ရွှေတိဂုံဖွဲ့စာများ

ဝီကီပီးဒီးယား မှ


(၁) ဟင်သာဝတီ ရွှေဒဂုံဘုရားတိုင်ရတု[ပြင်ဆင်ရန်]

၁။ ဒဂုံမွေရှင်၊ သိင်္ဂုတ်တွင်နှိုက်၊ ရှင်ပင်သစ္စာ၊ ပွင့်သောခါဝယ်၊ ခြောက်ဌာနလွန်၊ တဖန်ရက်စေ့၊ ပြည်သည့်နေ့နှိုက်၊ ကြုံတွေ့လျှင်းအောင်း၊ မြတ်ညီနောင်လျှင်၊ရည်စောင်ကြည်ဖြူ၊ ပျားဆုပ်လှူ၍၊မဉ္ဇူဆံမွေ၊ ကိုးကွယ်စေကာ၊ ထိပ်ဗွေဆောင်ရွက်၊ သည်တောင်ထက်ဝယ်၊ ကျိုက်ပွက်ကြေညာ၊ ကျော်ဝှန်ဝါသား၊ ဌာပနာတွေ၊ တည်ခဲ့ပေသည်၊ ဆံမွေရုံးစု၊ သဗ္ဗညုကို၊ ယခုဆောက်တည်၊ တောင်းဆုရည်သည်။ ။ ပြည့်မည်ခန့်စီ ရင်စေသောဝ်


၂။ မစုံပေချင်၊ ချက်တွေ့မြင်က၊ ရွှေစင်စတေ၊ မြေကဖြိုးမောက်၊ ပေါက်တို့သည်လော၊ တွေးတောမူးမော်၊ အောက်မေ့သော်မူ၊ ရှူမြော်မရဲ၊ မလဲလဲလျှင်၊ မစဲမညံ၊ ရွှေတိလျှံမျှ၊ ပတ်ရံညွန့်ဝန်း၊ ခပ်သိမ်းပန်းလည်း၊ ရန်းရန်းရစ်ရစ်၊ ခေါက်နစ်သွယ်ဆင့်၊ ကုံးမြှောက်တင့်လျှက်၊ စွင့်စွင့်သပ္ပါယ်၊ တောင်ထိပ်ကျယ်ထက်၊ ပင်လယ်ထုတ်သန်း၊ ဝင်းဝင်းထွန်းမျှ၊ ဝေးလွန်းခရီး၊ မြင်သော်နီး၏၊ မဆီးမိုက်ဝှန်၊ ရှင်တော့်ဟန်ကို၊ တောင်းပန်ခန့်ကွက်၊ ပြည့်မည့်ရက်သည်။ ။ နေတက်၏သို့ လျင်စေသောဝ်


၃။ အဟုန်လေလျှင်၊ ပီတိရွှင်၍၊ ရောက်ချင်ဆွတ်ဆွတ်၊ ဗွေထိပ်ထွတ်နှိုက်၊ လူနတ်တို့၏၊ စိတ်ကိုဖြည့်ထား၊ ရွှေမှည့်မင်းစံ၊ အလျှံခြောက်ပါး၊ ရှင်တော့်စားကို၊ အသွားတဖန်၊ အပြန်တခါ၊ သဒ္ဓါဆုယူ၊ တောင်းသည်မူကား၊ စင်ဖြူသဘော၊ မြတ်မောမျိုးမည်၊ တည်ကြည်လျောက်ပတ်၊ ညက်မွတ်လျှံညီး၊ ကြာဝယ်ကြီးသို့၊ မနီးပြစ်ဆို၊ ပြာလဲ့ညိုနှင့်၊ တကိုယ်ရစ်နှောင်၊ ပျော်ရအောင်လျှင်၊ ဉာဏ်ရောင်စက်ခြည်၊ ဖြည့်ပေသည်ဟု၊ လူ့ပြည်မိုးမြေ၊ ပျော်ဝှန်စေလော့၊ တင့်နေမူယူ၊ လှမျိုးဟူက၊ မည်သူမပေါင်း၊ စံဖြစ်ကောင်းသည်။ ။ ရှင်နှောင်းနှောင်းသ ခင်ပေသောဝ်(နဝဒေး)

(၂) ဟင်သာဝတီ ဒဂုံဆံတော်ရှင်ဘုရားတိုင်ရတု[ပြင်ဆင်ရန်]

၁။ ဇမ္ဗူသာလျှင်၊ ဂီဝါရောင်ခြည်၊ ရံဝန်းလည်၍၊ တွင်မည်ဒဂုံ၊ လူနတ်ယုံသည်၊ ကြေးမုံရတနာ၊မြဆန်ကြာကို၊ ပန်ထွာရအောင်၊ ယူချေဆာင်မှ၊ ညီနောင်သမုတ်၊ သည်တွင်ထုတ်၍၊ သိင်္ဂုတ္တရ၊ ဟေမတောင်ညွန့်၊ တောင်မြတ်စွန့်ထက်၊ ပယ်ဟန့်နေဝါ၊ ကိုးမည်သာတည့်၊ ဂီဝါရည်ရှင်၊ မကိုဋ်ဆင်သည်၊ သဘင်လွန်ကဲ၊ ကန်တော့ပွဲဝယ်၊ ပျံဝဲတိမ်ထွတ်၊ ဇောတိရသ်သို့၊ နှိုင်းလွတ်နိုင်ရာ၊ လှထွတ်ချာကို၊ ကြမ္မာညွှန်ပြ၊ မြင်ပါရသည်။ ။ ဟင်သကြက်သ ရေတကား


၂။ ဆံမြူမြွာလျှင်၊ တင့်ဆင်းပြင်မူ၊ ကြာတွင်လတ်လတ်၊ ယူချဆွတ်သို့၊ မင်းဝတ်စံထိုက်၊ ရွှန်းရွှန်းမြိုက်သား၊ နတ်နှိုက်သိင်္ဂါ၊ ဒွါဒရာနှင့်၊ မလ္လာသူရပ်၊ တိုင်းကဖွပ်သည်၊ ပန်းသပ်ကြိုင်စွာ၊ ကျည်းခါသာကို၊ စွန်းပါရစ်သိုင်း၊ ကန်တော့ဆိုင်းမှ၊ တင့်နှိုင်းလည်ဝယ်၊ ဘယက်သွယ်နှင့်၊ နားဝယ်မျက်နှစ်၊ ဇမ္ဗူရစ်တိ၊ မြစစ်စူဠာ၊ ဆံကေသာလည်း၊ ညိုဝါရံဆိုင်း၊ ရှေ့နောက်ဆိုင်း၍၊ စံနှိုင်းဘက်ကျွန်း၊ စောဘုန်းထွန်းသို့၊ လေးကျွန်းလုံးမှာ၊ ပတ်မျှရှာလည်း၊ စကြာပျံကြွ၊ ဘွေမရသည်။ ။ မြင်ရခက်ပ ချေတကား


၃။ ကြံယူခါလျှင်၊ ဆင်တိုင်းပင်တည့်၊ သည်လျှင်အသက်၊ ကိုယ်မထွက်တည့်၊ နှင်းဆက်နှင်နှင်၊ ချစ်ခေါင်တင်၍၊ ပည်းဖြင်ထောင်ရာ၊ ကမ္ဘာဘာက၊ များစွာသင်္ချေ၊ ကြိုးချင်လေ၏၊ မြူတေတမွတ်၊ ဖြူဝင်းထွတ်ကို၊ မျက်မှတ်တက်၍၊ မြတ်လတ်နေ့က၊ မမေ့ဖြေဖျော်၊ အကြောင်းတော်မူ၊ ရှင်တော်တကာ၊ သုံးလူ့ချာသို့၊ သစ္စာပွင့်ချပ်၊ ဗျာဒိတ်ရပ်ဝယ်၊ ပေးအပ်လှူဒါ၊ ဝါသနာနှင့်၊ သံသာချရေ၊ မသွန်းချသော်၊ မြင်လေခါတည့်၊ လွန်ပျောင်းချည့်သား၊ နတ်၏သရေ၊ ကြင်ဘွယ်ပေတည့်၊ သုံးရွေရံခ၊ လဲ့လဲ့မြသည်။ ။ ကြင်စသက်မ ဝေတကား(နဝဒေး)

(၃) ဟင်သာဝတီ ဆံတော်ရှင် ဘုရားတိုင်ရတု[ပြင်ဆင်ရန်]

၁။ စူဠာမွေရှင်၊ ကျော်ဇောထင်သား၊ သုံးခွင်ရပ်သူ၊ နတ်နှင့်လူကို၊ ဆုယူချီးပင်း၊ ဉာဏ်တော်ချင့်၍၊ ရွှေဖြင့်ညီးညီး၊ ရွှေရည်စီးမျှ၊ ဘုန်းမီးရောင်ထွန်း၊ မှောင့်မျိုးကျွန်းသား၊ ဦးစွန်းဓာတ်စု၊ ဆင်ဖြူ့သခင်၊ ဘဝရှင်၏၊ ဥကင်နန်းမြင့်၊ ပြာသာဒ်နှင့်သော်၊ မတင့်စရာ၊ ရှေ့မျက်နှာက၊ နေဝါထွန်းသီ၊ ရွှေစေတီသည်။ ။ လူးညီမြဆံ ရှင်တကား


၂။ ဂူဟာရွှေစင်၊ လိုဏ်တွင်မုတ်နှိုက်၊ ပန်းပင်မဉ္ဇူ၊ ရောက်သောတူလျှင်၊ ဆွတ်ယူခိုင်လှ၊ နတ်တို့သ၍၊ ဆွတ်ဆွတ်ညွတ်ကြည်၊ ပူဇော်သည်ကား၊ ခက်ရှည်ထူးခြား၊ ထွေဆန်းပြားစွ၊ ပတ္တမြားရိုးတံ၊ နှစ်စီခံသို့၊ ချံရပ်ထွေလည်၊ နီလာရည်ဝယ်၊ တင့်ကြည်လွန်ကဲ၊ ရွှေရည်စွဲသို့၊ ပုလဲထပ်လောင်း၊ နှာမောင်းပြောက်သွယ်၊ သန္တာနှယ်ဝယ်၊ အလယ်ဖြူစင်၊ မုတ်နန်းငင်သို့၊ မျက်ရှင်ကြောင်လား၊ ဝတ်ဆံဖျားဝယ်၊ ငုံအားယူသင့်၊ ခါကိုလင့်၍၊ ပွင့်သည်လှိုင်ကြူ၊ ခိုင်လုံးယူလျက်၊ ဇမ္ဗူနာရီ၊ ထွေလာစီသည်။ ။ ကုံးသီလှစံ တင်တကား'


၃။ တူသာနေချင်၊ လွန်ကဲကြင်၍၊ မှတ်ထင်နှိုင်းဘွယ်၊ မြကုံးသွယ်ကို၊ လည်ဝယ်ခွေပတ်၊ ဆင်မတတ်တည့်၊ ထက်နက်ဆင်းပြင်၊ ရွှေများရှင်နှင့်၊ သည်တွင်နှစ်လ၊ စုံနေကျဟု၊ ဇောတမျက်ရှင်၊ ပွတ်ကြည်စင်သို့၊ မရွှင်လှည့်လော၊ လွမ်းလှမောစွ၊ ပျိုချောမွတ်လဲ့၊ ပြာနွဲ့နွဲ့ကို၊ ချဲ့ချဲ့သည်းအူ၊ မြော်ကာဆူမျှ၊ ပျံကြူကြိုင်ဧး၊ ရွှေရင်မွှေးလည်း၊ လုံနွေးမပေါင်း၊ ရာသီပြောင်းက၊ ချမ်းဆောင်းကုန်စင်၊ နွေသို့ဝင်သော်၊ အလျင်ရွယ်ချူ၊ ပျောက်လိုဟူ၍၊ သုံးလူထွတ်ထား၊ မြတ်ဘုရားဝယ်၊ ကိုယ်စားရည်ထင်၊ ပန်းခိုင်တင်လျက်၊ နေဝင်ခါကောင်း၊ ပြည့်တပေါင်းတွင်၊ ဆယ်ချောင်းလက်မှီ၊ ရွှေကြာသီသည်။ ။ ရုံးပြီညယံ တွင်တကား(နဝဒေး)

