သံဃာ

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်ကြသော အမြတ်ဆုံးရတနာသုံးပါးတွင် သံဃာတော်သည် ရတနာမြတ်တစ်ပါးအဖြစ် ပါဝင်ပါသည်။ သံဃာတော်သည် ဘာကြောင့် အမြတ်ဆုံးရတနာတစ်ပါး ဖြစ်ရသနည်း။

“သံဃ’ဆိုသော ပါဠိစကားကို မြန်မာတို့က‘သံဃာ’ဟု ခေါ် သည်။ အဓိပ္ပာယ်မှာ “အပေါင်းအစု, အသင်းအဖွဲ့" ဖြစ်သည်။ ထိုကြောင့် အယူဝါဒချင်း၊ သိက္ခာချင်း တူညီကြသော ပုဂ္ဂိုလ်များ၏ အပေါင်းအစုကို သံဃာဟုခေါ်ရမယ်။

အယူဝါဒ, အသိ အမြင်ချင်း အကျင့်သီလသိက္ခာချင်း တူညီကြသောပုဂ္ဂိုလ်များ ဆိုသည်မှာ အရိယာပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။[၁]

အရိယာပုဂ္ဂိုလ် ရှစ်မျိုး[ပြင်ဆင်ရန်]

အရိယာပုဂ္ဂိုလ်များဆိုသည်မှာ သစ္စာလေးပါး မြတ်တရားကို ပိုင်းပိုင်းခြားခြား သိမြင်ပြီး၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြသောပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အရိယာပုဂ္ဂိုလ် ရှစ်မျိုးရှိပါသည်။

  • (၁) သောတာပတ္တိမဂ်ပုဂ္ဂိုလ်
  • (၂) သောတာပတ္တိဖိုလ်ပုဂ္ဂိုလ် = သောတာပန်
  • (၃) သကဒါဂါမိမဂ်ပုဂ္ဂိုလ်
  • (၄) သကဒါဂါမိဖိုလ်ပုဂ္ဂိုလ် = သကဒါဂါမ်
  • (၅) အနာဂါမိမဂ်ပုဂ္ဂိုလ်
  • (၆) အနာဂါမိဖိုလ်ပုဂ္ဂိုလ် = အနာဂါမ်
  • (၇) အရဟတ္တမဂ်ပုဂ္ဂိုလ်
  • (၈) အရဟတ္တဖိုလ်ပုဂ္ဂိုလ် = ရဟန္တာ

မဂ်ပုဂ္ဂိုလ်(ဝါ) မဂ္ဂဋ္ဌာန် လေးဦးသည် မဂ်စိတ်တစ်ချက် ဖြစ်နေသောအခိုက်သာ မဂ္ဂဋ္ဌာန်ဟု အမည်ရကြသည်။ မဂ်စိတ်ပြီးသည်နှင့် ဖိုလ်ပုဂ္ဂိုလ်(ဝါ)ဖလဋ္ဌာန်ဖြစ်သွားကြသည်။ ဖလဋ္ဌာန် လေးဦးကို သောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဟု ခေါ်ကြသည်။[၁]

ဒက္ခိဏေယျသံဃာ (အရိယာသံဃာ)[ပြင်ဆင်ရန်]

သောတာပန်တို့သည် သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ – ကိလေသာနှစ်ပါးကို အမြစ်ပြတ်ပယ်သတ်ထားကြပြီး၍ ကျန်ကိလေသာတို့၏ အပါယ်ချနိုင်သော အစွမ်းသတ္တိများကိုလည်း ပယ်သတ်ပြီးဖြစ်ကြသည်။ ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ တို့ကို လည်း ပယ်ထားပြီးပြီ။ ရတနာသုံးပါးတွင် မတုန်လှုပ်သော အဓိဂမ သဒ္ဓါဖြင့် သက်ဝင်ယုံကြည်ကြပြီး၍ ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာစောင့်ထိန်းနိုင်သူများ ဖြစ်ကြသည်။

