ဓမ္မပဒ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဓမ္မပဒ (ပါဠိ; ဓမ္မပဒ (Dhammapada); သင်္သကရိုက်: धर्मपद Dharmapada) သည် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ ဒေသနာတော်များကို ဂါထာအသွင် သိမ်းဆည်း မှတ်တမ်းတင်ထားသည့် ကျမ်းစာဖြစ်သည်။ အင်္ဂလိပ်ဘာသာသို့ အများဆုံး ဘာသာပြန်ဆိုထားသော ကျမ်းစာလည်းဖြစ်သည်။

ဓမ္မပဒကို တရုတ် မဟာယာနဗုဒ္ဓဘာသာတွင် ပါဠိတော်မူထက် ပိုရှည်လျားသော အနည်းဆုံး မူကွဲ (၂) ခု တွေ့နိုင်သည်။ တိဗက်ဗုဒ္ဓဘာသာတွင်လည်း ထိုသို့ပင် ပါဠိတော်မူထက် ပိုရှည်လျားသော မူတစ်ခု ရှိသည်။[၁]

မြတ်စွာဘုရား လေးဆယ့်ငါးဝါတိုင် ဟောကြားတော်မူခဲ့လေသမျှ တရားဒေသနာတော်အဝဝကို ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ် နှင့် ခုဒ္ဒကနိကာယ် ဟူ၍ နိကာယ် ငါးရပ်အဖြစ် မှတ်တမ်းတင်ထားရာ ဓမ္ဓပဒသည် ခုဒ္ဒကနိကာယ်ဝင် သုတ္တန်ကျမ်း ဆယ့်ငါးကျမ်းတွင် အပါအဝင်ဖြစ်သည်။

အမည်ဝေါဟာရ[ပြင်ဆင်ရန်]

ဓမ္မပဒသည် "ဓမ္မ" နှင့် "ပဒ" ပုဒ်နှစ်ခုကို ပေါင်းစည်းထားခြင်းဖြစ်ရာ "ဓမ္မ"သည် အမှန်တရား၊ တရားဒေသနာ၊ ဗုဒ္ဓ၏တရား၊ ဘာသာတရား၊ ကျင့်စဉ်တရား စသဖြင့် အနက်ရရှိသည်။ "ပဒ"သည် ခြေ၊ ခြေရာ၊ အခြေခံ၊ လမ်းကြောင်း၊ ဂါထာ၊ အစု ဟူ၍ အလျဉ်းသင့်သလို ယူနိုင်သည့် အနက်ဖြစ်သည်။ ထို့ကြောင့် "ဓမ္မပဒ" ၏ အဓိပ္ပာယ်ကို ဘာသာတရား (သို့) ဗုဒ္ဓ၏ အခြေခံ၊ ဘာသာတရား၏ကျင့်စဉ်၊ ဘာသာတရား၏ ဂါထာစု၊ ဗုဒ္ဓ၏ တရားဂါထာစု၊ တရားညွန့်ပေါင်း ဟူ၍ အနက်ရရှိသည်။ ထို့ကြောင့် ဤစကားစုများအရ ဓမ္မပဒသည် ဗုဒ္ဓဟောကြားခဲ့သော အဆီနှစ်တရားတော်များပါဝင်သော ကျမ်းဖြစ်ကြောင်း သတ်မှတ်နိုင်သည်။[၂]

ဓမ္မပဒကျမ်းစာ[ပြင်ဆင်ရန်]

ဗုဒ္ဓဟောကြားခဲ့သော တရားဒေသနာတော်များသာပါရှိသော ဓမ္မပဒပါဠိတော် သည် ခုဒ္ဒကနိကာယ်၏ ဒုတိယကျမ်းစာဖြစ်သည်။ ပါဝင်မှုမှာ ဂါထာအနေအထားဖြင့် ဖြစ်သည်။ ဂါထာ (၄၂၄) ပါဝင်၍ တစ်ဂါထာလျှင် စာကြောင်းရေ (၂)ကြောင်း သာမျှရှိ၍ ထိုဂါထာများကို ဝဂ် ခေါ် အခန်းငယ်ပေါင်း (၂၆) ခန်းဖြင့် ခွဲခြားထားသည်။ မူရင်းပါဠိတော်၌ စကားပြေဖြင့်ရေးသားသော ဝတ္ထုဇာတ်ကြောင်းများမပါရှိပေ။

ထိုဓမ္မပဒပါဠိတော်လာ ဂါထာများကို မည်သည့် ရဟန်း၊ နတ်၊ လူပုဂ္ဂိုလ်နှင့် ဆက်စပ်၍ ဟောကြားခြင်းများကို ဓမ္မပဒ အဋ္ဌကထာဟူ၍ ရှေးဆရာတစ်ဦးက အဖွင့်ကျမ်းရေးသားခဲ့သည်။ အချို့က အရှင် ဗုဒ္ဓဃောသဟု ဆိုကြသော်လည်း အချို့က မဟုတ်ဟု ငြင်းခုံ ထောက်ပြကြသည်။