(၄) ဟင်သာဝတီ ရွှေဒဂုံဘုရားတိုင်ရတု[ပြင်ဆင်ရန်]

၁။ တက်ခေါင်တိုင်၍၊ ရွှေစိုင်ရွှေနှစ်၊ ရွှေစင်စစ်ကို၊ သီရစ်ပုံပြင်၊ ခန့်စီရင်လျက်၊ ပွတ်တင်မျက်နှာ၊ ဗြဟ္မာဆောင်သွား၊ သိကြားကြိုးပတ၊ နတ်ကားငင်စေ၊ စူးဆောက်ထွေဖြင့်၊ ပွတ်ရွေပြီးမြောက်၊ တည်လှာရောက်သို့၊ မောက်မောက်ရောင်ထိန်၊ လျှံရှိန်တက်ဖြိုး၊ တန်ခိုးတေဇာ၊ အဝါအလျှံ၊ မညံမစဲ၊ ပျံဝဲမတိတ်၊ လျှမ်းလျှမ်းဘိတ်သည်။ ။ ညိုးညိတ်ထွန်းတက် ပတ်မျှစက်


၂။ ပတ်မြှောင်ဆိုင်၍၊ ထောက်ပြိုင်မတည်၊ မိုးသားရှည်သား၊ လင်းစည်ဝင်းချိပ်၊ ဒဂုံထိပ်ဝယ်၊ မာရ်နှိပ်ပယ်စင်၊ စူဠာရှင်နှင့်၊ ရှင်ပင်တထူး၊ နှစ်ပါးဦးလျှင်၊ ကျေးဇူးလက်ငင်း၊ ဝေလျှင်းဆုယူ၊ ခပ်သိမ်းသူတို့၊ ကြည်ဖြူစက်အောက်၊ ညွတ်ခလျှောက်သော်၊ ကင်းပျောက်ငြိမ်းလွယ်၊ ဆုရွယ်တောင့်တ၊ မချွတ်ရတည့်၊ ကြောင့်ကြအပေါင်း၊ ပယ်စေပြောင်းသည်။ ။ တသောင်းကျွန်းချက် နတ်များထက်


၃။ ချွတ်ဆောင်နှိုင်၍၊ မပြိုင်ရာလှည့်၊ ဘက်မရှည့်ကို၊ တောင်းမည့်လက်ဦး၊ ကျေးဇူးခဲတွေ၊ သရေခေတ္တ၊ ပြည်မအုပ်မိုး၊ သတိုးရန်နင်း၊ တို့မှန်ကင်းလျှင်၊ အစင်းတရာ၊ ကာသမျှတွင်၊ နေလရောင်လို၊ မြွက်ဆိုဆုတောင်း၊ လျှောက်ပြန်တောင်းမှ၊ ဆွေဟောင်းယှဉ်နွဲ့၊ ပြာချောလဲ့နှင့်၊ သုံးဆဲ့တတည်၊ ပြည်များအထွတ်၊ ရောက်စိမ့်ညွတ်သည်။ ။လေးမြတ်စုံမက် မှတ်ကြသက်(နဝဒေး)

(၅) ရွှေတိဂုံသမိုင်း ဧကပိုဒ်[ပြင်ဆင်ရန်]

သိင်္ဂုတ္တရ၊ ကုန်းလှမြတ်စွာ၊ အမည်မှာမူ၊ သတ္တာဘုမ္မိ၊ ဘူရိဒတ္တ၊ ပေါက္ခရဝတီ၊ သီဟရာဇာ၊ တမ္ဗာဂုတ္တ တိဂုမ္ဗ(မ္ဘ) ဟု၊ သတ္တနာမံ၊ ကမ္ဗည်းခံ၏။ ကုန်းရံကိုးဆယ်၊ ကိုးခုသွယ်ရှင့်၊ ရှေ့ဝယ်မျက်နှာ၊ ဓမ္မပူရ၊ တောင်ရပ်ကမူ၊ ဓညပူရာ၊ နောက်မျက်နှာဝယ်၊ ဝိဇယာပူရ၊ ဥတ္တရဒိသာ၊ မြောက်ရပ်မှာကား၊ ဥက္ကလာပ၊ မြို့လေးဝတည့်။ ပြုဗ္ဗဝတီ၊ ရေသီတာရစ်၊ အရှေ့မြစ်နှင့်၊ တလှစ်တောင်မှာ၊ ပဏ္ဏာနဒီ၊ သညီတွင်ဘိ၊ အသီတဉ္စန၊ ပစ္ဆိမတည့်၊ သုဝဏ္ဏဝတီ၊ မြောက်ရပ်မှီ၏။...


လေးလီမျက်နှာ၊ ခြံရံကာနှင့်၊ ကမ္ဘာဘဒ္ဒ၊ ပဌမယ်၊ စ၍ပွင့်မှန်၊ ကကုသန်မြတ်စွာ၊ ကောဏာဂမန၊ ကဿပဟု၊ တေဇဝင်းပြောင်၊ နောင်တော်သုံးပါး၊ မြတ်ဘုရားတို့၊ တည်ထားသည်ရှေး၊ တောင်ဝှေးရေစစ်၊ သင်္ကန်းဖြစ်ဟု၊ တံတစ်မော်ကွန်း၊ အစဉ်ထွန်းရှင့်၊ ရည်ညွှန်းနိမိတ်၊ ရှေးအတိတ်ဖြင့်၊ ဗျာဒိတ်ထပ်ဆင့်၊ ဆံတော်နှင့်သော်၊ လေးမည်ပေါ်သား။...


ကုန်းတော်မြတ်ခေါင်၊ တောင်ငါးဆယ်သာ။ အချင်းမှာမူ၊ ပြုဗ္ဗာပစ္ဆိမာ၊ ရှေ့နောက်မှာကား၊ လေးရာသုံးဆယ်၊ တတောင်ကယ်မှ၊ ဥတ္တရဒက္ခိဏာ၊ တောင်မြောက်မှာကား၊ လေးရာခြောက်ဆ၊ တောင်ဝယ်ဧက၊ ငါးသစ်မျှတည့်။...


ထီးမှနှစ်ဆယ်၊ စွန်းဝယ်ခြောက်တောင်၊ တမိုက်ဆောင်လစ်၊ လက်သစ်သတ္တ၊ အမြင့်ပြရှင့်၊ ထီးဝကိုးတောင်၊ နှစ်မိုက်ဆောင်၏၊ မြောက်တောင်နောက်ရှေ့၊ စေ့မြေ့သေသပ်၊ ဘိနပ်မှာမှ၊ နှစ်ရာ့နှစ်ဆယ်၊ စွန်းဝယ်ခြောက်တောင်။ အဝန်းဆောင်မူ၊ ကိုးရာဟူရှင့်။...


ထက်မူပတ်ခြံ၊ စေတီရံဝယ်၊ ရှစ်ဆယ်လေးဆူ။ အောက်မူတရာ၊ ခြောက်ဆယ်သာတည့်။...


သီဟာရူပ၊ ဒွေဝီသနှင့်၊ စစတွက်ရေ၊ ယင်းအနေတွင်၊ အောက်ခြေရံကာ၊ ပြာသာဒ်မှာမူ၊ ဆပညာသ၊ နောက်မှဆင့်ကာ၊ သမိုက်မှာလည်း၊ မပါမရှိ၊ နောက်မှသိတော့။


သီရိလျှံဝေ၊ ကျက်သရေနှင့်၊ ညာကြေအောက်ထက်၊ ဘဝဂ်တိုင်အောင်၊ ပျံ့နှံ့ဆောင်သား၊ ဘုန်းခေါင်ဓမ္မရာဇ်၊ ရှင်ချစ်မြတ်စွာ၊ စောသကျာ၏၊ ရင်းချာပိုင်းခြား၊ မှတ်စိမ့်ထားသည်၊ ဘုရားဆံရှင် သမိုင်းတည်း(ဝန်ကြီး ပဒေသရာဇာ)

(၆) ပဏာမပတ္ထနာ − ရွှေတိဂုံမြို့ဘွဲ့နှင့် ဆုတောင်း[ပြင်ဆင်ရန်]

သိင်္ဂုတ္တရေ သခံ ရမ္မေ၊ ဝသန္တာမှေ အဇာနိတွာ။ သာသနံ ဝါသံ ကေသိဉ္စံ၊ ဒန္တာ ဒေါသေန ဝက္ခိဿံ။

ရမ္မေ၊ နှလုံးမွေ့လျော်၊ ပျော်ဘွယ်ရှိထသော။


(ဝါ) ကိုးဆယ့်ကိုးကုန်း၊ တောင်ညိုလုံးဖြင့်၊ ပတ်ကုန်းရစ်သန်း၊ မရန်းကနစိုး၊ ပင်မျိုးစီလျဉ်၊ ပန်းဥယျာဉ်နှင့်၊ ချိုချဉ်ရသာ၊ များစွာစုရုံး၊ မြိုင်အုပ်ဖုံးသောကြောင့်၊ နှလုံးမွေ့လျော်၊ ပျော်ဘွယ်ရှိထသော။


(ဝါ) မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဟေဝန္တာက၊ စီးလှာပြိုင်းပြိုင်း၊ ဝေမှိုင်းမှိုင်းနှင့်၊ ဒီလှိုင်းဆုတ်တက်၊ ဘရပွက်တွင်၊ လှေတက်တကာ၊ ဆိုက်ဆုံလာ၍၊ သာယာဘိခြင်း၊ ပင်လယ်ရင်းဝယ်၊ သင်္ဘောဆိပ်ဖြစ်သောကြောင့်၊ စင်စစ်မွေ့လျော်၊ ပျော်ဘွယ်ရှိထသော။


(ဝါ) ဒဝယ်ဒလ၊ မုတ္တမ စစ်တောင်း၊ ဖောင်းလင်းသထုံ၊ ဒုံဝင်းသံလျင်၊ ဟင်္သာဝတီ၊ ကေတုမတီ၊ ဇေတုမတီ၊ ဓညဝတီ၊ မှော်ဘီ၊ ယုန်သလင်း၊ သင်းတိုင်းခရိုင်၊ နိုင်ငံမြို့ရွာ၊ ရံကာဝန်းယှက်၊ အုတ်ကျက်ဗိုလ်ခြေ၊ ကြည်းရေအလုံး၊ ဆုံလာရုံးသောကြောင့်၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရှိထသော။


(ဝါ) အလျဉ်အလျဉ်၊ ရွှေလှိုင်ခေါင်မှာ၊ အယဉ်အယဉ် ဖန်တကောင်းနှင့်၊ အစဉ်အစဉ် ညောင်ရေလောင်းလို့၊ ချမ်းသာရကြောင်း လွန်လွန်ကျူးအောင်၊ စိတ်ကူးချက်ဉာဏ်ပလီ၊ ပန်းမျိုးစုံစီ၊ သီကာကုံးလို့၊ ထီးတ့ချွန်တွေ အဝေးဆုံးနှင့်၊ ငါးကြော်သားကြော် အဆီတုံးနှင့်၊ ဆွမ်းသင်ပုတ်တော်၊ ကိုယ်တော်သုံးဘို့၊ ဖက်စိမ်းတွန့်ချွန်၊ ယဉ်ရုံဖုံးလို့၊ နတ်ရွာနိဗ္ဗူ၊ ဆုယူတုန်းမို့၊ အပျိုအအို၊ တပြုံးပြုံးမို့၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရှိထသော။


