ဝိပဿနာ

ဝီကီပီးဒီးယား မှ

အနိစ္စစသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ+သမုဒယသစ္စာဓမ္မ ဟူသည့် သင်္ခါရဓမ္မ (= သင်္ခါရတရား)တို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာ မည်၏၊[၁]

ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မဖြစ်ကြသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။[၂]

ဝိပဿနာကို ပွားများအားထုတ်သည်ရှိသော် မဂ်ပညာ (မဂ်တရား) ကိုရရှိနိုင်သည်။ [၃] ဝိပဿနာကို ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့ဖြင့် စိတ်တည်ကြည်နေသည့်အခါ ပွားများရမည်။ [၄] [၅]

ဝိပဿနာပွားများ အားထုတ်နည်း[ပြင်ဆင်ရန်]

...ဝိပဿနာပွားများအားထုတ်လိုသော ယောဂီ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဝိပဿနာပညာ၏ ဖြစ်ရာဘုံဟုဆိုအပ်သော ခန္ဓာ, အာယတန ဓာတ်, ဣန္ဒြေ သစ္စာ, ပဋိစ္စသမုပ္ပါဒ်စသည် အပြားရှိသောတရားတို့၌ နှုတ်တက်သင်ခြင်း၊ မေးမြန်းခြင်း၏ အစွမ်းအားဖြင့် ဉာဏ်ဖြင့် လေ့ကျက်ခြင်းကိုပြု၍ ဝိပဿနာပညာ၏ အခြေခံဖြစ်သော သီလဝိသုဒ္ဓိ (အလွန်စင် ကြယ်သော ပါတိမောက္ခသံဝရသီလ အစရှိ သောသီလ) စိတ္တဝိသုဒ္ဓိ (ဥပစာရဈာန်နှင့် တကွဖြစ်သော သမာပတ် ၈-ပါး) ဟု ဆိုအပ်သော ဝိသုဒ္ဓိ ၂-ပါးကို ပြည့်စုံစေရမည်။ [၅]

ဒိဋ္ဌိဝိသုဒ္ဓိစခန်း[ပြင်ဆင်ရန်]

ထို့နောက် ယောဂီပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိ (နာမ်, ရုပ်တို့ကို ခွဲခြမ်းဝေဘန်၍ မဖောက် မပြန်ဟုတ်မှန်တိုင်းသောသဘောကို သိမြင် သည့်ဉာဏ်) ဖြစ်ပေါ် ရန် ဤခန္ဓာကိုယ်၌ (၄-ပါးသော အကြောင်းကြောင့် ဖြစ်သော မဟာဘုတ် ၄-ပါး, ထိုမဟာဘုတ် ၄-ပါးကို မှီသော ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ပသာဒရုပ် ၅-ပါး, ဟဒယဝတ္ထု, ဘာဝရုပ်-ပါး, ဇီဝိတိန္ဒြေ, သဒ္ဒရုပ်အားဖြင့် ၁၈-ပါးသောရုပ်တို့သည် နိပ္ဖန္နရုပ်မည်ကုန်၏။ ကာယဝိညတ်, ဝစီဝိညတ်, အာကာသဓာတ်, ရူပဿလဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာအားဖြင့် ၁၀-ပါးသောရုပ်တို့သည် အနိပ္ဖန္နရုပ်မည်ကုန်၏။

ဤနည်းအားဖြင့် အလုံးစုံသောရုပ် ၂၈-ပါးသည် ရူပက္ခန္ဓာ, (လောကီစိတ်နှင့်ယှဉ်သော) ဝေဒနာသည် ဝေဒနာက္ခန္ဓာ, သညာ သည် သညာက္ခန္ဓာ, သင်္ခါရတို့သည် သင်္ခါရက္ခန္ဓာ, လောကီစိတ် ၈၁-ပါးသည် ဝိညာဏက္ခန္ဓာမည်၏၊ ဤသို့ ရူပက္ခန္ဓာသည် ရုပ်မည်၏၊ နာမက္ခန္ဓာ ၄-ပါး သည် နာမ်မည်၏ဟူ၍ နာမ် ရုပ်တို့ကို ပိုင်းခြားမှတ်သား-အပ်၏-ရမည်။ ဤသို့ နာမ်၊ ရုပ်တို့ကို ပိုင်းခြားမှတ်သား ဆုံးဖြတ်သော ယောဂီ ပုဂ္ဂိုလ်သည် အစမထင်သံသရာ ကာလ ပတ်လုံးထုံအပ်သော ခန္ဓာပဉ္စက၌ “အတ္တ” ဟူ၍စွဲလမ်းသော အမှတ်သညာကို ပယ်ခွါ နိုင်ပြီဖြစ်၍ ထိုယောဂီပုဂ္ဂိုလ်အား ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။ [၅]