ဘီစီ သုံးရာစု အာသောကမင်းလက်ထက်မှစကာ သီဟိုဠ်တွင် ဗုဒ္ဓဘာသာထွန်းကားလာပြီး ယင်းနိုင်ငံရှိ ရဟန်းတော်များက ပိဋကပါဠိတော်များကို သီဟိုဠ် အက္ခရာဖြင့် အဖွင့်ကထာကျမ်းများရေးသားခဲ့ကြသည်။ ထိုသီဟိုဠ်အက္ခရာဖြင့် ရေးခဲ့ကြသော ကျမ်းများကို လေ့လာ၍ မူမှန်၍ စနစ်ကျသော အဋ္ဌကထာကျမ်းများကို ပါဠိဘာသာဖြင့်လည်း ရေးသားနိုင်ဖွယ်ရှိသည်။ ဤအယူအဆသည် အိန္ဒိယ၊ သီဟိုဠ်မှ ပါဠိပညာရှင်များ၏ ခိုင်မာသော အယူအဆဖြစ်သည်။ သို့သော် ဥရောပမှ ပညာရှင်များက ထိုအဋ္ဌကထာကျမ်းပြုသူများကို တစ်ယောက်တစ်မျိုး အယူအဆမတူညီစွာဖြင့် ဖော်ပြကြသည်။

ဓမ္မပဒ အဋ္ဌကထာကျမ်းသည် (၂) တွဲရှိ၍ ဆဋ္ဌမူအရ စာမျက်နှာ (၉၀၀) ခန့်ရှိ၏ ။ ဤကျမ်း၌ ဘုရားရှင်သည် မည်သည့်အရပ်တွင်သီတင်းသုံးပြီး မည်သူကို အကြောင်းပြု၍ မည်သည့်ဂါထာကို ဟောပြောကြောင်း နိဒါန်းပါဝင်ကာ ထို့နောက် ဆိုင်ရာပုဂ္ဂိုလ်နှင့် ပတ်သက်သော ဝတ္ထု၊ ထိုသူအား ဘုရားရှင်က မည်သည့်ဂါထာဟောပြောသည်။ ရံခါတွင် ငါးရာ့ငါးဆယ် ဇာတ်တော်များကိုလည်း ယင်းဝတ္ထုကြား၌ ညှပ်၍ ဖော်ပြထားမှုလည်းပါဝင်ရာ အဖြစ်ပျက် ဝတ္ထုပေါင်း (၃၀၅) ပုဒ်ဖြင့် ဖွဲ့စည်းထား၏ ။ အဆုံးသတ်တွင် ထိုသူ(များ) သည် တရားကို နာကြားရသဖြင့် တရားထူးရကြောင်းကိုလည်း ဖော်ပြပါရှိသည်။

ဓမ္မပဒနှင့်ပတ်သက်သော ဋီကာကျမ်းကို ရေစကြိုမြို့ ဆရာတော် ဝရသမ္ဗောဓိက ""ဓမ္မပဒမဟာဋီကာ" အမည်ဖြင့် ပါဠိသုံး၍ ရေးဖွဲ့ခဲ့သည်။ ဓမ္မပဒကျမ်းပါ ဂါထာများကို အဓိပ္ပာယ်ရှင်းလင်းဖော်ပြသော "ဓမ္မပဒအဋ္ဌကထာဂါထာယောဇနာ" အမည်ဖြင့် ရန်ကုန်မြို့ မင်္ဂလာဇေယျုံတိုက် ဆရာတော် သီရိသုမင်္ဂလက ပါဠိဘာသာဖြင့် ရေးဖွဲ့ခဲ့သည်။[၂]

ပါဝင်သော အခန်းများ[ပြင်ဆင်ရန်]

ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။ ဂါထာတစ်ပုဒ်တည်းသည်ပင် နှစ်နေရာထပ်၍ ပါနေသဖြင့် ကျမ်းစာထဲတွင် ဂါထာအမှတ်စဉ် ၄၂၄ အထိ ပါဝင်နေခြင်း ဖြစ်သည်။[၃]