(ဝါ) အမြိုင်အမြိုင် ဆံတော်ရင်းမှာ၊ အပြိုင်အပြိုင် လှူဘွယ်ခင်းလို့၊ အလှိုင်အလှိုင် ပုတ်သီတင်းနှင့်၊ ဝါတွင်း ဝါပကုသိုလ်ယူ၊ နတ်ရွာနိဗ္ဗူ ဘယ်မှာပုန်းမလဲ၊ တိဟိတ်ကုသိုလ်၊ စဉ်လာထုံးနှင့်၊ ရဟန်းရှင်လူ ယူကာကျုံးချည့်၊ ပလုပ်တုတ်သံ၊ ပြုတ်ပြုတ်ပြုန်းနှင့်၊ ဆိုင်းသံစည်သံ ညံညံအုန်းစ၊ ပရိတ်သက်တွေ ခြိမ့်ခြိမ့်ရုံးလို့၊ ကုသိုလ်ပွဲစည် စာအုန်းအုန်းနှင့်၊ ကြီးကြီး ငယ်ငယ် တမြို့လုံးပင်၊ နိဗ္ဗာန်ရမည်၊ ယုံကြည်တုန်းမို့၊ နှလုံးမွေ့လျော် ပျော်ဘွယ်ရှိထသော။


သိင်္ဂုတ္တရေ၊ ရွှေတိဂုံအရပ်၌၊ (ဝါ) ဤကမ္ဘာမြတ်၊ ဘဒ္ဒကပ်တွင်၊ ရှင်ပင်လေးဆူ၊ မြတ်ဘုန်းလှူ၏၊ လှိုင်ကြူပျံ့မွှေး၊ တောင်ဝှေးတော်စသည်၊ ထူးလည်အမြတ်၊ ကိန်းဝပ်တော်မူရာ၊ မှန်လှစွာဟု၊ ရာဇဝင်သမိုင်း သံပိုင်းမော်ကွန်း၊ တည်ထွန်းပညတ်၊ မွေဓာတ်စုပုံ၊ သားမျိုးစုံသည်၊ ရွှေတိဂုံမည်ရင်း၊ မြို့များမင်း၌။


(ဝါ) ငါးမာရ်အောင်မြင်၊ ပလ္လင်တော်၏၊ တောင်မျက်နှာမှ၊ ရာဇာယတန၊ ပင်ရုက္ခဝယ်၊ ဖုသ ဘလ္လိက၊ နာမတွင်မည်၊ ကုန်သည်ညီနောင်တို့အား၊ ဘုရားသခင်၊ ဆံရှင်ရှစ်ဆူ၊ ညွန့်လူဝေလန်း၊ မွေဓာတ်ပန်းကို၊ ဆန့်တန်းလက်ဖျား၊ ပေးသနားသော်၊ တည်ထားထူပါ၊ ဌာပနာ၍၊ သာသနာဦး၊ ပကတူးတည်ရပ်၊ မွေဓာတ်စုပုံ၊ အံ့မကုန်သည့်၊ ရွှေတိဂုံမည်သီး၊ မြို့ရပ်ကြီး၌။ .... (ကျည်းကန်ရှင်ကြီး)

(၇) ရွှေတိဂုံဘုရား ဘုန်းတော်ဘွဲ့တေးထပ်[ပြင်ဆင်ရန်]

လေနရီ ရေဒီမျှပါတဲ့၊ ဗွေမဟီမြေသီခမှာ၊ စေတီက နိတုံ၊ ကေသီလှတရှိ စုံတယ်၊ ရွှေတိဂုံ မြတ်ဖျား။ ။ မီယမိုက် ရေလျှံစုံတယ်၊ မြေရန်ကုန် တိုင်းသူ ရှိထား။ ။ ခြောက်ရောင်ပွင့် ညီးထွေထွေ၊ မီးရေလေ လွတ်ရှား၊ အောက်မစုံ ခြောက်ဘုံသားတိုင်ပ၊ ညွတ်တွားလျက် ပူဇော်။ ။ နေ သောင်းထောင်အဝါမျှသော်လဲ၊ ပမာဏဘက်မလျော်၊ သိင်္ဂုတ်မြင့် ကုန်းမော်မှာ၊ ရွှေဘုန်းတော် ထိန်ထိန်ပပါလို့၊ နေ့ညရန်ခါမဟူ၊ လင်းပွင့်လျှံလူ။ ။ သုံးဘုံသူ မှန်ကူငယ်၊ သယမ္ဘူထွတ်စောရှင့်လေး။ ။ (ကင်းဝန်မင်းကြီး)

(၈) ရွှေဒိဂုန်စေတီတော်၊ ငှက်မြတ်နားသမိုင်း မော်ကွန်းမင်္ဂလာ (သက္ကရာဇ် ၁၂၅၁ ခုနှစ်)[ပြင်ဆင်ရန်]

မင်္ဂလာတန်ဆောင်၊ ထိန်ထိန်ပြောင်သား၊ ရွှေညောင်ဗောဓိ၊ တုမယှိနှိုက်၊ တိဘဝထွဋ်၊ သုံးလူနတ်လျှင်၊ မြတ်သယမ္ဘူ၊ ဆုကြီးချူ၍၊ မှောင်မြူတဏှာ၊ ဂဟကာကို၊ အာဏာပြပြ၊ ကြုံးသံပလျက်၊ သတ္တသတ္တာ၊ ရက်အကြာတွင်၊ ဒွေဝါစိက၊ သရဏဦး၊ အရခူးသား၊ ကျေးဇူးများကို၊ ညီအစ်ကိုတို့၊ အလိုကျစ်လျစ်၊ ဆံတော်စစ်ကို၊ သစ်သစ်ကြည်ဆွ၊ ရကြီးရ၍၊ သိင်္ဂသာခေါင်၊ ဤသည့်တောင်ထက်၊ ခြောက်ရောင်ယှက်ရုံ၊ မီးရေစုံနှင့်၊ ဒိဂုံမည်သီး၊ စေတီကြီကို၊ ခိုင်ဖြီးစည်ပင်၊ တည်ခဲ့ချင်မှ၊ အကြင်ရောခါ၊ နှစ်ကောဇာသည်၊ သုညာပဉ္စ၊ စမ္မနှင့်ဧက်၊ ရောက်တုံလစ်၍၊ ရှင်ချစ်လုဘ၊ မုနိန္ဒလျှင်၊ ဝသဝုဋ္ဌာန်၊ သမုတ်ဖန်သည်၊ ငါးတန်စွင့်စွင့်၊ ဆင့်ရရင့်နှင့်၊ သင့်တင့်စွာလှ၊ ထိုမာသဝယ်၊ စလနဂမ္ဘီ၊ မေဒနီကြောင့်၊ သိင်္ဂီဝင်းစက်၊ ရှေးမင်းဆက်သား၊ ရွှေချက်ငွါးငွါး၊ ငှက်မြတ်နားနှင့်၊ ထက်ဖျားအထွတ်၊ ညှာမှလွတ်လျက်၊ ပွင့်ဝတ်တမျှ၊ မြေသို့ကျသော်၊ ဖျဖျဝန်းအုံ၊ ပြည်လုံးခြုံ၍၊ ကြည်ယုံသန့်စင်၊ ခန့်စီရင်သား၊ သို့လျှင်နုဘော်၊ တုမမျှော်ကို၊မြေပေါ်ဆုံးခန်း၊ ကပ်လုံးကျွန်းလည်း၊ ဥဒါန်းမကျေ၊ ဖြစ်ပစေဟု၊ ရွှေနာယကာ၊ အက္ခရာနှင့်၊ အာဏာဟရ၊ ဘွဲ့ထူးရသား၊ ရာဇသုခမိန်၊ လူ့ကဝိန်လျှင်၊ နှိုင်းချိန်မျှော်ကိုး၊ မော်ကွန်းထိုးသည်။ ။ တန်ခိုးမတိမ် စေကြောင်းတည်း(အကြီးတော် ဦးသံမှို)

(၉) မဟာဝဇီရမကုဋမင်္ဂလာ စိန်ဖူးတင်ဩဘာရတု[ပြင်ဆင်ရန်]

၁။ ယမိုက်မှောင်ချွေ၊ တဝေဝေတည့်၊ မီရေစုံသား၊ ဂုဏ်တော်အားဖြင့်၊ မြတ်ဖျားဇေယျ၊ တိဂုံဘ၏၊ ကေသဆံတော်၊ ကိန်းဝပ်ပျော်သည်၊ အကျော်ထင်ရှား၊ နောင်တော်များဟု၊ ဘုရားဘုန်းလူ၊ မြတ်သုံးဆူတို့၊ နှုန်းယူဘက်ကင်း၊ ဓာတ်မွေမင်းတို့၊ သီတင်းသုံးရာ၊ မှန်လှစွာတည့်၊ ကမ္ဘာမကိုဋ်၊ ဘုံသုံးတိုက်မှ၊ ဦးခိုက်ခိုလှုံ၊ ရွှေတိဂုံဟု၊ သံ−ဂုံ−ပ−−မ၊ လေးဘွဲ့ရသည်၊ ထူပအကျော်၊ စေတီတော်ကို၊ ရှေးသော်အခါ၊ ဥက္ကလာဟု၊ တေဇာလျှံလင်း၊ မင်းဆက်မင်းလျှင်၊ ဘန်ဆင်းတည်ထောင်၊ ထိုပြည်နောင်ဝယ်၊ မြန်ဘောင်လက်ရင်း၊ အမင်းမင်းတို့၊ သက်ဆင်းစဉ်လာ၊ မွမ်းမံကာလျှင်၊ ပူဇာကော်ရော်၊ လှူဒါတော်ဖြင့်၊ နုမော်ဖြိုးလှိမ့်၊ တန်ခိုးချိမ့်လျက်၊ မိုးတိမ့်ကျက်သရေ၊ လနှင့်နေသို့၊ စိန်ရွှေကြောင်များ၊ ပြောင်ငွားငွားလျှင်၊ တောင်ဖျားသိင်္ဂုတ်၊ မြေဇယုတ်ဝယ်၊ တေမုတ္ထမော်၊ စေတီလုံးကျော်၍၊ ဘုန်းတော်ရောင်ထွေ၊ ပြောင်ဝေဝေသည်။ မှောင်ချွေယမိုက်စုံဘုရား။


