ဌာပနာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဌာပနာဆိုသောစကားသည် ပါဠိမှ ဆင်းသက်လာသော စကားဖြစ်၏။ ပါဠိအမှန်ကား ဌပနာ ဖြစ်၏။ ဌပနာကိုပင် ဝါစာသိလိဖြစ်စေရန် ဌ၌အချထည့်၍ ဌာပနာဖြစ်လာသည်။ မြတောင်ဆရာတော် ဘုရားကြီး ရေးသားအပ်သော ပုဂံမြို့ ဘုရားတဆယ့်ခုနစ်ဆူ သမိုင်း၌ ပါဠိအတိုင်းဌပနဟူ၍လည်းကောင်း၊ ပခုက္ကူမြို့ အဂ္ဂမဟာပဏိတ အရှင်နန္ဒဝံသစီရင်ရေးသားအပ်သော ပုဂံမြို့ ရွှေစည်းခုံ သမိုင်းသစ်ကျမ်း၌ ထပနာဟူ၍လည်းကောင်း ရေးသားသည်ကိုတွေ့ရ၏။ ဌဝမ်းဘဲ နှင့် ထဆင်ထူးကား အနက်အဓိပ္ပာယ်တူတူပင် ဖြစ်သည်။
ဌပနာ၏အနက်အဓိပ္ပာယ်ကား စေတီပုထိုးတည်ထားရာနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် တည်ထားရာဝယ် သင့်လျော်သောနေရာ၌ အမြတ်တနိုးကိုးကွယ်အပ်သောပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများကို အမြတ်တနိုးကိုးကွယ်ကြစေရန်၎င်း၊ မပျောက်မပျက်စေရန်၎င်း၊ အထိမ်းအမှတ်တစ်ခုအဖြစ် ကျန်ရစ်စေရန်၎င်း သိုမှီးသိမ်းဆည်းထားခြင်း ဖြစ်သည်။
အများအားဖြင့် ဌာပနာသောပစ္စည်းများကား ဘုရား ပစ္စက ဗုဒ္ဓါ၊ ရဟန္တာ၊ ပုထုဇဉ် သီလဝန္တဖြစ်သော ရဟန်း၊ စတြဝတေး မန်ဓာတ်မင်းတို့၏ သရီရဓာတ်တော်၊ ညှပ်ရိုးတော်၊ ဗောဓိပင်၊ ရုပ်ပွားဆင်းတုတော်၊ ရဟန်းတို့အသုံးအဆောင် ပရိက္ခရာရှစ်ပါး၊ အခြားအသုံးအဆောင်များ၊ ပိဋကတ်တော် ဓမ္မက္ခန္ဓာများ၊ သျွှ ဌာန ပုံတော်များမှစ၍ ဘုရားဖြစ်တော်စဉ် ပုံတော်များ၊ ဘုရား လောင်းတော် ဖြစ်တော်စဉ်ပုံတော်များ၊ ဘုရားဒါယကာ ဒါယိကာမတို့ ဖြစ်စဉ်ပုံများ၊ လူတို့အသုံးအဆောင်များဖြစ်သည်။
ရှေးရှေးခေတ်ဌာပနာပုံ
[ပြင်ဆင်ရန်]ဌာပနာသော အလေ့အထမှာလည်း ယခုအခါမှ ဖြစ်ပေါ် လာသော အလေ့အထမဟုတ်၊ ကမ္ဘာရှည်ဝေး ရှေးရှေးအခါက ပင် ဖြစ်ပေါ်လာခဲ့သော အလေ့အထဖြစ်သည်။
