လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး
LTmgGyi.jpeg
မွေးဖွားမောင်သန့်စင်
(1878-12-12)ဒီဇင်ဘာ ၁၂၊ ၁၈၇၈
ကွယ်လွန်ဒီဇင်ဘာ ၁၂၊ ၁၈၇၈(1878-12-12) (အသက် -၆၁)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာ။
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးမြန်မာ
အိမ်ထောင်ဖက်ဒေါ်မမကြီး၊ ဒေါ်အေး
သားသမီး

လယ်တီ ဆရာတော် ဘုရားကြီး၏ တပည့်ရင်း ဖြစ်သူ လယ်တီ ပဏ္ဍိတ ဆရာ ဦးမောင်ကြီးမှာ အထက် မြန်မာပြည် မုံရွာမြို့ တောင်ဘက် ခုနစ်မိုင်ခန့် တွင် တည်ရှိသော မုံရွာမြို့နယ် ညောင်ဖြူပင်ရွာ ဇာတိ ဖြစ်သည်။ သက္ကရာဇ် ၁၂၄ဝ ပြည့်နှစ်၊ တပို့တွဲလဆန်း ၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။


အဖမှာ လယ်ပိုင်ရှင် ဦးရောက်ကလေး ဖြစ်၍ အမိမှာ မင်းတုန်းမင်း တရားကြီး၏ အပျိုတော် စာတော်ဖတ် ဒေါ်ထပ်ကြီး ဖြစ်လေသည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးကို ဖွားမြင် ခဲ့စဉ်က ဦးရောက်ကလေးမှာ အသက် ၆ဝ အရွယ်၊ မိခင် ဒေါ်ထပ်ကြီးမှာ ၄၂ နှစ် အရွယ် ဖြစ်၍ ထိုအမိ အဖ တို့၏ တစ်ဦးတည်းသော သား ဖြစ်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ငယ်မည်မှာ ‘မောင်သန့်စင်’ ဖြစ်သည်။


၁၂၄၇ မောင်သန့်စင် ၇ နှစ်သား အရွယ်တွင် ညောင်ဖြူပင်ရွာ မရမ်းပင်ကျောင်း ဘုန်းတော်ကြီး ဦးသီရိ ထံတော်၌ စာပေအပ်နှံ သင်ကြား စေ၍ ၉ နှစ်သား အရွယ်တွင် ရှင်သာမဏေ အဖြစ်သို့ ရောက်ခဲ့သည်။ ရှင် အမည်မှာကား ‘ရှင်ပဏ္ဍိစ္စ’ ဖြစ်သည်။


ရှင်ပြုပြီး၍ များမကြာ မြင့်မီပင် မိခင် ကွယ်လွန် သောကြောင့် လူဝတ်လဲကာ အသက်အရွယ် အားဖြင့် ၇ဝ ကျော်ပြီ ဖြစ်သော ဖခင်ကြီးနှင့် အတူ နေထိုင် ခဲ့လေသည်။ သို့ရာတွင် အချိန်ကို အလဟဿ မဖြုန်းတီးမူ၍ မရမ်းပင်ကျောင်း ဘုန်းတော်ကြီးထံ ၌ပင် သဒ္ဒါ၊ သဂြိုဟ် အစ ရှိသည် တို့ကို ဆက်လက် သင်အံ နေခဲ့သည်။ နောက် ၁၂၅၃ ခုနှစ် ၁၃ နှစ်သား အရွယ်သို့ ရောက်လတ်သော ဖခင် အနိစ္စ ရောက်ပြန် လေသောကြောင့် မောင်သန့်စင်မှာ မွေးချင်း ပေါက်ဖော် မရှိ၊ တစ်ယောက် ထီးတည်းသာ ကျန်ရစ် ခဲ့ရှာသည်။