  1. ယမကဝဂ္ဂ
  2. အပ္ပမာဒဝဂ္ဂ
  3. စိတ္တဝဂ္ဂ
  4. ပုပ္ဖဝဂ္ဂ
  5. ဗာလဝဂ္ဂ
  6. ပဏ္ဍိတဝဂ္ဂ
  7. အရဟန္တဝဂ္ဂ
  8. သဟဿဝဂ္ဂ
  9. ပါပဝဂ္ဂ
  10. ဒဏ္ဍဝဂ္ဂ
  11. ဇရာဝဂ္ဂ
  12. အတ္တဝဂ္ဂ
  13. လောကဝဂ္ဂ
  14. ဗုဒ္ဓဝဂ္ဂ
  15. သုခဝဂ္ဂ
  16. ပိယဝဂ္ဂ
  17. ကောဓဝဂ္ဂ
  18. မလဝဂ္ဂ
  19. ဓမ္မဋ္ဌဝဂ္ဂ
  20. မဂ္ဂဝဂ္ဂ
  21. ပကိဏ္ဏကဝဂ္ဂ
  22. နိရယဝဂ္ဂ
  23. နာဂဝဂ္ဂ
  24. တဏှာဝဂ္ဂ
  25. ဘိက္ခုဝဂ္ဂ
  26. ဗြာဟ္မဏဝဂ္ဂ

အောက်တွင်ပါဝင်သော အခန်းများမှ နမူနာ ဂါထာများကို ထုတ်နှုတ်တင်ပြထားသည်။

အခန်း ၁[ပြင်ဆင်ရန်]

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပဒုေဋ္ဌန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံ၀ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့တွင် စိတ်သာလျှင် ရှေ့သွားရှိကုန်၏၊ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသက့ဲသို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။


၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။ မနသာ စေ ပသနေ္နန၊ ဘာသတိ ဝါ ကရောတိ ဝါ။ တတော နံ သုခမနွေတိ၊ ဆာယာ၀ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လှျင် ရေ့ှသွားရှိကုန်၏၊ စိတ်လှျင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။


အခန်း ၂[ပြင်ဆင်ရန်]

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။ အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။ ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂကေ္ခမံ အနုတ္တရံ။

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

၂၃။ ထိုပညာရှိတို့သည် (သမထ ဝိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလှျင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိ၀္ဎုတိ။

၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်းသူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

အခန်း ၃[ပြင်ဆင်ရန်]

၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။ ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရော၀ တေဇနံ။

၃၄။ ဝါရိဇော၀ ထလေ ခိတေ္တာ၊ ဩကမောကတဥဗ္ဘတော။ ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတေ၀။

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လှျပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။

၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။ စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါ၀ဟံ။

၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်း သည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရကေ္ခထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါ၀ဟံ။

၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။


၅၆။ အပ္ပမတေ္တာ အယံ ဂနေ္ဓာ၊ ယာယံ တဂရစန္ဒနီ။ ယော စ သီလ၀တံ ဂနေ္ဓာ၊ ဝါတိ ဒေေ၀သု ဥတ္တမော။

အခန်း ၄[ပြင်ဆင်ရန်]

၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မှျသာဖြစ်၏၊ ဤ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။

၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။ သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။

၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။ ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

၅၉။ ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာ၀ကော။

၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။


ဓမ္မပဒ ပါဠိတော်သည် သဘောတူရာ ပေါင်းစည်းထားသော ဝဂ်အားဖြင့် ၂၆ ဝဂ်၊ ဂါထာအရေအတွက်အားဖြင့် ၄၂၃ ဂါထာဖြစ်သည်။

ဘာသာပြန်ဆိုခြင်းများ[ပြင်ဆင်ရန်]

ဓမ္မပဒကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီနှင့် အခြားဥရောပဘာသာစကားများစွာသို့ အကြိမ်များစွာ ပြန်ဆိုခဲ့ကြသည်။ ဤသို့ကြောင့် ဥရောပတိုက်တွင် ဗုဒ္ဓကျမ်းစာများအနက် လူသိအများဆုံး၊ အစောဆုံးသိရှိကြသော ကျမ်းစာများအနက် တစ်ခုအပါအဝင်ဖြစ်လေသည်။ အာရှတိုက်ဘက်တွင် အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တရုတ် စသော ဗုဒ္ဓဘာ​သာ ရောက်ရှိသည့် နေရာတိုင်းတွင် သက်ဆိုင်ရာဘာသာစကားများဖြင့် ပြန်ဆိုကြ၍ လေ့လာလိုက်စားကြသည်။