ဂေါတမဘုရားလောင်း နိယတဗျာဒိတ်ခံရာ ဒီပင်္ကရာ ဘုရားအစ ကဿပဘုရားအဆုံးရှိ နှစ်ကျိပ်လေးဆူသော ဘုရား တို့တွင် ဒီပင်္ကရာဘုရား၏ ဓာတ်တော်တို့ကို သုံးဆယ့်ခြောက် ယူဇနာမြင့်သောစေတီ၌ ဌာပနာသည်။ ကောဏညဘုရား၊ ဝိပဿီဘုရားတို့၏ ဓာတ်တော်တို့ကို ခုနစ်ယူဇနာမြင့်သော စေတီ၌၊ မင်္ဂလဘုရား၏ဓာတ်တော်တို့ကို ယူဇနာသုံးဆယ် မြင့်သောစေတီ၌၊ သုမနဘုရား၊ နာရဒဘုရား၊ သိဒ္ဓတ္ထဘုရားတို့ ၏ ဓာတ်တော်တို့ကို လေးယူဇနာမြင့်သောစေတီ၌၊ အနောမ ဒဿီဘုရား၏ ဓာတ်တော်တို့ကို နှစ်ဆယ့်ငါးယူဇနာမြင့်သော စေတီ၌၊ သုဇာတဘုရား၏ ဓာတ်တော်တို့ကို သုံးဂါဝုတ်မြင့် သော စေတီ၌၊ ပဒုမျွှရဘုရား၏ ဓာတ်တော်တို့ကို တစ်ဆယ့် နှစ်ယူဇနာမြင့်သော စေတီ၌၊ တိဿဘုရား၊ ဓမ္မမ္ဿီဘုရား၊ ပိယဒဿီဘုရား၊ သိခီဘုရားတို့၏ ဓာတ်တော်တို့ကို သုံးယူဇနာ မြင့်သော စေတီ၌၊ ကကုသန်ဘုရား၏ ဓာတ်တော်တို့ကို တစ်ဂါဝတ်မြင့်သော စေတီ၌၊ ကဿပဘုရား၏ဓာတ်တော်တို့ကို တယူဇနာမြင့်သော စေတီ၌ ဌာပနာသည်။
ရေဝတဘုရား၊ သောဘိတဘုရား၊ ပဒုမဘုရား၊ သုမေဓာ ဘုရား၊ ဖုဿဘုရား၊ အတ္ထဒ္ဿီဘုရား၊ ဝေ္ဿဘုရား၊ ကောဏ ဂုံဘုရားတို့၏ ဓာတ်တော်တို့ကို ဌပနာသော စေတီတိုက်ရိုက် အဆိုမရှိသော်လည်း၊ ထိုထိုအရပ်ဒေသသို့ ဓာတ်တော်ပျံ့နှံ့သည် ဟု အဆိုရှိသဖြင့် ရောက်ရာအရပ်၌ စေတီတည်၍ ဌာပနာသည် ဟု ယူဆရန်ရှိသည်။
ထိုနှစ်ကျိပ်လေးဆူသော ဘုရားလောင်းတို့တွင် ဒီပင်္ကရာ ဘုရားလောင်း၊ ရေဝတဘုရားလောင်း၊ နာရဒဘုရားလောင်းတို့ ဆံတော် ဝတ်လဲတော်တို့ကို စေတီတည်၍ ဌာပနာကြောင်း အဆိုရှိသဖြင့် ကြွင်းသောဘုရားလောင်းတို့၏ ဆံတော် ဝတ်လဲ တော်တို့ကိုလည်း စေတီတည်၍ ဌာပနာသည်ဟု ယူဆရန်ရှိ သည်။
မဇ္ဈိမဒေသခေတ်ဌာပနာပုံ
[ပြင်ဆင်ရန်]ဂေါတမဘုရားလောင်း တောထွက်တော်မူသောအခါ ပယ်အပ်သောဆံတော်ကို သိကြားမင်းယူ၍ တာဝတိံသာနတ် ပြည်ဝယ် သုံးယူဇနာမြင့်သော စူဠာမဏိစေတီ၌ ဌာပနာသည်။