ကင်္ခါဝိတရဏဝိသုဒ္ဓိ[ပြင်ဆင်ရန်]

ထို့နောက် ယောဂီပုဂ္ဂိုလ်သည် ကင်္ခါဝိတရဏဝိသုဒ္ဓိ (နာမ်, ရုပ်၏အကြောင်းကို သိမ်းဆည်းခြင်းကြောင့် ကာလ ၃-ပါး၌ ယုံမှားခြင်းကို လွန်၍တည်သောဉာဏ်) ဖြစ်ပေါ်ရန် နာမ် ရုပ်၏ ဟေတု, ပစ္စယ အကြောင်း ၂-ပါးကို သိမ်းဆည်း-အပ်၏ရမည်။

ထိုတွင် ဤရူပကာယ၏ ဟေတု ပစ္စယ အကြောင်း ၂-ပါးကို သိမ်းဆည်းပုံကား... ဤရူပကာယ ဖြစ်သည်ရှိသော် ဥပ္ပလကြာ, ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာ ကြာနားရောင်း စသည်တို့၏အတွင်း၌ ဖြစ်သည်မဟုတ်၊ ပတ္တမြား, ပုလဲသွယ်စသည်တို့၏ အတွင်း၌ လည်းဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား အစာသစ်အိမ်, အစာဟောင်းအိမ်တို့၏အ တွင်း၌ ဝမ်းရေလွှာကိုနောက်မှီပြု၍ ကျောက် ဆူးရိုးကို ရှေ့မှီပြု၍ အူမ, အူသိမ်တို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ မိမိသည်လည်း မကောင်းသောအနံ့တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ် ဖြစ်လျက် မကောင်းသောအနံ့တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော အလွန်ကျဉ်းမြောင်းသော အရပ်၌ ငါးပုပ်, မုယောမုန့်ပုပ်, ညွန်နှင့်တကွ လုပ်ဆေးရေး ကိုယ်ဝန်အညစ် အကြေးတို့၏သွန်ရာ, ယိုစီးရာ, ကျင်းအိုင် အရပ်, ညွှန်စီရွှံ့ပုပ်ရှိသော တံစီးအိုင်အရပ် အစရှိသည်တို့၌ဖြစ်သော ပိုးလောက်တို့ကဲ့ သို့ဖြစ်၏။ ဤသို့ဖြစ်သော ထိုရူပကာယ၏ ဟေတုအကြောင်းကား အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံအားဖြင့် ၄-ပါးတို့တည်း။ ပစ္စယ အကြောင်းကား အာဟာရတည်း၊ ဤသို့ ရူပကာယ၏အကြောင်းဖြစ်သော ၅-ပါးသော တရားကို သိမ်းဆည်းခြင်းကိုပြု၍ တစ်ဖန် “စက္ခုပသာဒ ရူပါရုံကိုစွဲ၍ စက္ခုဝိညာဉ် သောတပသာဒ သဒ္ဒါရုံကိုစွဲ၍ သောတဝိညာဉ်, ဃာနပသာဒ ဂန္ဓာကိုစွဲ၍ ဃာနဝိညာဉ်, ဇိဝှါပသာဒ ရသာရုံကိုစွဲ၍ ဇိဝှါဝိညာဉ်, ကာယပသာဒ ဖောဌဗ္ဗာရုံကို စွဲ၍ ကာယဝိညာဉ်ဖြစ်၏၊ စိတ်နှင့်ဓမ္မာရုံကို စွဲ၍ မနောဝိညာဉ်ဖြစ်၏” ဟု နာမကာယ၏ အကြောင်းဖြစ်သော စက္ခု၊ ရူပအစရှိသော ဓမ္မတို့ကို သိမ်းဆည်း-အပ်၏-ရမည်။