၂။ မကိုဋသျှောင်ကေ၊ ပရမေတည့်၊ စိန္တေနိတုံ၊ ရွှေတိဂုံကို၊ ခိုလှုံဝန်းကျင်၊ မွန်ဘုရင်နှင့်၊ မြန်ခွင်ပိုင်နင်း၊ နေနွယ်မင်းတို့၊ မူရင်းတက်ဆင့်၊ တိုးခါမြှင့်၍၊ ချီးပင့်ကြိမ်ဖန်၊ အတန်တန်တည့်၊ သမန္တဂိုဏ်း၊ မြတ်တံတိုင်းနှင့်၊ ပတ်ဝိုင်းထပ်ချဲ့၊ ပြင်ဆင်ခဲ့ရှင့်၊ နန်းနွဲ့ကမ္ဗု၊ ရှင်စောပုနှင့်၊ ပြည်သူ့မျက်နှစ်၊ ဇာတိရာဇ်တို့၊ သစ်သစ်ရောင်ညီး၊ မွမ်းမံပြီးသော်၊ ရွှေထီးကပင်၊ ဆင်ဖြူရှင်လည်း၊ မွမ်းတင်ကော်ရော်၊ ပြုပြီးသော်တည့်၊ ဇေယျော်ဓာတ်ဖက်၊ ကုန်းဘောင်ဆက်ဝယ်၊ ကနက်ဖြန့်ကျင်း၊ မြေဒူးမင်းဟု၊ သနင်းထွဋ်တင်၊ ဆင်ဖြူရှင်ဟု၊ ရွှေစင်မဏ္ဍိုင်၊ တောင်ကြီးယိုင်သို့၊ မခိုင်ယိမ်းငိုက်၊ ကိန်းအဆိုဝယ်၊ မကိုဋ်ပန်းငုံ၊ ရွှေတိဂုံကို၊ လုံးစုံမူလ၊ ပလ္လင်မှလျှင်၊ ပြင်စပြုဘိ၊ ထီးတော်ထိအောင်၊ သိဒ္ဓိချိန်ရောက်၊ တကြိမ်မြောက်ခဲ့၊ ထို့နောက်ပဉ္စင်၊ သင်္ဂါယင်သည်။ ဘုရင်ဖက်ကင်း၊ မင်းတုန်းမင်းလျှင်၊ ဖြန့်ကျင်းဖြူလွ၊ ထီးဝန်းကြွသော်၊ အကြင်ကောဇော၊ ထိုခေတ်ခါဝယ်၊ ဗြဟ္မဟစ်ကြွေး၊ နှိုးဆော်ရေးကြောင့်၊ ကိုယ်လေးရွှေမျှ၊ တိုင်းမကအောင်၊ ဟေမသိင်္ဂီ၊ စိန်ကျောက်စီ၍၊ နှိုင်းမှီတုလွတ်၊ ထီးရွှေထွဋ်ကို၊ မြေညွတ်လုနီး၊ ပွဲတော်ကြီးဖြင့်၊ အံ့ချီးဆူဝေ၊ တင်ခဲ့လေသည်။ သျှောင်ကေမကိုဋ်ရုံဘုရား။


၃။ အမြိုက်သောင်ခေ၊ အောင်ရဝေတည့်၊ ခေါင်နေဗောဓိ၊ နန်းသီရိသို့၊ လမ်းရှိတိုင်းပင်၊ လှမ်းအံ့ပြင်သည်၊ များဖြင်ငြိမ့်ညောင်း၊ ပြည်သူပေါင်းတို့၊ လှူကောင်းဒါန၊ သဒ္ဓါကြွ၍၊ ရာဇရာဇိန်၊ နရာသိမ်ကို၊ အချိန်လစ်ဟင်း၊ ခေတ်အတွင်းဝယ်၊ လွန်မင်းကဲမြင့်၊ တင့်ထက်တင့်အောင်၊ ဆင့်ဆင့်ထူးချွန်၊ ကုန်းထွဋ်စွန်၌၊ အလွန်ခမ်းနား၊ တန်ဆောင်းများနှင့်၊ ရွှေပြားသင်္ကန်း၊ ဆက်လှူဒါန်းရှင့်၊ ကိန်းခမ်းကြိမ်ခဲ့၊ ငလျင်နွဲ့၍၊ တိမ်းငဲ့ယိုယွင်း၊ ဖြစ်ရခြင်းကြောင့်၊ မြန်မင်းကောဇော၊ ထောင့်နှစ်ရာနှင့်၊ သင်္ချာတွက်စစ်၊ ငါးဆယ့်နှစ်တည့်၊ တခေတ်ထိုနောက်၊ ရှစ်ဆယ်ရောက်၍၊ စွန်းမြောက်ဒွက၊ ချိန်ကာလဝယ်၊ ဇေယျသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်ရွှင်မြူး၊ ပွဲတော်ထူးတည့်၊ စိန်ဖူးထွဋ်ထား၊ ငှက်မြတ်နားကို၊ ခမ်းနားနှိုင်းရှဲ့၊ တင်လှူခဲ့၏၊ ယိမ်းနွဲ့ညွတ်ကွေး၊ ငလျင်ဘေးကြောင့်၊ အရေးကြုံလာ၊ ယခုခါဝယ်၊ ဇေယျသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်ရွှင်မြူး၊ ပွဲတော်ထူးတည့်၊ စိန်ဖူးထွဋ်ထား၊ ငှက်မြတ်နားကို၊ ခန်းနားနှိုင်ရဲ့၊ တင်လှူခဲ့၏၊ ယိမ်းနွဲ့ညွတ်ကွေး၊ ငလျင်ဘေးကြောင့်၊ အရေးကြုံလာ၊ ယခုခါဝယ်၊ အဟာဘဏ္ဍ၊ ဂေါပကဟု၊ နဝပုဂ္ဂိုလ်၊ ညှိနှိုင်းဆို၍၊ ကုသိုလ်ကောင်းကျိုး၊ တိုးထက်တိုးအောင်၊ ဆော်နှိုးတိုင်းခွင်၊ သို့ဖြစ်အင်ကြောင့်၊ စိန်ပင်မြသား၊ ပတ္တမြားနှင့်၊ ပြယားရောင်နွယ်၊ စီစဉ်ချယ်လျက်၊ ဆန်းကြယ်တင့်ထူး၊ ထွဋ်စိန်ဖူးနှင့်၊ တိမ်ဦးပျံလွှား၊ ငှက်မြတ်နားကို၊ အများကုသိုလ်၊ မိုးလုံးပြိုမျှ၊ စိမ်းညိုနီမြန်း၊ လျှပ်မီးပန်းသို့၊ တသန်းကျော်ကျော်၊ တန်ဘိုးတော်ဖြင့်၊ အဟော်ဝတ၊ ပြုပြီးမှလျှင်၊ ဧကနှင့်ဒွိ၊ နောတရိဟု၊ ရောက်ရှိကောဇော၊ ဝိသာခါနှင့်၊ ပဏာလှုံကြ၊ ကဆုန်လ၏၊ ပုဏ္ဏစန်းရှိန်၊ ပြည့်သော်ချိန်ဝယ်၊ ဘူမိန္ဒရာဇ်၊ အောင်သံဟစ်၍၊ နတ်စစ်ဗျူဟာ၊ ကူညီကာလျှင်၊ မဟာသဘင်၊ စိန်ဖူးတင်ဟု၊ ဝန်းကျင်နှံ့စေ၊ အောင်ဆုချွေသည်၊ ဆောင်ဝေအမြိုက် ဘုံဘုရား။ (လယ်တီပဏ္ဍိတ − ဦးမောင်ကြီး)


(၁၀) ၁၂၈၂ တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ စိန်ဖူးတော်တင်ပွဲ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

ဧက်ဒွေးအဋ္ဌာ စမ္ပာနှစ်၊ မြန်မာသက္ကရာဇ် ခေတ်ကောဇာ၊ တပေါင်းပုဏ္ဏ နေ့ဗုဒ္ဓါမှာ၊ ပရမေ့ ဥက္ကဋ္ဌာ စိန္တေဖျား။ ။ လေးဆူရှင်တော့် ဓာတ်တုမွေကို၊ ပဏာပြုစေ ထည့်သွင်းနှံခဲ့ထား။ ။ သိင်္ဂုတ္တရကုန်းမြင့်ဘွေမှာ၊ ဘုန်းနှင့်သရေ ထွေထွေပွား၊ သုံးဆင့်ဘုံဝေ ဝေနေများတို့၊ ရိုသေညွတ်တွား ဦးနှိမ်ရာ။ ။ ဒဂုန်စေတီ မကိုဋ်ပန်း၊ အမြိုက်ကြငှန်း အောင်နန်းဆောင် ဝိဟာ။ ။ စိန်ဖူးသျှောင်ထွတ် နဂ္ဃရတနာကို၊ ဆက်သပူဇော်တင်လှူပွဲမို့၊ ရှင်လူခပဲ ဆယ်ငန်းမကပေါင်၊ ပါယ်လမ်းမကျအောင်။ ။ ပူဇော်ပတ်ကုံး မြေညွတ်ယောင်ငယ်၊ ရွှေထွဋ် ရွှေတောင်သိင်္ဂုတ်ဘုံ၌လေး။ ။ ဗြဟ္မာနှင့်နတ် ထက်ခေါင်အဇဋာမှာ၊ လက်ဆောင်ပဏ္ဏာ စိန်ထီးဖြူနှင့်လေး။ (လယ်တီပဏ္ဍိတ − ဦးမောင်ကြီး)

(၁၁) ရွှေတိဂုံစေတီတော် ဘုရားရှင်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

တိမ်စစ်ဗျူဟာသေနင်္ဂ၊ ဝေဟင်္ဂမ လိမ်ရှုပ်ဆင်၊ မြေပြင်ပဝရ သိင်္ဂုတ်တခွင်မှာ၊ စိတ်မုတ်ဒရင် ရောင်ဝါလျှမ်း။ ။ စုလစ်မွန်ချွန့် ပြဿာဒ်ဆောင်မှာ၊ နဝရတ်အရောင် ထိန်ညီးလျှံလို့သန်း။ ။ သံ၊ ဂုံ၊ ပ၊ မ လေးပွင့်စာငယ်၊ ရှေးစဉ့်လာအလာ ခရာတန်း။ ကြွေးရင့်ပဟာ ဗြဟ္မာနန်းက၊ ဝဠာနခမ်းသိမ့်သိမ့်ခုန်။ ။ ဒုဿစေတီ စဠာတမျှ၊ ထူပါဝရ မြတ်ဘုရားရွှေတိဂုံ။ ။ ပူဇာရ−ဟ မြေကြီးတုန်အောင်၊ ရေမီးအစုံ တောက်ပြောင်ပွင့်လို့၊ ခြောက်ရောင်သခင့်၊ ဖြာကွန့်နေမတူ၊ ညာကျွန့်ဘွေဇမ္ဗူ။ ။ ရွှေသားတောင်ထွတ် မြေကပြူသလို၊ ဒေဝမရူ ရှိဦးဆင်လို့လေး။ ။ ဘုံသုံးဆယ့်တစ် တိုက်အငူမှာ၊ မကိုဋ်ဆူဆူ ဝပ်လျှိုးရာပလေး။ (လယ်တီပဏ္ဍိတ − ဦးမောင်ကြီး)

(၁၂) ရွှေဒဂုန်ဆံတော်ရှင်ဘုရားကြီး တရားမီးပြတော်မူပုံဘွဲ့ လေးချိုးကြီး[ပြင်ဆင်ရန်]

၁၉၃၀ ခုနှစ်တွင် ငလျင်လှုပ်ခြင်းနှင့် ၁၉၃၁ ခုနှစ်တွင် စေတီတော်ကြီး မီးခခြင်း အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။


၁။ စိန်ဝရုတ္တရအောင်လံ ဂုဏ်တော်တဆောင် ပရမေထင့် ဂဠုန် တဘောင်တွေ ထွန်းရာက၊ သိင်္ဂုတ္တရတောင်ယံ ရဂုံချောင်တွေမြှောင်တွေနှင့် ဒဂုန်အောင်မြေကွန်းမှာတော့၊ ယမုန်သောင်ငွေဝန်းရယ်နှင့်−ကျွန်းမလဲ ကျွန်းမော်ဇမ္ဗူ။ (အိုကွယ်) ကဆုန်ညောင်ရေသွန်းချိန်မို့ လွမ်းလဲလွမ်းတော်မူ − −လေ့။


