အနေကဇာတင်ခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အနေကဇာတင်ခြင်းသည် မြတ်စွာဘုရားကိုယ်တော် အစားပြု၍ ကိုးကွယ်ရန် ထုလုပ်အပ်သော ရုပ်ပွားတော်၊ ဆင်းတုတော် ဟူသော ဥဒ္ဒိဿကစေတီကို “အနေကဇာတိသံသာရံ”စသော ဂါထာတို့ကို အစပြု၍ ရွတ်ဆိုပူဇော်ကာ တင်ခြင်းကို ခေါ်သည်။

အနေကဇာ[ပြင်​ဆင်​ရန်​]

အနေကဇာ ဟူသော မြန်မာစကားသည် အနေကဇာတိဟူသော ပါဠိစကားမှ ဆင်းသက်၍ လာသောစကားဖြစ်သည်ဟု မှတ်ယူသင့်၏။ အနေကဇာတိသံသရံ စသောဂါထာတို့ကား ဥဒါန်းဂါထာ တို့တည်း။ ဥဒါန်းဟူသောပုဒ်သည် ဥဒါနဟူသော ပါဠိစကားမှ ဆင်းသက်လာသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်းအနက်ရှိသည်။ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်၍ ဆန္ဒပြီးမြောက်တော်မူသဖြင့် နှစ်သက်ဝမ်းမြောက်ခြင်း ပီတိအဟုန်သည် ဖြစ်စေအပ်သော ဂါထာများဖြစ်၍ ထိုဂါထာတို့ကို ဥဒါန်း ဂါထာဟုဆိုသည်။ အနေကဇာတင်ခြင်းကို နားလည်နိုင်ရန် ရှေးဦးစွာ စေတီအပြားကို သိသင့်ပေသည်။

စေတီသုံးမျိုး[ပြင်​ဆင်​ရန်​]

ဇာတ်အဋ္ဌကထာ ကာလိင်္ဂဗောဓိဇာတ်၌ စေတီသည် သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿကစေတီ ဟူ၍ သုံးမျိုးလာ၏။ ထိုသုံးမျိုးတို့တွင်-

  1. မြတ်စွာဘုရားခန္ဓာကိုယ်၏ အစိတ်အပိုင်းဖြစ်သော ဓာတ်တော်၊ မွေတော်၊ ညှပ်ရိုးတော်၊ နဖူး သင်းကျစ်တော်၊ စွယ်တော်၊ သွားတော်၊ ဆံတော်၊ မွေးညှင်းတော်၊ ခြေသည်းတော်၊ လက်သည်းတော်သည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း သာရီရိကစေတီ မည်၏။
  2. ဘုရားလောင်း၏ အသုံးအဆောင်ဖြစ်သော ဝတ်လဲတော်ပုဆိုး၊ ဆံတော်စသည်လည်းကောင်း၊ မြတ်စွာဘုရား၏အသုံးအဆောင် ဖြစ်သော ဗောဓိပင်၊ ကျောင်းတော်စသော အဆောက်အဦသည်၎င်း၊ သပိတ်တော်၊ သင်္ကန်းတော်၊ တောင်ဝှေးတော်စသော ပရိက္ခရာသည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ပရိဘောဂစေတီမည်၏။
  3. ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ကျောက်၊ အုတ်၊ အင်္ဂတေ၊ မြေ၊ သစ်သား စသည်တို့ကို ထုလုပ်ထားသော ရုပ်တုတော်ဆင်းတုတော်သည် ၎င်း၊ ဆေးမင်တို့ဖြင့် ရေးသားရိုက်နှိပ်ထားသော ဓာတ်ပုံဓာတ်ကားသည်၎င်း၊ ယင်းတို့ကို ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ဥဒ္ဒိဿကစေတီမည်၏။

