ပိဋကတ် သုံးပုံ

ဝီကီပီးဒီးယား မှ
(တိပိဋက မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပါယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပါယ်ကောတ်ယူကြသည်။[၁]ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးချိန်၌ အရှင်မဟာကဿပမထေရ်မြတ်ကြီးက အရှင်အာနန္ဒာ၏ အကူအညီဖြင့် ပထမသင်္ဂါယနာ (ဘီစီ-၄၈၃)၌ ပိဋကတ် သုံးပုံကို နှုတ်ဖြင့် အာဂုံဆောင်ခဲ့ကြသည်။ သီဟိုဠ်ကျွန်း စတုတ္ထ သင်္ဂယနာ၌ ပေထက်အက္ခရာတင်၍ မန္တလေးမြို့ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး လက်ထက်၌ ကျောက်ထက်အက္ခရာ တင်ခဲ့သည်။

ဓမ္မနှင့် ဝိနယ[ပြင်​ဆင်​ရန်​]

ထို(ဗုဒ္ဓဝစန) တရားတော်များတွင် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ဝိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြား ဆုံးမချက်များကို `ဝိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓဝစန များကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ဝိနယမှ ကြွင်းသော ဗုဒ္ဓဝစနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။

ပိဋက[ပြင်​ဆင်​ရန်​]

"ပိဋက" ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊တောင်း" ဟု အဓိပ္ပာယ်ရသည်။ "ဗုဒ္ဓဝစန" တို့ကို "ပိဋက" ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။

  • ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) တို့သည် မျိုးတူဝတ္ထုပစ္စည်းတို့ကို ခွဲခြားသိုလှောင်ရာ ဖြစ်သကဲ့သို့ ဗုဒ္ဓဝစနတို့ကို သိုလှောင်ရာဖြစ်သည် ဟု မှတ်သားရသည်။
  • ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့် ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံ တွင် အလုပ်သမားများ မြေတူး သယ်ပို့ရာတွင် စနစ်တစ်ခုရှိပါသည်။ လူအများ တန်းစီ၍ သည်မည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ တို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှ တပည့်သို့ တဆင့်စီ သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြပါသည်။ မဟာယာနဂိုဏ်းသားတို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဟူသော အမည်ဖြင့် ခေါ်ဆိုကြသောကြောင့် ဤအယူအဆသည်လည် ယုတ္တိတန်သည်ဟု ယူဆရပါသည်။

၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က-

  • ဝိမုတ္တိရသအားဖြင့် ၁
  • ဓမ္မဝိနယအားဖြင့် ၂
  • ဝစနာအားဖြင့် ၃
  • ပိဋကအားဖြင့် ၃
  • နိကာယ်အားဖြင့် ၅
  • ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀

ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။[၂]

ပိဋကတ်သုံးပုံ[ပြင်​ဆင်​ရန်​]

တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

စုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။

ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် ၂၁၀၀၀၊ ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊ အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။

ဝိနယပိဋက[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဝိနည်းပိဋကတ်

ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် ပါတိမောက္ခဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။ [၁]

အဘိဓမ္မာပိဋကတ်[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အဘိဓမ္မာပိဋကတ်

သုတ္တန္တပိဋကတ်[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သုတ္တန္တပိဋကတ်

နိကာယ် ငါးရပ်[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နိကာယ် ငါးရပ်

နိကာယ်ဟူသော စကားမှာ နိကာယဟူသော ပါဠိစကားပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ အပေါင်းအစုဟု ဆိုလိုသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားဒေသနာတော်များကို အမျိုးအစားပိုင်းခြား၍ အစုငါးစုပြု၍ ထားခဲ့သည်ကို နိကာယ် ငါးရပ် ဟုခေါ်သည်။

ထိုနိကာယ်ငါးရပ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်-

  • ဒီဃနိကာယ = ရှည်သောသုတ်များကို စုပေါင်းထားခြင်း။
  • မဇ္ဈိမနိကာယ = မရှည်မတို သုတ်များကို အလယ်အလတ်သုတ်တို့ကို စုပေါင်းထားခြင်း။
  • သံယုတ္တနိကာယ = တရားသဘောအဖြင့်လည်းကောင်း၊ ဟောကြားချက်အားဖြင့်လည်းကောင်း တူသည်ဖြစ်၍ ယှဉ်တွဲသင့်သည့် သုတ်တို့ကို ယှဉ်တွဲ၍ စုပေါင်းထားခြင်း။
  • အင်္ဂုတ္တရနိကာယ = အင်္ဂါတစ်ခုစီ ကျော်လွန်သည့် သုတ်များကို စုပေါင်းထားခြင်း။ တနည်းဆိုသော် တစ်ပါး၊ နှစ်ပါး၊ သုံးပါးစသည့် ၁၁-မျိုးအထိ တရားသဘော အင်္ဂါရပ်များကို တိုး၍ တိုး၍ ကျော်လွန် ပိုမိုပြဆိုအပ်သော သုတ်အသီးသီးတို့ကို စုပေါင်းထားခြင်း။
  • ခုဒ္ဒကနိကာယ = အတိုင်းအရှည်ပမာဏအားဖြင့် တိုသောသုတ်များကို စုပေါင်းထားခြင်း။[၂]

ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း[ပြင်​ဆင်​ရန်​]

လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ [၃]

ကထာဝတ္ထု[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကထာဝတ္ထု

ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ တတိယသင်္ဂါယနာတင်ပြီးချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ အသောကမင်းကြီးလက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ ဂျိန်းရဟန်း၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားခေျာင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။

ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ "မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း" ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ "ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။

ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်းကို ကထာဝတ္ထုပါဠိတော်ဟု ခေါ်သည်။ [၃]

မိလိန္ဒပဉှာကျမ်း[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မိလိန္ဒအမေးအဖြေ

အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော မိလိန္ဒမင်းသည် ထင်ရှားခဲ့သည်။[၃] မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် အရှင်နာဂသေနအား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို ထေရဝါဒအမြင်ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထိုမိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်ဟု နောင်တွင်ခေါ်ခဲ့ကြသည်။

မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်းတစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။ [၃][၂]

ပိဋကတ် သုံးပုံ မြန်မာပြန် စာရင်း[ပြင်​ဆင်​ရန်​]

ဝိနည်း ပိဋက မြန်မာပြန်[ပြင်​ဆင်​ရန်​]

  • ဝိနည်းပိဋက - ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်
  • ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုပါစိတ်
  • ဝိနည်းပိဋက - ပါစိတ် ပါဠိတော် - ဘိက္ခုနီဝိဘင်း
  • ဝိနည်းပိဋက - မဟာဝဂ် ပါဠိတော် မြန်မာပြန်
  • ဝိနည်းပိဋက - စူဠဝဂ် ပါဠိတော် မြန်မာပြန်
  • ဝိနည်းပိဋက - ပရိဝါ ပါဠိတော် မြန်မာပြန်

သုတ္တန် ပိဋက နိကာယ် ငါးရပ် မြန်မာပြန်[ပြင်​ဆင်​ရန်​]

  • ဒီဃနိကာယ် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိကဝဂ်ပါဠိတော် မြန်မာပြန်
  • မဇ္ဈိမနိကာယ် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်
  • သံယုတ္တနိကာယ် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
  • အင်္ဂုတ္တရနိကာယ် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် နဝကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ
  • ခုဒ္ဒကနိကာယ် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဝိမာနဝတ္ထုပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတဝတ္ထုပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓဝံသပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်
    • သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဉှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာ ပိဋက မြန်မာပြန်[ပြင်​ဆင်​ရန်​]

  • အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်
  • အဘိဓမ္မပိဋက - ဝိဘင်္ဂပါဠိတော် မြန်မာပြန်
  • အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန်
  • အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန်


ပိဋကတော်၏ နက်နဲခြင်း ၄-ပါး[ပြင်​ဆင်​ရန်​]

ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။

  1. ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊
  2. အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပါယ်များ နက်နဲ ခက်ခဲခြင်း၊
  3. ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊
  4. ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။

ပိဋကတော်၏ အင်္ဂါ ၉-ပါး။ ။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။

ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး[ပြင်​ဆင်​ရန်​]

ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။

(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုပ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။

(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။

(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။

မှတ်ချက်။ ။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်၎င်း၊ နိဿရဏတ္ထပရိယတ္တိ သော်၎င်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။

သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖေါ်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း ။ဋ္ဌ။ပ။ ၁၉။ ၂၀။ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ပ။ ၁၉။ သာရတ္ထ။ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။

ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း?[ပြင်​ဆင်​ရန်​]

အဖြေကား ဂဏန်းနှင့်တွဲ၍ ဖေါ်ပြထားသော အောက်ပါ အက္ခရာတို့ ဖြစ်ကုန်၏၊ + ခေါ် ကြက်ခြေ ၂-လုံးပြကား သက္ကတကျမ်းလာ ရေဖများဖြစ်၍ မြန်မာအက္ခရာနှင့် မဆိုင်ဟု မှတ်၊ အက္ခရာသင်္ချာ ယူနည်း ဂါထာ၊

ကာဒိ, ဋာဒိ, ယကာရာဒိ၊ နဝသင်္ချာ ပကာသိတာ။

ပ, ကာရာဒိ ပဉ္စသင်္ချာ၊ သုညာနာမ ည, န, သရာ။

၁--- ၂--- ၃--- ၄--- ၅--- ၆--- ၇---- ၈--- ၉--- ၀

က-- ခ---ဂ--- ဃ---င--- စ--- ဆ--- ဇ--- ဈ--- ည

ဋ--- ဋ္ဌ---ဍ---- ဎ---ဏ--တ---ထ--- ဒ--- ဓ---- န

ပ--- ဖ---ဗ----ဘ---မ -- ...--- ...---...---...----...

ယ-- ရ--လ----၀---+----+ ----သ---ဟ---ဠ--- အ


ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)
  2. ၂.၀ ၂.၁ ၂.၂ ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ နန္ဒာသိန်းဇံ - ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]