ရှင်အရဟံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပုဂံအာနန္ဒဘုရား အတွင်းရှိ ရှင်အရဟံ၏ပုံ ဆင်းတု

ရှင်အရဟံဟုဆိုလျှင် မြန်မာနိုင်ငံ သာသနာရေးတွင် အရေးပါသည့် ပုဂ္ဂိုလ်အဖြစ် သိကြပေမည်။ ပုဂံတွင်အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကိုဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟုမသိရသော် လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီး နောက်ဆုံး ပုဂံပြည်၌ပင်နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။

အရဟံ၊ ရှင်[ပြင်​ဆင်​ရန်​]

အရိမဒ္ဒန ပုဂံပြည်ကြီး၌ သာသနာတော် နေဝန်းကို စတင်ထွန်းလင်း တောက်ပစေတော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံ ရှင်အရဟံမထေရ်မြတ်၏ ရာဇဝင်လာအကြောင်းကား ဤသို့တည်း။ သုနာပရန္ထတိုင်း၊ တမ္ပဒီပတိုင်းတို့တွင် သာသနာတော် မထွန်းလင်းသေးချေ။ ဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အတိုင်း ထွန်းလင်းစေအံ့ဟု ရဟန္တာအရှင်မြတ်တို့ ကြံကြပြီးလျှင် သိကြားမင်းထံသွား၍ သာသနာပြုနိုင် မည့်သူကို ညီညာတောင်းပန်ပါ ဆိုကုန်၏။ သိကြားမင်းလည်း တာဝတိံသာ၌ ရှိနေသော နတ်သားတစ်ယောက်ကို တောင်းပန်၍ ပုဏ္ဏေးမ ဝမ်း၌ သန္ဓေနေလာစေ၏။ နေ့လစေ့၍ ဖွားသည်ရှိသော် သီလဗုဒ္ဓိ အမည်ရှိသော ရဟန္တာမြတ်သည် စောင့်ကြပ်မစ၍ အရွယ်ရောက်လျှင် ရဟန်းပြု၏။ ပိဋကတ်ကျမ်းဂန် တတ်မြောက်၍ ရဟန္တအဖြစ်သို့ရောက်လျှင် အရဟံဟူသော အမည်ဖြင့် ဇမ္ဗူဒိပ်မြေပြင်အလုံး ကျော်စော ထင်ရှားလေ၏။

ထိုရဟန်းသည် သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၌သာ သာသနာတော် မတည်ချေသေးဟူ၍ အနော်ရထာ မင်းစော လက်ထက် သထုံပြည်မှ ပုဂါရာမသို့ ကြွတော်မူလာ၍ ပြည်နှင့် မနီးမဝေးသော တောအုပ်တစ်ခု၌ နေတော်မူ၏။ သိကြားမင်းသည် မုဆိုးတစ်ယောက်ကို လှည့်ပတ်၍ ရှင်အရဟံကို မြင်စေသော် နှစ်သက်ကြည်ညိုဖွယ်သော ဣန္ဒြေရှိသည်ဖြစ်၍ ဤလူကား လူထူးလူမြတ် ဖြစ်ရာသည်။ ပြည်သို့ဆောင်၍ မင်းအားဆက်မည်ဟု ဆောင်လေ၏။ ရှင်အရဟံလည်း ပရိက္ခရာရှစ်ပါး ကို ယူလျက် လိုက်တော်မူ၏။ မုဆိုးလည်း တော်အုပ်တစ်ခု၌ ဤသူကိုတွေ့၍ ဆောင်ခဲ့သည်ဟု လျှောက်လျှင် မြတ်သောဣန္ဒြေနှင့် ပြည်စုံသောအဖြစ်ကို အနော်ရထာမင်းစောမြင်၍ ဤသူကား သူယုတ်မဟုတ်၊ မြတ်သောသူတည်း။ ဤသူကိုယ်တွင်း၌ မြတ်သော တရားရှိသည်ဖြစ်ရာဟူ၍ ကြံစည် ဆင်ခြင်တော်မူ၏။ သဘောကို စုံစမ်းလိုသဖြင့် လျောက်ပတ်သောနေရာ၌ နေတော်မူဟုဆိုသော် အရှင်အရဟံသည် ရာဇပလ္လင်သို့တက်၍ နေတော်မူ၏။ မင်းကြီးလည်း ဤသူကား နေရာကြီးကျယ်သည်၊ မြတ်သောမူမှန်ပြီဟု ဆင်ခြင်စဉ်းစားပြီးလျှင် ဤသို့ မေးတော်မူ၏။

