း နှင့် သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်ခေါင်းဆောင်အချို့က သီချင်းစာသားနှင့် အချက်အလက်များအတွက် ဖြည့်စွက်အကြံဉာဏ်များ ပေးခဲ့ကြသည်။[၁]

စာသား[ပြင်ဆင်ရန်]

တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊ များစွာပတိုင်းများကိုပါ[မှတ်စု ၁] တိုက်ခိုက်ခါ…အောင်ခဲ့တာ တို့ဗမာ။ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတစ်လှည့်ကြုံရ၊ ထုံးနှင့်မ‌သွေ လောကဓမ္မတာပေ၊ငါတို့ကံခေ–ဖြစ်ရပြန်သလေ။ သို့သော်… အရင်းကိုစစ်လျှင်ဗမာပြေ၊ငါတို့…ငါတို့ပြေ။

နောင်…ဥဒါန်း…ဘယ်မကြေစရာ..၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ…၊ တို့ဗမာမဟုတ်လေသလား၊(တို့ဗမာ-ငါတို့ဗမာ) (ဒါငါတို့ဗမာ) အား…လုံး…ညီညီ၊ယောက်ျား ဘသား တို့ဗမာနောင်လာနောင်သား ကောင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့….တို့ဗမာ၊မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့၊စာမရီသွေးတို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ–ဗမာတစ်တွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ) (တို့ဗမာ)ပြေ...ကိုတိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာခင်။

အမျိုးသားရေး…ကျိုးပမ်းကြပါ၊ တို့ဗမာဟေ့...တို့ဗမာ၊ ဩော်-အမျိုးသားရေးကိုကျိုးပမ်းကြပါ တို့ဗမာ...ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ တို့ခေတ်ကို ရောက်ရမည် မလွဲပါ၊ တို့ဗမာ..ဟေ့ တို့ဗမာ၊ ဗမာပြည်တဝှန်းအကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါတို့ဗမာ။ ။

(သံပြိုင် ပြန်ကောက်)

အနက်ဖွင့်ခြင်း[ပြင်ဆင်ရန်]

တို့ဗမာသီချင်းကို သခင်ဘသောင်းကိုယ်တိုင် အနက်ဖွင့်ခဲ့သည်။ တို့ဗမာသီချင်းသည် မျိုးချစ်စိတ်မရှိသူများအား မျိုးချစ်စိတ်ရှိလာစေရန်၊ အမျိုးသားအကျိုးကို ဆောင်ရွက်လာစေရန် လှုံ့ဆော်ပေးသည့် သီချင်းထူးဖြစ်သည်ဟု ဆိုခဲ့သည်။[၂]

"မြန်မာအစ တစ်ကောင်းက" ဟုဆိုသည့်အတိုင်း ဗမာတို့သည် တကောင်းခေတ် အဘိရာဇာမင်းကြီးလက်ထက် သာကီအမျိုးအနွယ်မှ ဆင်းသက်လာခဲ့ကြသည်။ ဗမာတို့သည် ပြင်ပတိုင်းပြည်များဖြစ်သော ယိုးဒယားနှင့် အိန္ဒိယစသည်တို့ကို တိုက်ခိုက်နိုင်ခဲ့ကြသည်။ "မှန်းကင်းတစ်လှည့် ထင်းတစ်လှည့်" ဟူသည့်အတိုင်း ဗမာပြည်သည် အမြဲတမ်းထည်ထည်ဝါဝါမရှိနိုင်ပေ။ မြင့်သည့်အခါမြင့်၍ နိမ့်သည့်အခါနိမ့်ခြင်းသည် လောကဓံတရားပင်ဖြစ်ရာ ကြံကြံခံ၍တရားရှိကြရမည်။ ယခုမြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ ကျရောက်နေသော်လည်း အရင်းအမြစ်များကို ကြည့်ခြင်းအားဖြင့် ဗမာပြည်သည်ဗမာတို့၏ပြည်သာဖြစ်ပေသည်။

