အရည်းကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပုဂံခေတ်က အလွန်တန်ခိုးကြီးခဲ့ကြသည့် လူနှင့်အတူ အပြုအမူအယူဝါဒရှိသော ရှင်ယောင်များကို အရည်းကြီးဟုခေါ်သည်။ အရည်းကြီးတို့သည် ယခုခေတ် ရဟန်းစစ်များကဲ့သို့ မဟုတ်ပဲ ရဟန်းတု၊ ရဟန်းယောင်၊ ဝိဇ္ဇာမယိဒ္ဓိ မှော်ဆရာတို့ပင် ဖြစ်ကြသည်။

ဝေါဟာရ အဓိပ္ပါယ်[ပြင်ဆင်ရန်]

အရည်းကြီးဟူသော ဝေါဟာရသည် အရိယဟူသော ပါဠိမှ လာသည်ဟု ယူဆရသည်။ အချို့က အရည တောဟူသော စကားမှ လာသည်ဟု ယူဆကြသည်။ အရည်းတို့သည် အရညဝါသီများမဟုတ်ကြပဲ မြို့ရွာ ဆင်ခြေဖုံးကျောင်းများတွင် နေကြ၏။ သို့ရာတွင် အချို့ပညာရှင်တို့က ပုဂံရာဇဝင်ဟောင်းနှင့် ရာဇဝံသဒီပက၌ အရဲဟူ၍ လာရှိသဖြင့် အထက်ပါအယူအဆများသည် ယုတ္တိမတန်ဟု ဆိုကြသည်။

ပုဂံခေတ်[ပြင်ဆင်ရန်]

ပုဏ္ဏောဝါဒသုတ်အရ ရှင်ပုဏ္ဏကအစပြု၍ သရေခေတ္တရာ၊ ယုန်လွှတ်ကျွန်း၊ ပုဂါရာမ၊ အရိမဒ္ဒနာ၊ သီရိပစ္စယာ၊ တမ္ပဝတီ မြို့တိုင် ထီးနန်းအဆက်ဆက် ဆင်းသက် စဉ်လာလိုက်နာခဲ့သော သာသနာတော်ထမ်း ရဟန်းသံဃာတော်တို့သည် တာရှည်ကာလ လိုက်နာရပုံ ကျင့်ဝတ်အရပ်ရပ် ကြပ်တည်းသိမ်မွေ့သည်ကို မလိုက်နာနိုင်ကြ။ တစ်စတစ်စ ချို့ယွင်းသဖြင့် အကျင့်ယုတ်၍ ဟုတ်မှန်သည်ကို မလိုက်နာနိုင်ဘဲ ကွဲလွဲပျက်စီးကြသောကြောင့် တမ္ပဝတီမြို့ကို တည်ထောင်သော သစ်တိုင်မင်း လက်ထက်မှစ၍ ရဟန်းကောင်း ရဟန်းမြတ်တို့ အကျင့်ကွယ်ပျောက်ပြီးလျှင် ရှင်ယောင်အရည်းတို့၏ အယူအကျင့် ပွင့်လင်းစည်ကား တိုးပွား လာလေသည်။ ပုပ္ပါးတောင်ပုဂံမြို့ကြီးအနီး အရှေ့တောင်ယွန်းရှိ သမထီးအရပ်သည် အရည်းကြီးတို့၏ ဗဟိုအချက်အချာ ဒေသဖြစ်သည်။ သမထီးအရပ်ကို အချို့ ကျောက်စာများ၌ သစ်မတည်ဟု ရေးသည်။ အချို့ကမူ အရည်းကြီး သုံးကျိပ်တို့နေရာဖြစ်၍ သမ္မတိ ဟူသောသဒ္ဒါမှ သမ္မတီး၊ ထိုမှ သမထီးဟူသော အမည် ဖြစ်လာသည်ဟုပင် ယူဆကြသည်။