“ငါ့ရှင်ကား အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူ သနည်း၊ အဘယ်အရပ်မှ ကြွလာတော်မူသနည်း၊ အဘယ်သူ၏ အဆုံးအမကို ခံတော်မူသနည်း”ဟု မေးတော်မူသော် အရှင်အရဟံလည်း “ငါ၏ အမျိုးအနွယ်သည်ကား ဂုဏ်တော်ကိုးပါး၊ ဘုန်းတော်ခြောက်ပါး၊ အစိန္တေယျလေးပါးနှင့် ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားအမျိုးအနွယ်တည်း။ သမ္မာသမ္ဗုဒ္ဓ အမည်တော်ရှိသော ဘုရားသခင်သည် ဟောကြားတော်မူအပ်သော နူးညံ့သိမ်မွေ့ ခက်ခဲနက်နဲလှသော အာဏာ ဒေသနာတော်မှလာသော အဆုံးအမကို ခံသည်။ ငါ၏ ဆရာ ဥပဇ္ဈာယ် အပေါင်းအဖော် သံဃာရှိရာ နေရာအရပ်မှ လာခဲ့သည်”ဟူ၍ မိန့်တော်မူ၏။

မင်းကြီးလည်း အားရနှစ်သက် ဝမ်းမြောက်ဝမ်းသာရှိ၍ ငါ့ရှင်ဆရာ ဘုရားသခင် ဟောကြားတော်မူအပ်သော တရားတော်ကို တစ်စိတ်တစ်ဒေသမျှ ငါ့အား ဟောကြေားတော်မူပါဟု တောင်းပန်လေလျှင် သီရိဓမ္မသောက မင်းကြီးအား နိဂြောဓသာမဏေ ဟောတော်မူအပ်သော အပ္ပမာဒအစရှိသော တရားတို့ကို ဟောတော်မူသည်။ တရားဟောတော်မူသောအဆုံး၌ မင်းကြီးသည် ဤသို့ လျှောက်ပြန်၏။ ငါ့ရှင် သမ္မာသမ္ဗုဒ္ဓ ဘုရားကား ယခု အတီအရပ်မှာ ရှိတော်မူသနည်း။ ဘုရားသခင် ဟောတော်မူအပ်သော တရားတော်ကား အတီမျှ အရေအတွက် ရှိပါသနည်း။ ဘုရားသခင် တပည့်သားတော်ကား ငါ့ရှင်မှ တစ်ပါး အခြားရှိသေးသလော၊ မရှိလောဟုလျှောက်သော် သမ္မာသမ္ဗုဒ္ဓဘုရား နိဗ္ဗာန်လားတော်မူကြောင်းကိုလည်းကောင်း၊ ဓာတ်တော် မွေတော်သာ ယခုရှိကြောင်းကိုလည်းကောင်း၊ တရားတော်သည် ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အရေအတွက်ရှိကြောင်းကိုလည်းကောင်း သထုံပြည်ဝယ် ပိဋကတ် သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကို လည်းကောင်း၊ မိမိမှတစ်ပါး ပရမတ္ထသံဃာ၊ သမုတိသံဃာ များစွာရှိကိုလည်းကောင်း မိန့်တော်မူ၏။