၂။ ဪ ...... အဖြစ်ပြရာမှာဖြင့်၊ မနှစ်ကစပါလို့၊ ဓမ္မရာဇ်ဘုရာ့မွေပုံ ရွှေဒဂုန်မဖြင့်၊ မြေဝသုန် အငြိမ်မနေ တငြိတ်ငြတ်နဲ့ မဆိတ်ဖူးတာကြောင့်၊ တေဇဂုဏ် အရှိန် တဝေဝေနဲ့ မြူးပေတဲ့၊ စိန်ဖူးတော် မကြံသာတဲ့ ဈာန်အရာထင့်၊ မြန်ဗမာမနော် မမိုက်သမို့ လင်းစေဘို့၊ ဘဏ္ဍာတော်တိုက်သို့ ယမိုက်ပျို့ပျို့ဆင်းတာက၊ သိုက်ရင်းအဆိုအတိုင်းရယ်နှင့်၊ အမျိုးအရိုးချင်း တသဝေမဖီအောင်ကို − ကိုးနဝင်းစေတီတော်တွေရဲ့တနှိုင်းသာပ၊ ဪ ..... တပူနှစ်ပူလောချင်တဲ့၊ ဇမ္ဗူတကြော ကပ်မဟာမှာ လူရောနတ်ပါ အထူကော်ရော်လို့ ဖူးမြော်ဘို့ ဆိုင်းတယ်လို့ သမိုင်းမျှို့တဆူပေနော်ကွယ်၊ ကသိုဏ်းမညို့ စကိုင်းမြို့ဆီက မှိုင်းတို့အယူ။


၃။ အသင်းအပင်း အချင်းချင်းတို့၊ တငြင်းငြင်းနှင့် မညီမညာမှာ၊ အားမတန်သူပုန်ဖြစ်ရတဲ့၊ တြင်း နဝင်း ဤအခါ၊ ကျား နံဂဠုန်နှစ်တွင်မှ၊ ကဆုန်အသစ် ပုဏ္ဏမ ကြွက်မင်းအမူ။ ဒဂုန်ဘုရာ့၊ ကနက်သရင်းသရဖူကိုတဲ့ ဈာန်အလိုလိုပြောင်း။ (အိုကွယ်) အလုံဒကမ အထက်ချင်းတွင်းသူတွေမှာဖြင့် ရန်မလိုက ရန်ပြိုကြောင်း။


၄။ ကောင်းဘို့ရယ်ချိန်၊ ဒေါင်းမျှို့သမ္ဘာသိန်ထင့်၊ မြန်မာပန်းထိမ် အပြင်နှေးတာနှင့်၊ ရတနာ ဝရဇိန် မတင်သေးမီက၊ ယခင်ရှေးအလျင် လတပေါင်းတွင်မှ၊ ခါကောင်းယုန်အဆီပ၊ ပုဏ္ဏမီ ကျော်ကာတက်ပေတဲ့၊ လေးရက် သောကြာနေ့တွင်မှ၊ အေးကွက်ကြောက်စရာတွေ့မှာလားလို့၊ လျှောက်ရှာသရွေ့ ဆင်ခြင်ပြန်တော့၊ ယခင်တဖန်အောင်စတမ်းပေပ၊ ညောင်ရမ်းပိုင် အညာချီတော့၊ ဘာမထီ ညာမထီကြဲမနော်လို့ မှန်းကြတဲ့ အာဇာနည်ရဲဘော်တို့ မလန်းအောင်ပ၊ တယာယီ တဲတော်နန်းကိုလ၊ မီသန်းကာ လောင်စဉ်ခါက၊ အောင်မြင်စရာ နမိတ်တကားရယ်လို့၊ တဘောင်မင်္ဂလာ တိတ်စကားတွေနဲ့၊ ဘားမဲ့ ဆရာအကျော်အမော်က၊ တကာတော် အမြန်တက်ပေတော့၊ သံလျှက်ခုံ ရဇဌာနီပလ္လင်နှင့်၊ သာကီဝင် အရင်းစခဲ့တဲ့ မင်းသမတ အရိုးပေမို့၊ မကြာမီပင် အင်းဝ စိုးမယ်လို့၊ အမျိုးဘာသာ ကိုးရာဘတ်စည်က၊ တပ်အပ်သေချာမှန်သမင့်လဲ၊ ကဝေဆရာ တဖန်လွမ်းမလိုနဲ့ လွမ်းရပါတဲ့၊ ရွှေအညာ ယမန် မန်းဆိုတဲ့ မန်းမှာတော့၊ ကြငှန်းထိပ်ပန်၊ အတူတော်မရှိပါတဲ့၊ မုနိမြတ်စွာ စိန္တယျော်ကဖြင့် အရှိန်တေဇော် မီးဝင်၍ခစဉ်က၊ မြန်မာ့ဘုရင်တို့ တို့ဘုရားမှာလ၊ ကုလားပြည်ပါတော်မူမို့လို့၊ ပဏ္ဏာတော်အယူ အခွန်တိုးစေလို့၊ မြန်မာပေါ်ဇမ္ဗူ တံခွန်ကျိုးပြန်သနဲ့၊ ကျွန်မျိုးမကြည်ဖြစ်ရတဲ့၊ သည်ခေတ် ဆရာကြုံခဲ့သမို့၊ တဒါရုံစိတ္တက္ခဏကလေးတောင်မှ၊ တအာရုံ စိတ်လက်ချ ချမအေးသော်လဲ၊ ယခုအနှီတကြိမ်တွင် အမှုသည် စပိန်ရှင်ဘုရင်နှင့်ဘဲ အေးရော့လို့၊ ကိန်းသေအောင် ကျိန်းချေလို့ပေးလိုက်တဲ့ပြင်၊ အရေးပုံဘာလိုလိုကြောင့်၊ ကဗျာပဟိုရ် စာဆိုလို့တီးလိုက်ကဲ့၊ (အမယ်မင်း) အတီး သမယကအတိတ်ရာဇာ အပေါင်းတို့မှာဖြင့်၊ ထီးသမတ အရိပ်အရာ တောင်ပြောင်းရသတဲ့၊ (အို ... သမီးတမျှ − မြိီး ဒကမတို့ရဲ့) ဪ၊ .... မီးခတဲ့ နိမိတ်က တဆိတ်ကမှ မကောင်း။ (သခင်ကိုယ်တော်မှိုင်း)

(၁၃) ရွှေဒဂုန်ဘုရားတိုင် လေးချိုးကြီး[ပြင်ဆင်ရန်]

၁၉၂၃ ခုနှစ်တွင် အမျိုးသားကောလိပ်ပျက်သွားပြီးနောက် အညာပြန်ပြီး ဘွိုင်းကောက်ဋီကာရေးရင်း ရန်ကုန် ဗဟန်းကို လွမ်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။


၁။ တဇေယုံ ချောင်တွေ မြှောင်တွေမြန်းခဲ့ရပါတော့၊ ရွှေဒဂုံတောင်ခြေခပန်းတွင်မှ၊ ညောင်သပြေပန်းတွေနှင့် သွန်းကနဲ့ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) အောင်မြေဘဟန်းဆီသို့ လွန်းရဲ့မှိုင်းရွှေကိုယ်။ ။


၂။ ဪ .... ဇရပ်အမတို့ကိုလ၊ အမှတ်ရမိတဲ့ပြင်၊ ကဿပထေရ်အရှင် ဆရာစံတဲ့၊ သာလာယံ အထိကရကျောင်းရဲ့ပြင်၊ စာဝါတညံညံ တပည့်မအပေါင်းတွေနှင့်၊ မဂ်ကြောင်းဖိုဝင်လှည့်ပေမဲ့၊ အရိယာလင်္ကာခေါ်သည့်၊ မင်္ဂလာအကျော် အမော် အရံအတွင်းရဲ့ပြင်၊ မှန်ကင်းနေဒရင်သို့၊ မြေပလ္လင် ရွှေကျင်တိုက်ဆီသို့၊ ဦးခိုက်ခါ ပဏာလှုံလို့မို့၊ အညာရဂုံ တောဟိတ် ဝါသနာမသေးသူက၊ တအာရုံ မနောစိတ်မှာ မအေးသော်လဲ့၊ တွေးဆ ကြည်ညိုတယ်နော်ကွယ်၊ ဝေးကမှီခို။ ။


၃။ စိန်စမုတ်အဆောင်ဆောင် အလျှံမနော်ပတ္တမြားတွေနှင့်၊ သိင်္ဂုတ်တောင် ဆံတော်ဘုရားကိုလ၊ ဪ ... အများသော တပည့်တွေနဲ့ − ကဝိ တောင်းဆုဆို။ ကောင်းမှု ထိုထိုရယ်နှင့် − ဓမ္မရွှေဗျာကျွေး။ (ကေသာရယ်) ၎င်းကုသိုလ်ကိုဖြင့် အမျှမျှ ဝေကာပေး။ ။


၄။ ကောလိပ်အပျက်တွင် ဇောစိတ်လက် ဆရာမရွှင်သနဲ့၊ အညာတခွင် တခါလှည့်ခဲ့ပြီး၊ ညာတိ အခြေအနေဂုဏ်မသေးပေတဲ့၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာတနွေကြာတော့၊ ဇေယာသူကေသာတို့ပင်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညာစွယ် တောင်ခါးပန်းတွင်မှ၊ အောင်ပန်း ကဗျာဂီတာတို့နဲ့ ရှောင်လမ်းယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ − ပါရမီ မာလာကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ ၂ ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော် ဒကမတွေစုံညီညာနှင့်၊ ယမုန်သီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျောက် တဂိုဏ်းမထောက်တဲ့ ကြောက်ဖွဲ့ပြည်ရွာအရေးပေမို့၊ ဪ .... မှိုင်းတယောက် အနှီတဝါမှာဖြင့် မအေးရပေဘု၊ (စန္ဒာရယ်) စစ်ကိုင်းချောက်ဆီက ဘွိုင်းကောက်ဋီကာရေး။ ။ (သခင်ကိုယ်တော်မှိုင်း)

(၁၄) ဘဟန်းကောလိပ်သပိတ်သွတ်ပုံနှင့် ရွှေတိဂုံဘုရားတိုင်လေးချိုးကြီး[ပြင်ဆင်ရန်]

၁၉၂၀ ပြည့်နှစ် သပိတ်မှ ပေါက်ဖွားခဲ့သော အမျိုးသားကောလိပ်ပျက်သွားခြင်းကို အကြောင်းပြု၍ အထက်အညာ စစ်ကိုင်းသို့ ပြန်ပြီး တရားအားထုတ်တော့မည့် အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။'


၁။ သိပ္ပံကျောင်းကြီးအသေမှာ သပိတ်သွတ်တဲ့ဆွမ်းတွေနှင့်၊ အဓိဋ္ဌာန်ကောင်းချီးဒေသနာ ပရိတ်ရွတ်သနဲ့ မန်းခဲ့ပါရဲ့၊ (ဪ) ကျမ်းဟော တိတ်အမြွက်မှာတော့၊ ဆန်းသောနိမိတ်အတွက်ပေထင့် တခက်ရန်ကုန်မသာ။ (အိုကွယ်) ဘဟန်းကောလိပ်ပျက်ပေမဲ့၊ ကမ္မဋ္ဌာန်းဇောစိတ်ကလဲ တဖက်ပေမို့၊ အထက်ပြန်ရုံသာ။ ။