ပရိနိဗ္ဗာန် စံတော်မူသောအခါ လက်ယာ အထက်စွယ်တော်နှင့် လက်ယာညှပ်ရိုးတော်တို့ကိုလည်း ယင်း စေတီ၌ပင် ဌာပနာသည်။ ရဟန်းပြုသောအခါ ဝတ်လဲတော်အစုံ ကို ဃဋိကာရဗြဟ္မာကြီးဟူ၍ အကနိဘြုံဝယ်တဆယ့်နှစ်ယူဇနာ မြင့်သော ဒုဿစေတီ၌ ဌာပနာသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ အသွင် သဏ္ဌာန် ကွဲပြား၍တည်သော ဘိန္နဓာတ်တော်များစွာနှင့် အသွင် သဏ္ဌာန်မကွဲမပြား ပကတိအတိုင်း တစ်သားတည်းတည်သော အသမ္ဘိန္နဓာတ်တော် ခုနစ်ဆူဟု ကြွင်းကျန်ခဲ့ရာ၊ ရှစ်ပြည်ထောင် မင်းတို့အား ဒေါဏပုဏ္ဏားဝေပေးသော ဘိန္နဓတ်တော်ရှစ်စု တို့တွင် တစ်စုကို ရာဇဂြိုဟ်ပြည်၌၊ တစ်စုကို ဝေသာလီပြည်၌၊ တစ်စုကို ကပိလဝတ်ပြည်၌၊ တစ်စုကို အလ္လကပ္ပတိုင်း၌၊ တစ်စုကို ရာမရွာ၌၊ တစ်စုကို ဝေဌဒီပတိုင်း၌၊ တစ်စုကို ကုသိနာရုံပြည်၌ စေတီတည်၍ ဌာပနာသည်။ ဓာတ်တော် ချင့်သော အိုးကို တက္ကသိုလ်ပြည်၌၊ စန္ဒကူးမီးသွေးကို မောရိယ ပြည်၌စေတီတော်တည်၍ ဌာပနာသည်။
အသမ္ဘိန္နဓာတ်တော် ခုနစ်ဆူတို့တွင်၊ နဖူးသင်းကျစ်တော် ကို သီဟိုဠ်ကျွန်း၌ ဌာပနာသည်။ လက်ဝဲညှပ်ရိုးတော်ကို ဗြဟ္မာ ပြည်၌ စေတီတည်၍ ဌာပနာသည်။ လက်ယာညှပ်ရိုးတော်ကို သီဟိုဠ်ကျွန်း ထူပါရုံစေတီ၌ ဌာပနာသည်။ စွယ်တော် လည်ရိုးတော်ကို သီဟိုဠ်ကျွန်း မဟိယဂင်္ဏစေတီ၌ ဌာပနာ သည်။ သွားတော်၊ ဆံတော်၊ မွေးညှင်းတော်၊ ခြေသည်းတော်၊ လက်သည်းတော်တို့ကို စကြဝဠာအဆက်ဆက်သို့ ဆောင်ယူ လျက် နတ်များကိုးကွယ်ကြ၏။ မှတ်ချက်။ ။(ဗုဒ္ဓဝင်ပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်ပါဠိတော် တို့၌ လည်ရိုးတော်မပါရှိသော်လည်း၊ မဟာဝင်၊ ထူပဝင်၊ နလာဋဓာတုဝင်၊ ဒါဌာဓာတုဝင်တို့၌ ပါရှိသောကြောင့် ထည့်သွင်းရေး သားလိုက်သည်။ ယင်းလည် ရိုးတော်၊ သွားတော်၊ ဆံတော်၊ မွေးညှင်းတော်၊ ခြေသည်းတော်၊ လက်သည်းတော်တို့ကို အသမ္ဘိန္နဓာတ်ဓာတ်တော်ဟု တိုက်ရိုက် အဆိုမရှိသော်လည်း၊ မကွဲမပြား ပကတိအတိုင်း တစ်သား တည်းတည်သော ဓာတ်တော်များဖြစ်၍ အသမ္ဘိန္နဓာတ်ဓာတ် တော်သို့ သွင်းယူသင့်သည်။)