အိန္ဒိယတွင် ရှေးခေတ်ဘာသာစကားများဖြစ်သည့် ဗြဟ္မဏသုံး သက္ကတ၊ ဗုဒ္ဓဘာသာသုံး မိဿကသက္ကတ၊ လူအများစုသုံးသည့် ပြာကတဘာသာစကားများသို့ ပြန်ဆိုခဲ့ကြပေသည်။ တရုတ်နိုင်ငံ၌လည်း အေဒီ (၃) ရာစု အစောပိုင်းမှစ၍ တရုတ်ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆိုခဲ့ကြသည်။ ထို့အပြင် တရုတ်ဗုဒ္ဓဘာသာပညာရှင်များက အခြားကောင်းနိုးရာရာ ဗုဒ္ဓတရားတော်များကို အတိုချုပ်ပြုပြင်ကြခြင်း၍ ဓမ္မပဒအတွင်းထည့်ကာ ချဲ့ထွင်ကြခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။ ထိုကြောင့် အိန္ဒိယဘက်မှ ဘာသာစကား မူသုံးခုနှင့် တရုတ်ဘက်က မူတို့သည် လက်ရှိထေရဝါဒ၏ ပါဠိတော်မူနှင့် တူညီသည်များလည်းရှိကြပြီး မတူကွဲပြားသည်များလည်း ရှိကြသည်။

မြန်မာဘာသာပြန်များ[ပြင်ဆင်ရန်]

ဓမ္မပဒအဋ္ဌကထာကို "ဓမ္မပဒဝတ္ထုတော်ကြီး" အမည်ဖြင့် မြန်မာဘာသာစကား သို့ ပြန်ဆိုမှု သုံးခုရှိသည်။

  • ပထမ ဓမ္မပဒဝတ္ထုတော်ကြီးကို ရန်ကုန်မြို့၊ အောင်မြေဘုံစံကျောင်းဆရာတော် အရှင်စန္ဒိမာက ပြန်ဆိုရာ အတွဲ (၅) တွဲ၊ စာမျက်နှာ (၂,၀၀၀) ရှိပြီး မူလပါဠိစာအတိုင်းမဟုတ်ဘဲ ကာရံနဘေများဖြင့် ဖွဲ့စည်းထားသည်။
  • ဒုတိယ ဓမ္မပဒဝတ္ထုတော်ကြီးကို ညောင်လေးပင်မြို့ တောရကျောင်းဆရာတော်က ပြန်ဆိုသည်။ အတွဲ (၄) တွဲရှိ၍ စာမျက်နှာ (၁၇၅၀) ပါဝင်သည်။
  • တတိယ ဓမ္မပဒဝတ္ထုတော်ကြီးကို မန္တလေးမြို့ ဝိဇိတာရုံဆရာတော် ဦးဝိစာရိန္ဒက ရေးသားပြီး အတွဲ (၄) တွဲဖြစ်ကာ စာမျက်နှာ (၂,၀၀၀) ခန့် ပါရှိသည်။

ဓမ္မပဒ အကျဉ်းချုပ်ကျမ်းများကို ပြန်ဆိုသူများတွင် :

  • သင်္ဂဇာဆရာတော် က ပြန်ဆိုသည်။ ဝတ္ထုအကျဉ်းနှင့် တရားဂါထာများပါဝင်ကာ "ဓမ္မပဒပါဠိတော် နိသျှ" အမည်ဖြင့် ဖြစ်၏ ။ ယင်းမူသည် ဆဋ္ဌမူ (ပါဠိမူ) နှင့် အနည်းငယ် ကွဲလွဲသည်။
  • စာရေးဆရာ ဦးသော်ဇင်က "ဓမ္မပဒ ဘာသာပြန်" အမည်ဖြင့် ပြန်ဆိုသည်။ ပါဠိမပါဝင်ဘဲ မြန်မာစကားပြေဖြင့်သာရေး၍ (၁၉၆၇) တွင် ထုတ်ဝေခဲ့သည်။ မူရင်းပါဠိကို တိုက်ရိုက်ပြန်ခြင်းမဟုတ်ဘဲ အဓိပ္ပာယ် ပေါ်ရုံမျှပြန်သည်။[၂]
  • ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဦးသေဋ္ဌိလကလည်း ပါဠိတော်ဂါထာ (၄၂၄) ပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ချင်းဗုဒ္ဓသာသနပါလကအဖွဲ့ (ဇန်နဝါရီ ၂၀၁၄). ဓမ္မပဒ (မြန်မာ-အရှိုချင်း-အင်္ဂလိပ်). ရွှေခေတ်စာပေ။ 
  2. ၂.၀ ၂.၁ ၂.၂ ဦးမြင့်ဆွေ (လန်ဒန်- မဟာဝိဇ္ဇာ) (၁၉၇၇). ဓမ္မပဒ, ပထမအကြိမ်, ရန်ကုန်: နှလုံးလှစာပေဖြန့်ချိရေး, ၁၇-၂၆။ 
  3. မာဏဝ. ဓမ္မပဒ ဒေသနာတော်များနှင့် ဝတ္ထုတော်များ. နှလုံးလှ စာတည်းအဖွဲ့။ 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]