ထိုစကားကို အနော်ရထာမင်းစော ကြားတော်မူသော် အတိုင်းအထက်အလွန် သဒ္ဓါခြင်း ပြင်းစွာဖြစ်၍ ဤသို့လျှောက်ပြန်၏။ ကျွန်ုပ်အား ယခုမျက်မှောက်၌ ရှင်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ ယနေ့မှစ၍ ကျွန်ုပ်၏အသက်ကို အရှင်အား ဆောက်နှင်းတော့သည်။ အရှင်အဆုံးအမကိုလည်း အကျွန်ုပ် ခံတော့သည် ဟူ၍ လျှောက်ပြီးလျှင် အရညကင် ရသော အရပ်၌ သာယာလှစွာသော ကျောင်းဆောက်လုပ် လှူဒါန်း၏။ အရည်းတို့ အယူကိုလည်း ပယ်တော်မူ၏။ အရည်းတို့သည် လာဘ်သပ်ပကာမှ လျော့ကုန်သည်ဖြစ်၍ ရှင်အရဟံကို ရန်ငြိုးကြီးစွာ ထားကြကုန်၏။ မင်းကြီးလည်း ထိုအကြောင်းကို ဆင်ခြင်မိ၍ စိုးရိမ်တော်မူသဖြင့် အရည်းကြီး တို့ကို နိုင်လောက်အောင် အစောင့်အနေ ခန့်ထားစောင့်စေရ၏။ အရည်ကြီးသုံးကျိပ်နှင့်တကွ တပည့်လက်သား ခြောက်သောင်းတို့ကိုလည်း လူဝတ်လဲစေ၍ အဲးမောင်းကိုင်၊ လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထည့်တော်မူလေ၏။

ရှင်အရဟံလည်း သာသနာတော်၌ ကြည်ညိုကုန်သော သူတို့ကို ရဟန်းပဉ္စင်းပြုတော်မူ၍ သာသနာတော်မြတ် သန့်ရှင်းထွန်းလင်းစေ၏။ ရှင်အရဟံ၏ မိန့်တော်မူချက်အတိုင်း အနော်ရထာမင်းစောသည် သထုံမှ ပိဋကတ်တော်များကို ယူဆောင်ပြီးလျှင် သာသနာပြုတော်မူသည်။ ထိုအချိန်မှစ၍ ပုဂံ ပြည်၏ ဗုဒ္ဓသာသနာတော်သည် အလွန် ထွန်းလင်း တောက်ပလာလေသည်။

အလောင်းစည်သူမင်းကြီး နန်းစံသက် နှစ်နှစ်မြောက်၊ ကောဇာ(၄၅၅၃)၊ သာသနာ(၁၆၃၇)ခုတွင် ပရိနိဗ္ဗာန်ပြုသည်။ အရှင်မြတ်၏ အန္တိမဈာပနကို တုရင်တောင်ခြေ တောင်ပရွာ အနောက်မြောက်ဘက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထား၍ ထီးတန်ဆောင် စေတီဟု တည်ထားတော်မူသည်။ ရှင်အရဟံသည် သက်တော် (၈၁)နှစ်အထိ အနော်ရထာမင်း၊ စောလူးကျန်စစ်သားမင်းအလောင်းစည်သူမင်းနန်းစံ နှစ်နှစ်တိုင်အောင် ထင်ရှားသော မင်းလေးဆက်တို့ လက်ထက်ဝယ် သာသနာပြုစု ပျိုးထောင်ခဲ့လေသည်။[၁]

ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားရာ အချိန်သည် အေဒီ (၁) ရာစုမှ အေဒီ (၁၀) ရာစုတိုင် ထွန်းကားခဲ့သည်။ ထိုအချိန်သည် ရာမည (မွန်)ခေတ် အချိန်ဖြစ်ကြောင်း သမိုင်းများအရ သိရသည်။ မွန်လူမျိုးတို့၏ အောက်မြန်မာပြည် ရာမညတိုင်း တစ်ခုလုံးရှိ တန်ခိုးကြီး စေတီများနှင့် မြို့ဟောင်းများတွင် ဗုဒ္ဓ သာသာနိက အဆောက်အအုံလက်ရာများကို ယနေ့တိုင် တွေ့နိုင်သည်။