သာရတ္ထဒီပနီဋီကာ ဗာဟိရနိဒါန်း၌ကား− သာရီရိကစေတီနှင့် ဓာတုစေတီဆိုသည် မှာ သဒ္ဒါသာကွဲ၍ အနက်မှာ အတူတူပင်ဖြစ်သည်။ ဓမ္မစေတီတစ်ခုသာ ထူးသည်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပဋိစ္စသမုပ္ပါဒ် စသော ပိဋကတ်တော်သည်၎င်း၊ ယင်းပိဋကတ်တော်ကို ရွှေပြား၊ ငွေပြား၊ ကြေးပြား၊ သံပြား၊ ခဲပြား၊ ကျောက်ပြား စသည်တို့၌ ရေးထွင်းကာ ဌာပနာသွင်း၍ တည်ထားသော စေတီတော်သည်၎င်း ဓမ္မစေတီမည်၏။

အနေကဇာတင်အပ်သော စေတီဆိုအပ်ခဲ့ပြီးသော ဥဒ္ဒိဿကစေတီတစ်ခုကိုသာ အနေကဇာ တင်လေ့ရှိသည်။ ကြွင်းစေတီများကို အနေကဇာ တင်လေ့မရှိချေ။ ဥဒ္ဒိဿကံ အဝတ္ထုကံဟု ကာလိင်္ဂဗောဓိဇာတ် အဋ္ဌကထာ၌ လာရှိသည့်အတိုင်း ဥဒ္ဒိဿက စေတီမှာ အခြား သာရီရိကစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီများကဲ့သို့ မြတ်စွာဘုရားနှင့်စပ်လျဉ်းသော ပူဇော်ဘွယ်ဝတ္ထုဟူ၍ တစ်စုံတစ်ရာ မရှိ။ မြတ်စွာဘုရားကို ရည်ညွှန်း၍ ကိုယ်စားတော်ပြုထားအပ်သော စေတီမျှသာ ဖြစ်သည်။ ထို့ကြောင့် ရှင်ဘုရင်များကို ဘိသိက်မြှောက်ခြင်းကဲ့သို့ အလေးဂရု အထူးပြုရန်အတွက် အနေကဇာတင်ခြင်းဖြစ်သည်ဟု ယူဆဘွယ် ရှိ၏။

ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

အနေကဇာတင်ခြင်းကို မည်သည့်အခါကာလကစ၍ ဖြစ်ပေါ်လာသည်ဟု အတိအကျဖော်ပြနိုင်ရန် ကျမ်းဂန် အထောက် အထား မတွေ့ရချေ။ သို့သော် ရုပ်တုတော် ဆင်းတုတော် ဖြစ်ပေါ်လာပြီးနောက် သဒ္ဓါတရား ထက်သန် တိုးပွားစေရန် ရှေး ပညာရှိကြီးများ တီထွင်ထားသော နည်းစနစ်ကောင်းဟု ယူဆဖွယ်ရှိ၏။ သို့ဖြစ်၍ ရုပ်တုတော် ဆင်းတုတော် ဖြစ်ပေါ်လာ ရာကာလကို စိစစ်သင့်ပေသည်။

မြတ်စွာဘုရား လက်ထက်တော်အခါကာလမှစ၍ ရုပ်ပွားတော် ဆင်းတုတော် ထုလုပ်ကိုးကွယ်လာကြောင်း ဝဓင်္ဂုလိ ရာဇဇာတ် စသည်တို့၌ ဆို၏။ ဝဓင်္ဂုလိရာဇာတ်၌ ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ခွင့်ပြုတော် မူချက်အရ စန္ဒကူး နံ့သာကို ရုပ်တုတော် ထုလုပ်ကိုးကွယ်ကြောင်း အဆိုရှိ၏။ ဆကေသဓာတုဝင်၌လည်း မြတ်စွာဘုရား လက်ထက် ရဟန္တာအရှင်မြတ်ကို မိန့်ကြားတော်မူချက်အရ သမုဒ္ဒရာနှင့် မနီးမဝေးသော ပစ္စန္တရစ်အရပ်၌ မြတ်စွာဘုရား၏ရုပ်တုတော်ကို သိကြားမင်း ဖန်ဆင်းကြောင်း အဆိုရှိ၏။