သကဒါဂါမ်တို့သည် သောတာပန်တို့ထက် ကိလေသာ ပိုပြီး နည်းပါးကြသည့်အတွက် ပိုပြီးမြင့်မြတ်ကြသည်။ အနာဂါမ်ပုဂ္ဂိုလ် တို့သည် ဒေါသကိလေသာကိုပါ အလျဉ်းပယ်သတ်ထားပြီး ဖြစ်ကြ၍ သကဒါဂါမ်တို့ထက် ပိုမြင့်မြတ်ကြပါသည်။ ရဟန္တာ ပုဂ္ဂိုလ်တို့သည် လောဘ, ဒေါသ, မောဟ စသောကိလေသာအားလုံး ကို အမြစ်ပြတ် ပယ်သတ်ထားကြပြီးဖြစ်၍ အနာဂါမ်တို့ထက် ပိုမြင့်မြတ်ကြပါသည်။

အရိယာပုဂ္ဂိုလ်များအားလုံးသည် မဂ်အသိအမြင်၊ ဖိုလ်အသိ အမြင်၊ ပစ္စဝေက္ခဏာအသိအမြင် တူညီကြသောအပြင် အရိယာကန္တ သီလ ပြည့်စုံစင်ကြယ်မှုအားဖြင့်လည်း မျက်မှောက် မျက်ကွယ် အမြဲတစေ တူညီကြသည်။ ကိလေသာထူပြောကြသော ပုထုဇဉ်များသည် ဤကဲ့သို့ အသိအမြင်နှင့် အကျင့်သီလချင်း မတူညီနိုင်ကြပါ။

ထိုကြောင့် အရိယာပုဂ္ဂိုလ်အပေါင်းအစုကိုသာ “သံဃာ”ဟု မုချအားဖြင့် ခေါ်ဆိုရသည်။ ဒက္ခိဏေယျသံဃာ (အရိယာသံဃာ)ဟုလည်း ခေါ်သည်။[၁]

ပုထုဇဉ်သံဃာ(ဝါ) သမ္မုတိသံဃာ[ပြင်ဆင်ရန်]

သို့ရာတွင် မြတ်စွာဘုရား၏ တပည့်သားများအဖြစ် ခံယူပြီး၍ မဂ်ဖိုလ်ရရေးအတွက် သီလ, သမာဓိ, ပညာ အကျင့်တို့ကို စွမ်း နိုင်သမျှ ကျင့်ကြံအားထုတ်နေကြသော ပုထုဇဉ်ရဟန်းသာမဏေများကိုလည်း အရိယာသံဃာ၏ အနွယ်ဝင်များအဖြစ် သတ်မှတ်ပြီး သံဃာစာရင်းထဲတွင် ထည့်သွင်းပါသည်။ ထိုကြောင့် သံဃာအဖွဲ့အစည်းထဲတွင် အရိယာပုဂ္ဂိုလ်များ ဆိုသော အရိယာသံဃာ(ဝါ)ပရမတ္ထသံဃာနဲ့ ပုထုဇဉ် ရဟန်း သာမဏေများ ဆိုသော ပုထုဇဉ်သံဃာ(ဝါ) သမ္မုတိသံဃာတို့ ပါဝင် ကြပါသည်။ သမ္မုတိသံဃာဆိုသည်မှာ သမုတ်ထား, အသိအမှတ် ပြုထားသောသံဃာဟု အဓိပ္ပာယ်ရသည်။[၁]

ဘုရားအမှူးရှိသော သံဃာ[ပြင်ဆင်ရန်]