သပိတ်တော်၊ တောင်ဝှေးတော်၊ သင်္ကန်းတော်တို့ကို ဝဇီရပြည် ၌၊ သင်းပိုင်တော်ကိ ကုလဃရမြို့၌၊ အပေါ်လွှမ်းအခင်းတော်ကို ကပိလဝတ်ပြည်၌၊ ဓမ္မကရိုဏ်ရေစစ်တော်၊ ခါးပန်းကြိုးတော် တို့ကို ပါဋလိပုတ်ပြည်၌၊ ရေသနုပ်တော်ကို စမ္ပာပြည်၌၊ ဥဏ္ဏ လုံမွေးရှင်တော်ကို ကောသလတိုင်း၌၊ နိသိဒိုင်အခင်းတော်ကို အဝန္တိတိုင်း၌၊ ပွတ်ခုံတော်ပွတ်ကျည်တော်တို့ကို မိဓိလာပြည်၌၊ ပုဝါရေစစ်တော်ကို ဝေဒေဟတိုင်း၌၊ ပဲခွပ်တော်၊ အပ်ကျည် တော်တို့ကို ဣန္ဒပနြဂိုရ်ပြည်၌၊ ကြွင်းသောပရိက္ခရာများကို အပရန္တတိုင်း၌ စေတီတည်၍ဌာပနာလေသည်။
ပထမသင်္ဂါယနာတင်ပြီးနောက်၊ အရှင်မဟာကဿပသည် အနာဂတံသညာဏ်ဖြင့် ကြည့်ရှုလတ်သော်၊ ဒေါဏပုဏ္ဏားဝေပေး သော ဓာတ်တော်ရှစ်စုတို့တွင် ရာမရွာစေတီ၌ ဌာပနာသော ဓာတ်တော်အစုကိုထား၍ ကြွင်းသောဓာတ်တော်ခုနစ်စုတို့ နောင် အခါ အန္တရာယ်ဖြစ်မည်ကို မြင်တော်မူသဖြင့် ဓာတ်တော်တို့ကို သီတင်းသုံးရာ စေတီတို့၌ အနည်းငယ်စီချန်ထားခဲ့၍ တန်ခိုး တော်ဖြင့်ဆောင်ယူပြီးလျှင် ဌာပနာရန် အဇာတသတ်မင်းအား ပေးသည်။
အဇာတသတ်မင်းလည်း ရာဇဂြိုဟ်မြို့တော်၏ အရှေ့ တောင်ကုန်း မြင့်မောက်သောနေရာ၌ အတောင်ရှစ်ဆယ်နက် သော တွင်းကိုတူး၍ ဌာပနာသည်။ ထိုဌာပနာခြင်းအကြောင်းကို ဇိနတ္ထပကာသနီ ဒသမ္မတွဲ၌၊ 'တူးသောတွင်းသည် အတောင်ရှစ်ဆယ်နက်လေသော်၊ အောက်၌သံပြားကို ခင်းစေ၍၊ သီဟိုဠ် ကျွန်းထူပါရုံစေတီ ပမာဏရှိသော ကြေးနီဖြင့် ပြီးသောကျောင်းကိုပြုစေ၏။ ထိုအတွင်း၌ သာယာစွာ ခင်းကျင်းပြီးသော် ဓာတ်တော်တို့ ကို စန္ဒကူးကြုတ်ရှစ်လုံးတို့၌သွင်း၍၊ ထိုအထက်၌ ရွှေ ကြုတ်ငွေကြုတ် မွမ်းမံပြီးလျှင်၊ ထပ်ကာထပ်ကာ ရတနာ ကိုးပါး ဖြစ်သောကျောက်တို့ကို ထွင်း၍၊ အထပ်ထပ်သွင်း ပြီးမှ၊ အပေါ်ကမူကား ပျွှမြားပြောက်ကျောက်ကို စေတီ ပြု၍ထား၏။'ဟူ၍လည်းကောင်း၊ 'နံပါးနှစ်ဘက်တို့၌လည်း ငါးရာ ငါးဆယ်သော ဇာတ်ရုပ်၊ သုဒ္ဓေါဒနမင်းကြီး၊ သီရိမဟာမာယာ မိဖုရား၊ ဘွားဘက်တော်သားတို့၏အရုပ်ကို၎င်း၊ ရွှေအတိ ကိုသွင်းလုပ်၍ ထားပေ၏။'ဟူ၍လည်းကောင်း အကျယ်တဝင့် ရေး သားထားသည်။