ဤသို့လျှင် ‘လယ်တီပဏ္ဍိတ ဦးမောင်ကြီး’ ဟု ကျော်စော ထင်ရှားမည့် မောင်သန့်စင်သည် သာမဏေ ဝတ်လိုက်၊ လူထွက်လိုက်ဖြင့် ရှိနေခဲ့ရာမှ ၁၂၅၇ ခုနှစ် အသက် ၁၇ နှစ် ၁၈ နှစ် အရွယ်သို့ ရောက်သော အခါ စတုတ္ထ အကြိမ်မြောက် သာမဏေ ဝတ်ပြီးလျှင် သက္ကရာဇ် ၁၂၅၈ ခုနှစ်၊ တပေါင်းလ ဆန်း ၈ ရက်နေ့တွင် မုံရွာမြို့ လယ်တီ ဆရာတော် ဘုရားကြီး ထံတော်သို့ ရောက်ရှိ သွားလေသည်။


ထိုအခါ လယ်တီ ဆရာတော် ဘုရားကြီးက ‘ရှင်ပဏ္ဍိစ္စ’ အား ‘ရှင်ပဏ္ဍိတ’ ဟု ပြင်ဆင် မှည့်ခေါ်တော် မူ၍ ပိဋကတ် အခြေခံ ကျမ်းဂန် အရပ်ရပ်ကို နှံ့နှံ့စပ်စပ် သင်ကြား ပေးတော်မူ ပေသည်။ ဉာဏ်ပညာ အရာ၌ ထက်မြက် ထူးချွန် လွန်းလှ သဖြင့်လည်း လယ်တီ ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင်က မကြာခဏ ထုတ်ဖော် ချီးကျူး ရလေသည်။ အသက် ၂ဝ ပြည့်၍ သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်၊ တပေါင်း လပြည့်ကျော် ၈ ရက်နေ့တွင် ရဟန်း အဖြစ်သို့ရောက်ပြီးနောက် များမကြာ မီလည်း လယ်တီ တိုက်ကြီး၌ပင် စာချ ပုဂ္ဂိုလ် အဖြစ် တိုးတက် မြှောက်စားခြင်း ခံရသည်။

ငယ်ရွယ်စဉ် အခါ ကာလကပင် လောက နီတိချိုး ဓမ္မတိချိုး များကို ကြိုးကြား ကြိုးကြား ကြိုးစား လေ့လာခဲ့သူ ဖြစ်သည့် အလျောက် လယ်တီ ဆရာတော် ဘုရားကြီး၏ ကဗျာများကို လေ့လာခွင့် ရသော အခါ၌မူကား ဦးပဏ္ဍိတသည် ကဗျာ အရာ၌ လွန်စွာမှ ကျွမ်းကျင် တတ်မြောက်ခြင်း ဖြစ်သည့် အားလျော်စွာ ‘သဒ္ဒါ ပဏ္ဍိတ’ ဟု ကျော်စော လာဘိသည်။

‘လယ်တီပဏ္ဍိတ’ ဟု တွင်ရခြင်း အကြောင်းမှာ ဦးပဏ္ဍိတသည် ရဟန်း ၃ ဝါ အရတွင် မန္တလေးမြို့ မဟာ ဝိသုဒ္ဓါရာမ ဆရာတော် ဘုရားကြီး အထံတော်၌ သက္ကတ ဘာသာကို သင်ကြား ဆည်းပူးသည်။ ထိုအခါ ဦးပဏ္ဍိတ၏ အရည်အချင်း ကျော်စော သတင်းကို သိနှင့်ပြီး ဖြစ်သည့် အလျောက် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးက ဦးပဏ္ဍိတအား လယ်တီ ကျောင်းတိုက်မှ လာသူ ဖြစ်သည်က တကြောင်း၊ လယ်တီ ဆရာတော် ဘုရားကြီး၏ တပည့်ရင်း ဖြစ်သည်က တကြောင်း၊ ဤ အကြောင်း နှစ်ရပ်ကြောင့် ‘ပဏ္ဍိတ’ ဟူသော ဘွဲ့ရင်းတွင် ‘လယ်တီ’ ကို ထပ်ဆင့် လိုက်ပြီးကာ ‘လယ်တီ ပဏ္ဍိတ’ ဟု တွင်ခဲ့ခြင်း ဖြစ်ပေသည်။