အရည်းကြီးတို့ဝါဒသည် သမထီးအရပ်မှ တဖြည်းဖြည်း လွှမ်းမိုးလာကာ သက္ကရာဇ် ၂၉၃ ခုနှစ်တွင် နန်းတက်သော စောရဟန်းဘွဲ့ခံ တောင်သူကြီးမင်း လက်ထက်တွင် အရည်းကြီးများအား ဘုရင်နှင့်တကွ တစ်ပြည်လုံး ကိုးကွယ်သည်အထိ တန်ခိုးကြီးလာကြသည်။ တောင်သူကြီးမင်းသည် ဘုရားတည်ရာ၌ပင် ပအရည်းရှင်ယောင်တို့နှင့် ဆွေးနွေးမေးမြန်းလျက် ပုထိုးကြီး၊ ပုထိုးငယ်စသော ဘုရားငါးဆူကို တည်ရာတွင် နတ်ရုပ်၊ ဘုရားရုပ်တစ်ခုမျှမထား၊ နံနက်ညဉ့် ထမင်းဟင်း အရက်များဖြင့် ပူဇော်၏။ အရည်းကြီးတို့၏ရုပ်ပုံများကို မင်းနန်သူ(ခေါ်)အနန္တသူရိယ တည်သော ဘုရားလိုဏ်မုခ်များ၌ ရေးခြယ်၍ ထားလေသည်။ ဘုရားသုံးဆူ၊ နန္ဒမညာဘုရား နံရံများတွင် ရုပ်ပုံများ၊ ကျောက်စာမှတ်တမ်းများနှင့် ရာဇဝင် မှတ်တမ်းရေးဆရာဟု ကျော်ကြားသော တိဗက်ရဟန်း တာရနာထ၏ ပုဂံအကြောင်းမှတ်တမ်းကို ထောက်ခံ၍ ပုဂံပြည်တွင် တန္တရဗုဒ္ဓဘာသာရှိနေကြောင်းသိရ၏။


အရည်းကြီးတို့သည် ရဟန်းတို့ကဲ့သို့ သင်္ကန်းဝါ ဝတ်ရုံခြင်းမပြုပဲ အပြာ၊ အနက်၊ အမည်း၊ အညိုစသော သင်္ကန်းများကို ဝတ်ရုံသုံးစွဲကြသည်။ ဆံပင်များမှာလည်း ရဟန်းများကဲ့သို့ ဦးပြည်းရိပ်သည်မဟုတ်၊ ဦးထုပ်ဆောင်း၍ ကောင်းစေရန် ဆံပင်များကို လက်လေးသစ် လက်တစ်ဝါးထားကြသည်။ နှုတ်ခမ်းမွေး မုတ်ဆိတ် မွေးလည်း အရှည်ထားကြသည်။ ဦးထုပ်များလည်း ဆောင်းကြသည်။ ထို့ကြောင့် စလေဦးပုညက -
ရှေးအတီတေ၊ ပုဂံပြည်တွင်၊
ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗလပြစ်၊
မဲညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊
ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီးဟု အရည်ကြီးတို့ အကြောင်း လင်္ကာစပ်ထားခြင်း ဖြစ်သည်။

အပြုအမူများ[ပြင်ဆင်ရန်]

အပြုအမူအားဖြင့်လည်း အရည်းတို့သည် ရဟန်းခံခြင်း၊ သိမ်ဝင်ခြင်း၊ ကမ္မဝါဖတ်ခြင်းများကို ပယ်ရှား၍ စစ်သားများကဲ့သို့ ဆင်စီးသည်၊ မြင်းစီးသည်၊ ကိုယ်တိုင်လက်ပွေ့သတ်သည်၊ လက်ပွေ့သတ်ရန် ချိန်းချက် ပြီးနောက် ချိန်းသောနေ့ရက်တွင် ပျက်ကွက်သည်ကို အစွဲပြု၍ မလုံးဖြစ်ဘုရား၊ မလာ ဖြစ်ဘုရားဟု တည်ခဲ့သည်ဖြစ်ရာ တမ္ပဝတီနယ်တွင် ထိုဘုရားများ ယခုတိုင် ထင်ရှားရှိသေးသည်။ အရည်းများသည် ဆေးလည်း ကုကြသည်။ နွားမများများ မွေးထား၍ နွားများကို ရောင်းစားသည်။ အခြားသူများနှင့် အရည်းများ ရန်ဖြစ်လျှင် အပေါင်းအသင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရည်းများဘက်က တစ်ဖက်သတ်ဝင်၍ ကူညီသည်။ အရည်းတို့အယူကား ဘုရားရှင် ဟောတော်မူသော တရားတော်ကိုပယ်၍ မိမိတို့အယူဖြင့် အသီးအသီး ယူကြကုန်၏။ မိမိဆန္ဒနှင့်လျော်စွာကျမ်းဂန်ပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏။ ထိုသူတို့ ဟောသော တရားကား သူ့အသက်ကို သတ်မိသောသူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိမိကိုသတ်မိ သောသူသည် မည်သည့်ပရိတ်ကိုရွတ်သော် ထိုအပြစ်မှ ကင်းငြိမ်းပျောက်လွင့်သည်။ မည်သည့် မကောင်းမှုကို ပြုသော်လည်း ပြုမိသမျှကို ပြန်ပြော၍ အရည်းတို့ထံ တောင်းပန်ရသည်။ အရည်းတို့က ခွင့်ပြုလျှင် ငရဲမှ လွတ်၍ နတ်ပြည်သို့ ရောက်နိုင်သည်။ မင်းအစရှိသော အမှူး၊ အမတ်၊ ကလန်၊ သံပျင်၊ သူဌေး၊ သူကြွယ်၊ ပြည်သူတို့ သားသမီးကို ထိမ်းမြားမင်္ဂလာ ပြုအံ့သောအခါ ဆရာအား ပန်းဦးလွှတ်သည် ဟူ၍ ညဉ့်ဦးက ထိုသူတို့ထံ ပို့ရသည်။ မိုးသောက်၍ လွှတ်လိုက်မှ ထိမ်းမြားရသောဟူ၏။ ဆရာသို့ ပန်းဦးမလွှတ်ပဲ ထိမ်းမြားမိ ချေသော် အစဉ်ကို ဖျက်သည်ဟု ကြီးစွာသော မင်းပြစ်ကို ခံရသောဟူ၏။