သထုံခေတ်ဌာပနာပုံ
[ပြင်ဆင်ရန်]သက္ကရာဇ် ၁ဝ၃ ခုနှစ် ဥက္ကလာပနေပြည်တော်၏ တောင်ဘက် ပေါက္ခရဝတီမြို့နေ တဖုဿု ဘလ္လိက ညီနောင်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ကူးသွားရာ မြတ်စွာဘုရား ပွင့်တော်မူ၍ လင်လွန်းပင်ရင်း၌ သီတင်းသုံးတော်မူခိုက် ကြုံသဖြင့် ပျားမုံ့ဆုတ်နှင့် မုံ့ကြွက်ကျစ်တို့ကို လှူဒါန်း၍ ဒွေးဝါစိက သရဏဂုဏ်ခံယူကာ ဥပသကာ ဖြစ်ကြပြီးလျှင်၊ မြတ်စွာဘုရားက ကိုးကွယ်ဆည်းကပ်ရန် ဆံတော်ရှစ်ဆူတို့ကို ပေးအပ်တော်မူသဖြင့် မိမိနေရာ ပေါက္ခရဝတီမြို့သို့ ပင့်ဆောင်လာ၍၊ ဥက္ကလာပမင်းကြီးထံအပ်နှံကြသည်။
ယင်းသည့်နှစ် တစ်ပေါင်းလတွင် သိင်္ဂုတ္တကုန်းတော်၌ မြေကိုတူးဖော်၍ဌာပနာတိုက်ဆေက်လုပ်ပြီးလျှင်၊ အဝသုံးတောင် အလျားခုနစ်တောင်ရှိသော ရွှေသင်္ဘောကို ဆောက်လုပ်၍၊ ယင်းအထက်တွင် မြပုခက်ကိုတင်ကာ၊ မြပုခက်ကို ရွှေဖြင့်သွန်းထု ထားသော တဖုဿ၊ ဘလ္လိကညီနောင်ရုပ်တို့က ဦးပဲ့ထမ်းလျက်၊ ပတ္တမြားကြုတ်တွင် ဆံတော်ရှစ်ဆူတို့ကို ထည့်သွင်း၍၊ ယင်းပတ္တမြားကြုတ်ကို ရွှေကြုတ်တွင်သွင်းကာ၊ မြပုခက်ပေါ်၌ ဌာပနာကြသည်။
ဌာပနာတိုက်ဆောက်လုပ်ရန် မြေကို တူးဖော်သော အခါ ရရှိသည့် ကကုသန်ဘုရား၏ တောင်ဝှေးတော်၊ ကောဏဂုံဘုရား၏ ဓမ္မကရိုဏ်ရေစစ်တော်၊ ကဿပဘုရား၏ ရေသနုပ်တော်တို့ကိုလည်း ပတ္တမြားကလပ် ၌ တင်၍ မြပုခက်ပေါ်၌ ဌာပနာကြသည်။ ဗြဟ္မာမင်း၊ သိကြားမင်းနှင့် မိဖုရားလေးပါး၊ ဥက္ကလာပမင်းနှင့် မိဖုရား သုဝဏ္ဏသူဌေးနှင့် သူဌေးကတော်တို့ ပုံတို့ကို ရွှေဖြင့်သွန်း၍ ဌာပနာကြသည်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူသောအခါ ဂဝမ္ပတိ ရဟန္တာသည် သွားတော် သုံးဆယ့်သုံးဆူကိုဆောင်ယူ၍ သုဝဏ္ဏဘူမိသထုံပြည် တိဿဓမ္မသီဟရာဇာမင်းကြီးအားပေးအပ်သဖြင့် မင်းကြီးက မိဖုရား သုံးကျိပ် သုံးပါးတို့အား တစ်ပါးလျှင် တစ်ဆူစီပေးအပ်လေ၏။ မိဖုရားတို့သည် အသီးအသီး ကျောက်စေတီ သုံးဆယ့်သုံးဆူတည်ထား၍ ဌာပနာကြလေသည်။
ပုဂံခေတ်ဌာပနာပုံ
[ပြင်ဆင်ရန်]‘ရွှေကြာအိုး၊ ပုထိုးစည်းခုံတည်’ ဟူသော ဆောင်ပုဒ်အရ၊ ရွှေစည်းခုံဘုရားကို သက္ကရာဇ် ၄၂၁ ခုနှစ် ပုဂံပြည်နော်ရထာ မင်း တည်ထားသည်။ နောက်သက္ကရာဇ် ၄၅၂ ခုနှစ်တွင် ကျန်စစ်သားမင်းသည် ရှိရင်းစေတီကို ငုံ၍ တည်ထားပြန်သည်။ ‘မွေတော်ဓာတ်ပေါင်း၊ စွယ်ချောင်းရိုးညှပ်၊ သင်းကျပ်နဖူး၊ ရှိမူးအသရေ၊ အထွေထွေတည်း’ဟု နဝဒေးကြီး ရွှေစည်းခုံဘုရား တိုင်ရတုတွင် အဆိုရှိသော်လည်း၊ ပခုက္ကူမြို့ အဂ္ဂမဟာပဏိတ အရှင်နန္ဒဝံသ စီရင်ရေးသားအပ်သော ရွှေစည်းခုံသမိုင်းသစ် ကျမ်း၌ ဂန္ဓာရတိုင်းကရခဲ့သော စွယ်တော်ပွား၊ မြဆင်းတုတော်၊ ကမ်းယံပြည်ကရခဲ့သော နဖူးသင်းကျပ်တော်၊ ညှပ်ရိုးတော်၊ ဒလမြို့မှရခဲ့သော ဆံတော်ဓာတ်တော်များကို ဌာပနာသည်ဟု အဆိုရှိသည်။
မဟာရာဇဝင်တော်ကြီးပထမတွဲနှင့် ပုဂံမြို့ ဘုရား တစ်ဆယ့်ခုနစ်ဆူသမိုင်းတို့၌ကား၊ နဝဒေးကြီး ရတုအတိုင်းပင် စွယ်တော်ပွား၊ ညှပ်ရိုးတော်၊ နဖူးသင်ကျပ်တော်၊ ဓာတ်တော် များ ဌာပနာကြောင်းကို ပြဆိုကြသည်။ မြဆင်းတုတော်နှင့် ဆံတော်မပါ၊ စွယ်တော်ပွားမှာလည်း၊ ဂန္ဓာရတိုင်းကရခဲ့သော စွယ်တော်ပွားမဟုတ်၊ သီဟိုဠ်ကျွန်းကရခဲ့သော စွယ်တော်ပွား ဖြစ်သည်။ ပညာရှင်တို့ ဆင်ခြင်၍ယူကြပါကုန်။
ပုဂံပြည် နရသီဟပတေ့မင်းသည် သက္ကရာဇ် ၆၃ဝပြည့်နှစ် တစ်ပေါင်းလဆန်း ၆ ရက်နေ့ တနင်္ဂနွေနေ့တွင် မင်္ဂလာစေတီ တော်ကို တည်ထားတော်မူသည်။ ထိုအခါ ‘ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်’ဟု တစ်ပေါင်ပေါ်သဖြင့် ဆက်၍မတည်ဘဲ ထားလေ၏။ ထိုအကြောင်းကို ပံသုကူထေရ်မြတ်သိလျှင် မင်း ကြီးအား ‘ဤပြည်နှင့်မင်း၊ မသေလျှင်းဘဲ နေရတုံအံ့လော’ မိန့်တော်မူသောအခါ၊ ဆက်၍တည်ထားပြန်လေ၏။