၂။ ဪဇမ္ဗူထီးတွေတဲ့ကွဲ့၊ အယူသီးကြတဲ့၊ လူကြီးလူကျယ်တွေပေါ့၊ ဆူမဟယ် ပူမဟယ် ဒလပေ အနိုင်အပိုင်ပြုချင်တဲ့၊ အပူသယ်နှစ်တွေ ပြိုင်ဆိုင်မှုတွင်ဖြင့်၊ (လှိုင် − ပု − ကျော်) သပိတ်သမားတွေရဲ့ပြင်၊ ပဋိက္ကရားနှူးကာနှပ်သလိုပ၊ နှစ်ကျိပ်တပါး မှူးလျာမတ်တွေကလဲ၊ ပလူးစရာအတတ်ဝယ်၊ ပူးကာသတ်မယ် ကောင်စီဝင်လို့မို့၊ အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က၊ တကောင် တကောင် ထီမတင် ဇွဲမာမာနဲ့ ခွေ့ကြလေတော့၊ မစေ့နိုင် ယနေ့တိုင်အောင် မိုက်ချိန်နှင့်၊ အခိုက်အခါကြိမ်လို့မို့၊ မဏာမငြိမ် တာဝတိန်သို့ ပြောင်းရှာတဲ့ ကျောင်းမသာ ကောလိပ် ဈာပနကိုဖြင့်၊ ပေါင်းသဟာ တောမိတ် လာလာသမျှတို့နှင့်၊ ပြာချကာကိစ္စတုံးပြီမို့၊ အနိစ္စအလုံး တထောက်ဟောရမှာဖြင့်၊ မျောက်တော တဂုဏ်လျှမ်းပေတဲ့၊ အောက်ကြောဒဂုဏ်ဘဟန်းဆီကကွဲ့၊ ဘုံခန်းသူ ဘရဏီပမာတို့နှင့်၊ သည်တဝါမှာ အနှီဆရာဖြင့် မမြဲသာဟု၊ မခွဲသာ ခွဲသာနှင့်ထားပါလို့၊ မလွှဲသာ လွှဲသာနဲ့ သွားရပါတော့၊ မသွားပါနဲ့ မသွားပါနဲ့လို့ တားကာ တားကာ ဖျက်သူတွေကို (နော်ကွယ်)၊ သနားတာကလဲ တဘက် များစွာမှခက် ခက်ပြီး၊ ဪ ... အားနာရက်ပါ။


၃။ ကျွန်ဝယ်ရာအဆစ်ပါတဲ့ မှိုင်း မှာဖြင့်၊ မွန်နယ်မှာ ခေတ်ကြသနဲ့ မဆိုင်းသာဘု၊ မြစ်အညာစကိုင်းကိုတဲ့ ပြန်ရော့မကွာ၊ (အို) ကံပေါ့ကံအရာရယ်လို့ စိတ်မှာထား၊ (ဘေဒါရီရယ်) အကြံမရှော့ ကြံမှာက ချိတ်တွေပြာတွေနဲ့ ဝိဇ္ဇာတရား။


၄။ စိန်မုတ်ဆောင်ပျံလေလေ့၊ စိန်မုတ်ဆောင်ပျံ၊ သိင်္ဂုတ်တော်ကမ္ဘာယံက၊ သဂေါင်ယံကျော်ကျော်မှာ ရောင်လျှံတော်ကလဲမူးသနဲ့၊ ဖူးထိုက်တဲ့ဆရာကို ဦးတိုက်စရာ အတိတ်ကယ်နှင့်၊ သာဟိတ်ဗြဟ္မစိုရ် ဖျော်ဖျော်သွန်းပြီး၊ ဗျာဒိတ် ကိုယ်တော်ညွှန်းရော့သလားလို့၊ ဆွမ်းကွမ်းအဖျော်ယမကာအစုံဖြင့်၊ ဓမ္မာရုံဝသီမချို့သူတို့နှင့်၊ တအာရုဏ်သွားချည်စို့ရယ်လို့၊ အများညီဘို့ရာ ကျောက်စည်ထိုးတဲ့ပြင်၊ ဪ − အအိပ်နည်းမဖြင့်၊ သိပ်ပြီးကဲသယာတွေကို၊ စိပ်ပုတီးဆွဲကာ တမျိုးရယ်နဲ့၊ အင်း − အအိပ်ဘဝကို ဘဲ တကိစ္စမှတ်ကြတဲ့၊ အနိစ္စခမျာတွေကို − တဆိတ်ထကွာလို့ နှိုးနှိုးပြီး၊ မိုးလင်းတော့မယ် ရောင်နီအလာ၌၊ နောင်အရှည်ကြာ အလွမ်းပြေရှုစေဘို့၊ အစောင်စောင်ဋီကာကျမ်းတွေပြုခဲ့တဲ့၊ မန်းပြည်သူ့ဆရာ အကြံကုန်လို့မို့၊ ကံမဆုံ ရန်ကုန်ကအထွက်တွင်မှ၊ ဪ .... အောက်မြို့ပြန်ချင်ပေမဲ့၊ နောက်သို့တဖန်ရောက်ဘို့ရန်ကလဲခက်မှာမို့၊ အသက်သခင်မစန္ဒာရဲ့ပြင်၊ အကျယ်သံသရာမှာ ဘယ်နံအခါမှမမုန်းနိုင်တဲ့ ပြုံးပြုံးကလေး ဒေါ်ရွှေစိမ်းတို့နှင့်၊ အဖော်အရွေထိန်းကာ တောင်တော်တက်ခဲ့ပြီး၊ ပြစ်ချက်အရာရာ သက်သာဘိအောင်ပ၊ ရှစ်မျက်နှာ လက်ျာလှည့်ကြတဲ့၊ တပည့်မ − ဝေနေယျာတို့နှင့်၊ စိငှငှသေသေချာချာပ၊ စေတနာဇောသဒ္ဓါဗလဝရယ်နှင့်၊ ကဝေဆရာ ယောဂါဝစရငယ်က၊ (အမယ်မင်း) တောအညာဒကမတွေနဲ့၊ ရဂုံမြန်ပေါ်တခွင်အသွားတွင်မှ၊ ဪ .... မနောပဏာမ ထောမနာသခဲ့ပါရဲ့၊ (အို) ဩကာသ၊ ဩကာသ၊ ဩကာသ၊ ဒဂုံဆ့တော်ရှင်ဘုရား။ (သခင်ကိုယ်တော်မှိုင်း)

(၁၅) ရွှေတိဂုံစေတီဘွဲ့တေးထပ်ကြီး[ပြင်ဆင်ရန်]

လေအဇဋာ ဘွေချာမောက်တွင်မှ၊ ရေဗလဝါ ဧရာဆောက်ပါလို့၊ မြေပထဗျာ သေလာကျောက်ကိုလ၊ ရွှေခနောက်မဏ္ဍိုင်။ ဘူမကိုဋ် မူသမိုက် ထူအစိုက် ကြံ့ခိုင်တယ်၊ ပျံ့ကြိုင်လှိုင်သတင်း။ ။ တိမ်ထပ်ညွန့် ထိမ်လျှပ်တွန့် သိမ်မြတ်ကွန့် ဝေဇယန်ငယ်၊ နေအလျှံကျွန်းတောင့်မှန်ကင်း။ ။ မွန်တိုင်းက ဝှန်လှိုင်းလို့ ချွန်သမိုင်း နာဂတင်ဝယ်၊ ရာဇဝင်ပြောင်လင်း။ ။ ထောမနာ ပြောရာယွင်းနိုင်ဘူး၊ လောကဓာဩဘာသင်းပေတောင့်၊ သာခင်းပုံ့ နိကာယ်။ ။ သတ္တဘန် ဝန်းရံခပါလို့၊ ကပ်ကမ္ဘံ ကျွန်းဟံသကိုဖြင့် ထွန်းပြန်ရ ထုံးပုံ့အကျယ်။ ။ သရေတိုးတက် ရဝေကိုးမျက် တစေရိုးရက် မိုးထက်နယ်မှာ၊ ပြိုးပြက်လျှပ်နွယ် တိမ်တောင်ကြားက၊ ဖြိုးလက်သပ္ပါယ် ထိန်ပြောင်လွှားလို့၊ စိန်ပြောင်မြသား နှစ်ပါးမွေသရီ၊ ပတ္တမြား ရွှေစေတီ။ ။ ဆန်စုန်သကာလ၊ ဈာန်ဟုန်ဗလဝ၊ သန်−ဂုန်−ပ−−မ−ယျ၊ ဗျာသချီတယ်၊ ဌာနဝတီ မော်ကွန်းတွင်လှလေး။ ခြောက်ရောင်စုံတို့ တောက်လောင်ဟုန်လို့ နောက်နောင်ကြုံဘို့ ဂုဏ်မို့ဝေတယ်၊ စုံပျို့မီးရေ ရွှေတိဂုံပလေး။ (ဆရာ ဦးဝေ)

(၁၆) သုံးချက်ညီတေးထပ်[ပြင်ဆင်ရန်]

ရဂုံမှာ အထုံကြွေ့ပါလို့၊ ဒဂုံရွှေ့ မြတ်ဆံ၊ ဝသုန်မြေ့ ရပ်ဌာန်ဝယ်၊ သတ္တဘန် ပတ်ကုံး။ ။ တင့်ရွှန်းတဲ့ ပင့်လွန်းညောင်မှာ၊ မြင့်ထွန်းအောင် ပေးဘွဲ့ဗျာထုံး။ လူနတ်တို့ ဘူမြတ်ကျယ်တွင်၊ မူမှတ်ဘွယ် ညွတ်ရုံး။ ။ ဂူထပ်ချယ် ဝတ်သုံးလို့၊ အထွတ်ဆုံးခေါင်တင်။ ။ ထူပါမှာ စူဠာဓာတ်သော်မှ၊ တူစွာမှတ် နှိုင်းဘက်မမြင်။ ။ လွမ်းသွဲ့လို့ ဆန်းတဲ့အင်ကို၊ ငြမ်းချဲ့ထွင် စာသလို့၊ ထာဝရ တည်ကမ္ဘာ၊ ထွန်းစိမ့်ရှည်ကြာ။ ။ ပုံရိုက်ဘို့ ကြုံကြိုက်လာတယ်၊ ဆုံလိုက်တာ ဉာဏ်စွမ်းတို့လေး။ (ဆရာ ဦးဝေ)

(၁၇) သိင်္ဂုတ္တရတောင်တော်ဘွဲ့ သုံးချက်ညီတေးထပ်[ပြင်ဆင်ရန်]

ဝသုန်တွင် − ဒဂုံစက်ကိုလ၊ ယမုန္နက် ဟီညံ၊ ဗလုံတက် ဒီသံငယ်၊ နရီမှန်မလွဲ။ ။ ဘွေချက်သို့ − ခွေလျက်ဆိုင်သည်။ ရေယက်ပြိုင် − လှိုင်းပန်းပွင့်ကြဲ။ ။ နဂရိုက်က − တတိုက်ဘောင်တွင်၊ မကိုက်ထောင်မိုကဲ၊ သမိုက်ပြောင်ရိုရဲလို့၊ ဗိုလ်ခပဲဝန်းကျင်။ ဓာတ်ဆံကို − မြတ်ဉာဏ်လောင်း၊ ကပ်ပန်တောင်း − ဦးညွတ်ခါတင်။ ။ တောင်ထက်က − ဖောင်မဂ္ဂင်ကို၊ ဆောင်လက်ငင်ရွယ်လှမ်းလို့၊ တွယ်ငြမ်းသိင်္ဂုတ်ဆို၊ တိုင်းမွန့် ဗဟို၊ မြေထုက နေရုမိုရ်တယ်၊ ကေတုဆို မှန်ကင်းပလေး။ .... ။ (ဆရာ ဦးဝေ)

(၁၈) တိဂုံဆံတော်ရှင်ဘွဲ့ သုံးချက်ညီတေးထပ်[ပြင်ဆင်ရန်]