ထို နာမ်, ရုပ်အကြောင်းကို သိမ်းဆည်း သာယောဂီပုဂ္ဂိုလ်သည် “အဝိဇ္ဇာစသော အကြောင်းကြောင့် ယခုပစ္စုပ္ပန်ဘဝ၌ နာမ်, ရုပ်၏ဖြစ်ခြင်းကိုမြင်၍ ဤ နာမ်, ရုပ်သည် ယခုပစ္စုပ္ပန်ဘဝ၌ အဝိဇ္ဇာစသောအကြောင်း ကြောင့်ဖြစ်သကဲ့သို့ ထို့အတူ အတိတ်ကာလ ၌လည်း အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ခဲ့ပြီ၊ အနာဂတ်ကာလ၌လည်း အဝိဇ္ဇာ စသာအကြောင်းကြောင့် ဖြစ်လတ္တံ့” ဟု အဖန်တလဲလဲရှုမှတ်ရမည်။

ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် အဖန် တလဲလဲရှုမှတ်သော ယောဂီပုဂ္ဂိုလ်သည် အတိတ်ဖြစ်သော ခန္ဓပဗန္ဓကောဋ္ဌာသကို အကြောင်းပြု၍ဖြစ်သော ယုံမှားခြင်း ၅-မျိုး၊ အနာဂတ်ဖြစ်သော ခန္ဓပဗန္ဓကောဋ္ဌာသကို အကြောင်းပြု၍ဖြစ်သော ယုံမှားခြင်း ၅-မျိုး၊ ပစ္စုပ္ပန်ဖြစ်သော ခန္ဓပဗန္ဒကောဌာသကို အကြောင်းပြု၍ဖြစ်သော ယုံမှားခြင်း ၆-မျိုး တို့ကို ဝိက္ခမ္ဘနအားဖြင့် ပယ်နိုင်၏၊ သတ္ထရီ ကင်္ခတိ-အစရှိသောနည်းဖြင့်ဖြစ်သော ၈-ပါး သောယုံမှားခြင်းကိုလည်း ပယ်နိုင်၏၊ ၆၂-ပါးသော မိစ္ဆာအယူတို့သည်လည်း ကင်းကွာ ကုန်၏။ ဤကင်္ခါဝိတရဏဝိသုဒ္ဓိ (ယထာဘူတဉာဏ်) နှင့်ပြည့်စုံသော ယောဂီပုဂ္ဂိုလ် သည် ဘုရားရှင်သာသနာတော်၌ ရအပ်သော-သက်သာရာ-တည်ရာ-ရှိ၏၊ မြဲသော ဂတိရှိ၏၊ စူဠသောတာပန်လည်းမည်၏။ [၅]

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိစခန်း[ပြင်ဆင်ရန်]

ထို့နောက် ယောဂီပုဂ္ဂိုလ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (= အရိယမဂ်၏ ရှေ့ အဖို့၌ဖြစ်သော လမ်းမှန် လမ်းရိုးကိုလည်း ကောင်း၊ လမ်းမှန် လမ်းရိုးမဟုတ်သည်ကို လည်းကောင်း မဖောက်မပြန်သောအားဖြင့် နားလည်ပိုင်းခြား ကောင်းစွာမှတ်သား၍ တည်သောဉာဏ်) ဖြစ်ပေါ်ရန်-

(၁) ကလာပသမ္မသနနည်း

(၂) အဒ္ဓါနသမ္မသနနည်း၊

(၃) သန္တတိသမ္ပသနနည်း၊

(၄) ခဏသမ္မသနနည်း တို့တွင် ကလာပသမ္မသနနည်း (အတိတ် ဘဝ၌ဖြစ်သောရုပ်စသည်ဖြင့် မခွဲခြားဘဲ, ရူပက္ခန္ဓာအားလုံး, ဝေဒနာက္ခန္ဓာအားလုံး စသည်ဖြင့် ခန္ဓာတစ်ခုတစ်ခုကို အပေါင်းပြု၍ သုံးသပ်သောနည်း) ဖြင့် တေဘူမကသင်္ခါရ တရားတို့ကို “ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန = အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော ရုပ်အားလုံးသည် ကုန်ခန်း ပျက်စီးခြင်း သဘောရှိသောကြောင့် မမြဲပါ တကား၊ ကြောက်မက်ဖွယ် သဘောရှိသောကြောင့် ဆင်းရဲချည်းပါတကား၊ အနှစ်သာရ မရှိသောကြောင့် အတ္တမဟုတ်ပါတကား”ဟု ဆင်ခြင်သုံးသပ်ရမည်။ ထိုသို့ ဆင်ခြင်သုံး သပ်တတ်သောဉာဏ်ကို သမ္မသနဉာဏ် ဟုခေါ်သည်။