ဗမာလူမျိုးတို့သည် ကမ္ဘာတွင်သမိုင်းအစဉ်မပျက် ထင်ရှားလာခဲ့ကြသော လူမျိုးများဖြစ်သည်။ ရာဇဝင်ထင်ရှားသော လူမျိုးဖြစ်ပါလျက် ဗမာတို့၏ခေတ်ကို ရောက်သည်အခါတွင် အညံ့မခံသင့်ပေ။ ထိုသို့အညံ့ခံပါက "ဗမာပင် ဟုတ်ရဲ့လား" ဟူ၍ပင် မေးခွန်းထုတ်ဖွယ် ကောင်းလှပါသည်။ ဗမာများအားလုံး တက်ညီလက်ညီနှင့် ယောက်ျားပီသစွာ ရှိကြရမည်။ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ နောင်လာနောက်သားများအတွက် ဆောင်ရွက်သင့်သည်။ ဗမာတို့သည် ဇာတိကိုကရဲသဖြင့် ဗမာပီပီရဲကြရမည်။ ကြောက်မွှေးများရှိပါက တစ်ချောင်းချောင်စီ ဇပ်ကနဲနှုတ်ယူရမည်။ ဗမာပြည်သည် ဗမာတို့အတွက်သာဖြစ်ရာ နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲရင့်စွာစိန်ခေါ်ကြရပေမည်။ ဗမာတို့၏မျိုးရိုးသည် သခင်မျိုးရိုးဖြစ်သည်နှင့်အညီ ကျွန်အကျင့်ကိုမကျင့်အပ်ဘဲ သခင်အကျင့်ကိုသာ ကျင့်သင်ကြသည်။ ဗမာလူမျိုးတို့သည် အသက်သာအသေခံမည် အမွှေး‌တစ်ချောင်းမျှ အကျွတ်မခံလိုဟုဆိုသည့် စာမရီငှက်များကဲ့သို့သော စိတ်ဓာတ်များရှိကြသည်။

ယူဇနာနှစ်သိန်းလေးသောင်း အထူရှိသော ကမ္ဘာမကြေသည့်ကာလပတ်လုံး ဗမာပြည်သည်ဗမာတို့၏ လက်ထဲ၌သာရှိကြရမည်။ ကမ္ဘာကြေသော်လည်း ဗမာတို့၏ဂုဏ်သတင်းသည် လုံးဝပျောက်ကွယ်ခြင်းမရှိအပ်ပေ။ ကချင်ကယားကရင်ချင်းမြန်မာမွန်ရခိုင်ရှမ်းပအိုဝ်းအစရှိသော တိုင်းရင်းသားလူမျိုးစုအားလုံးကိုချုံ၍ "ဗမာလူမျိုး" ဟူ၍မှတ်ယူရမည်။ ထိုဗမာတိုင်းရင်းသားများအားလုံးသည် ဗမာပြည်ကိုမိမိတို့ပြည်အဖြစ်မှတ်ယူကြရမည်။ ဗမာတိုင်းရင်းသား အချင်းချင်းသည်လည်း သွေးသားအရင်းအခြာလို ချစ်ချစ်ခင်ခင်နေကြရမည်။ ထိုသို့ဆောင်ရွက်ရန်မှာ ဗမာတို့၏အဓိက တာဝန်ကြီးပင်ဖြစ်ပေသည်။

ဗမာတို့သည်ပေါ့ဆမနေဘဲ ဗမာတို့၏အရေးအတွက် အမြဲကြိုးစား၍ ဆောင်ရွက်နေကြရမည်။ နေမင်းသည်နံနက်တိုင်း အရှေ့အရပ်မှထွက်လာသကဲ့သို့ ဗမာပြည်ကြီးသည်လည်း တစ်နေ့လျှင်လည်း ထည်ထည်ဝါဝါနှင့် နေနိုင်သောခေတ်ကို ရောက်ရှိလာမည်မှာလည်း ဧကန်မလွဲပင်ဖြစ်သည်။ ဗမာတို့သည် မိမိအိမ်မှအိမ်၊ မိမိရွာမှရွာဟုမှတ်တတ်သော ကိုယ့်အိမ်ကိုယ်သာချစ်ခင်သည့် စိတ်ဓာတ်ကိုဖျောက်ဖျက်သင့်သည်။ မြောက်ဖက်ပူတာအိုမှ တောင်ဖက်ဝိတိုရိယအငူ၊ နောက်ဖက်အိန္ဒိယနယ်စပ်မှ အရှေ့ဖက်ယိုးဒယားနယ်စပ်အထိဖြစ်သော ဗမာတစ်ပြည်လုံးကိုမှ မိမိအိမ်၊ မိမိရွာဟူ၍ ချစ်ခင်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြရပေမည်။ ထို့သို့ဆောင်ရွက်မှသာ ဗမာဟူသောအမည်နှင့် ထိုက်တန်ကြပေမည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. "မူရင်းစာသားမှာ "ယိုးဒယားနဲ့ ကုလားကိုပါ" ဟူ၍ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
  2. ၂.၀ ၂.၁ တို့ဗမာအစည်းအရုံးသမိုင်း၊ စာ ၂၅–၂၈