အရည်းကြီးတို့ ဟောပြောပုံကိုလည်း စာပေများတွင် ရေးသားထားသည်။ ထိုစာများ၏ အသွားအလာမှာ ပါဠိတော်များနှင့် ယိုးမှားဖွယ်ရေးသည်။ ဧဝံမေသုတံကစ၍ အစ စကားချီးများမှာ ပါသည်။ သို့ရာတွင် အတွင်းစာသားမှာ ဘုရားတရားနှင့်မညီပဲ ပါဠိစီ၍ ရေးသားထားကြသည်။ အင်းအိုင်၊ လက်ဖွဲ့၊ ခါးလှည့်၊ စက်သွင်း၊ မှော်၊ မန္တန်၊ ဂါထာ အတတ်လေ့လာ၍ သူတို့၏ ဣဒ္ဓိတန်ခိုးများကို ပြောကာ လူများကို ယုံကြည်စေသည်။

မင်းဆက် ၃ဝ တိုင်တိုင် အခိုင်အမာ ထွန်းကားနေသော အရည်းကြီးဝါဒကို အနော်ရထာမင်း နန်းတက်သောအခါ အပြစ်များစွာ မြင်၍ မနှစ်သက်သည့်အတွက် အရည်းတို့အား ဆက်ကပ်လှူဒါန်းမြဲ အလှူအတန်းများကို မပြုလုပ်စေရန် တစ်စတစ်စ ဖျက်တော်မူသည်။


သထုံပြည်မှ ရှင်အရဟံ ပုဂံသို့ ရောက်လာ၍ မင်းနှင့်တကွ တစ်ပြည်လုံး မှန်သောတရား၌ တည်စေသောအခါ အရည်းကြီးတို့သည် တစ်နေ့တခြား လာဘ်လာဘတန်ခိုး အမျိုးမျိုး တိမ်ကောသွားလေသည်။

ယင်းသို့ လာဘ်နည်း၍ တစ်စတစ်စ ကြပ်တည်းလာသောအခါ အရည်းတို့သည် ကျမ်းစာများရေး၍ သရေခေတ္တရာမြို့လယ် သခွပ်ပင် အတွင်း၌ထွင်း၍ ထည့်ထား၏။ သစ်ပင်အခွံ အသားစေ့စပ်လွယ်အောင် စိုစိုစွတ်စွတ် မြေမံထား၍ မသွေ့ မခြောက်စေရန် လုံ့လပြု၏။ သုံးနှစ်လည်၍ သစ်ပင်အခွံ အသားစေ့စပ်သောအခါ ပုဂံပြည်သို့လာ၍ သခွတ်ပင်ကြီးအတွင်း မှန်သောကျမ်းဂန်ရှိသည်ဟု အိပ်မက်အထင်အရှား ဖြစ်ကြောင်းများနှင့် အနော်ရထာ မင်းထံ အရည်ကြီးတို့သည် ယုံလောက်အောင် လာရောက်ပြောကြားကြသည်။ မင်းကြီးလည်း သရေခေတ္တရာသို့ ဝမ်းမြောက်ဝမ်းသာလာ၍ သခွတ်ပင်ကြီးကို ထွင်းဖောက်စေရာ အရည်းများ ပြောသည့်အတိုင်း ကျမ်းစာကိုကား တွေ့ရသော်လည်း ရှင်အရည်းတို့၏ ရှေးသဘောသကန်ဝါဒအတိုင်းပင် ဖြစ်နေပြန်သဖြင့် လုပ်ကြံ ထည့်သွင်းထားသည့်အရာဖြစ်ကြောင်း ရိပ်မိသောကြောင့် ထိုစာများကို ထိုအရပ်၌ပင် မီးတိုက်စေသည်။ ထိုသို့ မီးတိုက်ရာအရပ်ကို ယနေ့တိုင်အောင် မီးတိုက်ကုန်းဟု အထင်အရှား တွင်လေသည်။ ထိုအခါမှစ၍ အရည်းတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့အား အစောင့်အရှောက် ကောင်းစွာထား၍ အရည်းကြီးနှင့် တပည့်တို့အား လူဝတ်လဲစေကာ အဲမောင်း၊ လှံကိုင်၊ ဆင်ချေးကျုံး ထည့်လေသည်။ အရည်းအချို့လည်း မခံပဲ ထွက်ပြေးကြသည်။ ပုဂံနှင့် မိုင် ၂ဝ ခန့်ကွာ လက်ထုတ်နယ်၊ စလေနယ်များသို့ သွားရောက် နေထိုင်ကြသည်။ ထိုသို့ နေရာသို့ အနော်ရထာမင်းက လိုက်လံဖမ်းဆီးရာ အရည်းတို့က ခုခံလေသည်။ လက်ထုတ်နယ်၊စလေနယ်များတွင် ယခုတိုင် အရည်းတို့၏ခံတပ်ရာ မြေကတုတ်၊ ကျုံးမြောင်းရာများရှိသည်။ လက်ထုတ်နယ်တွင် အရည်းများ တည်ခဲ့သော ဘုရားဆင်းတုရုပ်ပွားတော်များလည်း ရှိတန်သမျှ ရှိသေးသည်။ ထိုနေရာများမှ အချို့အမိခံ၍ လူဝတ်လဲကြသည်။