သမ္မသနဉာဏ်ရင့်သန်ပြီးနောက် သင်္ခါရ တရားတို့၏ ဖြစ်မှု၊ ပျက်မှုကိုသိတတ်သော ဥဒယဗ္ဗယဉာဏ် ရင့်သန်တိုးပွါးစေလိုသော ယောဂီပုဂ္ဂိုလ်သည်-- စောင်းသံသည် မတီးမီက အထင်းအရှား ရှိမနေမူ၍ စောင်းကို လည်းကောင်း စောင်းကြက်သောသားရေကို လည်းကောင်း စောင်းသမား၏တီးခတ်ခြင်း လုံ့လကိုလည်ကောင်း အကြောင်းပြု၍ ရုတ်တရက်ဖြစ်ပေါ်လာပြီးနောက် ကာလကြာမြင့်စွာ မတည်ဘဲ ချက်ချင်းချုပ်ပျောက်ပျက် စီးသကဲ့သို့ ထိုအတူ အလုံးစုံသော ရုပ်နာမ် တရားတို့သည်လည်း ရှေးကမရှိမူ၍ ယခုမှ ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပြီးနောက် အရှည် မမြဲပြိုကွဲ ပျက်စီးကြကုန်၏ ဟု နှလုံးသွင်း ရှုမှတ်ပြီး အဝိဇ္ဇာ, တဏှာ, ကံတို့၏ ရှေး ဘဝ၌ဖြစ်ပြီးခြင်းကြောင့်လည်းကောင်း ကဗဠီကာရအာဟာရ၏ ထင်းရှားရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ရုပ်သည်ဖြစ်၏ဟု အကြောင်းထင်ရှားရှိသည်၏အဖြစ် ဖြင့် ရူပက္ခန္ဓာ၏ဖြစ်ခြင်းကို ရှူမှတ်ရမည်။ အဝိဇ္ဇာ, တဏှာ, ကံဟူသော အတိတ် အကြောင်းတို့၏ ချုပ်ခြင်းကြောင့်လည်း ကောင်း ကဗဠီကာရအာဟာရဟူသော ပစ္စုပ္ပန်အကြောင်း၏ ချုပ်ခြင်းကြောင့်လည်းကောင်း ရုပ်၏ချုပ်ခြင်းသည် ဖြစ်၏ ဟု အကြောင်းချုပ်သည်၏အဖြစ်ဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ရှုမှတ်ရမည်။

ထိုမှတစ်ပါး – အဝိဇ္ဇာ, တဏှာ, ကံတို့၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့်လည်းကောင်း ဖဿ၏ ထင်းရှားရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း, ဝေဒနာ, သညာ, သင်္ခါရတို့ သည် ဖြစ်ကုန်၏” ဟု အကြောင်းထင်ရှား ရှိသည်၏ အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတို့၏ဖြစ်ခြင်းကို ရှုမှတ် ရမည်။ “အဝိဇ္ဇာ, တဏှာ, ကံဟူသော အတိတ်အကြောင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း ဖဿဟူသော ပစ္စုပ္ပန် အကြောင်း၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ချုပ်ခြင်းဖြစ်၏” ဟု အကြောင်းချုပ်သည်၏ အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓ, သင်္ခါရက္ခန္ဓာတို့၏ချုပ်ခြင်းကို ရှုမှတ်ရမည်။

“အဝိဇ္ဇာ, တဏှာ, ကံတို့၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့်လည်းကောင်း နာမ်, ရုပ်၏ထင်ရှားရှိသည်၏အဖြစ်ကြောင့် လည်းကောင်း ဝိညာဉ်သည်ဖြစ်၏” ဟု အကြောင်း၏ ထင်ရှားရှိသည်၏အဖြစ်ဖြင့် ဝိညာဏက္ခန္ဒာ၏ဖြစ်ခြင်းကို ရှုမှတ်ရမည်။ “အဝိဇ္ဇာ, တဏှာ, ကံဟူသော အတိတ် အကြောင်းတို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း, နာမ်, ရုပ်ဟူသော ပစ္စုပ္ပန် အကြောင်း၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းသည် ဖြစ်၏” ဟု အကြောင်းချုပ်သည်၏ အဖြစ်ဖြင့် “ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ရှုမှတ်ရမည်။[၅]