လယ်တီ ပဏ္ဍိတသည် ရဟန်း ၅ ဝါ အရတွင် ပါဠိ ပိဋကတ် ဆိုင်ရာ တို့၌ လည်းကောင်း၊ သင်္သကရိုက် ဆိုင်ရာ တို့၌ လည်းကောင်း ရှင် လူ ပရိသတ် အပေါင်းက အံ့ဩ ချီးမွမ်း ရလောက်အောင် စုံစုံလင်လင်ပင် သင်ကြား တတ်မြောက်ပြီး ဖြစ်သည့် အလျောက် ပစ္စယ မဉ္စရီ၊ ဝီထိမဉ္စရီ၊ ပရမတ္ထ သံခိပ်ဋီကာ၊ ပါဠိ အဘိဓာတ် စသော ကျမ်းများကို စတင် ရေးသား လေတော့သည်။

အသက် ၃ဝ အရွယ် ရဟန်း ၉ ဝါအရ သက္ကရာဇ် ၁၂၇ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၈ ခုနှစ်) အတွင်း လယ်တီ ပဏ္ဍိတသည် လူထွက် လိုက်လေသည်။ သို့သော် ငယ်မည် ‘မောင်သန့်စင်’ ဟု မတွင်။ ‘မောင်ကြီး’ ဟူ၍သာ တွင်လေသည်။ နောက်များ မကြာမီပင်လည်း မောင်ကြီးသည် ပျဉ်းမနားမြို့ ဦးအောင်ဒွန်း - ဒေါ်ငြိမ်း တို့၏ သမီး မမကြီး ဆိုသူနှင့် အိမ်ထောင် ပြုခဲ့ရာ သားသမီး လေးယောက် ထွန်းကား ခဲ့လေသည်။ သားအကြီး မောင်တင်ဦး၊ သားအလတ် နှစ်ယောက်နှင့် အငယ်ဆုံး သမီးကလေး တယောက် ဖြစ်ပါ၏။ သားအလတ် နှစ်ယောက်မှာ ဒေါ်မမကြီး အလျင် ဆုံးပါး ကြသဖြင့် ဒေါ်မမကြီး ကွယ်လွန် ပြီးသည့်နောက် သုံးနှစ်ခန့် အကြာတွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ဒေါ်အေးနှင့် နောက်ထပ် အိမ်ထောင် ပြုသော အခါ သားအကြီး မောင်တင်ဦးနှင့် သမီး အထွေးဆုံး ကလေးသာ ကျန်ရစ် ခဲ့ပေသည်။ ဒေါ်အေး နှင့်လည်း မတင်ဦး ဆိုသူ သမီး တစ်ယောက် ထွန်းကား ပြန်သေးသည်။


လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ပျဉ်းမနား မြို့တွင် ၃ နှစ်ခန့်၊ မန္တလေး မြို့တွင် တစ်နှစ်ခန့် နေပြီး မြန်မာ သက္ကရာဇ် ၁၂၇၃ ခုနှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၁ ခုနှစ်) တွင် မြန်မာ့အလင်း ဦးရွှေကြူးက ခေါ်လာ သဖြင့် မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ရသည်။ မြန်မာ့ အလင်း မဂ္ဂဇင်း အကြောင်းနှင့် ပတ်သက်၍လည်း အလျဉ်းသင့် သဖြင့် ဆိုရသော် “ထိုမဂ္ဂဇင်းမှာ ကမ္ဘာစစ် မဖြစ်မီက ထုတ်ဝေသော မဂ္ဂဇင်း ဖြစ်သောကြောင့် မြန်မာပြည်တွင် လက်ဦးဆုံး ထုတ်ဝေသော မဂ္ဂဇင်းဟု ဆိုရပေမည်။ ထိုမဂ္ဂဇင်း အလျင်က မြန်မာ မဂ္ဂဇင်း ထွက်ပေါ် ဖူးသည်ဟု မကြားရချေ။” မြန်မာ စာပေကို အမြဲတမ်း လိုက်စား စုဆောင်း နေသူ တစ်ဦး ဖြစ်သည့် ‘ငွေဥဒေါင်း’ အမည်ခံ စာပေဗိမာန် ဦးကြီးမောင်၏ အလိုအရသော် “၁၉၁၂ ခုနှစ်၊ (မြန်မာ သက္ကရာဇ် ၁၂၇၄ ခုနှစ်) ဇွန်လတွင် ဘားလမ်း၊ အမှတ် ၅၁၊ ‘ရွှေကြူး ကုမ္ပဏီ’ ပိုင်ရှင် ဦးရွှေကြူးက မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေ လေသည်။” အထက်တွင် ဆိုခဲ့ပြီးသည့် အတိုင်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် အသက် ၃ဝ အရွယ် ရဟန်း ဘောင်မှ ထွက်၍ ပျဉ်းမနားတွင် ၃ နှစ်ခန့်၊ မန္တလေးတွင် တနှစ်ခန့် နေပြီးမှ ဦးရွှေကြူး ခေါ်လာ၍ မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်ရသည် ဆိုသော စကားနှင့် ဦးရွှေကြူးက မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေသည် ဆိုသော စကား နှစ်ရပ်ကို ဆက်စပ် ကြည့်ပြန်သော် သက္ကရာဇ်ချင်း ကိုက်ညီ၍ နေသည် ကိုလည်း တွေ့ရသည်။ သို့ဖြစ်ရာ သက္ကရာဇ် ၁၂၇၄ ခုနှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၂ ခုနှစ်) တွင် မြန်မာ မဂ္ဂဇင်း လောက၌ ပထမဦးဆုံး မဂ္ဂဇင်းဟု ဆိုအပ်သော မြန်မာ့ အလင်း မဂ္ဂဇင်းကို စတင် ထုတ်ဝေ၍၊ မြန်မာ မဂ္ဂဇင်း လောကတွင် ပထမဦးဆုံး အယ်ဒီတာ အဖြစ်ဖြင့်လည်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက ဆောင်ရွက် ခဲ့ရကြောင်းနှင့် ဆိုနိုင်သည်။