သတ္တနာဝိကထူပဝင်၌လည်း လှေသူကြီး ခုနစ်ဦးနှင့် ကျေးလူမျိုးကုန်သည်တို့သည် ဆံတော်ဓာတ်ဌာပနာတိုက် အတွင်း ဝယ် ဘုရားဆင်းတုတော် ထုလုပ်၍ ဌာပနာသွင်းသည်ဟု အဆိုရှိ၏။

ယခုပြဆိုချက်များမှာ သင်္ဂါယနာတင်ကျမ်းစာများလာ စကားမဟုတ်၍ အခိုင်အမြဲ စွဲယူမှတ်သားရန် သင့်လျော်မည် မထင်ပေ။ သမန္တစက္ခုဒီပနီ၌လည်း ဝဓင်္ဂုလိရာဇဇာတ်နှင့် စပ်လျဉ်း၍ ယင်း ဝဓင်္ဂုလိရာဇဇာတ် စကားမှာ ယွန်းပဏ္ဏာသ ဇာတ်စကားဖြစ်သောကြောင့် တကြောင်း၊ သင်္ဂါယနာတင်ကျမ်းထွက်စကားမဟုတ်သောကြောင့် တကြောင်း ပညာရှိတို့ အမြတ်တနိုး မပြုကြကုန်ဟု မုံရွေးဆရာတော် ဝေဖန်ထားသည်။

မြတ်စွာဘုရား ရုပ်ပွားတော်များနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်ကြသော ကျောက်စာဝန်များက ရှာဖွေ လေ့လာခဲ့ရာ ဘုရားလက်ထက်က ထုလုပ်သော ရုပ်ပွားတော်ဟူ၍ တစ်ဆူကိုမျှ မတွေ့ရကြောင်း ဆိုကြ၏။ မြတ်စွာဘုရား ဒေသစာရီကြွတော် မူခိုက် ဘုရားကိုယ်စားတော် ပူဇော်အပ်သော စေတီအဖြစ်ဖြင့် ဇေတဝန်ကျောင်းတော်တံခါးမှာ ဗောဓိပင်စိုက်ခွင့်ပြုတော်မူ ကြောင်းသာ ကာလိင်္ဂဗောဓိ ဇာတ်အဋ္ဌကထာ၌ လာ၏။ သီရိဓမ္မာသောကမင်း လက်ထက်ကလည်း ဘုရားရုပ်ပွားတော်များ ထုလုပ်ကိုးကွယ် ရိုးထုံးစံ မရှိသေးဟု ထိုသုတေသန ပြုလုပ်သော ပညာရှိများက ဆို၏။ သီရိဓမ္မာသောကမင်းကြီးသည် မြတ်စွာဘုရား၏ ရုပ်သဏ္ဍာန်ကို ဖူးမြင်လိုသောကြောင့် ကာဠနဂါးမင်းကို မင်းအာဏာဖြင့် ခေါ်ယူ၍ ထီးဖြူမိုးကာသော ရတနာပလ္လင်တွင် နေစေပြီးလျှင် မြတ်စွာဘုရားကို သင်ကိုယ်တိုင် မြင်ဖူးရသည်။ ငါမူကား မမြင်ရပါ။ ထိုဘုရားသဏ္ဍာန်ကို ငါ့အား ဖန်ဆင်း၍ပြပါလောဟု ဆို၏။ နဂါးမင်းလည်း ဘုရားနှင့်တူအောင် ဖန်ဆင်း၍ မပြနိုင်ကြောင်း ဆိုသောအခါ အလုံးစုံ တူအောင်မပြစွမ်းနိုင်လျှင် တစ်စိတ်တစ်ဒေသမျှပင် ပြပါလောဟုဆိုရာ နဂါးမင်းသည် ဘုရားအသွင် ဖန်ဆင်းပြ ကြောင်း မဟာဝင် စသည်၌ လာရှိ၏။

ရှေးအခါ မဇ္ဈိမဒေသတွင် ဗုဒ္ဓဝါဒီ သူတော်စင်တို့ မြတ်စွာဘုရား၏ကိုယ်စားတော် ဗောဓိပင်ပုံ၊ စေတီ ပုထိုးပုံ၊ ဓမ္မစကြာ ပုံစသော အမှတ်လက္ခဏာများကိုသာ ထုလုပ်ကိုးကွယ်လေ့ရှိကြ၏။ ယင်းသို့ရှိခဲ့ရာ အိန္ဒိယ အနောက်မြောက်ပိုင်းမှ ဂန္ဓာရ တိုင်းသားတို့ ဗုဒ္ဓဝါဒီများဖြစ်လာကြသည်။ ယင်းတို့အထဲတွင် မိလိန္ဒမင်းကြီးသည် ထင်ရှားသောပုဂ္ဂိုလ်ဖြစ်၏။ ထိုဂန္ဓာတိုင်း သားတို့သည် ကျောက်ဆစ်အနုပညာရပ်၌ အလွန်လိမ္မာ၏။ သူတို့လက်ထက်ကျမှပင် ဘုရားရုပ်ပွားတော်များ စတင် ပေါ်ပေါက်လာသည်ဟု သုတေသနပြုလုပ်ကြသော ပုဂ္ဂိုလ်တို့ ဆိုကြသည်။ ယင်းသို့ ရုပ်တုတော် ဆင်းတုတော်များကဲ့သို့ ဤအနေကဇာတင်ခြင်း အလေ့အထမှာလည်း ဇင်းမယ်ပြည်မှစ၍ ဖြစ်ပေါ်လာပြီးလျှင် ထိုမှတစ်ဆင့် ဤမြန်မာနိုင်ငံသို့ ရောက်လာဟန်တူသည်ဟု ပညာရှိများဆိုကြသည်။ ဘုရားကိုးဆူ

အနေကဇာတင်ပုံ[ပြင်​ဆင်​ရန်​]

အနေကဇာမတင်မီ ဘုရားဒါယိကာ ဒါယိကာမတို့သည် အနေကဇာတင်မည့် ဥဒ္ဒိဿကစေတီတော်အား ဆွမ်း၊ ခဲဘွယ်၊ ပန်း၊ နံ့သာ၊ ဆီမီး၊ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွားစသည်တို့သည် လှူဒါန်းပူဇော်ကြသည်။ ပင့်ဖိတ်ထားသော သံဃာတော် တို့အား ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ် စသော အထူးထူးသော လှူဖွယ်ဝတ္ထုတို့ကို လှူဒါန်းပူဇော်ကြသည်။ ပင့်ဖိတ်ထားသော မိတ်သင်္ဂဟတို့အားလည်း ဧည့်ခံကျွေးမွေးကြသည်။

ထို့နောက် သံဃာတော်တို့သည် ပန်း၊ နံ့သာ၊ ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွား စသည်တို့ကို ကိုင်ဆောင်ကာ အနေကဇာ တင်မည့် ဥဒ္ဒိဿကစေတီတော်ကို ရှိခိုးလျက်-

  • အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟာကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရကဒိဋောသာ ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။
သဗ္ဗာတေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈေဂါ။ ဟူသော ဥဒါန်းနှစ်ဂါထာကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။

ထိုနှစ်ဂါထာအဓိပ္ပါယ်ကား-

အဖန်ဖန် ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲလှသောကြောင့် ခန္ဓာအိမ်သည် ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသော ငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ပြေးသွားခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခု မြင်အပ်ပြီ။ ခန္ဓာအိမ်ကို နောက်တစ်ဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ကိလေသာတည်း ဟူသော အခြင်းအရာ နယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ကုန်ပြီ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ငါရပြီဟု ဆိုလိုသည်။