ထိုစေတီ၌ ဓာတ်တော်များကို ဌာပနာသည့်ပြင် နှစ်ကျိပ် ရှစ်ဆူပုံတော်များ၊ သတ္တဌာန ပုံတော်များ၊ အဂ္ဂသာဝက၊ မဟာ သာဝက ပုံတော်များ၊ လွန်လေပြီးသော ပုဂံမင်းငါးကျိပ်တစ်ပါး ပုံတော်များ၊ မိဖုရားမောင်းမမိဿံပုံများ၊ သားတော် သမီး တော်တို့ပုံများ၊ မှူးမတ် ကလန်သံပျင်တို့ ပုံများကို သွန်းထု၍ ဌာပနာသည်။ ပင်းယ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် ရှေ့ပိုင်းတို့၌လည်း စေတီတည်သောအခါ ဓာတ်တော်များ၊ ပိဋ ကတ်တော် ဓမ္မက္ခန္ဓာများ၊ ပုံတော်များကို သင့်လျော်သလို ဌာပနာကြသည်။
ကုန်းဘောင်ခေတ်နောက်ပိုင်း၌ ဌာပနာပုံ
[ပြင်ဆင်ရန်]သီပေါမင်းသည် သက္ကရာဇ် ၁၂၄၁ ခုနှစ်တွင် ရွှေမြို့တော် အရှေ့တောင်အရပ် မဟာသီရိဟေမဝန် ဥယျာဉ်တော်ဝယ် မာရ်အောင်ရတနာစေတီကို တည်ထားတော်မူရာ၊ ရှေးမင်းတို့ စေတီတည်သောအခါ ဌာပနာသွင်းသော အခမ်းအနားကို သုဓမ္မာဆရာတော်များထံ လျှောက်ထားစေသဖြင့်၊ ဝန်တို့ လျှောက်ထားသောအခါ၊ သုဓမ္မာဆရာတော်တို့က သီပေါမင်းထံ ဆက်သွင်းသောစာကို ‘မြန်မာအစိုးရတို့နှင့် သုဓမ္မာဆရာတော် တို့ ဆက်ဆံပုံ’စာအုပ်၌ အောက်ပါအတိုင်း တွေ့ရှိရသည်။ ‘သီဟိုဠ်ကျွန်း မဟာစေတီတော်၊ ပုဂံရွှေစည်းခုံဘုရား၊ စစ်ကိုင်း ရာဇမဏိစူဠဘုရား၊ အဝ လောကသရဘူဘုရား၊ အမရပုရ အောင်မြေလောကစေတီတော်၊ အမရပုရ မဟာ ဝိဇယရံသီပုထိုးတော်ကြီဘုရား၊ အမရပုရ လောကမုနိစူဠာ ဘုရားတို့တွင် ဌာပနာသွင်းသော အခမ်းအနားများမှာ ’သိဒ္ဓတ်မင်းသား ဘုရားအလောင်း ဘွားတော်မူသည်က စ၍ ပရိနိဗ္ဗာန်စံသည်တိုင်အောင် ရုပ်ပုံအခမ်းအနားများနှင့် တကွ သတ္တဌာနအစူအစဉ် ရုပ်ပုံသွင်းလုပ်၍ ဌာပနာသွင်း ရိုးရှိသည်။ ထိုသွင်းသည့် အရာများမှာလည်း မိန်းမ ယောက်ျားအရုပ်သဏ္ဌာန်၊ ဆင်မြင်းအရုပ် သဏ္ဌာန်ပါရှိ သည်ကို နုတ်ပယ်ပြီးလျှင် ယခုတည်တော်မူသည့် မာရ်အောင်ရတနာ ကုသိုလ်တော်မှာ ဘုရားဖြစ်တော်မူ သည်ကစ၍ သတ္တဌာန ရုပ်ပုံဆင်းတုတော်အသွင်၊ လေးဆယ့်ငါးဝါကာလပတ်လုံး ဝါဆိုတော်မူသည့် အစူ အစဉ် ရုပ်ပုံအဆင်းတုတော်အသွင်၊ ပထမသင်္ဂါယနာတင် တော်မူရာ ရဟန္တာငါးရာရုပ်တုတော်၊ ဒုတိယသင်္ဂါယနာ တင်တော်မူရာ ရဟန္တာခုနစ်ရာရုပ်တုတော်၊ တတိယသင်္ဂါယနာ တင်တော်မူရာ ရဟန္တာတထောင်များကို ငွေဆင်းတု ကျောက်သလင်းဆင်းတု ထုလုပ်၍ ဌာပနာသုံးတိုက်တွင် ငွေကြုတ်၊ ရွှေကြုတ်၊ ပတ္တမြားကြုတ်များနှင့် ထည့်သွင်း ၍၊ ပိဋကတ်သုံးပုံကျမ်းဦးဂါထာနှင့် ဓမ္မစကြာပါဠိ ပဌာန်း နှစ်ဆယ့်လေးပစ္စည်း ပါဠိ၊ ပဋိစ္စသမ္မုပါဒ် ပါဠိများကို ရွှေပြား ငွေပြား ကြေးနီပြားများတွင် ရေးသားထုလုပ် ဌာပနာသွင်းထားရလျှင်၊ အထူးသဖြင့် သာလွန်မြင့်မြတ် ရှိမည်အကြောင်းကို စာသွင်းအပ်သည်။ သာသနဒါယကာ မဟာဓမ္မရာဇ်မင်းမြတ်။'
အထက်ပါသွင်းစာအရ သီပေါမင်း၏ စေတီတော်ဝယ် ဌာပနာသွင်းရာ၌ မိန်းမ ယောက်ျား အရုပ်သဏ္ဌာန်၊ ဆင်မြင်း အရုပ်သဏ္ဌာန် မပါရှိကြောင်းထင်ရှားသည်။ ရှေးခေတ်စေတီများ ဝယ် ဌာပနာသွင်းရာ၌ကား အစုံအလင်ပါရှိသည်ကိုတွေ့ရသည်။ ဗိုလ်တထောင်စေတီတော် ဌာပနာတိုက်ဝယ်၊ ပုတီး၊ နားဍောင်း လက်ကောက် လက်စွပ်များကိုလည်း တွေ့ရသည်။ ရွှေမော်ဓော စေတီတော် ဌာပနာတိုက်၌ နံ့သာသွေးသော ကျောက်ပြင်ကိုပင် တွေ့ရသည်။
ထိုကြောင့် ဌာပနာသွင်းရာ၌ မြတ်စွာဘုရား၏ သရီရ ဓာတ်တော်တို့ကို ပဓာနထား၍ ဘုရားဒါယကာများ၏ စေတနာ အင်အား ပစ္စည်းအင်အားအလျောက် အမျိုးမျိုးအဖုံဖုံ လှူဒန်း ခြင်း ထည့်သွင်းဌာပနာခြင်းများကို အပြစ်မဆိုသာ ချီးကျူးဖွယ် ရာ အတုယူသင့်သောအရာ၌ အတုယူဖွယ်ရာဖြစ်ကြောင်း ကောင်းစွာ သတိချပ်သင့်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)၌ ဦးကြီးဖေ ရေးသားသည့် ဌာပနာ