ထိုသို့ ခန္ဓာ ၅-ပါးတို့၏ ဖြစ်မှု ပျက်မှုကို ရှုဖန်များသောအခါ-

ဥပက္ကိလေသဆယ်းပါး[ပြင်ဆင်ရန်]

(၁) ဩဘာသ = ဝိပသနာစိတ်ကြောင့်ဖြစ်သော ပြိုးပြိုးပြက် ထွက်သောအရောင်, ဥတုသမုဋ္ဌာန်ကြောင့် ဖြစ်သော ပြိုးပြိုးပြက်ထွက်သောအရောင်၊

(၂) ဉာဏ = ဝိပဿနာဉာဏ်၊

(၃) ပီတိ = ဝိပဿနာစိတ်နှင့်ယှဉ်သော ပီတိ၊

(၄) ပဿဒ္ဓိ = ဝိပဿနာစိတ်နှင့်ယှဉ်သော ပဿဒ္ဓိ။

(၅) သုခ = ဝိပဿနာစိတ်နှင့်ယှဉ်သော စေတသိတသုခ၊

(၆) အမိမောက္ခ = သဒ္ဓါ တရား၊

(၇) ပဂ္ဂဟ = ဝီရိယ၊

(၈) ဥပဋ္ဌာန = သတိ၊

(၉) ဥပေက္ခာ = သင်္ခါရတို့ကို စိစစ်ခြင်း၌ လျစ်လျူ၏ အဖြစ်ဖြင့်တည်သော ဝိပဿနုပေက္ခာ, မနောဒွါရာဝဇ္ဇန်းနှင့်ယှဉ်သော စေတနာဟူသော အာဝဇ္ဇနုပေက္ခာ၊

(၁၀) နိကန္တိ = ဝိပဿနာ၌ နှစ်သက်တပ်မတ်သော နိကန္တိ-ဟုဆိုအပ်သော ဝိပဿနာ ညစ်ညူးကြောင်းတရားများ ဖြစ်ပေါ်လာတတ်သည်။

ထို ဩဘာသအစရှိသောတရား ၁၀-ပါး တို့သည် အရိယမဂ်၏ ပုဗ္ဗဘာဂမဂ် မဟုတ်ကုန်၊ (ဝါ) အရိယမဂ်၏ ရှေ့အဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုး မဟုတ်ကုန်၊ ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယာနုပဿနာ၏ အစွမ်းဖြင့် ဝိပဿနှာခရီးမှန်သွားသော ဝိပဿနာဉာဏ်သည် အရိယမဂ်၏ပုဗ္ဗဘာဂမဂ်မည်၏။ (ဝါ) အရိယမဂ်၏ ရှေ့အဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုးမည်၏၊ ဤသို့ အရိယမဂ်၏ ရှေ့အဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုးကိုလည်းကောင်း လမ်းမှန်လမ်းရိုး မဟုတ်သည်ကို လည်းကောင်း ပိုင်းခြားမှတ်သားရမည်။

ထိုယောဂီပုဂ္ဂိုလ်၏ ဥပက္ကိလေသမှလွတ်သော ဥဒယဗ္ဗယာနုပဿနာ၏အစွမ်းဖြင့် ဝိပဿနာခရီးမှန်သွားသော ဤဝိပဿနာဉာဏ်သည် အရိယမဂ်၏ ပုဗ္ဗဘာဂမဂ် မည်၏၊ ဤ ဥပက္ကိလေသသည် အရိယမဂ်၏ ပုဗ္ဗဘာဂမဂ်မဟုတ် ဟု အရိယမဂ်၏ ပုဗ္ဗဘာဂမဂ် ဟုတ်သည်ကိုလည်းကောင်း, အရိယမဂ်၏ ပုဗ္ဗဘာဂမဂ် မဟုတ်သည်ကို လည်းကောင်း သိ၍တည်သောဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိမည်၏၊ [၅]

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိစခန်း[ပြင်ဆင်ရန်]