မြန်မာ့ အလင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ်ဖြင့် ထမ်းရွက်စဉ် မြန်မာ စာပေနှင့် ပတ်သက်သမျှ တို့ကို လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက တာဝန်ယူ ရေးသား ရပေသည်။ ထို့အပြင် ‘မောင်သောက အိပ်မက်ခန်း’ ကိုလည်း စတင် ရေးသား ပေသေးသည်။ လူကြိုက် အလွန်များသော ဟူ၏။ ထိုမှ တပါး သကုဏ္ဍလ ဝတ္ထုနှင့် ခင်မြင့်ကြီး ဝတ္ထု တို့ကိုပါ မြန်မာ့ အလင်း မဂ္ဂဇင်း၌ ဆက်လက် ရေးသား ထည့်သွင်းကြောင်း၊ ဤမျှသာမက အင်္ဂလိပ် ပြဇာတ်ရေး ဆရာကြီး ‘ရှိတ်စပီးယား’ ၏ စကားပြေပြန် ဝတ္ထုများ ကိုပင် ဦးရွှေကြူးက အင်္ဂလိပ် ဘာသာမှ မြန်မာ ဘာသာသို့ ပြန်ဆို ဖတ်ကြား ပြသည်ကို လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးက ဖွဲ့နွဲ့ ရေးသား ထည့်သွင်းကြောင်းဖြင့် သိရသည်။


ပထမ ကမ္ဘာစစ်ကြီး အတွင်း ‘မြန်မာ့ အလင်း မဂ္ဂဇင်း’ မှာ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးနှင့် ဦးရွှေကြူး တို့၏ ကြိုးပမ်းမှုကြောင့် လည်းကောင်း၊ စစ်ကြေးနန်း၊ စစ်သတင်း တို့ကြေင့် လည်းကောင်း အရောင်းရ တွင်ကျယ် လာကာ စောင်ရေများ တိုးတက် လာသည်မျှ မက လစဉ် ထုတ်မှ ၁၅ ရက် တကြိမ် ထုတ်ရသည် အထိ၊ ထိုမှ တဖန် ၁၅ ရက် တစ်ကြိမ် ထုတ်မှ နေ့စဉ် ထုတ်ပြန်ရကာ အမည် ကိုလည်း ‘မြန်မာ့အလင်းသတင်းစာ’ ဟု ပြောင်းရသည် အထိ လူကြိုက်များ၍ လာခဲ့သည်။