ပုဂံခေတ် သေလည်ကြောင်မင်း လက်ထက်မှ အနော်ရထာမင်း မတိုင်မီ ကာလအထိ မင်းအဆက်ဆက်နှင့် ရဟန်း သံဃာတော် အဆင့်ဆင့်တို့ ခေတ်ကာလ အဆက်ဆက် ဖြတ်သန်း ဆင်းသက်လာရာမှ အကြောင်း အမျိုးမျိုးကြောင့် သာသနာတော်၌ ဒေသနာကျင့်ဝတ်များအတိုင်း မလိုက်နာ နိုင်ကြဘဲ ချွတ်ယွင်းအားနည်း၍ လာခဲ့သည်။

ပုဂံမင်း (၁၂)ဆက်မြောက်၊ သိုက်တိုင်မင်း (အေဒီ ၅၁၆ - ၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီး ခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။

ပုဂံမင်းဆက် (၂၀)မြောက်၊ ပုပ္ပါးစောရဟန်းမင်း (အေဒီ ၆၁၃ - ၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီးတို့၏ အယူဝါဒကို လိုက်နာကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း)များကို ဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အဝတ်များကို ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေဦးပုညက (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီ၀ရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့ပါသည်။

သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက တရားမှာဂါထာ မန္တရားများကို ရွတ်၍ မန်းမှုတ်ခြင်း ဖြစ်သည်။

သူ့အသက်ကို သတ်မိသောသူသည် ပရိတ် (မန္တန်)ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသောသူသည် ဤပရိတ် (မန္တန်)ကို ရွတ်သော် ပြေပျောက်၏။ စသည်တို့ဖြစ်သည်။ သူတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။

မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သုဝဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်း ရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်တွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်သည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။

ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။

သိမ်များ[ပြင်​ဆင်​ရန်​]

ရှင်အရဟံမထေရ်သည် သာသနာတော်၏ အသက်တစ်ခုဖြစ်သော ယခင်က မရှိဖူးသေးသည့် သိမ်များကို ပုဂံနှင့် အနော်ရထာမင်းကြီး စိုးစံရာဒေသတို့တွင် ကျမ်းဂန် ဒေသနာတော်နှင့် လျော်ညီစွာ သမုတ်တော်မူခဲ့သည်။ အဆိုပါ သိမ်များအနက် (ဝိနယာလင်္ကာရ ဋီကာ အလိုအရ) စံနမူနာ အတိုင်းအတာအဖြစ် စံပြုရမည့် သိမ်မှာ မြင်းကပါရွာ၏ အရှေ့တောင် ကုသိနာရုံဘုရား အနီးရှိ သိမ်တော်ပင် ဖြစ်သည်။ ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် သိမ်များမှာ (မှတ်တမ်းများအရ) (၂၇)လုံးဖြစ်သည်။ ၎င်းသိမ်တို့မှာ ပုဂံ၏ အရှေ့ဘက်တွင် (၆)လုံး၊ တောင်ဘက်တွင် (၄)လုံး၊ မြောက်ဘက်တွင် (၄)လုံးတို့ဖြစ်သည်။ မိတ္ထီလာမြို့တွင် သိမ် (၉)လုံးနှင့် မန္တလေးမြို့တွင်လည်း (၄)လုံးတို့ ဖြစ်ကြသည်။

ပုဂံ၏ အရှေ့ဘက်သိမ်တို့မှာ -

  1. ရွှေစည်းခုံ ပရိဝုဏ်အတွင်းရှိ သိမ်ကြီး
  2. ပုဂံနှင့် တယူဇနာ (၆ တိုင်နှင့် တာ ၄၀၀) ကွာ ငါ့သရောက်သိမ်
  3. ဇီးကျမ်းရွာသိမ်
  4. တစိုးမလည်ရွာသိမ်
  5. နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းကြားရှိ သိမ်
  6. တောင်သာနယ်၊ ကျောက်ဆောင်သိမ်တို့ ဖြစ်သည်။