ကိုးဆယ်မှာ−ကိုးသွယ်လှောက်၊ ဖြိုးကယ်မောက်စုံခွင်၊ မိုးနယ်အောက်ဘုံပြင်တွင်၊ ဂုဏ်ဒုရင်နေမီး၊ စံထွန်းလို့−ဖန်ညွှန်းလေ၊ ရံဝန်းရွှေ သိင်္ဂုတ်တောင့်ထီး။ ။ ကွေ့လမ်းနှင့် ဘွေခန်းချောင်မှာ။ ရှေ့စမ်းမြှောင်တွေစီး၊ မြေ့ဆန်းခေါင် ဝေညီးလို့၊ သရေကြီး ဩဘာ။ ဝသုန်မှာ တဘုံလက်၊ ဒဂုန်စက်တိုင်းမွန်ချက်ညှာ။ ။ ထိန်လက်တဲ့ တိမ်အတက်ချာမှာ၊ သိမ်လက်ခါရောင်ကွန့်လို့၊ တောင်ညွန့် ဒဂုံဆံ၊ သုံးလူ့ထိပ်ပန်။ ။ ဘဝဂ်က − ဂယက်ပျံအောင်၊ နက်ထံကျော်စေပေ့လေး .....။ (ဆရာ ဦးဝေ)

(၁၉) တိဂုံစေတီတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

အစီ − အရီ − နဒီဝိုက်၊ မဟီမဏ္ဍလိုက်မြေနဂိုရ်၊ ဝတီဟံနဂရိုက် − −ရွှေဗဟိုဝယ်၊ ခေါင်မို − −ရောင်စို − မှောင်ကိုထွင်း။ ။ မိုးမြင့် − ဝိုးဝင့် − ကိုးခွင့်နယ်မှာ၊ ဖြိုးတင့် အကျယ် − သိင်္ဂုတ်တောင်တောင့်မင်း။ ။ ထုံးကွန့်သုံးမွန့် − ကုန်းညွန့်မြေမှာ၊ နှုန်းဓွန့်မသွေတစေတင်း၊ ဘုန်းဝှန့်မဟေ − သရေလင်းလို့၊ အနေလဝင်း ပြန့်ထိန်ညီ။ ။ မြတ်သူ − ထပ်တူ − ကပ်လှူကြောင်း၊ နတ်လူ အုပ်ဆောင်း − တုပ်ညောင်း မွေသရီ။ ။ သိန်လျှပ် − ရှိန်ဖြတ် − စိန်မြတ်စီတယ်၊ အထပ်အညီနှစ်လီခွဲ၍၊ ဝဇီရိုးရဲ − မိုးထဲဖောက်ယူ၊ စိုးကဲ ခြောက်ရောင်လူ။ ။ လုံးစုံ့အုံးအုံ့ ဘုန်းလုံ့တူတယ်၊ သုံးဘုံ့နှစ်ဆူ ရွှေတိဂုမ္ဗလေး .....။ (ဆရာ ဦးဝေ)

(၂၀) သိင်္ဂုတ္တရတောင်တော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

ဖလ်မြေ မှန်မြေ ရံဝေဘိ၊ စံရွှေအတိ ပြည့်ချက်ညှာ။ ။ ဟံဘွေမဟိ စည့်မျက်နှာဝယ်၊ ရှက်ဖြာ ဆက်ကာ စကြာမျိုး၊ မီးဓာတ် ညီးလျှပ် ကြီးမတ်ပြောင်တယ်၊ ထီးဓာတ် တန်ဆောင် မှန်ကင်းထူလို့မိုး။ ။ ထုံးဖြစ် ဘုံးလှစ် ကျုံးရစ်သွယ်တယ်၊ ကုန်းမြစ်အကျယ် သိန်မညှိုး။ ။ သုံးခေတ်အလယ် ရှိန်တန်ခိုးနှင့်၊ ပုထိုးတော်မြတ် တိဂုံရှင်။ ။ မွှေးကြူ ရေးယူ ရှေးမူတိတ်၊ လေးဆူတံဆိပ် ဗျာဒိတ်ညွန့်သိုက်ဝင်။ ။ အဆင့် အရင့် ပလ္လင့်ပြင်ဝယ်၊ တခွင့်တခွင် နာရီလင့်လို့။ ရာသီအိမ်သင့် ချိန်ပွင့်တစေ၊ သိရ်တင့် သိရ်သရေ၊ နတ်နန်းဘုံရွှေ့ မြတ်ပန်းခုံကွေ့ ပုံရွှေ့ကြွေတယ်၊ ထုံငွေ့ ဝေဝေ သိင်္ဂုတ်တောင်ပလေး။ ။ (ဆရာ ဦးဝေ)

(၂၁) သိင်္ဂုတ္တရကုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

လျှံဖြာ − မန္နာ − ရံကာခ၊ တိုင်းရာမည ကျက်သရေ၊ နှိုင်းစံသင်္က − စက်ရဝေလို၊ တက်နေ − လက်ဝေ − ထက်တွေစွန်း၊ မြေဒွန့်ရေညွန့် − ခွေကွန့်သွယ်တယ်၊ ဟေမဝန့်နှယ် − နှာမောင်းညှာတဲ့ကွန်း။ ။ မဆွ − ဂဇ− − ဘဝပျော်။ တပသကျော် ပေါ်လာထွန်း၊ အမတမျှော် − မော်ကာညွှန်း၊ ဘော်ရှာမိန့်ခွန်းပြန်နှုတ်လှယ်။ ။ ရှိန်လွင် − တိမ်စဉ် − ဘိညာဉ်မြန်း၊ သိမ်ပြင်ကြငှန်း − စံခန်းခိုကြတယ်။ ။ ဖြိုးလှ − ရိုးရွ − မိုးကကြယ်လို။ ကိုးဝကိုးဆယ် − ကုန်းငယ်များနှင့် ဘုန်းကြွယ်ဘုရား လေးပါးမွေသရီ၊ ကိန်းစံ သဉ္ဇာလီ။ ။ အဆင့်အရင့် − အတင့်ညီတယ်၊ အဘွင့်စံမှီ သိင်္ဂုတ်ဆို့စိုလေး .....။ (ဆရာ မှိန်)

(၂၂)ရွှေတိဂုံညီနောင်နှစ်ဆူဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

ကျွန့် ကျွန့် လက်ျာ မျက်နှာစွန်း၊ ကွန့် ကွန့် ထွန်းလှ တိုင်းဟံသာ၊ ညွန့် ညွန့် ရွှန်းမျှ နှိုင်းစံရာငယ်၊ နတ်နန်း နတ်ရွာ ပမာညွှန်း။ ။ ဥတ်ဥတ္တရ − သိင်္ဂတောင်ဝယ်။ စိန်မြ အရောင် −လျှပ်ပန်းနွယ်သို့ထွန်း။ ။ သူသူရဇ္ဇ ဒေါင်းဗိမာန်လို၊ လက်စိန် အလျှံ အရည်ရွှန်း။ ဖြာဖြာတေဇံ − နေဖန်ဝန်းနှင့်၊ စံကွန်းအမရ မြတ်ညီနောင်။ တိုင်းတိုင်း မွန့် ပြည် ဓွန့်ရှည်လင်းလို့၊ ညွန့်စည် ပျံ့သင်း နှံ့ဝင်း သာသနာရောင်။ ။ သိန်သိန်နေရု ရွှေထုတောင်လို။ လေးခုအရောင် ကြည်ကြည်သွန်းလို့၊ နဒီပတ်ဝန်းသွယ်ဖြာခွေရုံ၊ မြစ်ပေါင်းရံကာဆုံ။ ။ မဏ်မဏ္ဍလ ဟံသဘုံမှာ၊ စန္ဒငွေယုန် ပြိုင်နှုန်းပါသင့်လေး ....။ (ဆရာ မှိန်)

(၂၃) ရွှေတိဂုံစေတီတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်[ပြင်ဆင်ရန်]

ဂီဝါ − နီလာ −ရီကာတန်း၊ ညီညာရှက်လျှမ်း − ကွက်ဆန်းချယ်၊ ဋီကာလက်သန်း − ထွက်ကျမ်းသွယ်လျှင်၊ ပန်းဘွယ်မှန်းရွယ်ဆန်းကြယ်တောင်း၊ မြိုင်ရပ် − ဆိုင်ပတ် − ခိုင်ချပ်ရုံတယ်။ လှိုင်ထပ်အငုံ − ကိုက်ဖူးတံကလှောင်း။ ဂေါ်ပွင့် − ဇော်ရင့် − မျှော်တင့်ဝေတယ်၊ မော်မြင့်နဘေမဝေဆောင်း၊ လှော်ပွင့်အရွှေ − သရေညောင်းလို့၊ သပြေတောင်စောင်း မြလက်ျာ၊ ၊ ကိုးဂုဏ် − ဖြိုးစုံ − စိုးခြုံလွှမ်း၊ မိုးဘုံကြငှန်း − စံမြန်းမွန့်ချက်ညှာ။ ။ ထိန်လျှပ်ရှိန်မြတ် − တိမ်ထပ်ချာမှာ၊ သိန်မြတ်ရတနာ ကြူကြူသင်းလို့၊ ထူထူပါမင်း − သာခင်းငြိမ့်စည်၊ ဗျာရင်းမိန့်တော်တည်။ ။ ဆောင်ကွန့် − ရောင်ဝှန့် တောင်ညွန့်လည်မှာ၊ နောင်ဓွန့်အရှည် − ရွှေတိဂုဏ်ပလေး ....။ (ဆရာ မှိန်)


(၂၄) သိင်္ဂုတ္တရတောင်တော်ဘွဲ့ တေးထပ်ဆန်း[ပြင်ဆင်ရန်]

စက္ကင်္ဂီ − ရွှေဗျာရင့်ပါလို့၊ မဂ္ဂင်္ဂီ − ဇေယာတင့်တယ်၊ သေလာမြင့် တောင်တော်၊ ဘွေညာခွင့် ခေါင်မော်ကို၊ နောင်အဟော်ကပ်လုံး။ ။ စန်းစန္ဒြ − နန်းဖန်ကြွ − မြန်းဈာန်ထ − သုဓမ္မာကို၊ ဓမ္မုနာထီးဖြန့်လို့ဖုံး။ သိမ်းသွဲ့သွဲ့ ယိမ်းနွဲ့နွဲ့ တိမ်းငဲ့ငဲ့ − ရွှေမဉ္ဇူလို၊ လေပြည်ယူကြိုင်ဆုံး၊ ရွှေပြည်သူခိုင်ကုံးဘို့၊ မြိုင်လုံးပြည့်ပန်းစုံ။ ။ ဝါညိုရွှေ − ညီအညို့ရယ်နှင့်၊ ပြာခိုပြေ − ဝဇီတို့လို၊ ပန်းချီငို့ − ဒေါင်းလည်ဆစ်ပုံ။ ။ ဝင်းဝင်းလျှံ့လျှံ့၊ ညှင်းညှင်းညံ့ညံ့၊ သင်းသင်းပျံ့ပျံ့ − ရနံ့ထုံတယ်၊ တသန့်တဖုံ − ဒုမ္မာသင်းလို့၊ ငုံလွှာပွင့်ကင်း ကန်တော်မင်္ဂလာ။ ရစ်ဝန်းရံဆို့ကာ။ စုံဘဟန်းမြေ့၊ တပုံဆန်းပေ့၊ နဂရုံနန်းဘွေ့ − ပန်းမွေ့ရာမှာ၊ စန်းငွေ့ကမ္ပလာ − ရောင်လင်းပါလို့လေး။ ဇာမရီသို့၊ ပါရမီမို့၊ တာပသီသို့ − မှီကြရှာတယ်။ သီဟရာဇာ − တောင်မင်းပေမို့လေး .....။ (ဦးကျော်ရ)

(၂၅) ရွှေတိဂုံစေတီတော်သမိုင်း၊ ပန်းမြိုင်လယ်သို့လိုက်သော ယိုးဒယားဖိန်းချားကြီး[ပြင်ဆင်ရန်]