သို့ရာတွင် ထိုပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးခါနီး ဂျာမန်တို့ ဘက်သို့ အသားပေး ရေးသားခြင်း၊ ဂျာမန် စစ်အောင်နိုင်မှု တို့ကို အကြီးအကျယ် ထည့်သွင်းခြင်း တို့ကြောင့် ‘မြန်မာ့အလင်းသတင်းစာ’ ခေါ် ရှေးယခင် ‘မြန်မာ့အလင်းမဂ္ဂဇင်း’ သည် ဗြိတိသျှ အစိုးရ တို့၏ အငြိုအငြင်ကို အထူးခံရကာ နောက်ဆုံး၌ ဆက်လက် ထုတ်ဝေခြင်း မပြုရ တော့ဘဲ ပိတ်ထား ရသည့် အထိပင် ဖြစ်သွားသည်။ ထိုအခါ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ‘ပညာ့လင်းမဂ္ဂဇင်း’ သို့ ကူးပြောင်း ဝင်ရောက်ကာ ဆရာ ပီမိုးနင်းနှင့် အတူ လုပ်ကိုင် ပြန်လေသည်။ ပညာ့ အလင်း မဂ္ဂဇင်းတွင် လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် သခင်မြင့်ကြီး၊ တင်တင်မြ စသော ဝတ္ထုကြီးများ ကိုလည်း ဆင်၍ ရေး၏။ မြန်မာ့ စာပေ သမိုင်းတွင် ရာဇဝင် ဝတ္ထုကြီးများ အနက် ပထမဆုံး ဖြစ်သော ‘နတ်ရှင်နောင် ရာဇဝင် ဝတ္ထု’ ကိုလည်း ထွင်၍ ရေး၏။ မြန်မာ့ အလင်း မဂ္ဂဇင်းတွင် ရေးလက်စ ဖြစ်သော ‘မောင်သောက အိပ်မက်ခန်း’ ကိုလည်း ‘နေတာရီ ဝတ္ထု’ ဟူသော အမည်ဖြင့် ဆက်၍ ရေး၏။ လူတို့ လိုက်နာ ကျင့်ဆောင်ရန် လမ်းညွှန် ဆောင်းပါးများ ဖြစ်သော ‘နိတိမဉ္စရီခန်း’ ကိုလည်း စ၍ ရေး၏။ ‘သန်းသန်းဝတ္ထု’ ကဲ့သို့သော ဝတ္ထုတို ကလေးများ ကိုလည်း အများအပြားပင် ဖွဲ့၍ ရေး၏။ ထိုဝတ္ထုများ အနက် ‘အလင်းနှင့် အမှောင်’ ဟူသော ဝတ္ထုတို ကလေးကို ရုပ်ရှင် လောကတွင် အစ အဦးဆုံးပင် ထင်ပေါ် ကျော်ကြား ခဲ့ပေသော ဦးအုန်းမောင်၏ လက်ထက်က ပညာ့ အလင်း မဂ္ဂဇင်း၏ အုပ်ချုပ်မှု မန်နေဂျာလည်း ဖြစ်၍ ရုပ်ရှင် ဒါရိုက်တာလည်း ဖြစ်ပေသော ‘ဒါရိုက်တာ တုတ်ကြီး’ က ‘ချစ်အာရုံ’ ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးကြောင်း နှင့်လည်း အမှတ်အသား ရှိပေသည်။


လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးသည် ပညာ့ အလင်း မဂ္ဂဇင်း၌ စာပေ့ အကျိုးကို ထိုကဲ့သို့ သည်ပိုး ဆောင်ရွက် နေစဉ် အတွင်း တိုက်အုပ် ဦးတင်တွင် အမှု ဖြစ်လာ သောကြောင့် စိတ်ပျက် လက်ပျက်နှင့် အထက်အညာ မုံရွာသို့ ပြန်သွားသည်။ နောက် အင်္ဂလိပ် သက္ကရာဇ် ၁၉၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင်) ‘ဒဂုန် မဂ္ဂဇင်း’ က ခေါ်ယူ သဖြင့် ထိုနှစ်မှ အစပြု၍ ဒဂုန် မဂ္ဂဇင်းကို အယ်ဒီတာ အဖြစ် အုပ်ချုပ် ဦးစီး ရလေသည်။