ထို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ပြီးသောအခါ၌ ဥဒယဗ္ဗယဉာဏ်လည်း အလွန် ရင့်သန်ထက်မြက်တော့သည်။ ဥဒယဗ္ဗယ ဉာဏ် အလွန်ရင့်သန်ထက်မြက်သောအခါ၌ သင်္ခါရတရားတို့၏ ပျက်စီးမှုကိုသိသော ဘင်္ဂဉာဏ်, သင်္ခါရတရားတို့၏ ကြောက်မက် ဖွယ်အဖြစ်ကိုသိသော ဘယဉာဏ်, သင်္ခါရ တရားတို့၏ အပြစ်ကိုသိသော အာဒီနဝဉာဏ်, သင်္ခါရတရားတို့၌ ငြီးငွေ့သော နိဗ္ဗဒါဉာဏ်, သင်္ခါရတရားတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်, သင်္ခါရတရားတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ-ဟုထပ်မံ၍ ရှုသော ပဋိသင်္ခါဉာဏ်, သင်္ခါရတရားတို့၌ လျစ်လျူရှူနိုင်သော သင်္ခါရုပေက္ခာဉာဏ် အထက် ဖြစ်သော ဗောဓိပက္ခိယတရားတို့အားလည်းကောင်း, အောက်ဖြစ်သော ဥဒယဗ္ဗယဉာဏ် စသောဉာဏ် ၈-ပါးတို့အားလည်းကောင်း လျော်သော အနုလောမဉာဏ်များလည်း အဆင့်ဆင့်ဖြစ်ပေါ်လာကြပေလိမ့်မည်။

ဤသို့ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမ ဉာဏ်တိုင်အောင် အဆင့်ဆင့်တိုးတက်လာသည့် ဝိပဿနာဉာဏ် ၉-ပါးတို့သည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိမည်၏။ [၅]

ဉာဏဒဿနဝိသုဒ္ဓိစခန်း[ပြင်ဆင်ရန်]

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဖြစ်ပြီးနောက် မဂ်၏ အာဝဇ္ဇန်းအရာ၌တည်သော ဂေါတြဘူစိတ် တစ်ကြိမ်ဖြစ်လေသည်။ ထိုဂေါတြဘူစိတ်ကား ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသို့လည်း မသက်ဝင်၊ ဉာဏဒဿနဝိသုဒ္ဓိသို့လည်းမသက်ဝင်၊ ထို ဝိသုဒ္ဓိ ၂-ပါးတို့၏အလယ်၌ ဝေါဟာရမဲ့သောတရား တစ်မျိုးသာတည်း၊ ထိုသို့ ဝေါဟာရမဲ့သော တရားဖြစ်သော်လည်း ဝိပဿနာအလျဉ်၌ ကျသည်၏အဖြစ် ကြောင့် “ဝိပဿနာ” ဟုခေါ်ဝေါ်ခြင်းသို့ ရောက်၏ (ဝါ) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၌ သွင်းယူရေတွက်အပ်၏။ ထိုဂေါတြဘူစိတ်၏ အခြားမဲ့၌ “ဉာဏဒဿနဝိသုဒ္ဓိ” ဟုခေါ်သော မဂ် ၄-ပါးတို့ အဆင့်ဆင့်ဖြစ်ပေါ်၍ အရိယာပုဂ္ဂိုလ် အသင်းဝင်တစ်ယောက် ဖြစ်ပြီး အသက်၏အဆုံး၌ အနုပါဒိသေသ ပရိနိဗ္ဗာန်ဝင်စံ၍ ဘဝ၏အဆုံးသို့ရောက် လေတော့သတည်း။ ( ဝိပဿနာပွါးများ အားထုတ်နည်းအကျယ်ကို [၆]-ကြည့်)။ [၅]


အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။[၇] ဝိပဿနာဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပာယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည်။ အသင်သည် ပျံ့လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြဝဠာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။

ဝိပဿနာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။ ဉာဏ်စဉ် ၁၆ ပါး ရှိသည်။ ကြိုးစားပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုံ့ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။ ဝိပဿနာကျင့်စဉ်သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဋ္ဌာရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်းသာဖြစ်သည်။ [၈]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
  2. ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  3. (အံ၊၁။၆၂။ အံ၊ဋ္ဌ၊၂။၂၆။)
  4. (မဟာနိ။၄၀၀။ မဟာနိ၊ဋ္ဌ၊၄၁၇။)
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ ၅.၅ ၅.၆ ၅.၇ တိပိဋကအဘိဓာန် အတွဲ-၁၉
  6. ဝိသုဒ္ဓိ၊၂။၂၂၂-၃၁၂
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 17 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2013 တွင် ပြန်စစ်ပြီး။
  8. အပြည်ပြည်ဆိုင်ရာဓမ္မဂီရိ ဝိပဿနာအဖွဲ့၏ ဝိပဿနာတရားကျင့်စဉ်နိဒါန်း စာစောင်မှ