အချို့ ရှမ်းပြည်သို့ ထွက်သွားကြသည်ဟု ရာဇဝင်ကြတ်၊ ဆရာစဉ်ဆက်စာတမ်းများနှင့် မျက်မြင်လက်တွေ့များက ဆိုသည်။ သို့ရာတွင် အရည်းကြီးဝါဒသည် အလွယ်နှင့် လုံးဝပျောက်ကွယ် သွားဟန် မတူချေ။ စင်ကြယ်စွာ ပျောက်ကွယ်သွားသည်ဟုလည်း မဆိုနိုင်ချေ။ သာသနာမှုကို လျစ်လျူရှုသော အချို့ရှင် ဘုရင်များ လက်ထက်တွင် တစ်ခါတစ်ခါ ပေါ်လာသည်ကို တွေ့ရလေသည်။ သက္ကရာဇ် ၅၆ဝ အဆုံးနှင့် ၆၆ဝ ခန့်က ထိုးထားသည့် ကျောက်စာတစ်ခုတွင် ထမင်းအပြည့်နှင့် သပိတ် တစ်ထောင်ကို အရည်းကြီးရဟန်းတို့အား ကပ်လှူကြ၏။ ပူဇော်ရန် ငွေဆင်းတုတစ်ဆူ ရွှေကို လည်း အရည်းကြီးတို့အား ကပ်လှူ၏ဟု ရေးထိုးထားသည်ကိုထောက်၍ အရည်းကြီးတို့တွင် ထိုအချိန် လောက်အထိ ကိုးကွယ်သူများရှိသေးကြောင်း သိသာသည်။ ပင်းယ၊ အင်းဝနှင့် စစ်ကိုင်းခေတ်များတွင် အရည်းကြီး အနွယ်များကို ဘုရင်များကပင် ကြည့်ရှုချီးမြှောက်ကြသေးသည်ဟု အဆိုရှိသည်။


အင်းဝပထမမင်းခေါင်လက်ထက်က အရည်းကြီးတို့သည် ဘုရင်၏အရေးပေးခြင်းခံရကာ တစ်ဖန် ထင်ပေါ်ကျော်စောလာသဖြင့် နေ့အခါ နန်းတော်တွင်းသို့ အချိန်မရွေး ဝင်ထွက်နိုင်ကြ၏။ ရံဖန်ရံခါလည်း နန်းတော်တွင်း၌ အရက် သောက်ကြူး၍ မထနိုင်ပဲ လဲနေသောကြောင့် ကျောင်းတိုက်သို့ ပြန့်ပို့ရသည်ဟု အဆိုရှိသည်။ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရတိုင် စည်တီး၊ မီးနှက်၊ လက်ပွေ့သတ်စသော အပြီးအစီးမှုကို ပြုခြင်းစသော ရဟန်းများလည်း ရှိသေးသည်။ သို့ရာတွင် အရည်းဟူ၍ မခေါ်ပဲ ပွဲကျောင်းဟု အခေါ်ပြောင်းသွားလေသည်။ သက္ကရာဇ် ၁ဝ၆ဝ နှင့် ၁၁၆ဝ အကြားကာလတွင် မြန်မာနှင့်မွန်တို့ စစ်ဖြစ်၍ မွန်တို့ချီတက်လာသည်ကို အင်းဝမှ အရည်းတစ်ထောင်ဆင်း၍ မွန်တပ်ကို ပြေးစေသည်ဟု အဆိုရှိသည်ကို ထောက်၍ အရည်းတို့၏ အဆက်အနွယ်များ ထိုအချိန်တွင် ရှိသေးကြောင်း သိသာသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)