ဒဂုန် မဂ္ဂဇင်းတွင် ၉ နှစ် ကျော်ကျော် ၁ဝ နှစ် နီးပါးမျှ ဦးစီး အယ်ဒီတာ အဖြစ် လုပ်ကိုင် နေစဉ် အတွင်း ‘လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး’ ဟူသော အမည်ရင်းဖြင့် လည်းကောင်း၊ ‘မန္တလေး မောင်ခင်မောင်’ ၊ ‘ယုဝတီ ခင်တုတ်’ စသော အမည်ဝှက်များဖြင့် လည်းကောင်း ဝတ္ထု ဆောင်းပါး အများကို ရေးသား ခဲ့ပေသည်။ ထို့အပြင် ပါဠိ ဘာသာပြန်များ၊ ဗုဒ္ဓဘာသာ ကျမ်းစာများ၊ ရာဇဝင် ဝတ္ထုများ၊ ကဗျာများ ကိုလည်း မနား မနေပင် ရေးသား ခဲ့ပေ၏။ ရာဇဝင် ဝတ္ထုများနှင့် ရှစ်လုံးဖွဲ့ ကဗျာများကို စတင် ရေးသား ခဲ့သူမှာလည်း လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးဟု အများက အသိအမှတ် ပြုကြရ ကုန်သည်။ သို့နှင့် ပါဠိ၊ မြန်မာ နှစ်ဘာသာ တတ်ကျွမ်းသော ကျမ်းပြု ပုဂ္ဂိုလ်ကျော် မြန်မာ့ စာဆိုတော်ကြီး တဦး ဖြစ်သည့် အားလျော်စွာ ဂုဏ်ထူးဆောင်’ “မဟာဝိဇ္ဇာ” ဘွဲ့ထူးဖြင့် အင်္ဂလိပ် အစိုးရ၏ ချီးကျူး မြှောက်စားခြင်း ခံရ ပေသေးသည်။


လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရှေးရှု၍ ကျမ်းပြုရပေါင်း များလွန်း လာရကား အသက် ၅၅ နှစ်ခန့် အရွယ်တွင် အမူးရောဂါ စွဲကပ်လာရကာ နောက်ဆုံး၌ မတတ်သာ တော့သဖြင့် အင်္ဂလိပ် သက္ကရာဇ် ၁၉၃၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၂၉၄ ခုနှစ်၊ နတ်တော်လ) တွင် မုံရွာမြို့သို့ တဖန် ပြန်လည် ပြောင်းရွှေ့ နေထိုင် ရတော့သည်။


ဤသို့အားဖြင့် မုံရွာမြို့ တွင်ပင် ဆက်လက် နေထိုင် ခဲ့ရာမှ အသက် ၆၁ နှစ် အရွယ်၊ သက္ကရာဇ် ၁၃ဝ၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ ဧပြီလ ၂၁ ရက်) သောကြာနေ့ နံနက် ၆ နာရီ အချိန်ဝယ် ဘဝ တပါးသို့ ပြောင်းသွား ကွယ်လွန် ရှာချေသည်။ ဤသည်ကို ရည်၍ ဆရာ ဦးမောင်ကြီး၏ တပည့်ရင်း ဖြစ်သူ လယ်တီ ဦးကောဝိဒက ရတုပိုဒ်စုံ ရေးသား ခဲ့ရာ၌ -


“… ပညာမီးဆီ၊ တုမမှီသည်၊ (လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး)၊ ဂုဏ်ယူချီးလျက်၊ သီးခြား ရစ်ခွေ၊ ဘွဲ့အမ် အေတည့်။ ဆယ်ထွေမြှောက်လီ၊ တစ်ကိုမှီသား၊ သက်ဇီဝိတ၊ ချိန်ကာလတွင်၊ သုံးရာက ပေါ်၊ တစ် အကျော်ဝယ်၊ လေဆော်ပင့်ချေ၊ ကဆုန်နွေဟု၊ ဆန်းလေ လေးရက်၊ နာရီစက်ကား၊ နံနက်ပြည့်ညီ၊ ခြောက်နာရီဝယ်၊ ယာယီဖြောင့်တန်း၊ ဆုံးတိုင်ထန်းသည်၊ ၊ ဂဏန်းရေး၍ မချပြီ။ ။”