မိုး − ဣန္ဒာ၊ တည်လာ − ဖန်၊ စံရွှေနန်း၊ ရံထွေဆန်း ရစ်သန်း ရေယဉ်သွယ်၊ ငွေမင်ခြယ်၊ ပြင်ကျယ် ပင်လယ်ကမ်း၊ မြင်ဖွယ်လွမ်းလို့ − တမ်းဆိုယောင်ကာ၊ ဟံသာတိုင်းကြီး အောင်ချာမြေ၊ ဝေရီသွေပြီကုန်ရာ − သာမောစွာ ဝတိံ သာ − နိမ္မာတူဖွယ်နှုန်း၊ လေးဆူမွေတော် စံပျော်ဘုန်းပါ၊ တေဇာချုန်းတယ် − ကုန်းမြတ်စွာ x၊ တိဂုံရှင်မြတ်ဖျား စေတီယာ x၊ ရွှေစာထွင်သမိုင်း၊ တင်တိုင်းသာ ခါပိုင်းဖြတ်ညီလေ၊ တိုင်းမြတ်မဇ္ဈိမေ၊ ပြည် − −ရွှေကပ္ပီနန်း၊ မြန်းစံတော်မူ၊ သုဒ္ဓေါမင်း မြတ်ရာဇူ x။ တောင်ညာမာယာ ဒေဝီဖွားမြင်၊ တိုက်တသောင်း ရိုက်ညောင်း ထိန့်ထိန့်ဆူ၊ သုံးရွာဓမ္မာ ရွှေစည်တီးတော်မူမည်၊ ကြီးမြတ်ဗုဒ္ဓင်္ကူ၊ မြူ x များပြားရန် ထွေ x ငါးပါးမာန်ကိုခြွေ၊ အောင်မြေမွန်မြတ်သေ၊ ဗောဓိမဏ္ဍိုင်၊ ဝိဇ္ဇာသုံးဆူဉာဏ်ပိုင်း x (မြေအပရာဇဉ်၊ ဦးပလ္လင်၊ ရတနာစိုင်၊ အနေကဇာ ရင့်ကျူးအစဉ်၊ တဏှာနိုင်၊ နတ်ဗြဟ္မာအပေါင်းသဟံ၊ အမြတ်ပဋ္ငှားန်တွင်၊ လျှပ်ပန်းခြောက်ရောင်ဆိုင်၊ ပြန့်လှိုင် ဆယ်ဒီသာ၊ ချီကာထိုမှ စံရှာ၊ ရာဇာရတနံ၊ ထူးမြတ်ပင်ရိပ်မြိုင်)


နိုင်ငံတိုင်း မြတ်ဥက္ကလာ၊ ညီနောင်နှစ်ပါးတို့ ပြည်ဘောင်အခြားကိုသာ၊ ကုန်သည် တဖုဿ − ဘလ္လိကာ၊ မဇ္ဈေခန်းကို ကူးသန်းလည်းရောက်ခါ၊ မင်း − ရုက္ခနတ်ရှင်၊ မြင်စေကိုယ်ထင်လျား၊ (များစွာ၊ ငါးရာလှည်းကိုတား၊ မြတ်ဘဂဝါ ကပ်ကာလှူဖို့ကြား)။ နှစ်ပါးညီနောင်လေ − ဘုန်းခေါင်ခြေတော်ရင်း၊ ဒွေးဝါစိ သရဏဂုံ၊ ခံလှစ်ယူ − ရှစ်ဆူဆံတော်နှင်း၊ မွေတော်ရင်း ရှိရင်း၊ သွားဌာပနာ − ကုန်းတော်မြေ သိင်္ဂုတ္တရာ x၊ (မြင်မြှော် သျှင်တော်မိန့်ရွှေဗျာ၊ ပန်ကာ ပြန်လာရွှေမြို့ကမ်း)။ ဗိုလ်ပါပြည့်လျှမ်း၊ (ကြိုကာလှည့်တန်း၊ ကြည်ရွှန်း ရှိပန်းတုပ်တာ၊ ဥက္ကလာမင်း နှုတ်ပတ္ထနာခြင်း လွန်မင်းသဒ္ဓါ၊ များသူငါ ဆူငြာခြိမ့်ခြိမ့်သဲ) x ခြောက်မည်ရောင်ခြည် ပျံကွန့်ဝဲ x လွန်ကဲတဖန်နော် ဆံတော်ကြိုသည်ပွဲ။ ။ စိန္တေယျာ၊ ဗျာရွှေခွန်းငယ်၊ ညွှန်းလိုက်သည်ကို ကြည်တင်လျှောက်ကြား၊ မိန့်တော်ချိုစွာ ဗိုလ်ပါများ၊ သွားလှည့်ရှာခြေ၊ တောနှင့်တောင် နှံ့လျက်ထွေထွေ၊ ကြွင်းမကျန် များမြင်သိပေ၊ ဘယ်ဟာကို ကုန်းမြတ်သိင်္ဂုတ်ဘွေ၊ ဧကန်မှန်သိသူ၊ လူတွင်ဘယ်ရှိအုန်း၊ ချုန်းချငိုချင်၊ ညီနောင်ဆွေးပူကြလျှင် x၊ (ဝတိံသာ စိန်ကမ္ပလာ ဣန္ဒာရှင်၊ ရှုမြင်လူ့ခွင်မြန်းကြွမေး)။ ရှည်ကြာဘိဝေး၊ (မည်မှာရှိသေး ညှိတွေးသိရေးခက်စွာ၊ ဤခါမြော်တင်း၊ ဝေယန်သနင်း၊ လျင်ပြင်းတေဇာ၊ သက်ရှည်ကြာ၊ ကမ္ဘာတည် နတ်များ)၊ လျှင်များ ခုသာ၊ စုလာရောက်စေသား။ ။ ပြန်တမ်းရွှေဗျာဆင်၊ မနေသာပင်၊ သံလျင် ဣန္ဒကာ − နှိမ်ကာ ရှိပန်တွား x၊ သည်းကြား ရွံ့ကာဖို၊ မော်ဘီဆို၊ နတ်အိုဆူးလေ၊ ရောက်ပေဝင်ခစား x၊ ထက်ဘုံစံ သိကြားငယ်ကသာ၊ ကြားစေမိန့်တော်သံ၊ သုံးဆူမြတ်ဖျား မွေတော်စံ၊ မြတ်သိင်္ဂုတ်ထီး ရွှေတောင်ယံငယ် ဘယ်မှာ−ညွှန်ပါနိုင်လျှင်၊ သိချင်တော့သည်၊ မြွက်ကြည်ဖော်ထုတ်မေး၊ ရောက်လာ စုဝေးကြလေတာ၊ များတို့ဒေဝတာ၊ တွေဝေကြံတွေး နေစဉ်ခါ၊ ဆူးလေနတ်ကြီးသည်သာ၊ ကြားလျှောက်တင်ကာ၊ ရှည်စွာယခင် ဖြစ်အင်ထိုထို၊ ညွှန်းပြဆို၊ ထက်ဘုံပိုင်မင်းနှင့် ညီအစ်ကို၊ ပြည်လုံးလူဗိုလ် ရွှင်မြူးလွန်နှစ်ကို၊ မြတ်သီလာ တောင်မြင့်ဘွေ ရှိဟောင်းမွေတော် ထုတ်ဖော်ရွှင်နှစ်လို့။ ။ (ချိုညောင်း၊ နတ်လူအောင်ဆုတောင်း၊ မြတ်ရာပြောင်းဖို့၊ စိတ်ကြံရည်၊ လေးဆူမွေပေါင်း စိန္တေတည်၊ ကြိမ်ပေသည် ထူးမြတ်ပွဲ) သုံးဘုံနတ်လူဗြဟ္မာလဲ၊ ခါမစဲ ခြိမ့်ခြိမ့်ဆူ − သာသနာငါးထောင်၊ မြားမြောင်သတ္တဝါ၊ နတ်ရွာဖိုလ်နိဗ္ဗူ၊ ရွယ်ချူ လွယ်ကူရောက်စေကြောင်း၊ ကောင်းခြီး ပုညမင်္ဂလာ၊ ပွားရာစင်ဖြူ၊ လေးဆူဓာတ်ပုံ တိဂုံစေတီ၊ ဦးချီတင် ညွတ်ပျောင်း။ ။ (ဆရာ ဦးပြုံးချို)

(၂၆) ရွှေတိဂုံသမိုင်းဘွဲ့[ပြင်ဆင်ရန်]

တဖုဿငယ်နှင့်၊ ဘလ္လိကညီနောင်၊ မြတ်ဆံတော်ရှစ်ချောင်း၊ စုပေါင်း၍ − ယူခဲ့ဆောင် x တန်ခိုးတော်က တောက်လောင်၊ ရွှေရောင်လေ − ငွေရောင်လေ − မြရောင်ပြိုးပြက်၊ ဥက္ကလာ များစွာဗိုလ်ခြေ ဆက်ပါလို့လေး x မြတ်ရာဇာ − ဆံတော်ကိုင်ကာ − လက်ကယ်နှင့်လေး x မှိုင်တွေးလျက် အခါအခါ၊ မွေတော်ဓာတ် ကိန်းဝပ်ကျိန်းမြတ်နေရာ၊ သိင်္ဂုတ်ကယ်တည့်တောင်သေလာ၊ ဘယ်မှာလေ x ဘယ်မှာလေလား၊ နတ်ဆူးလေ၊ ရှာဖွေမိန့်တုံ့ငြားလို့လေး x ။ လေးဆူရှင်သည် သည်တွင်တည်တော်ထားလို့လေး x မြတ်စိန္တေဖျားကိုလှ၊ လှူငြားပါကြ အံ့မကုန်၊ မည်တော်တည်ထား မြတ်ဖျားတည့် ရွှေတိဂုံ x ။ ။


သဖြန်။ ။ စိမ်းပြာလဲ့မှုန်၊ ရဂုံကမှိုင်း။ မြူခိုးရယ်မှောင်မှောင်နှင့်၊ သည်တောင်မှာ ရွှေရောင်ဖုံးတယ်၊ ကုန်းမြတ်သမိုင်း။ ။ (မဟာဂီတပေါင်းချုပ်ကျမ်း)


(၂၇) တောင်းဆုပြည့်စုံ ရွှေတိဂုံ[ပြင်ဆင်ရန်]

ရွှေထီးတင်၍၊ ရွှေစင်ရောင်လျှံ၊

ရွှေပြားမံလျက်၊ ထက်ယံတိမ်ခွင်၊

ကောင်းကင်ဝင်းဝင်း၊ မိုးလုံ:လင်းမျှ၊

နေမင်းစကြာ၊ သူရိယာလျှင်၊

ထွန်းဝါပြောင်ပြောင်၊ ခြည်တထောင်နှင့်၊

တိမ်မှောင်လင်းပျောက်၊ ပြန်လာရောက်သို့၊

ကျော်ချောက်နတ်ရွာ၊ ဗြဟ္မာကစ၊

ထိုမှအများ၊ သုံးဘုံသားတို့၊

ခုနှစ်ပါးရတနာ၊ ကိုယ်စီပါလျက်၊

များစွာဖျော်ဖျော်၊ ပူဇော်ကြလှာ၊

လိုရာယူလှိုင်း၊ ဆုကြီးခိုင်းက၊

တောင်းတိုင်းပြည့်စုံ၊ တန်ခိုးဖုံသည်၊

တိဂုံစေတီ လှ၏တည်း။ ။

ရွှေတိဂုံပျို့ (ပေမူ)

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မြတ်ဘုရားရွှေတိဂုံ။ ၃၆၁၊ ပြည်လမ်း၊ ရန်ကုန်မြို့: စာပေဗိမာန်။CS1 maint: location (link)