ရဟန္တာများသည် ဗုဒ္ဓမြတ်စွာနည်းတူ မဂ်လေးတန်ဖြင့် ကိလေသာ အညစ်အကြေးအားလုံးကို ဆေးကြောသုတ်သင်ထား ကြပြီးဖြစ်ဟု စင်ကြယ်သူများ ဖြစ်ကြသည်။ လောကသုံးပါးတွင် ဘုရား, ပစ္စေက ဗုဒ္ဓါများကလွဲရင် သီလ, သမာဓိ, ပညာ အကြီးကျယ်ဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်နှင့်အညီ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မြတ်စွာဘုရားနဲ့ ပစ္စေကဗုဒ္ဓါများကလည်း ရဟန္တာများ ဖြစ်ကြသည်နှင့်အညီ သံဃာအဖွဲ့အစည်းထဲတွင် ပါဝင်ကြသည်။ စာပေ ထဲတွင်“ဘုရားအမှူးပြုသော သံဃာ”ဟု သုံးနှုန်းပါသည်။ ပြီးတော့တစ်ခါ “သံဃာတော်’သည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်ဟု ဆိုအပ်သော တရားတော်မြတ်ကို ဆည်းပူး လေ့လာ ထိုးထွင်းသိမြင်ထားသည့်အပြင် တရားတော်များ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေသော အဖွဲ့အစည်းလည်း ဖြစ်ပေသည်။

ကမ္ဘာမြေအပြင်တွင် တရားတော် မြတ် ပြန့်ပွားအောင်လည်း ဖြန့်ချိပေးနေပါသည်။ နှစ် ၂၅ဝဝ ကျော် ဗုဒ္ဓသာသနာတည်တံ့နေသည်မှာ သံဃာတော်များကြောင့် ဖြစ်ပါသည်။ သာသနာနှင့် သံဃာ ခွဲခြား၍ မရပါ။[၁]

ဝိနည်းကံအရ သံဃာ[ပြင်ဆင်ရန်]

ယင်းသမ္မုတိသံဃာသည်လည်း ဝိနည်းဒေသနာတော်အရ ပြုလုပ်ဆောင်ရွက်ရသော ဝိနည်းကံ၏အစွမ်းအားဖြင့် ....

(၁) စတုဝဂ်သံဃာ = လေးပါးစုသံဃာ၊
(၂) ပဉ္စဝဂ် သံဃာ = ငါးပါးစုသံဃာ၊
(၃) ဒသဝဂ်သံဃာ = ဆယ်ပါးစုသံဃာ၊
(၄) ဝီသတိဝဂ် သံဃာ = နှစ်ဆယ်စုသံဃာ၊
(၅) တိရေက ဝီသတိဝဂ်သံဃာ = နှစ်ဆယ်ထက်ပိုလွန်သော အများစုသံဃာဟူ၍ငါးပါးရှိသည်။
ဤလေးပါးစုစသော သံဃာသည် မိမိတို့နှင့် သက်ဆိုင်ရာ ဝိနည်းကံများကို ပြုလုပ်ဆောင်ရွက်ရသည်။

သံဃဂုဏ်တော်ကိုးပါး[ပြင်ဆင်ရန်]

(၁) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုကောင်းစွာကျင့်ခြင်း၊
(၂) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုဖြောင့်မတ်စွာကျင့်ခြင်း၊
(၃) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုသင့်လျော်စွာကျင့်ခြင်း၊
(၄) အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာသိက္ခာသုံးပါးကိုရိုသေစွာကျင့်ခြင်း၊
(၅) ဧည့်သည်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၆) လက်ဆောင်အတွက်ထားသောအလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၇) တမလွန်ကျိုးအတွက်ပြုအပ်သောမြတ်သော အလှူဝတ္ထုကို ခံယူထိုက်ခြင်း၊
(၈) လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့လက်အုပ်ချီမိုး ရှိခိုးခြင်းကိုခံယူထိုက်ခြင်း၊
(၉) အတုမရှိမြတ်သောကောင်းမှု၏စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်း
ဟူ၍သံဃဂုဏ်တော်ကိုးပါးရှိလေသည်။ [၂]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဒေါက်တာမင်းတင်မွန် (၂၀၀၃)။ မြတ်သံဃာ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)