ဟု အတိအကျပင် ဖော်ပြ ထားပေသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ရုပ်ကလာပ် ကိုမူကား ထိုလ ၁ဝ ရက်နေ့တွင်မှ ဖုတ်ကြည်း သဂြိုဟ်ကြကုန်၏။


လယ်တီ ပဏ္ဍိတ ရေးသား ပြုစုခဲ့သည့် ကျမ်းပေါင်းကား ၄ဝဝ နီးပါမျှ ရှိပေ၏။ အချို့အဝက်မျှ ကိုသာ ဖော်ပြရသည် ရှိသော်၊ ယမိုက် အဖြေကျမ်း၊ ပရမတ္ထ သံခိပ် ဋီကာကျမ်း၊ ပါဠိ အဘိဓာန်၊ ဝီထိမဉ္စရီ၊ ပစ္စယမဉ္စရီ၊ သဒ္ဒမဉ္စရီ စသော ပိဋကတ် ဆိုင်ရာ ကျမ်းဂန်များ၊ နီတိမာလာ၊ နီတိမဉ္စရီ၊ သူရဿတီနီတိ၊ စာဏကျနီတိ စသော နီတိကျမ်းများ၊ ဝေဿန္ဈရာဂီတိ၊ စာဏကျနီတိ စသော နီတိကျမ်းများ၊ ဝေဿန္တရာဂီတိ၊ ဘဂဝါဂီတိ စသော ဂီတိ (ပါဠိ ကဗျာ) ကျမ်းများ၊ သောတမာလာ၊ ဒေသနာ မဉ္စရီ သာဓုသုန္ဒရီ စသော တရား စာအုပ်များ၊ ခင်မြင့်ကြီး၊ တင်တင်မြ၊ သန်းသန်း၊ ရွှေပြည်ကြီး စသော ဝတ္ထုများ၊ နတ်ရှင်နောင် ဝတ္ထု၊ ဗညားနွဲ့ ဝတ္ထု၊ တပင်ရွှေထီး ဝတ္ထု စသော ရာဇဝင် ဝတ္ထုကြီးများ၊ ဓမ္မစကြာ အမေး အဖြေ၊ ပဋ္ဌာန်း အမေး အဖြေ၊ အနတ္တစက္ခု စသော စာအုပ်များ၊ ထေရာဘာသာပြန်၊ ထေရီဘာသာပြန် စသော ဘာသာပြန် စာအုပ်များ ဖြစ်သတည်း။ ။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ) မြဝတီမဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၂ လာ ဒဂုန်ဦးထွန်းမြင့်၏ 'လယ်တီပဏ္ဍိတ ဦးမောင်ကြီး' အတ္ထုပ္ပတ္တိ။
  2. ) မြဝတီမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၈ လာ 'ရဝေ စိုးမင်း' ၏ 'တောခိုနေသော စာညွန့်များ' ဆောင်းပါး။
  3. ) မြဝတီ မဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၁ဝ လာ မောင်ကြည်ရှင်၏ 'တောခိုနေသော စာညွန့်များ' ဆောင်းပါး။
  4. ) မြဝတီ မဂ္ဂဇင်း၊ အတွဲ ၂ ၊ အမှတ် ၂ နှင့် ၃ လာ 'ငွေဥဒေါင်း' ၏ 'မြန်မာ မဂ္ဂဇင်း သမိုင်း'။
  5. ) သိပ္ပံမောင်ဝ၏ 'ခေတ်စမ်း ရာဇဝင်ရေးများ' လာ 'လယ်တီ ပဏ္ဍိတ ဆရာဦးမောင်ကြီး'၊ မျက်နှာ ၅၂ မှ ၆၉ အထိ။
  6. ) ကြီးပွားရေး မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၃ လာ 'မြန်မာ သတင်းစာ ဆရာများ အဖွဲ့' မှ ထုတ်ဝေသည့် 'ဝမ်းနည်းကြောင်း စာတမ်း'။
  7. ) ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် ၁ဝ နှစ်မြောက် 'သမာဓိ သတင်းစာ'။ ။]


လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကဗျာ့မဉ္ဇရီ - ၁၉၆၂ ခုနှစ်
  2. ကုန်းဘောင်ခေတ် သုတရတနာ ခေါ်ဆိုထိုက်သော ရှေးဟောင်း ကဗျာပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  3. ခင်မြင့်ကြီး (ငါးတွဲ) - ၁၉၆၁ ခုနှစ်
  4. စာဏကျနီတိကျမ်း - ၁၂၉ဝ ပြည့်နှစ်
  5. စာဏကျ လမ်းညွှန်ဖတ်စာ
  6. တပင်ရွှေထီး ဝတ္ထုတော်ကြီး (၄ တွဲ) - ၁၉၅၈ ခုနှစ်
  7. တင်တင်မြ (၃ တွဲ) -
  8. ထေရာဘာသာပြန် - ၁၂၈၉ ခုနှစ်
  9. ထေရီဘာသာပြန်
  10. ထေရီဂါထာ (မြန်မာ) - ၁၂၆၉ ခုနှစ်
  11. ဒေသနာမဉ္စရီကျမ်း ယပ်လှဲတရားစာ - ၁၂၆၉ ခုနှစ်
  12. ဓမ္မကထိကစက္ခု ခေါ်ထိုက်သည့် ဒေသနာ မဉ္စရီကျမ်း -
  13. ဓမ္မစကြာ အမေးအဖြေ - ၁၉၆၈ ခုနှစ်
  14. ဓမ္မဝိနယပြန်တမ်း
  15. နီတိမာလာကျမ်း - ၁၉၂ဝ ပြည့်နှစ်
  16. နီတိမဉ္စရီကျမ်း - ၁၉၂ဝ ပြည့်နှစ်
  17. နတ်ရှင်နောင် -
  18. ပဋ္ဌာန်းအမေးအဖြေ - ၁၉၆၃ ခုနှစ်
  19. ပရမတ္ထသံခိပ်ကျမ်း - ၁၂၉၉ ခုနှစ်
  20. ပါဠိစကားသင်စာအုပ်
  21. ပါဠိအဘိဓာန်ချုပ်
  22. ပန်ထွာမင်းသမီး
  23. ဗညားနွဲ့
  24. ဘဂဝါဂီတကျမ်း
  25. မဟာသတိပဋ္ဌာန်သုတ် အမေး အဖြေ
  26. မောင်သောက အိပ်မက်ဆန်း
  27. မန်လည် မဟာထေရုပ္ပတ္တိကထာ
  28. မှိုင်းဝေဝေ
  29. ယမိုက်အဖြေကျမ်း - ၁၉၅၄ ခုနှစ်
  30. ရွှေပြည်ကြီး
  31. ဝိမာနဝတ္ထု၊ (မြန်မာ) - ၁၂၉ဝ ပြည့်နှစ်
  32. ဝေဿန္တရာဂီတိကျမ်း
  33. ဝေဿန္တရာဟောစာ
  34. သကုဏ္ဍလ
  35. သာဓုသုန္ဒရီကျမ်း (၆တွဲ)
  36. သာဓုသုန္ဒရီ ယပ်လှဲတရားစာ ပေါင်းချုပ် (၁ဝ တွဲ) - ၁၉၇၆ ခုနှစ်
  37. သာသနာ့သမ္ပတ္တိဒီပနီ - ၁၉၅၃ ခုနှစ်
  38. သီရိဓမ္မအသျှင် မဟာဝိသုန္ဓရာမိက - ၁၂၆၉ ခုနှစ်
  39. သူရဿတီနီတိကျမ်း - ၁၂၈၆ ခုနှစ်
  40. သောတမာလာကျမ်း (၅ တွဲ) -
  41. သောတမာလာ ယပ်လှဲတရားစာ - ၁၂၈၆ ခုနှစ်
  42. သန်းသန်းဝတ္ထု (၄ တွဲ) - ၁၉၂၉ ခုနှစ်
  43. သမ္မာဒိဋ္ဌိဒီပနီ - ၁၉၃၂ ခုနှစ်
  44. အနတ္တလက္ခဏသုတ် အမေး အဖြေ
  45. ဥရောပ ဗုဒ္ဓဘာသာ အလင်းပြ

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ က “လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး (၁၂၄ဝ - ၁၃ဝ၁)” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။