ထို့နောက်−

  • ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊
  • ယဒါဟဝေ ပါတုဘဝန္တိဓမ္မာ စသော ဥဒါန်းဂါထာများ၊
  • ဇယန္တော ဗောဓိယာ မူလေ စသော အဘိသေက ဂါထာများ၊
  • ဘုရားဂုဏ်တော်များ၊ ဇယော ဟိ ဗုဒ္ဓဿသိရီ မတောအယံ စသော နဂါး ဂဠုန် နတ်ဗြဟ္မာတို့ ဝမ်းမြောက်ဝမ်းသာ ဟစ်အော် ကြွေးကြော်ကြသော ဥဂ္ဃေါသန ဂါထာများကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။


ထို့နောက် သုနက္ခတ္တံ သုမင်္ဂလံ စသော အာသီသ ဂါထာများကို ရွတ်ဆိုပူဇော်ကာ အနေကဇာတင် ကြသည်။ အချို့လည်း စုပေါင်း အနေကဇာတင်ပြီးသောအခါ ရဟန်းသံဃာ တစ်ပါးပါးက အမွှေးနံ့သာရည် ထည့်ထားသော ဖလားကိုကိုင်၍ သပြေခက်ကို အမွှေးနံ့သာရည်တွင် နှစ်ကာ ရုပ်တုတော်၊ ဆင်းတုတော်၏ အထက်၌ ဇယန္တော ဗောဓိယာမူလေ စသော အဘိသေကဂါထာတို့ကို ရွတ်ဆိုလျက် အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ ဗုဒ္ဓါအဘိသိက် သွန်းလောင်းကြသည်။ ဤသို့ပြုလုပ်ခြင်းမှာ ရာဇဘိသိက်၊ မင်္ဂလာဘိသိက်၊ သိရိပဝေသနာ ဘိသိက် သွန်းလောင်းခြင်းတို့ကို နည်းယူ၍ ပြုလုပ်ကြဟန် တူသည်။ (ဤအနေကဇာတင်ခြင်းကို ရဟန်းသံဃာတော်များသာ ပြုလုပ်လေ့ရှိကြသည်။ သို့သော် လူပုဂ္ဂိုလ်များလည်း တင်ကောင်းကြသည်ဟု မှတ်ရမည်။)

အနေကဇာတင်ခြင်း အကျိုး[ပြင်​ဆင်​ရန်​]

အနေကကဇာတင်ခြင်းမှာ မြတ်စွာဘုရားကို ပူဇော်ခြင်းဖြစ်၍ ယခုပစ္စက္ခဤဘဝ၌ပင် ကျက်သရေမင်္ဂလာ တိုးတက်၍ အသက် ရှည်ခြင်း အဆင်းလှခြင်းစသော ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့် ပြည့်စုံပြီးလျှင် နတ်ပြည်နိဗ္ဗာန်ရောက်နိုင်ခြင်း အကျိုးရှိ၏။ သာမန်ဖြစ်သော ရုပ်တုတော် ဆင်းတုတော်ကို အနေကဇာ တင်ပြီးသောအခါ သက်တော်ထင်ရှား ဘုရားကဲ့သို့ အလွန် တန်ခိုးအာနုဘော်ကြီးမားလာသည်ဟု စိတ်တွင် ထင်မှတ်လာရသည်။ ရုပ်ပွားတော် ဆင်းတုတော်ကိုလည်း သက်တော် ထင်ရှား ဘုရားနှင့်မခြား လေးစားကြသည်။ ယင်းသို့ သက်တော်ထင်ရှား ဘုရားနှင့်မခြား စိတ်စေတနာ အညီအမျှထား နိုင်မူ အကျိုးအာနိသင်လည်း အညီအမျှပင် ရနိုင်၏။ ထိုကြောင့် အနေကဇာတင်ခြင်းသည် များမြတ်သော အကျိုး အာနိသင်ရှိသော ကောင်းသော အလေ့အထတစ်ခုဟု မှတ်ယူသင့်ပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)