ပုဂံ၏တောင်ဘက် တယူဇနာအတွင်းရှိ သိမ်တို့မှာ -

  1. ကွမ်းဖလားသိမ်
  2. ကျောက်ပန်းတောင်း မြို့အနီး နှစ်ကျပ်ခွဲသိမ်
  3. ထန်းပေါက်ကုန်းသိမ်
  4. လယ်ယားသိမ် နှင့်

ပုဂံမြောက်ဘက် သိမ်တို့မှာ -

  1. ညောင်ပင်လှ သိမ်
  2. အိုင်ရေဦးစကန် သိမ်
  3. ရေကြည် သိမ်
  4. ကူရွာသိမ်တို့ ဖြစ်သည်။

မိတ္ထီလာမြို့ရှိ သိမ်တို့မှာ ကန်အထက်တွင် (၄ )လုံး၊ ကန်အောက် (၄) လုံး၊ မြို့လယ်တွင် (၁)လုံး တို့ဖြစ်သည်။ ၄င်းတို့မှာ -

  1. ပဲသီတာ သိမ်
  2. ကတ္ထုကံ သိမ်
  3. ဝတ်ကျောက် သိမ်
  4. ရှင်ပင်ကူ သိမ်
  5. သားဖန်း သိမ်
  6. ကလိန်ခြေ သိမ်
  7. ကူဖြူ သိမ်
  8. ကုန်းတောင်း သိမ်
  9. ထီးသုံးဆင့် သိမ်တို့ဖြစ်သည်။

မန္တလေးမြို့နှင့် မန္တလေးမြို့အနီးရှိ သိမ်လေးလုံးမှာ -

  1. သန်းခေါင်ယံ သိမ် (ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်၊ ပြည်ကျောင်းတိုက်အတွင်းတွင်ရှိသည်)
  2. နေဝင်သိမ် (အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ (၁၁) လမ်းတွင် ရှိသည်)
  3. နေထွက်သိမ် (ပုသိမ်ကြီးမြို့နယ်၊ အောင်ပင်လယ် ဘိုတက်ကုန်းတွင်ရှိသည်)
  4. မွန်းတည့်သိမ် (ချမ်းအေးသာဇံ၊ ပြင်ဦးလွင်ကားလမ်း၊ အနောက်ဘက်၊ ကန်ဘောက်ရွာတွင် ရှိသည်) တို့ဖြစ်သည်။

ရဟန်းလောင်းတို့ ဥပသမ္ပဒကံ ဆောင်ရာတွင် သမ္ပတ္တိ ငါးပါးအနက် သီမာသမ္ပတ္တိသည် အရေးကြီးသော အချက်တစ်ခုအဖြစ် ပါဝင်သည်။ ထို့ကြောင့် ရှင်အရဟံမထေရ်သည် မရှိမဖြစ် သိမ်များကို သာသနာတော် စည်ပင်ပြန့်ပွားစေရန် သမုတ်တော်မူ ခဲ့လေသည်။ ပခုက္ကူဆရာတော် ကျမ်းတတ်အကျော် အရှင်နန္ဒဝံသ မထေရ်မြတ်ကလည်း ရှင်အရဟံ မထေရ်မြတ်သည် ရဟန္တာ အစစ်ဖြစ်ကြောင်းကို ရွှေစည်းခုံဘုရား သမိုင်းတွင် မိန့်ကြားခဲ့ပါသည်။ အထောက်အထား အစုံအလင်နှင့် ဆိုပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)

- ရှင်အရဟံ မထေရ်မြတ်၏ အတ္ထုပ္ပတ္တိနှင့် ရှင်အရဟံ အုတ်ကျောင်း ပြုပြင်တည်ဆောက်မှု မှတ်တမ်း။ ယဉ်ကျေးမှု ဝန်ကြီးဌာန။

- ( စလင်း-မောင်မွှေးကြိုင်)

- Sima Hall (ရှင်အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ) (မောင်မွှေးကြိုင်)

- သိမ်တော်များ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ

- မွန်သမိုင်း (သထုံ)။